ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချဖြန့်ဖြူး

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီ များအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာ ရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး တို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျှက်ရှိပါသည်။

              စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေး သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး၊ ရည်ညွှန်းလက်ကားဈေးအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည် ဖြစ်ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တောင်ငူခရိုင်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိပါသည်။

             တောင်ငူမြို့မှ ဆီကုန်သည်များဖြစ်ကြသော ဦးကျော်ဟိန်း၊ ဒေါ်ခင်လှ၊ ဒေါ်အေးမြင့်၊ ဒေါ်ဝင်းဝင်းမော်၊ ဦးဖိုးလုံး၊ ဦးအောင်ကျော်၊ ဦးကျော်ဝင်း၊ ဒေါ်သန္တာတို့မှ ရန်ကုန်အထိုင်ဈေး၊ ရည်ညွှန်းလက်ကားဈေးအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းလက်ကားဖြန့်ဖြူးခြင်းကို မိုဘိုင်းကားဖြင့် လှည့်လည်၍ သော်လည်းကောင်း၊ ဆီဆိုင်အထိုင်ဖြင့်သော်လည်းကောင်း ရည်ညွှန်းလက်ကား ဈေးပေါ် အခြေခံ၍ လက်လီ တစ်ပိဿာလျှင် ၅၄၀၀ ကျပ်၊ ၄၉၀၀ ကျပ်၊ ၃၉၀၀ ကျပ် စသည်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်အတွင်း မိုးခေါင်မှုကြောင့်လယ်ယာမြေအနည်းငယ်ပျက်စီးမှုအား ပြုပြင်ပြီးစီး

             ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နယ်မှ ဌာနဆိုင်ရာများသည် အဖွဲ့များခွဲ၍ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုအလွန်နည်းပါးခြင်းကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုနှင့်ပြန်လည်ပြုပြင်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဩဂုတ်လ ၉ ရက်နေ့က မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ တာဝန်ရှိသူများနှင့်အတူ ကြံသနွယ်ကျေးရွာအုပ်စုနှင့် ညောင်ပင်သာ ကျေးရွာအုပ်စုရှိ လယ်ယာမြေများကို ကွင်းဆင်းစစ်ဆေးရာတွင် လယ်ယာမြေများ ဖာထေးပြုပြင် ပြီးစီးမှုများကို တွေ့ရှိရပါသည်။

              ရေတာရှည်မြို့နယ်အတွင်း ဇူလိုင်လက မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် စိုက်ပျိုးမြေ၏ ၄ ရာခိုင်နှုန်းခန့် မြေကြီးများအက်ကွဲကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယခုလတွင် မိုးပြန်လည် ရွာသွန်းနေပြီဖြစ်သဖြင့် ပျက်စီးသွားသည့် လယ်မြေများအား ပြန်လည်၍ ပြုပြင်ပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တက်ဈေးဖြစ်နေသည့် စားတော်ပဲ

              မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည် တစ်မျိုးဖြစ်သည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့် ဖြစ်စေ စားသုံးလေ့ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန် သည့် ပဲပြုတ်ကိုတော့ လွယ်လွယ်ကူကူနှင့်မရပါ။

              ပဲပြုတ်ကို စားတော်ပဲဖြင့်ပြုလုပ်ပါသည်။ စားတော်ပဲကို ရေထဲသို့လက်နှစ်ကြည့်လျှင် လက်အပူခံနိုင်သည့် ရေနွေးနွေလေးဖြင့် ၃ နာရီကြာအောင်စိမ်ရပါမည်။ ထို့နောက် စကာဖြင့် ရေစစ် ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေလောင်းပေးရပါသည်။ နောက်တစ်နေ့ ပဲအညှောင့်ပေါက်လာမှ ပြုတ်လို့ရပါသည်။ ပြုတ်သည့်အခါတွင် ပဲနှင့်ရေကို အတိဖြစ်အောင်ထည့်ရပါသည်။ ရေခမ်းသွား လျှင် ထမင်းအိုးနှပ်သလို မီးအေးအေးဖြင့် ရေခမ်းအငွေ့ထွက်အောင် ထားရပါသည်။ တစ်ချို့က ရေခမ်းလာလျှင် ဇကာနှင့်စစ်ပြီး ရေနွေးငွေ့ဖြင့်ပေါင်းသဖြင့် ပဲပေါင်းဟု ခေါ်သူတွေလည်း ရှိပါသည်။

