ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

      ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ၁.၁၂.၂၀၂၂ မှ ၇.၁၂.၂၀၂၂ ရက်နေ့အထိ ကြက်သွန်နီ( ဆိပ်ဖြူ )အဝင် ( ၃၄၁၀၀ )ပိဿာနှင့် ကြက်သွန်ဖြူ( ကြူကုတ် ) ( ၉၁၅၀ )ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ( ဆိပ်ဖြူ )လက်ကားဈေးမှာ ၁ပိဿာလျှင် ၄၁၀၀ ကျပ်မှ ၄၈၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ( ကြူကုတ် ) လက်ကားဈေးမှာ ၁ ပိဿာလျှင် ၃၆၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိရှိပြီး ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများမှာ အနည်းငယ်တက်လျက်ရှိကြောင်းနှင့် တနင်္ဂနွေနေ့တွင် ကုန်အဝင်မရှိကြောင်း ဈေးတာဝန်ခံရုံးမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်းကြက်သွန်ဖြူဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိ

     စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ကြက်သွန်ဖြူကို ဟင်းလျာများတွင်အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှလည်း သယ်ယူကာ ရောင်းချလျက်ရှိပါသည်။လက်ရှိဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းမှာ ယခုဒီဇင်ဘာလအတွင်း ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ  (ကြူကုတ်စ)တစ်ပိဿာလျှင် (၅၂၀၀)ကျပ် ယခင်နိုဝင်ဘာလတွင်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းမှာ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်စ)တစ်ပိဿာလျှင် (၅၄၀၀)ကျပ်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာအတွင်း ဈေးနှုန်းများကိုနှိုင်းယှဉ်ကြည်လျှင် ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်စ)တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့်အထိ အနည်းငယ်ကျဆင်းလာခဲ့ကြောင်း လွိုင်ကော်မြို့ နောင်ယားဈေးအတွင်းရှိ ကြက်သွန်ဖြူရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းအခြေအနေ

        ကယားပြည်နယ်တွင် ကွမ်းရွက်နှင့်ကွမ်းသီးတို့ကို အနည်းငယ်စိုက်ပျိုးကြပါသည်။ ပြည်နယ်အတွင်း ကွမ်းရွက်စိုက်ဧကမှာ (၁၅၅)ဧကနှင့် ကွမ်းသီးစိုက်ဧကမှာ (၁၂၂)ဧကခန့် စိုက်ပျိုးခဲ့ကြပြီး ကွမ်းရွက်များကို အခြားဒေသများဖြစ်သော မန္တလေး၊ မုံရွာမြို့တို့မှလည်း ကောင်း၊ ကွမ်းသီးများကို တောင်ငူမြို့တို့မှလည်းကောင်း တင်သွင်းလာကြသည်ကိုလည်း တွေ့ရှိရပါသည်။ ပြည်နယ်အတွင်း ကွမ်းရွက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ခန့်နှင့် ကွမ်းသီးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ကွမ်းရွက်၊ ကွမ်းသီးအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း၌ ဝင်ရောက်နေသော ပန်းဂေါ်ဖီပွင့်(ဖြူ/စိမ်း)

          ကယားပြည်နယ်အတွင်းရှိ ပြည်သူများစားသုံးရန်အတွက် ပန်းဂေါ်ဖီပွင့်များကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာတွင် အနည်းငယ်သာစိုက်ပျိုးကြပြီး ဈေးကွက်တွင်ဝင်ရောက်နေသော ပန်းဂေါ်ဖီပွင့်များကို ရှမ်းပြည်နယ် ကလော၊ ပင်လောင်း၊ နောင်တရားဒေသတို့မှ မှာယူရောင်းချကြပါသည်။

