ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမြင့်တက်လာတဲ့ မုံရွာကြက်သွန်နီဈေးကွက်

          ယခုလအတွင်း မုံရွာဈေးကွက်၌ အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ နေ့စဥ်နှင့်အမျှ မြင့်တက်လာသလို စာဖိုဆောင်သီးနှံဖြစ်သည့်ကြက်သွန်နီဈေးမှာလည်း တရိပ်ရိပ်နှင့် မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ မေလကုန်ဇွန်လဆန်းပိုင်မှစ၍ ကြက်သွန်နီက တရိပ်ရိပ်မြင့်တက်ခဲ့ပြီး ကုန်သည်များမှ နယ်အထိဆင်းပြီဝယ်ယူမှုများရှိနေကြောင်း၊ ဇွန်လဆန်းက နယ်ဈေးတစ်ပိဿာ (၁၀၀၀) ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့သော်လည်း တောင်သူများကုန်လက်ကျန်အခြေအနေနှင့် သိုလှောင်ကာလကလည်း ကျန်ရှိနေသေးသည့်အပေါ်  အနည်းငယ်စီခွဲ၍ ရောင်းနေကြောင်း၊ ယခုအပတ်တွင် ကုန်သည်များမှ ကြက်သွန်အရည်အသွေးပေါ်မူတည်ပြီး နယ်ဈေးတစ်ပိဿာ (၁၅၀၀ိ-၁၇၀၀ိ/-) ကျပ်ထိ ဈေးပေးဝယ်ယူမှုများရှိလာကြောင်း တောင်သူအများစုက ယခုနှစ်ကြက်သွန်စိုက်ပျိုးထွက်ရှိမှုနှင့် ကုန်လက်ကျန်မှ ယခင်နှစ်ကထက်လျော့နည်းနေသည့်အတွက် အမြင့်ဆုံးဈေး ကျပ် (၂၀၀၀ိ/-) ကျော်အထိ မျှော်မှန်းထားကာ လက်ရှိဈေးဖြင့်မရောင်းချကြသေးဘဲ စောင့်ကြည်နေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

          ယခင်နှစ်က ကြက်သွန်နီစိုက်ဧကများပြားခဲ့သလို အထွက်နှုန်းလည်းများပြားခဲ့ကြောင်း၊ ပြည်ပဝယ်ယူမှုနည်းခဲ့သည့်အတွက် ဈေးကောင်းမရခဲ့ကြောင်း ယခင်နှစ်ကာလတူဈေးမှာ တစ်ပိဿာ (၄၀၀ိ-၅၀၀ိ/-) ကျပ်သာရှိခဲ့ပြီး ရာသီကုန်ခါနီးတွင် (၇၀၀ိ-၈၀၀ိ/-) ကျပ်ဖြစ်ပေါ်ခဲ့သော်လည်း ဈေးပြန်ကျသွားကာ တစ်ပိဿာ(၂၀၀ိ-၂၅၀ိ/-) ကျပ် ထိကျဆင်းသွားခဲ့ကြောင်း၊ တစ်ပိဿာ(၁၀၀၀ိ/-) ကျပ် မရ၍ မရောင်းလိုက်ရသည့်တောင်သူများအရှုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း ဒေသခံတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

          ယခုလက်ရှိ ဈေးကွက်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလတ်ချော (၁၃၀၀ိ/-) ကျပ်၊လတ်သန့် (၁၅၀၀ိ/-) ကျပ်၊ လက်ကြီး (၁၇၀၀ိ/-) ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့်မူဆယ်မြို့များသို့ တင်ပို့လျက်ရှိကြောင်း ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အတွက် ကြက်သွန်စိုက်ပျိုးမှုနည်းခဲ့သလို အထွက်လည်းနည်းခဲ့ကြောင်း တောင်သူများကုန်လက်ကျန်အပေါ်ထိန်းညှိပြီး ခွဲရောင်းနေကြောင်း ရာသီကလည်းကျန် တက်ရိပ်လည်းရှိနေသေးသည့်အတွက် တောင်သူများတက်ဈေးမျှော်၍ ရောင်းချမှုနည်းနေသေးကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာကြက်သွန်နီဈေးကွက်ကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်နေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း သိသိသာသာဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(ကြီး/လတ်/သေး)ကျပ် ၈၀၀-၁၀၀၀-၁၂၀၀နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀-၁၂၀၀-၁၆၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှဧက(၁၂၀၀၀)ခန့် စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသောကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)       