              စားတော်ပဲကို ယခင် ပိဿာ ၃၀ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူရစဉ်က ပဲပြုတ် တစ်ဆယ်ကျပ်သားကို ၂၀၀ ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း၊ ယခုနှစ် သင်္ကြန်ကာလနောက်ပိုင်းတွင် စားတော်ပဲဈေး တအိအိတက်လာကြောင်း၊ ယခုအခါတွင် စားတော်ပဲ ပိဿာ ၃၀ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် ပေးရသဖြင့် ပဲပြုတ် ၁၀ ကျပ်သားကို ၅၀၀ ကျပ်ရောင်းပါကြောင်း ပဲပြုတ်သည် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

ငဖဲမြို့နယ် ထန်းကိုင်းကျေးရွာတွင် နဂါးမောက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စု၊ ထန်းကိုင်း ကျေးရွာ၏ မြောက်ဘက် ငဖဲ-စေတုတ္တရာကားလမ်းဘေးရှိ ကိုင်းမြေတွင် မြေအောက်ရေကို အသုံးပြု၍ နဂါးမောက်ပင်များကို စိုက်ပျိုးရာတွင် အသီးများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်း ရရှိသဖြင့် ဝင်ငွေကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

         ထန်းကိုင်းကျေးရွာ၏ မြောက်ဘက်ရှိ ကိုင်းမြေ(၃)ဧကတွင် နဂါးမောက်ပင်ပေါင်း(၁၀၀၀) ကျော်ကို စိုက်ပျိုးထားရှိကြောင်း၊ နဂါးမောက်ပင်ကို စိုက်ပျိုးမည်ဆိုပါက ပျိုးပင်(၁)နှစ်သားအရွယ်ရှိ အပင်ကို ပြာသိုလမှ စတင်စိုက်ပျိုးပြီး (၆)လကျော်ဆိုရင် အသီးစတင်သီးကြောင်း၊ မြေဩဇာအနေ ဖြင့်ဆိတ်ချေး၊ နွားချေးနှင့်ဖွဲပြာကျွေးပေးရကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် ရေကိုတစ်ရက်ခြား လောင်းပေးနေရပြီး တစ်သုတ်သီးလျှင် အလုံး(၂၀၀၀၀)ခန့်ခူးဆွတ်ရောင်းချရ ကြောင်း၊ ဈေးကွက်မှာငဖဲမြို့မဈေးသို့ ပေးပို့ရောင်းချရပြီး ခြံသို့လာရောက်ဝယ်သူများလည်းရှိ ကြောင်း၊ နဂါးမောက်သီး(၁)လုံးလျှင် (၃၀ဝိ/-)မှ (၇၀ဝိ/-)ထိ ရောင်းချရပြီး (၁)ရက်ခူးလျှင် အလုံး (၄၀၀)ကျော် ခူးဆွတ်ရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း ထန်းကိုင်းကျေးရွာမှ တောင်သူဦးမောင်ဝင်းထံမှ သိရှိရပါသည်။

        နဂါးမောက်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ရောင်းပန်းလှသော အသီးဖြစ်၍ ငဖဲမြို့နယ်အတွင်းရှိ နေအိမ်အချို့တွင်လည်း မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြပြီး တဖက်တလမ်းမှ ဝင်ငွေအပိုရရှိကာ စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိ‌ကြောင်း သတင်း ရရှိပါသည်။

DOCA(မကွေး)

 

