ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့မှ ပဲမုန့်လုပ်ငန်းကိုလေ့လာခြင်း

       တောင်ငူမြို့တွင် ပဲမုန့်သည် လူကြိုက်များ၍ ရောင်းအားကောင်းသော ဒေသထွက် စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။

     ပဲမုန့် ထုတ်လုပ်ရန်အတွက် ပထမဦးစွာ ပဲမုန့်ဌာပနာထည့်ရန် ကုလားပဲ ၂ ပိဿာ ၅၀ ကျပ်သားကို ပြုတ်ရပါသည်။ ကုလားပဲများအိလာသည့်အခါ မီးဖိုပေါ်မှချကာ အအေးခံထားရပါသည်။ ပြုတ်ထားသည့် ကုလားပဲအေးသောအခါ ဇကာတိုက်အနှစ်ထုတ်ရပါသည်။ ဇကာတိုက်ထားသော ပဲအနှစ်ထဲသို့ သကြား တစ်ပိဿာထည့်မွှေပြီး မီးအေးအေးဖြင့် ပဲနှပ်ထားပါသည်။ ပဲမုန့်အကာပြုလုပ်ရန် ဂျုံမှုန့် ၂ ပိဿာ ၅၀ ကျပ်သားကို ဂျုံနှပ်ထားရပါသည်။ ဂျုံသားအပျော့အမာပေါ်မူတည်၍ မွှေးတံဆိပ် ဆန်မှုန့်များ ရောစပ်ပေးရပါသည်။ ဂျုံသားများ နှပ်ပြီးသားရရှိသောအခါ ပါးလွှာသောဂျုံချပ်များ ရရှိအောင်  လွှာထားရပါသည်။

     ပါးလွှာသော ဂျုံချပ်များမုန့်ပြုလုပ်ရန် မုန့်လုပ်စားပွဲပေါ် အသင့်အတင့် ဆီသုတ်ထား ရပါသည်။ နှပ်ထားသော ကုလားပဲအနှစ်များ မုန့်လုပ်စားပွဲပေါ်တင်ကာ မုန့်တစ်ခုစာ အနှစ်ထည့်ရန် ခွဲထုတ်ကာ အလွှာအချပ် ပြုလုပ်ထားသောဂျုံချပ်အတွင်း ဌာပနာထည့် ပဲမုန့်ပြုလုပ်ကာ မုန့်ဗန်း အတွင်း ထည့်ရပါသည်။ မုန့်ဗန်းတစ်ခုတွင် မုန့်(၇၂) ခုထည့်ကာ ထင်းမီးဖြင့်ပြုလုပ်ထားသော မုန့်ဖုတ်ဖို ထဲသို့ထည့်ကာ (၂၅) မိနစ်ကြာအောင် ဖုတ်ထားရပါသည်။ပဲမုန့်အရောင်အသွေးကြည့်ကာ မုန့်ဖုတ်ဖိုမှ ထုတ်ယူကာ အအေးခံ၍ စားသုံးရန်အသင့် အနေအထားသို့ ရရှိပါသည်။ အပြင်တွင် အလွတ်ထားပါက (၃)ရက် ထားနိုင်ပါသည်။ ပါကင်လုံခြုံစွာထုတ်ထားပါက (၇)ရက်ထား၍ စားသုံးနိုင်ပါသည်။

   ကုန်ကြမ်းဖြစ်သော ကုလားပဲ၊ ဂျုံ၊ သကြား၊ ပဲဆီ၊ ဆန်မှုန့်များကို ဒေသတွင်းမှာပင် ဝယ်ယူရရှိကြောင်း၊ မုန့် ၁၀ ခုပါ ပါကင်ဘူးများဖြင့် ရောင်းချသလို အလွတ်ဝယ်ပါကလည်း ရောင်းချ ကြောင်း၊ မုန့်တစ်ခုလျင် ၂၅၀ ကျပ် ရောင်းချရကြောင်း၊ တစ်နေ့လျင် မုန့် ၇၂ ခုပါ ဗန်း ၆ ဗန်း၊ မုန့် အရေအတွက် ၄၃၂ ခုသာ ထုတ်လုပ်ပါကြောင်း၊ ထုတ်လုပ်သည့် မုန့်များအား နေ့စဉ် ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင် ဖြူးမြို့မှ မြေပဲယိုလုပ်ငန်း

       တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်ရှိ မြေပဲယိုလုပ်ငန်းသည် မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်ပြီး မြို့နယ်အတွင်းတွင် အောင်မြင်နေသည့် တန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

      မြေပဲယိုပြုလုပ်ရန်အတွက် မြေပဲဆံကိုရွေး၍ ထင်းမီးဖြင့်လှော်ရပါသည်။ ထို့နောက် ထင်းမီးဖိုဖြင့် သကြားကျိုကာကျလျင် ကပ်စေးထည့်ပြီး မြေပဲထည့်၍ မွှေရပါသည်။ ထို့နောက် ဖြန့်၍ လှိမ့်ပြီး အချပ်ကျလျင် အစိုအနေအထားဖြင့်လှီးကာ နှမ်းကပ်ရပါသည်။ အလေးချိန် ၄ ကျပ်သားရှိ မြေပဲယိုချပ် ၅ ချပ် စုစုပေါင်းအလေးချိန် ၂၀ ကျပ်သားကို ပါကင်တစ်ထုပ် ထုပ်ပိုးပါသည်။ တစ်နေ့လျင် အထုပ် ၅၀ ခန့်ထုတ်လုပ်ပါသည်။ လုပ်သား ၅ ဦးဖြင့် ထုတ်လုပ် လျက်ရှိပြီး တစ်နေ့ကုန်ကျစရိတ်မှာ ကုန်ကြမ်းတန်ဘိုး၊ လုပ်သားခ၊ ထုပ်ပိုးခွံဖိုး အပါအဝင် ၁၄၀၀၀၀ ကျပ်ခန့်ရှိပါသည်။ သကြားမြေပဲယိုတစ်ထုပ်ကို ၃၅၀၀ ကျပ်ဖြင့် ရောင်းချရပြီး ဖြူးမြို့နယ်အတွင်းမှ အရောင်းဆိုင်ကြီးများသို့ ဖြန့်ဖြူး ပေးပါသည်။

       သကြားမြေပဲယိုအပြင် ထန်းလျှက်မြေပဲယို နှမ်းယိုတို့လည်း ထုတ်လုပ်လျက်ရှိပါသည်။ ထန်းလျက်မြေပဲယို တစ်ထုပ်လျှင် ၂၇ ကျပ်သားရှိပြီး ၃၀၀၀ ကျပ် ရောင်းရကြောင်း၊ နှမ်းယို တစ်ထုပ် လျှင် ၁၃ ကျပ်သား ရှိပြီး ၁၆၀၀ ကျပ် ရောင်းရကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းများ ဖြစ်သော သကြား၊ မြေပဲ၊ နှမ်း၊ ထန်းလျက်၊ ကပ်စေး၊ မြေပဲဆီများကို ဒေသအတွင်းမှာပင် ဝယ်ယူစုဆောင်းထားကြောင်း၊ နှစ်ပတ်လည် ထုတ်လုပ်လျက်ရှိပြီး အရင်းအနှီးရှိသလောက်သာ ထုတ်လုပ်လျက်ရှိကြောင်း၊ လုပ်သားရှားပါးခြင်းနှင့် ကုန်ကြမ်းဈေးနှုန်းများမြင့်တက်ခြင်း အခက်အခဲများရှိကြောင်း  လုပ်ငန်းရှင် ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