       လက်ရှိဖြစ်ပေါ်နေသော ပန်းဂေါ်ဖီပွင့်ဈေးနှုန်းမှာ ယခု ဒီဇင်ဘာလ ပထမပတ်အတွင်း ပန်းဂေါ်ဖီပွင့် (ဖြူ) တစ်ပွင့်လျှင်အကြီး (၅၀၀)ကျပ်၊ အလတ် (၄၀၀)ကျပ်၊ ပန်းဂေါ်ဖီပွင့် (စိမ်း) တစ်ပွင့်လျှင် အကြီး (၈၀၀) ကျပ်၊အလတ် (၇၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  

           ယခင် နိုဝင်ဘာလတွင် ပန်းဂေါ်ဖီပွင့် (ဖြူ) တစ်ပွင့်လျှင် အကြီး (၇၀၀)ကျပ်၊ အလတ် (၆၀၀)ကျပ် ဈေးရှိခဲ့ပြီး ယခင်နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာလ နှိုင်းယှဉ်လျှင် ပန်းဂေါ်ဖီပွင့် (ဖြူ) တစ်ပွင့်လျှင် အကြီး၊ အလတ် (၂၀၀)ကျပ်ခန့်စီနှင့် ပန်းဂေါ်ဖီပွင့် (စိမ်း)တစ်ပွင့်လျှင် အကြီး၊ အလတ် (၁၀၀)ကျပ်ခန့်စီ အနည်းငယ်ဈေးနှုန်းကျလာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးတွင် လာရောက်ရောင်းချသော ပင်ရင်းဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