အုတ်တွင်းမြို့နယ်တွင် မိုးစပါးများ စိုက်ပျိုးပြီးစီး

              တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးကာလတွင် ၈၉၁၈၄ ဧက စိုက်ပျိုး ရန် လျာထားလျက်ရှိရာ ဇူလိုင်လကုန်တွင် လျာထားချက်အတိုင်း စိုက်ပျိုးပြီးစီးသွားပြီး ဖြစ်ပါသည်။

ဇူလိုင်လ ဒုတိယလဝက်ခန့်တွင် မိုးရွာသွန်းမှုအလွန်နည်းပါးခဲ့သော်လည်း အုတ်တွင်းမြို့နယ်အတွင်းတွင် နွေစပါးစိုက်ပျိုးနိုင်ရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ခပေါင်းဆည်၊ ရေသိုးဆည်နှင့် မင်းရဲဆည်တို့ တည်ဆောက်ထားပြီး ၎င်း ဆည်များမှ ရေပေးဝေသည့် ရေလွှဲမြောင်းများ တည်ဆောက်ထားသဖြင့် ယခုကဲ့သို့ မိုးခေါင်သည့် ကာလတွင် မိုးစပါးအတွက် ရေပေးဝေနိုင်ခဲ့ပါသည်။

              အုတ်တွင်းမြို့နယ်အတွင်း ဇူလိုင်လနှောင်းပိုင်း မိုးရွာသွန်းမှု အလွန်နည်းပါသော်လည်း ဆည်ရေများ၏ ကျေးဇူးကြောင့် မိုးစပါးကို လျာထားချက်အတိုင်း အပြည့်အဝစိုက်ပျိုးနိုင်ခဲ့ပြီး စပါး များအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မကွေးကုန်စည်ဒိုင်၏ ပဲမျိုးစုံ စျေးကွက်အခြေအနေ

          မကွေးကုန်စည်ဒိုင်တွင် ဩဂုတ်လ ပထမအပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ကုလားပဲကြီး (929) (၁၉) ပိဿာ တစ်တင်းလျှင် (၅၀၂၀၀ဝိ/-)၊ ကုလားပဲ လုံးသေးတစ်တင်းလျှင် (၄၈၀၀ဝိ/-)၊ ကုလားပဲ(HL)တစ်တင်းလျှင် (၄၉၃၀ဝိ/-)၊ ထောပတ်ပဲ တစ်တင်းလျှင် (၄၅၅၀ဝိ/-)နှင့် ပဲစဉ်းငုံနီ(၂၀)ပိဿာတစ်တင်းလျှင် (၅၀၀၀ဝိ/-)၊ စားတော်ပဲ တစ်တင်းလျှင် (၁၀၅၀၀ဝိ/-)တို့ဖြင့်အသီးသီး စျေးနှုန်းမြင့်တက်လျှက်ရှိပြီး ပဲကြီးဖြူ၊ ပဲကြီးမဲ၊ မတ်ပဲတို့မှာ စျေးနှုန်း တည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

          ဩဂုတ်လပထမအပတ်တွင် ကုလားပဲ တန်ချိန်(၉၀)ခန့်၊ ပဲကြီးဖြူ တန်ချိန်(၂၀)ခန့် စားတော်ပဲ တန်ချိန်(၁၅)ခန့်၊ မတ်ပဲ တန်ချိန်(၃၀.၃၇)တန်ခန့်၊ မြေပဲဆီဆံတန်ချိန်(၃၀၀)ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