ဖောင်းကံအိုးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

     ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကံရပ်ကွက်တွင် မိရိုးဖလာအိုးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၁.၁၀.၂၀၂၂) နေ့ နံနက်ပိုင်းတွင် အိုးအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် သွားရောက်ခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေး နှင့် ဝန်ထမ်းများ သည် ဖောင်းကံရပ်ကွက်တွင် ယနေ့အထိ အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင် ဒေါ်လှလှဌေးထံသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ရာ ဖောင်းကံ ရပ်ကွက်တွင် အိုးဖုတ် လုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦးခန့်ရှိပြီး ၊ ရိုက်ပြီးသားအိုးစိမ်းကို ဝယ်ယူ၍ အိုးဖုတ်သူ (၁၅)ဦး ခန့်ရှိသည် ဟုသိရှိရပါသည်။ အိုးကို တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလနှင့် တပေါင်းလများတွင် အိုးစိမ်းရိုက်၊ အိုးဖုတ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ အိုးဖုတ် လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သားဦးရေ(၉)ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်ကြပြီး အိုးဖုတ်သည့် ဖိုတစ်ဖိုလျှင် အိုးအလုံးပေါင်း သောင်းပြောင်း အလုံး(၁၀၀၀)ခန့် ပါရှိသည်ဟု သိရှိရပါသည်။ အိုးဖုတ်သည့် ဖိုတစ်ဖိုလျှင် ကုန်ကျ စရိတ်မှာ (၃)သိန်းကျပ်ခန့် ကုန်ကျပြီး ထွက်ရှိလာသော အိုးများကို ဖောင်းကံရွာထဲဖြစ်သော ပန်းတောင်း၊ ဥသျှစ်ပင်ကားလမ်းမကြီးပေါ်တွင် ရောင်းချလျက်ရှိပါသည်။ ရောင်းချသော အိုးဈေးနှုန်း များမှာ အင်တုံတစ်လုံးလျှင် ၁၃၀၀ကျပ်၊ အင်တုံ(အလတ်) တစ်လုံးလျှင် ၈၀၀ကျပ်၊ အင်တုံ(အသေး) တစ်လုံးလျှင် ၇၀၀ကျပ်၊ သောက်ရေအိုးတစ်လုံးလျှင် ၈၀၀ကျပ်၊ အိုးအလတ် တစ်လုံးလျှင် ၅၀၀ကျပ်၊ ရေခပ်အိုးတစ်လုံးလျှင် ၂၀၀ကျပ်၊ စုဗူးအသေးတစ်လုံးလျှင် ၁၅၀ကျပ်၊ သင်္ကြန်အိုးတစ်လုံးလျှင် ၁၅၀ကျပ်ဖြင့် လက်ကားရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဖောင်းကံအိုးများကို ပြည်ဈေးကွက် မှလည်း ဝယ်ယူတင်သွင်း ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။

     ပန်းတောင်းမြို့နယ်တွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးဖြစ်သော ဖောင်းကံအိုးလုပ်ငန်းသည်  မိရိုးဖလာအဆက်ဆက်မှ လုပ်ကိုင်လာသော လုပ်ငန်းများဖြစ်သဖြင့် နေ့စဉ်ဝင်ငွေများ ရှိသည့်အပြင် ခေတ်မီလှပသောပန်းအိုးများ၊ လူအသုံးအဆောင်ပစ္စည်းများ ဆန်းသစ်တီထွင်ပြီး ရောင်းချမည်ဆိုပါက ဒီထက်မကအမြတ်အစွန်းများရရှိနိုင်မှာဖြစ်၍ မြေကြီးမှ ရွှေသီးနိုင်ပြီး ကျေးရွာနေ လူတန်းစားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မှာဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်ရှိ ချည်မျှင်ရှည်ဝါဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဝါအများဆုံးစိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် (၅၈) ဧကရှိပါသည်။ ပြည်မြို့နယ် အတွင်းရှိ ဘန့်ပြင်ရွာတွင် (၅၀)ဧက၊ မြောင်ကြီးကျေးရွာတွင် (၈)ဧက စိုက်ပျိုးပါသည်။ စိုက်ပျိုးသော ဝါအမျိုးအစားများမှာ ချည်မျှင်ရှည်ဝါ၊ အာမိုဝါနှင့် ၆၆၆ ဝါတို့ဖြစ်ပါသည်။ ဝါတစ်ဧကစိုက်ပျိုးလျင် ဝါမျိုးစေ့ တစ်ထုတ်နှုန်းဖြင့် မျိုးစေ့ချ၍စိုက်ပျိုးပြီး မျိုးစေ့ တစ်ထုတ်လျှင် (၃၀၀၀၀)ကျပ်ဖြင့် ဝယ်ယူ၍စိုက်ပျိုးကြပါသည်။ ဝါပင်များ စိုက်ပျိုးရာတွင် အတန်းလိုက် စိုက်ပျိုးပြီး တစ်ပင်နှင့်တစ်ပင် (၃)ပေခြား၍ စိုက်ပျိုးရပါသည်။ ဝါကို ဝါဆိုလတွင် စတင် စိုက်ပျိုးပြီး တော်သလင်းလတွင် ပန်းများစတင်ပွင့်လာ၍ တန်ဆောင်မုန်းလတွင် ဝါများကို စတင် ဆွတ်ခူးရပါသည်။

    ဝါဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင် ၁၅၀၀-၁၆၀၀ကျပ်ဈေးဖြစ်ခဲ့ပြီး ယခုနှစ်တွင် ဈေးကွက်တွင်ပေါက်နေသော ဝါဈေးနှုန်းမှာ တစ်ပိဿာလျှင်၂၀၀၀-၃၀၀၀ခန့်ဖြစ်ပြီး ယခုနှစ်တွင် ဝါစိုက်ပျိုးသူတောင်သူများအနေဖြင့် ဈေးမြင့်လာသည့်အတွက် အကျိုးအမြတ် ပိုမိုဖြစ် ထွန်းမည်ဟု သိရှိရပါသည်။ ဝါဈေးကွက်အနေဖြင့် ဝက်ထီးကန်၊ ပေါက်ခေါင်းနှင့် အောင်လံရှိ ဝါဒိုင်များသို့ သွားရောက်ရောင်းချသလို ရွာပွဲစားများမှလည်း လာရောက်၍ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

      ဝါစိုက်တောင်သူများအနေဖြင့် လာမည့်တန်ဆောင်မုန်းလတွင် ဝါများထွက်ပေါ်လာမည်ဖြစ်၍ ယခုဈေးနှုန်းအတိုင်းဆက်လက်ရှိနေပြီး ဝါအထွက်နှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များ ဖြစ်ထွန်း ကာ ဈေးကောင်းကိုမျှော်လင့်လျက်ရှိကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

ပြည်ကြက်သွန်ဖြူ ဈေးငြိမ်၍ပုံမှန်အရောင်းအဝယ်ဖြစ်

     ပြည်ဈေးကွက်ရှိ ကြက်သွန်ဖြူ(ကြူကုတ်)မှာ လက်ကား(ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၄၂၀၀၊ လက်လီဈေး ကျပ် ၄၂၀၀-၄၃၀၀၊ ရှမ်းစ လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၅၀၀-၃၈၀၀-၄၂၀၀၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၄၅၀၀ဖြင့် ဈေးငြိမ်လျက် ရှိပါသည်။ နေ့စဉ်ရှမ်းပြည်နယ်၊ အောင်ပန်းမှ အဝင်များရှိခဲ့သည့်အတွက် ဈေးလျော့လာခဲ့ရာမှ ယခုတစ်ပတ်တွင် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် မြို့နယ်တွင်းရှိ လက်ကား ဝယ်ယူသူများ၊ အခြားမြို့နယ်များမှ အမှာရှိသူများနှင့် လက်လီဝယ်ယူသူအချို့ဖြင့် ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နယ်ဝယ်လက်တို့ အဝယ်လိုက်လာတဲ့ ပြည်ချင်းဈေးကွက်