 

                  

စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

အင်ဒိုနီးရှားစားအုန်းဆီပို့ကုန်ခွန် ယာယီလျှော့ချ

          အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှုစည်းကြပ်ခွန် အမြင့်ဆုံးနှုန်းထားကို  အမေရိကန်ဒေါ်လာ ၂၀၀ သို့လျှော့ချလိုက်သော်လည်း ဩဂုတ်လတွင် ပြန်လည်မြင့်တက်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် မကြာသေးမီက  ထုတ်ပြန်ခဲ့သည့် စားအုန်းဆီတင်ပို့မှု အခွန်မူဝါဒအရ အပြောင်းအလဲများကို ဆောင်ရွက်သည့်စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံးအခွန်နှုန်းကိုတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ အစား၂၀၀သို့ လျှော့ချသတ်မှတ်လိုက်သည်ဟု ဇွန်လ ၁၄ ရက်တွင်ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ ပို့ကုန်အရှိန်မြှင့်တင်မှု အစီအစဉ်အတွက် အထူးနှုန်းထားများဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ နှုန်းထား အသစ်များသည် ထုတ်ပြန်ကြေငြာသည့် ဇွန်လ ၁၄ ရက်နေ့မှ စတင်သက်ရောက်ပြီး ပို့ကုန်အရှိန် မြှင့်တင်ရေးအစီအစဉ်ပြီးဆုံးချိန် ဇူလိုင်လ ၃၁ ရက်တွင်ပြီးဆုံးမည်ဖြစ်ကြောင်း၊ထို့နောက်ဩဂုတ်လ ၁ ရက်မှစ၍ စားအုန်းဆီကြမ်းပို့ကုန်ခွန် အမြင့်ဆုံးနှုန်းထားသတ်မှတ်ချက်ကို တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၂၄၀ သို့ပြောင်းလဲမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယဆန်ကွဲ တရုတ်သို့အများဆုံးတင်ပို့

          တရုတ်နိုင်ငံသည် အိန္ဒိယဆန်ကွဲအများဆုံးတင်သွင်းနေသည့်နိုင်ငံဖြစ်ကြောင်း၊ ယခင်က အိန္ဒိယဆန်ကွဲကို အာဖရိကနိုင်ငံများသို့ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်နိုင်ငံက အိန္ဒိယမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁.၆၃ သန်းတင်သွင်းခဲ့ရာ ၉၇% ခန့်ရှိ တန်ချိန် ၁.၅၇၆ သန်းမှာဆန်ကွဲဖြစ်ကြောင်း၊ ဆန်ကွဲကို အကြီးအသေး(၂)မျိုးခွဲခြားရာ၌ ဆန်စေ့အပြည့် အလျား၏ထက်ဝက်ကျော်ပါက ဆန်ကွဲအကြီး ၊ ထက်ဝက်‌အောက်ဆိုပါက  ဆန်ကွဲ အသေးဟုသတ်မှတ်ကြောင်း၊ကုန်သွယ်ရေးကျွမ်းကျင်သူများက တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယဆန်ကွဲကို ပြည်တွင်း ဝိုင်အရက်ထုတ်လုပ်မှုအတွက် စက်မှုကုန်ကြမ်းအဖြစ်ဝယ်ယူခြင်းအပြင် ခေါက်ဆွဲထုတ်လုပ်ရန်အတွက်လည်း ဝယ်ယူသည်ဟုပြောကြားကြကြောင်း၊အိန္ဒိယဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌဟောင်းက တရုတ်နိုင်ငံသည် ဆန်ကွဲကို အဓိကထားဝယ်ယူပြီး ဝိုင်အရက်ချက်ရာတွင်ကုန်ကြမ်းအဖြစ် အသုံးပြုခြင်း၊ ခေါက်ဆွဲထုတ်လုပ်ခြင်းများပြုလုပ်ကြောင်း‌၊ ကိုဗစ် ၁၉ ကပ်ရောဂါမတိုင်မီက တရုတ်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ပြီး ဆန်စက်အချို့ကိုကြည့်ရှုခဲ့ကြောင်း၊ ကျွမ်းကျင်သူတို့က ဆန်ကွဲအဝယ်များလာခြင်းသည် ယူကရိန်းကိုရုရှားကကျူးကျော်စစ်ဆင်နွှဲခြင်းကြောင့် ပြောင်းဈေးနှုန်းများမြင့်တက်လာသည့်အတွက် ဆန်ကွဲကို ပိုမိုအသုံးများလာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယ ဂျုံ တင်ပို့မှုကို UAE (၄)လကြာရပ်ဆိုင်း

          အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် ကမ္ဘာ့ဒုတိယအများဆုံး ဂျုံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှထွက်ရှိသည့် ဂျုံနှင့်ဂျုံမှုန့်များ တင်ပို့မှုနှင့်တစ်ဆင့်ခံတင်ပို့မှုတို့ကို(၄)လကြာ ရပ်ဆိုင်း ရန် အမိန့်ထုတ်ထားကြောင်း၊ ပင်လယ်ကွေ့နိုင်ငံ UAE ၏ စီးပွားရေးဝန်ကြီးဌာနက ကမ္ဘာ့ ဂျုံ ကုန် သွယ်မှု ပြတ်တောက်ခြင်းများ ပေါ်‌ပေါက်နေသဖြင့် (၄)လ ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊အိန္ဒိယနိုင်ငံက ဂျုံကို UAE  ပြည်တွင်းစားသုံးမှုအတွက် တင်ပို့ရန်ခွင့်ပြုထားသည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ ကြောင်း၊ အိန္ဒိယက ဂျုံ ပြည်ပတင်ပို့မှုကို မေလ ၁၄ ရက်တွင်ရုတ်တရက်ပိတ်ပင်လိုက်ရာ Letter of Credit(LC)ဖွင့်ပြီးသားဂျုံများကိုမူ ဆက်လက်တင်ပို့ရန်ခွင့်ပြုထားကြောင်း၊ ပြည်တွင်းစားသုံးမှု ဂျုံ ဖူလုံပြီး သေချာစေရန် ဂျုံပြည်ပတင်ပို့မှုကိုပိတ်ပင်ထားပြီးနောက် ဂျုံတန်ချိန် ၄၆၉၂၀၂ တန် တင်ပို့ ရန် ခွင့်ပြုခဲ့ကြောင်း‌၊ မေလ ၁၃ ရက်မတိုင်မီ UAE သို့တင်သွင်းခဲ့သည့်ဂျုံများကို ပြည်ပတင်ပို့ခြင်းနှင့် တစ်ဆင့်ခံပြည်ပတင်ပို့ခြင်းပြုလိုသောကုမ္ပဏီများသည် စီးပွားရေးဝန်ကြီးဌာနတွင် ခွင့်ပြုမိန့် ဉီးစွာ လျှောက်ထားရန်လိုအပ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယသကြားပြည်ပတင်ပို့မှု ထပ်မံကန့်သတ်နိုင်ဖွယ်ရှိ