ကလေးမြို့နယ်၏ စားသုံးဆီဈေးနှုန်းအခြေနေ

       ကလေးမြို့နယ်တွင် စားဆီများဖြစ်သည့် ပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ ဈေးနှုန်းများမှာ ပဲဆီတစ်ပိဿလျှင် ( ၉၂၀၀ ) ကျပ်၊ (၁၀)ပိဿာဝင်တစ်ပုံးလျှင် (၉၀၀၀၀)ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ( ၇၅၀၀ ) ကျပ်၊(၁၀)ပိဿာဝင်တစ်ပုံးလျှင် ( ၇၄၀၀၀ ) ကျပ်၊  နေကြာဆီ တစ်ပိဿာ လျှင် ( ၈၂၀၀ )ကျပ်၊ ( ၁၀ )ပိဿာဝင်တစ်ပုံးလျှင် ( ၈၀၀၀၀ )ကျပ်၊ ပေါက်ဈေးနှုန်းဖြင့် ‌‌‌ဈေးကွက် အတွင်း ရောင်းချလျှက်ရှိပြီး၊ ယခုလ( ၈/၂၀၂၂ ) လဆန်းပိုင်းတွင် ပဲဆီတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ပိဿာပုံးတစ်ပုံးလျှင် ( ၉၅၀၀၀ ) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၉၀၀၀) ကျပ်၊ (၁၀)ပိဿာဝင် တစ်ပုံးလျှင် ( ၈၈၀၀၀ ) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင်( ၉၀၀၀ ) ကျပ်၊ (၁၀)ပိဿာ တစ်ပုံးလျှင် (၈၉၀၀၀ ) ကျပ်‌ဈေးနှုန်းဖြင့် ရောင်းဝယ်ပြုလုပ်လျှက်ရှိပါသည်။ စားသုံးဆီဈေးနှုန်းများသည် ယခင်လထက် ယခုလဆန်းပိုင်းတွင် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရပါသည်။ ဆီစက်ပိုင်များအနေဖြင့်လည်း ဆီထွက်သီးနှံ ကြိတ်ခွဲမှုများကို ယခုလ(၈/၂၀၂၂)လကုန် ပိုင်းအထိသာ ကြိတ်ခွဲရန်သီးနှံများရှိကြောင်း ဆီစက်ပိုင်ရှင် ဦးကျော်မျိုးထွန်းထံမှ သိရှိရပါသည်။ ကလေးမြို့နယ်မှ အခြားမြို့နယ်များသို့ ယခုနှစ်တွင် ယခင်နှစ်များကထက် တင်ပို့ရသည့်အတွက် ဆီပုံးများ လက်ကျန်အနည်းငယ်သာကျန်ရှိနိုင်ပြီး ဆီထွက်သီးနှံများပြန်လည်ထွက်ရှိမှသာ ဆီရရှိရန် ကြိတ်ခွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့နယ်တွင် ဇူလိုင်လမိုးရွာသွန်းမှုနည်းပါးသော်လည်း ဆည်ရေရရှိမှုကြောင့် မိုးစပါးများအောင်မြင်ဖြစ်ထွန်း

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် မိုးစပါး ၅၈၂၀၈ ဧက စိုက်ပျိုးရန် လျာထား လျက်ရှိရာ ဇူလိုင်လကုန်အထိ ၅၈၀၃၄ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ရန်ကျန် ၁၇၄ ဧကသာကျန်ရှိ ပါသဖြင့် ၉၉.၇ ရာခိုင်နှုန်း စိုက်ပျိုး ပြီးစီးပြီးဖြစ်ပါသည်။

              တောင်ငူမြို့နယ်တွင် ယခင်နှစ်က ဇူလိုင်လ၏ ပျှမ်းမျှမိုးရေချိန်မှာ ၁၉ လက်မ ရှိခဲ့ သော်လည်း ယခုနှစ်တွင် ဇူလိုင်လတွင် မိုးရွာသွန်းမှု အလွန်နည်းပါးသဖြင့် ပျှမ်းမျှမိုးရေချိန်မှာ ၇.၃၁ လက်မသာ ရှိခဲ့သဖြင့် ယခင်နှစ်ကထက် ၁၁.၆၉ လက်မ လျော့နည်းခဲ့ပါသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် မိုးရွာသွန်းမှုမရှိသလောက်ဖြစ်ခဲ့သဖြင့် မိုးကောင်းသော လယ်မြေများတွင် စပါးဖွံ့ဖြိုးမှုအားနည်းခဲ့ကြောင်း တွေ့ရှိရပါသည်။