       ပြည်ပွဲရုံများသို့ ယခုအပတ်တွင် ဝင်ရောက်လာသော ချင်းမှာ ရင့်ပြီး အရည်အသွေး ကောင်းလာသည့်အတွက် လက်ပံတန်း၊ ရခိုင်၊ ကြံခင်း နှင့် ပေါင်းတည် ဝယ်လက်များက အဝယ်လိုက်လာကြောင်း သိရှိရပါသည်။ ရခိုင်ဘက်မှ ဘင်္ဂလားဒေ့ရှ်အထိ ဝယ်ယူနေကြောင်းနှင့် ယခင်ချင်းဈေး အနည်းငယ်တက်လာကြောင်း သိရှိရပါသည်။ ယခုအပတ်ချင်း တစ်ပိဿာဈေးနှုန်းများမှာ ပွဲရုံဈေး ၁၀၀၀-၁၅၀၀ကျပ်နှင့် အိတ်စွဲဈေးများဖြစ်ပြီး လက်လီဈေးများမှာ တစ်ပိဿာလျှင် ၂၀၀၀-၂၁၀၀ကျပ်ထိ ရောင်းချလျက်ရှိပါသည်။ ဓါးလှီးချင်းဈေးများမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြစ်ပြီး ၊ ချင်းတက်ဈေးများမှာ ချင်းအရင့်များဖြစ်သောကြောင့် ယခင်အပတ်ကဈေးနှင့်စာလျှင် တစ်ပိဿာလျှင် ၂၀၀ကျပ် အထိ ဈေးပြန်တက်လာကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

 

လက်ကျန်နည်းကာဈေးကောင်းရနေသောမန်ကျည်းမှည့်နှင့် ပြည်အာလူးဈေးငြိမ်

    ပြည်ဈေးကွက်တွင် ယခုအပတ်မန်ကျည်းမှည့်လက်ကျန် အဝယ်လိုက်ကာ ဈေးကောင်းရလျက်ရှိနေပါသည်။ ဒေသတွင်း ဝယ်လက်သမားများအပြင် ရန်ကုန်နှင့် ရခိုင်ဝယ်လက်များက အဝယ်ရှိနေသောကြောင့် မန်ကျည်းမှည့်လက်ကျန်နည်းလာသော်လည်း ဈေးကောင်း ရရှိလျက်ရှိနေပါသည်။ ယခုအောက်တိုဘာတတိယပတ်တွင် မန်ကျည်းမှည့်(ပွဲရုံဈေး) တစ်ပိဿာလျှင် ၄၃၀၀ ကျပ်ဖြစ်ပြီး ဒေသတွင်းလက်လီ တစ်ပိဿာလျှင်၅၀၀၀    ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။ လက်လီသမားတို့လည်း အဝယ်ရှိနေသောကြောင့် မန်ကျည်းမှည့်ဈေးကောင်းလျက် ရှိပါသည်။

ပြည်ဈေးကွက်ရှိ ရှမ်းအာလူး ယခင်တစ်ပတ်ဈေးမှာ လက်ကား တစ်ပိဿာလျှင် (ပွဲရုံဈေး) ကျပ် ၂၀၀၀-၂၂၀၀-၂၃၀၀၊ လက်လီဈေး ကျပ် ၂၄၀၀-၂၈၀၀ဖြင့် ဈေးငြိမ်နေပါသည်။ ဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင် အိတ် ၁၀၀-၁၅၀ အတွင်း ပုံမှန်အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် အခြားမြို့နယ်များမှ ကြက်သွန်ဖြူနှင့် တွဲလျှက်အမှာရှိသည့်အတွက် အခြားမြို့နယ်များသို့ပို့ပေးရသလို ဒေသတွင်းရှိ လက်လီဝယ်ယူသူများ၊ လုပ်ငန်းရှင်များနှင့် ပုံမှန် ရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်ရှိ သားငါးဈေးနှင့် စားသုံးဆီဈေးနှုန်းများ