သက်သာသောဈေးနှုန်းဖြင့် ဘူးသွင်းပြီး စားအုန်းဆီများ ဆက်လက် ရောင်းချပေးနေမှု

        (၇-၁၂-၂၀၂၂)ရက်နေ့၌ ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ဥတ္တရသီရိမြို့နယ်၊ တောင်ညိုဈေးနှင့် လယ်ဝေးမြို့နယ်၊ သပြေပင်ဈေးတို့တွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပွင့်ဖြူမြို့နယ်၊ မုန်းမြင့်ကျေးရွာ၌ ပဲလွန်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၅.၁၂.၂၀၂၂)နေ့ နံနက်(၀၉:၀၀) အချိန် တွင် ပွင့်ဖြူမြို့နယ်မုန်းမြင့်ကျေးရွာ၌ ပဲလွန်းစိုက်ပျိုးသူတောင်သူ ဦးဇော်လင်းနှင့်တွေ့ဆုံ၍ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ပဲလွန်းသီးနှံအား တော်သလင်းလဆန်းမှ နတ်တော်လကုန်အထိ လေးလနီးပါးစိုက်ပျိုးရပါကြောင်း၊ ပဲလွန်းစိုက်ပျိုးရန်အတွက် တစ်ဧကလျှင် မျိုး(၁၂)ပြည်ကြဲပက်ရပြီး တစ်ပြည်လျှင် ကျပ်(၄၀၀၀ - ၄၈၀၀)ပေး ဝယ်ရ၍ မျိုးဖိုးကျပ်(၄၈၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ထယ်ထိုးရန်အတွက် စက်ကြီးမောင်းရပါကြောင်း၊ စက်ကြီးငှားခအနေဖြင့် (၁)ကြိမ်လျှင် ကျပ်(၅၀၀၀၀) နှင့် (၂)ကြိမ်အတွက် ကျပ်(၁)သိန်းကုန်ကျပါကြောင်း၊ ထွက်ရှိလာသော အမှိုက်များအား ဖယ်ရှားရန်အတွက် နွားတစ်ရှဉ်းဖြင့်အမှိုက်များတိုက်ရ၍ ကျပ်(၈၀၀၀) ကုန်ကျ ပါကြောင်း၊ ၎င်းအမှိုက်များအား ကောက်ယူရန်အတွက် တစ်ဦးလျှင်ကျပ်(၂၅၀၀)ဖြင့် လူ(၃)ဦး ငှားရမ်းခအတွက် ကျပ်(၇၅၀၀) ကုန်ကျပါကြောင်း၊ ထပ်မံ၍ ထွန်စက်ကြီး(၁)စက်လျှင် ကျပ်(၅၀၀၀၀) နှုန်းဖြင့် (၂)ကြိမ်မောင်းရ၍ စုစုပေါင်း ကျပ်(၁)သိန်း ကုန်ကျပါကြောင်း၊ ပျိုးကျဲရာတွင် တစ်ဦးလျှင် ကျပ် (၂၅၀၀)ဖြင့် လူ(၃)ဦးကျဲပက်ရ၍ ကျပ်(၇၅၀၀)ကုန်ကျပါကြောင်း၊ ထို့နောက်မီးစက်ဖြင့်ရေသွင်းရ၍ စက်သုံးဆီဖိုးကုန်ကျစရိတ်မှာ တစ်ကြိမ်သွင်း လျှင် တစ်ဂါလံ ကျပ်(၁၂၀၀၀)နှုန်းဖြင့် (၅)ကြိမ် ရေသွင်းရသဖြင့် (၅)ဂါလံအတွက် ကျပ်(၆၀၀၀၀) ကုန်ကျပါကြောင်း၊ ပိုးသတ်ဆေးနှင့် အပင်အားဆေးနှစ်မျိုး ပေါင်းပြီး (၂)ကြိမ်ပက်ရပါ၍ (၁)ကြိမ်ပက်လျှင် ကျပ်(၄၀၀၀၀)ဖြင့် (၂)ကြိမ်အတွက် ကျပ်(၈၀၀၀၀) ကုန်ကျပါကြောင်း၊ ဆွတ်ခမှာ ရာသီကုန်အထိ (၅)ကြိမ်လောက် ဆွတ်ခူးရပြီး၊ (၁)ကြိမ်လျှင် လူ(၇)ဦးဖြင့် ၁ဦးလျှင် ကျပ်(၂၅၀၀)ဖြစ်၍ (၅)ကြိမ်အတွက် (၃၅)ဦးလျှင် ကျပ်(၈၇၅၀၀) ကုန်ကျပါကြောင်း၊ ဆွတ်ပြီးသားပဲလွန်းအတောင့်များအား အိမ်၌ တလင်းမှာ နယ်ရမည်ဖြစ်၍ ကားဖြင့်သယ်ယူရသဖြင့် သယ်ယူခမှာ ကျပ်(၂၀၀၀၀) ကုန်ကျပါကြောင်း၊ ၎င်းနောက် ထိုအတောင့်များအား လူတစ်ဦးလျှင် ကျပ်(၂၅၀၀)ဖြင့် လူ(၁၀)ဦးငှာရမ်း၍ထုရသဖြင့် ကျပ်(၂၅၀၀၀) ကုန်ကျ ပါကြောင်း၊ နတ်တော်လကုန်ခါနီးတွင် စတင်ခူးဆွတ်ရမည်ဟုခန့်မှန်းထားပြီး တစ်ဧကလျှင် (၂၅)တင်းခန့် ထွက်နိုင်ပါကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ် (၅၄၃၅၀၀) ဖြစ်ပြီး တစ်တင်းလျှင် ယခုကာလ ပေါက်ဈေး ကျပ်(၃၈၀၀၀)ဖြစ်၍ ကျပ်(၉၅၀၀၀၀) ရရှိမည်ဖြစ်ပြီး တစ်ဧကအကျိုးအမြတ်မှာ ကျပ် (၄၀၆၅၀၀)ခန့် ရရှိနိုင်ပါကြောင်း ဈေးကွက်အနေဖြင့် မကွေး၊ မင်းဘူးမြို့များသို့ ကားများဖြင့် တိုက်ရိုက်သွားရောက်ရောင်းချကြပါကြောင်း ပဲလွန်းစိုက်တောင်သူ ဦးဇော်လင်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