              မိုးရွာသွန်းမှုနည်းပါးသော်လည်း တောင်ငူမြို့နယ်အတွင်း ပသိဆည်၊ ကမ်းနီဆည်၊ ကရင်ချောင်းဆည်နှင့် ခပေါင်းဆည်များ၊ မြစ်ရေတင်စီမံကိန်းများမှ ရေရရှိသဖြင့် စပါးများဆက် လက်စိုက်ပျိုးနိုင်ပြီး မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကလေးမြို့နယ်၏ ဆန်စပါးဈေးကွက်

       ကလေးမြို့နယ်တွင် ( ၇/ ၂၀၂၂ ) လဆန်းပိုင်းကာလ၌  ဧည့်မထစပါး (၁၆) ပြည် တစ်တင်းလျှင် ( ၈၅၀၀ ) ကျပ်၊ ငစိန်စပါး(၁၆)ပြည် တစ်တင်းလျှင် ( ၈၀၀၀ ) ကျပ်၊ ဧရာမင်းစပါး(၁၆) ပြည် တစ်တင်း လျှင်(၁၀၀၀၀)ကျပ်၊ ဧည့်ဆန်( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၂၇၀၀၀ ) ကျပ်၊ ငစိန်ဆန် (၂၄)ပြည် တစ်အိတ်လျှင် ( ၂၆၅၀၀ ) ကျပ်၊ ဧရာမင်းဆန်( ၂၄ ) ပြည်တစ်အိတ်လျှင်( ၃၇၀၀၀ )ကျပ် ပေါက်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျှက်ရှိပါသည်။ လကုန်ပိုင်းတွင်း ဧည့်မထစပါး တစ်တင်း (၁၆)ပြည်တစ်တင်း ( ၈၅၀၀ ) ကျပ်၊ ငစိန်(၁၆)ပြည်တစ်တင်း ( ၈၀၀၀ )ကျပ်၊ ဧရာမင်း စပါး(၁၆)ပြည်တစ်တင်း ( ၁၀၀၀၀ ) ကျပ်ပေါက်ဈေးနှုန်းရှိခဲ့သော်လည်း ဆန်ဈေးနှုန်းများအနေဖြင့် ဧည်ဆန်( ၂၄ )ပြည် တစ်အိတ်လျှင် ( ၂၉၀၀၀ )ကျပ်၊ ငစိန်ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ ဧရာမင်းဆန်(၂၄)ပြည်တစ်အိတ်လျှင်  ( ၃၈၀၀၀ )ကျပ်၊ ဈေးနှုန်းသို့ရောက်ရှိခဲ့ပါသည်။ စပါးဈေးနှုန်းကြီးမြင့်မှုမရှိခဲ့သော်လည်း ဆန်ဈေးနှုန်းအနေဖြင့် ဧည့်ဆန်တစ်အိတ်လျှင် ( ၂၀၀၀ ) ကျပ်၊ ငစိန်ဆန် တစ်အိတ်လျှင်( ၂၄)ပြည် တစ်အိတ်လျှင် ( ၅၀၀ )ကျပ်၊ ဧရာမင်းဆန်( ၂၄ )ပြည် တစ်အိတ်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ ( ၈/၂၀၂၂ ) လဆန်းပိုင်းတွင် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၉၅၀၀ ) ကျပ်၊ ငစိန်စပါး(၁၆)ပြည် တစ်တင်းလျှင် (၉၀၀၀)ကျပ်၊ ဧရာမင်းစပါး (၁၆)ပြည် တစ်တင်းလျှင် ( ၁၁၀၀၀ ) ကျပ်၊ ဧည့်ဆန်( ၂၄)ပြည် တစ်အိတ်လျှင်( ၃၅၀၀၀ ) ကျပ်၊ ငစိန်ဆန်(၂၄)ပြည် တစ်အိတ်လျှင် ( ၂၈၀၀၀ ) ကျပ်၊ ဧရာမင်းဆန်( ၂၄)ပြည် တစ်အိတ်လျှင် (၄၃၀၀၀) ကျပ်သို့ ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ ဆန်ဈေးနှုန်းမှာ လက်ရှိအခြေအနေတွင် မြင့်တက်နိုင်မည့် အခြေအနေရှိကြောင်း၊ ထိုသို့မြင့်တက်ရခြင်းမှာ နှစ်ကုန်ပိုင်းအထိ စားသုံးရန်အတွက် သုံးစွဲသူများမှ ဝယ်ယူမှုများကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ပါသည်။ ကလေးမြို့နယ်အနေဖြင့် မုံရွာ၊ မန္တလေးနှင့် အခြားမြို့နယ်များသို့ စားဆန်လစဉ်အိတ်ရေ( ၁၀၀၀၀ မှ ၁၅၀၀၀ ) အိတ်ဝန်းကျင်ခန့် တင်ပို့လျှက်ရှိကြောင်း ဆန်စက်ပိုင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးဝမြို့ပေါ်တွင် ဖြစ်ပေါ်နေသည့် ဆီထွက်သီးနှံနှင့် ဆီဈေးနှုန်းအခြေအနေ