     စားသုံးသူများ နေစဉ်ဝယ်ယူစားသုံးကြရာတွင် သားငါးနှင့် စားသုံးဆီမှာ မရှိမဖြစ် လိုအပ်သော အခြေခံစားကုန်များဖြစ်ပါသည်။ အောက်တိုဘာတတိယပတ်တွင် ပြည်ဈေးကွက်တွင် ရောင်းချ လျက်ရှိသော သားငါးဈေးနှုန်းများမှာ ကြက်သား (CP)တစ်ပိဿာလျှင် ၁၀၀၀၀-၁၁၀၀၀ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ၁၃၀၀၀-၁၅၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀-၁၈၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၃၀၀၀-၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြစ်ပြီး ကြက်ဥ လက်လီဈေးနှုန်းများမှာ (အကြီး) တစ်လုံးလျှင် ၂၅၀ကျပ်၊ (အသေး)တစ်လုံးလျင် ၂၀၀ကျပ်၊ ဘဲဥ(အကြီး)တစ်လုံးလျင် ၃၀၀ကျပ်၊ (အသေး)တစ်လုံးလျှင်၂၈၀ကျပ် တို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိသလို စားသုံးဆီဈေးနှုန်း များမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၂၅၀၀ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

 

ဆန်မရွေးအစ ပေါက်ပေါက်လုပ်ငန်းက

      နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၌ အစားအသောက်နှင့် ပတ်သက်၍ မတူညီသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတစ်ခုအတွင်းတွင်လည်း ဒေသအလိုက် အစားအစာများရှိကြပါသည်။ မြန်မာနိုင်ငံတွင် ရိုးရာအစားအစာများကို ရာသီအလိုက် ဒေသအလိုက် အစားအသောက်များရှိပါသည်။

      ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင်အတွင်းတွင်လည်း ဒေသထွက်ရိုးရာ အစားအစာ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအနက်မှ ကုန်ကြမ်းပစ္စည်း ဆန်ကွဲကိုသာ အဓိကအသုံးပြု ထုတ်လုပ်ရသည့် (ဆန်မရွေး/ဝေဖာ) ထုတ်လုပ်ရာတွင် အသုံးပြုရသည့် ပေါက်ပေါက်ထုတ်လုပ်မှု လုပ်ငန်းအကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

    ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်မြို့နယ်အတွင်း ပေါက်ပေါက်လုပ်ငန်း လုပ်ကိုင်သူ (၁၅/၂၀)ဦး ခန့်ရှိ၍ ဂန္ဓမာ စက်မှုဇုန်(၁)အတွင်း လုပ်ငန်းရှင် (၁၀)ခန့်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့ ဂန္ဓမာစက်မှုဇုန် (၁)အတွင်းရှိ ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးနှင့်တွေ့ဆုံ၍ ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုး (OVOP) ထုတ်လုပ်မှုအခြေအနေအား ကွင်းဆင်းလေ့လာရန် သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။ လုပ်ငန်းရှင်များမှာလည်း ၎င်း၏လုပ်ငန်းနှင့်ပတ်သက်၍ သိလိုသည်များကို ဖြေကြားပေးပါသည်။ လုပ်ငန်းရှင်မှပြောကြားရာတွင် ပေါက်ပေါက်လုပ်ငန်းလုပ်ကိုင်ခဲ့သည်မှာ (၁၀)နှစ် ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း ယခင်ကတစ်ရက်လျင်ဆန်ကွဲအိတ်(၄၀/၅၀)ခန့် ကြိတ်ခွဲနိုင်သော်လည်း ယခုကုန်ကြမ်းပစ္စည်းဈေးနှုန်း မြင့်တက်နေသည့်အတွက် တစ်ရက်လျှင် ၂၀အိတ်ခန့်သာကြိတ်နိုင် ကြောင်းသိရှိရပါသည်။ ပေါက်ပေါက်လုပ်ငန်းအတွက်အဓိကကုန်ကြမ်းမှာ ဆန်ကွဲဖြစ်ပါသည်။ မှော်ဘီနှင့် ခြံဧရာဆန်ကွဲများမှာပိုကောင်း၍ ဆန်ကွဲတစ်အိတ်လျှင် ပေါက်ပေါက် (၂၅/၂၆)ပိဿာခန့် ထွက်ရှိပါသည်။ ပေါက်ပေါက်ထုတ်လုပ်ပုံမှာ ဆန်ကွဲအိတ် တစ်အိတ်ကို ဝေဖာကြိတ်စက်ထဲသို့ထည့်၍ (၂)နာရီအကြာကြိတ်ဖွတ်ပါက ပေါက်ပေါက်ရရှိမည်ဖြစ်ပါသည်။ ဆန်သားကျစ်ပါက ဆားဆိုဒါ အနည်း ငယ် ထည့်ပေးရပါသည်။ ပေါက်ပေါက်ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ဆန်ကွဲ၊ လုပ်သားခ၊ လျှပ်စစ်မီတာခများတွက်ချက်ပါက ဆန်ကွဲတစ်အိတ် ကြိတ်မည်ဆိုလျှင် (၄၄၄၇၅)ကျပ် ကုန်ကျ မည်ဖြစ်ပါသည်။ အကျိုးအမြတ်ရရှိမှုအနေဖြင့် ပေါက်ပေါက်တစ်ပိဿာလျှင် (၁၈၅၀)ကျပ်ဖြစ်၍ (၂၅)ပိဿာလျှင် (၄၆၂၅၀)ရရှိမည်ဖြစ်ပါသည်။ ဆန်ကွဲတစ်အိတ်လျှင် (၁၇၇၅)ကျပ် အကျိုး အမြတ်ရရှိမည်ဖြစ်ပါသည်။ တစ်ရက်လျှင် ဆန်ကွဲ (၂၀)အိတ်ခန့်ကြိတ်ဖွတ်လျှင် အကျိုးအမြတ်အနေဖြင့် (၃၅၅၀၀)ကျပ်ခန့် နေ့စဉ်အကျိုးအမြတ် ရရှိမည်ဖြစ်ပါသည်။