 ‌     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၃၀.၁၁.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၆.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)လျော့ကျခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့်နှမ်းပြာ တစ်အိတ်လျှင် ယခင်အပတ် တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်းကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၁၇၅၀)အိတ်၊ နှမ်းပြာ (၃၂၀) အိတ်၊ နှမ်းဖြူ(၉၅)အိတ်၊ နှမ်းနီ(၁၆၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိ ရပါသည်။

         ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ (၁)တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၄၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၇၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ဘိုကိတ်ပြာ (ဆောင်းသစ်) (၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ် (၄၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၉၀၀၀) ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ ပဲကြီး(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ် (၇၅၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ ကုလားပဲ (HL)နှင့် ကုလားပဲ(မြကြေး) (၁)အိတ်လျှင်ယခင်အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ် (၅၉၅၀၀) ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ကျခဲ့ကြောင်း စသည်ဖြင့်အသီးသီးဈေးနိမ့်ခဲ့ပါသည်။ မတ်ပဲ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၅၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးမြင့် ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ်(၅၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၆၀၀၀) ဖြစ်၍ ကျပ်(၄၀၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်ဖြင့် ပဲတီစိမ်း (၃၂၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၁၀၀)အိတ်၊ မတ်ပဲ(၂၂၅) အိတ်၊ ကုလားပဲ(HL) (၉၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၇၅၀)အိတ်၊ ဘိုကိတ်ပြာ(၃၈၀)အိတ်နှင့် ပဲကြီး(၆၃၀)အိတ်တို့ အရောင်းအဝယ်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

        မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၁၅၀) ယခုအပတ်တွင် ကျပ် (၄၉၀၀)ဖြစ်၍ ကျပ်(၂၅၀) ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၃၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၂၅၀) ဖြစ်၍ ကျပ်(၁၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲတောင့်အစို တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၀၀၀၀) ဖြစ်၍ ကျပ်(၁၅၀၀)ဈေးလျော့ခဲ့ကြောင်းနှင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ်(၁၇၀၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ် (၈၀၀)နှင့် မြေပဲတောင့်အစို တင်း(၄၂၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

        ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၈၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၈၀၀) ဖြစ်၍ ကျပ်(၅၀)ဈေးလျော့ခဲ့ပြီး ဝါပိဿာချိန် (၂၈၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

“ကျောက်ဆည်ခရိုင်တွင် မိုးစပါးများစတင်ရိတ်သိမ်းမှုနှင့် စျေးနှုန်းအခြေအနေ”

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်သောဒေသဖြစ်ရာ ကျေးလက်နေတောင်သူအများစုသည် မိုးစပါးများကိုသာ အဓိကထား အများ ဆုံးစိုက်ပျိုးကြပါသည်။၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက(၁၄၃၁၆၈)ဧကစိုက်ပျိုးလျှက်ရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ မိုးစပါးကို သြဂုတ်လတွင်စတင်စိုက်ပျိုး ကြပြီး တစ်ဧကလျှင် မျိုး(၃)တင်းခန့်ကုန်ကျကြောင်း၊ မျိုးစပါးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၅၀၀၀/-)ကျပ် စျေးနှုန်းပေးရပြီး မိုးစပါးစိုက်တောင်သူများသည် မနောသုခနှင့် ဧရာပဒေသာ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် သွင်းအားစု၊ လုပ်အားခ၊မျိုး၊စုစုပေါင်း(၆၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ယခုအချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မိုးစပါးများစတင်ထွက်ရှိနေပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၈၀-၉၀)တင်း ခန့်ထွက်ရှိပြီး စပါးစျေးနှုန်းမှာ ယခင်နှစ်တွင် ဧရာပဒေသာ စပါးတင်း(၁၀၀)လျှင် (၉၀၀၀၀၀/-) ကျပ်၊ ယခုနှစ်တွင် (၁၃၀၀၀၀၀/-)ကျပ် နှင့် ယခင်နှစ်တွင် မနောသုခ စပါးတင်း(၁၀၀)လျှင် (၇၀၀၀၀၀/-) ကျပ်၊ယခုနှစ်တွင်(၁၁၀၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်စတင်ရောင်းဝယ်လျှက်ရှိပြီး ဆန်စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ဧရာပဒေသာ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၃၅၀၀၀/-)ကျပ် ၊ ယခုနှစ်တွင် (၄၇၀၀၀/-)ကျပ်၊ယခင်နှစ်တွင် မနောသုခဆန်(၂၄)ပြည် တစ်အိတ်လျှင် (၂၇၀၀၀/-)ကျပ်၊ယခုနှစ်တွင် (၃၇၀၀၀/-)ကျပ် စျေးနှုန်းများရှိကြောင်း ၊ ဆန်စပါးစျေးနှုန်းအနေဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် စျေးနှုန်းမြင့်တက်လျှက်ရှိပြီး စျေးကောင်းရသောကြောင့် အကျိုးအမြတ်အနေဖြင့် စပါးအထွက်နှုန်း ပေါ်မူတည်ပြီး အကျိုးအမြတ်များစွာရရှိကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည် ။