           ကလေးဝမြို့နယ်သည် စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးကို အဓိကဆောင်ရွက်နေသည့်မြို့ဖြစ်ပြီး စိုက်ပျိုးသီးနှံများအဖြစ် စပါး၊ ပဲ၊ ဆီထွက်သီးနှံများကိုသာ အဓိကထား စိုက်ပျိုးလျက်ရှိပါသည်။ ရံဖန်ရံခါများတွင် မြစ်ရေကြီးမြှင့်မှုများကြောင့် သီးနှံများ စိုက်ပျိုးရာတွင် အချိန်ကာလ နောက်ကျမှ စိုက်ပျိုးရခြင်းများလည်း ရှိပါသည်။ ကလေးဝမြို့သည် ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သည့်အတွက် အခြားမြို့များထက် ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ရှိသည့်အတွက် အချက်အခြာကျသော မြို့တစ်မြို့  ဖြစ်ပါသည်။

           ယခုနှစ်တွင် ဆီထွက်သီးနှံများအနေဖြင့် အမြင့်ဈေးနှုန်းသို့ ရောက်ရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဆီထွက်သီးနှံဖြစ်သည့် မြေပဲဆံပေါ်စတွင်    မြေပဲဆံ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၄၂၀၀၀ ) ကျပ်မှ ( ၄၇၀၀၀ ) ကျပ်၊ နေကြာစေ့ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၀၀၀၀ )  ကျပ်မှ ( ၂၂၀၀၀ ) ကျပ်  ပေါက်ဈေးနှုန်းဖြင့် ဝယ်ယူကြိတ်ခွဲရပြီး မြေပဲဆီ ( ၁၀ ) ပိဿာ   တစ်ပုံးလျှင် ( ၇၀၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာ တစ်ပုံးလျှင် ( ၅၈၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ရောင်းချခဲ့ပါကြောင်း၊  ယခုလတွင် မြေပဲဆံ ( ၁၆ )  ပြည်တစ်တင်းလျှင် ( ၆၄၀၀၀ ) ကျပ်၊  နေကြာဆံ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၈၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းရှိပြီး မြေပဲဆီ ( ၁၀ ) ပိဿာလျှင် ( ၉၅၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁၀ ) ပိဿာလျှင် ( ၈၃၀၀၀ ) ကျပ် ဈေးနှုန်းသို့ ရောက်ရှိခဲ့ပါသည်။ ကလေးဝမြို့နယ်မှ ဆီထွက်သီးနှံများ ထွက်ရှိမှုများအရ နှစ်စဉ် ဧပြီ၊ မေ၊ ဇွန်လများတွင်သာ အများဆုံး ကြိတ်ခွဲရပြီး ဇူလိုင်လ နောက်ပိုင်းတွင် ဆီထွက်သီးနှံများမရှိတော့သည့်အတွက် ဆီသားအဖြစ်သာ အနည်းငယ် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း