   ဈေးကွက်အနေဖြင့် ထွက်ရှိလာသောပေါက်ပေါက်များကို (၁၀)ပိဿာပါ ပလတ်စတစ် အိတ်ခွံအတွင်း လေလုံအောင်ထည့်ပြီး ဒေသတွင်းမြို့နယ်များနှင့် တောင်ကုတ်၊ မြန်အောင်၊ ဟင်္သာတနှင့် မင်းတုန်းမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ပေါက်ပေါက်လုပ်ငန်းသည် အကျိုးအမြတ်နည်းသော်လည်း ပုံမှန်ဝင်ငွေရရှိ၍ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့၏ လီလီပန်းဈေးကွက်

     လီလီပန်းသည် ဘုရားပန်းအိုးများလဲရာတွင် လူကြိုက်အများဆုံးဖြစ်သဖြင့်  ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ ယခုအချိန်သည် လီလီပန်းများပေါ်ချိန်ဖြစ်သဖြင့် ပြည်မြို့နယ် အတွင်းရှိ ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ လူသိများသည့် လီလီပန်းမျိုးတွင် ဂျပန် လီလီပန်း မျိုးမှာ အနံပါသည့်ပန်းနှင့် အနံမပါသည့် ပန်းမျိုးဟူ၍ (၂)ရှိပြီး အရောင်မှာ ပန်းရောင်နှင့် အဖြူရောင်တို့ ဖြစ်ပါသည်။  အက်စတာလီလီပန်း (ခေါ်) ကျူးလစ်ပန်းမှာ တစ်ပွင့်လုံး အဖြူရောင်ရှိပြီး လူကြိုက် များသဖြင့် ဈေးကောင်းရလျှက်ရှိပါသည်။ လီလီပန်းကို ပြည်မြို့နယ်တွင် အနည်းငယ်သာစိုက်ပျိုးပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ မှာယူ၍ ဒေသတွင်းတွင် လက်လီရောင်းချသည့်အပြင် ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ လီလီပန်း ဈေးနှုန်းများအနေဖြင့် ပန်းပွင့် ၃-၄ပွင့်ပါ တစ်ခိုင်လျှင် ၁၅၀၀-၂၀၀၀ကျပ်နှုန်း ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း