DOCA(မန္တလေး)

 

 

 

ခရမ်းသီး(အလုံးသေး) စိုက်ပျိုးဝင်ငွေတိုး

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ခရမ်းသီး(အလုံးသေး)ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။ ခရမ်းသီး(အလုံးသေး)ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ၄င်းမျိုးအား စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စိုက်ပျိုးရကြောင်း ၊ (၂)လခွဲ(၃)လ အချိန်တွင် အသီးများ စတင်ခူးဆွတ်နိုင်ပြီး (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက် တစ်ပတ်အထွက်နှုန်းပိုလာကြောင်း ၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာ(၄၀-၅၀)ခန့်ထွက်ရှိပြီး အထွက်နှုန်းအများဆုံးအချိန်တွင် ပိဿာ (၃၀၀-၄၀၀)အထိ ထွက်ရှိကြောင်း သိရှိရပါသည်။  တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊ မြေပြင်ခြင်း ၊သွင်းအားစု၊ စိုက်ပျိုးစရိတ်၊ လုပ်သားခ၊ စုစုပေါင်း(၇၅၀၀၀၀-၈၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ခရမ်းသီး(အလုံးသေး)ကို အနည်းဆုံး(၅)လကျော်အထိ ခူးဆွတ်နိုင်ကြောင်း ၊ ယခုအခါ ခရမ်းသီး (အလုံးသေး) စျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၅၀၀-၆၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းချရကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့် တစ်ပတ်စျေးနှုန်းမတူညီကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ရရှိသောကြောင့် မိသားစုဝင်ငွေတိုးသည့်အတွက် တွက်ချေကိုက်သော သီးနှံဖြစ်ပါကြောင်း ခရမ်းသီး(အလုံးသေး) စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

ရွှေဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်းလျက်ရှိ

       ကယားပြည်နယ်သည်   ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကိုကိုယ်ပိုင်ပန်း တိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း နှင့် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များမှာ ယူရောင်းချလျက်ရှိပါသည်။ ယခုလက်ရှိ ဒီဇင်ဘာလ ပထမပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ် နေသော ရွှေ ဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၆၅၆၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၄၉၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နိုဝင်ဘာလ ပထမပတ်အတွင်း  ၁၆ ပဲရည်တစ်ကျပ်သားလျှင် (၂၆၈၀၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၅၁၂၅၀၀)ကျပ် ရှိခဲ့ပြီး ယခင် နိုဝင်ဘာလပထမပတ် နှင့် ယခု ဒီဇင်ဘာလ ပထမပတ်နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၄၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၂၅၀၀)ကျပ်ခန့် ဈေးနှုန်းများ အနည်းငယ်ပြန်လည်ကျဆင်းလာကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း