          အိန္ဒိယနိုင်ငံက သကြားပြည်ပတင်ပို့မှု အများဆုံးပမာဏ ကန့်သတ်ထားခြင်းကို ဒုတိယအကြိမ် အဖြစ်အောက်တိုဘာလ၌စတင်ကျင့်သုံးဖွယ်ရှိကြောင်း၊ပြည်တွင်းသကြားဖူလုံစေရေးနှင့် ပြည်တွင်း သကြားဈေးနှုန်းများ ဈေးမတက်အောင်ထိန်းထားရန်အတွက်ဖြစ်ကြောင်း၊အိန္ဒိယသည် ကမ္ဘာပေါ် တွင်  သကြားအများဆုံးထုတ်လုပ်နေသည့်နိုင်ငံဖြစ်ပြီး  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သကြားပြည်ပတင်ပို့မှုကို တန်ချိန် (၆-၇)သန်းအထိသာ ခွင့်ပြုရန် ကန့်သတ် နိုင်ဖွယ်ရှိကြောင်း‌၊လက်ရှိသကြားရာသီကာလတစ်လျှောက် တင်ပို့ခဲ့သည်ထက် ၃ ပုံ ၁ ပုံခန့် လျော့ နည်းမည်ဖြစ်ကြောင်း၊ကြံအများဆုံးထွက်သည့် Maharashtra ၌  မိုးဉီးကာလတွင် ပျမ်းမျှမိုးရေချိန် ၏ ၆၀% အောက်တွင်သာ ရွာသွန်းခဲ့သဖြင့် ကြံစိုက်ခင်းများထိခိုက်ပြီး အထွက်နည်းဖွယ်ရှိကြောင်း‌၊ အိန္ဒိယနိုင်ငံသည်  ၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြင့် ပြည်ပသို့ သကြားတင်ပို့မှုများ အတွက် အများဆုံးပမာဏကန့်သတ်ချက်ကို မေလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယခုနှစ် သကြား ရာသီတွင် တန်ချိန် ၁၀ သန်းအထိသာ တင်ပို့ခွင့်ပြုထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

ဆူရှီစားသောက်ဆိုင်လုပ်ငန်း အကြီးအကျယ်လိမ်လည်မှု ဘန်ကောက်တွင်ဖြစ်ပွား

          ဆိုင်ခွဲဖွင့်ခွင့်ပေးပြီး ဆိုင်ခွဲများဖြင့်လုပ်ကိုင်သည့် Daruma Sushi Co ၏လုပ်ငန်းရှင်က ထိုင်းနိုင်ငံမှ ပြည်ပသို့တိမ်းရှောင်သွားသဖြင့် လူပေါင်း ၄၀၀ ကျော်တို့က ရဲကို လိမ်လည်မှုဖြင့် တိုင်ကြားပြီး အမှုဖွင့်ထားကြကြောင်း၊ Daruma Sushi Co က လူကြိုက်များသည့် နာမည်ကြီးဂျပန် ဘူဖေးစားသောက်ဆိုင်ခွဲများလိုင်စင်ချပေးပြီး လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Central Investigation Bureau(CIB)က ကုမ္ပဏီပိုင်ရှင်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးတွင် စုံစမ်းရာ ဇွန် ၁၆ ရက်ည၌ ဒူဘိုင်းသို့သွားမည့်လေယာဉ်ဖြင့်အဖော်မပါဘဲလိုက်ပါသွားပြီး ဒူဘိုင်း မှတဆင့် ဆက်လက်ခရီးဆက်ပြီး ၎င်းသွားရောက်မည့်ခရီးဆုံးလေဆိပ်ကိုမသိရကြောင်း၊ လိမ်လည်ခံရသူများမှာ Daruma Sushi Co ကရောင်းချသည့် e-voucher ဝယ်ယူထားသူများ၊ ဆိုင်ခွဲ့ဖွင့်ရန် လိုင်စင်ကြေးပေးသွင်းထားသူများနှင့် ကုမ္ပဏီသို့ပစ္စည်းပေးသွင်းထားပြီး ငွေမရှင်းပေးရသေးသူများ ပါဝင်ကြောင်း‌၊ လူပေါင်း ၄၀၀ ကျော် ငွေကြေးဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း ဘတ်သန်း ၁၀၀ ခန့် ရှိမည်ဟုခန့်မှန်းကြောင်း၊ စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ရုံးဌာနတွင်လည်း လာရောက်တိုင်တန်းထားသူများပြားကြောင်း‌၊ Daruma Sushi ၏ ဆိုင်ခွဲ ၂၇ ခုတို့ ဆိုင်မဖွင့်ဘဲ တံခါးများ ပိတ်ထားခဲ့ပြီး နောက်ရက်တွင် ကုမ္ပဏီပိုင်ရှင်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ Daruma Sushi ဆိုင်တွင် ပုံမှန်စားသောက်နေသည့် အမျိုးသမီးတစ်ဉီးက ဆူရှီဆိုင်ခွဲလိုင်စင်ယူ၍ဖွင့်ရန် ဆုံးဖြတ်ခဲ့ရာ Daruma Sushi မှ ဝန်ထမ်းက franchise fee ပေးသွင်းရန်လိုအပ်‌ပြီး ပေးသွင်းပြီးပါက အချိန်တန်လျှင် လစဉ် အမြတ်ငွေ ခွဲဝေပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ franchise fee ဘတ် ၂ သန်းပေးသွင်းပြီး ဆိုင်ခွဲ ဖွင့်လှစ်‌ရောင်းချခဲ့ရာ ဆိုင်ခွဲမှနေ့စဉ်ဝင်ငွေကို ကုမ္ပဏီငွေစာရင်းထဲသို့ နေ့စဉ်မပျက်မကွက်ပေးသွင်း ရကြောင်း၊တစ်လပြည့်လျှင် အမြတ် ၁၀% ကို သူမ၏ငွေစာရင်းထဲသို့ ပြန်ပြောင်းထည့်ပေးမည်ဟု ဆိုကြောင်း၊ သူမရောင်းချသည့်ဆိုင်ခွဲက အမြတ်မရသော်လည်း ပထမ ၂ လတွင် တစ်လ တစ်ကြိမ် ၁၀% အမြတ်ဝေစုအဖြစ် ဘတ် တစ်သိန်းကို ၂ လတိုင်တိုင် လစဉ်ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်လတွင်မူ ၎င်းတို့သုံးစွဲသည့် Line Group Chat မှာ ပိုင်ရှင်က ဆော်လမွန်များရရန် အခက်အခဲများရှိနေ ကြောင်းအသိပေးခဲ့ပြီး သူမနှင့် ဆက်သွယ်၍မရတော့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစျေး တည်ငြိမ်လျက်ရှိ

            ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်းရှိပြီး ရန်ကုန်စျေးကွက်သို့ တင်ပို့သောစျေးမှာ တစ်ပိဿာလျှင် (၆၁ဝဝိ/-)နှုန်း စျေးပေါက်နေကြောင်းနှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပြီး သီဟိုစေ့စျေးနှုန်းမှာသီဟိုစေ့ အကြမ်းတစ်ပိဿာလျှင် (၃၄၀ဝိ/-)ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် (၂၂၇၀ဝိ/) ကျပ်ရှိကြောင်း သိရှိရပါသည်။ ကွမ်းသီးနှင့် သီဟိုစေ့ဈေးနှုန်းများမှာ ယခုအပတ်နှင့် ယခင်ပတ်နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် ရန်ကုန်စျေးကွက်တွင် အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိပါကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာဈေး အနည်းငယ်မြင့်တက်လျက်ရှိ

              တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထားရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် ယခုနှစ်အပတ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး ယခုအပတ် (၂. ၆. ၂၀၂၂) မှ (၁၇. ၆ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၅၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၅ဝ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။

              ရော်ဘာကို ရန်ကုန်သို့ တင်ပို့လျက်ရှိပြီး ကော့သောင်းနှင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ တင်ပို့ရာတွင် တစ်ပေါင်လျှင် (၁၄၅ဝိ/-)ကျပ်ဖြင့် ဈေးပေါက်၍ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ထိုသို့စျေးနှုန်းမြင့်တက်ရခြင်းမှာ ထိုင်းဘတ်ငွေစျေးနှုန်းမြင့်တက်ရခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၇ဝိ/-)  (၈ဝိ/-) နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)

ပြည်မြို့ရဲ့  ရွှေဖရုံသီးဈေးကွက်

            ပြည်မြို့တွင်ရောင်းချနေသော ရွှေဖရုံသီးများကို ပုတီးကုန်း၊ သဲကုန်းနှင့် ဝက်ပုတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။ အများဆုံး စိုက်ပျိုးသောဒေသများမှာ သဲကုန်းမြို့ တွင် အများအပြားစိုက်ပျိုးတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရွှေဖရုံသီးများကို သီရိမင်္ဂလာဈေးသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်း သိရပါသည် ။ ရွှေဖရုံသီးများကို ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၁၅)လုံးမှ (၂၅)လုံးဝင် ရွှေဖရုံသီးအိတ်များဖြင့် တင်ပို့လျှက်ရှိပါသည်။ ရွှေဖရုံသီးတွင် ထိုင်ဝမ်မျိုးနှင့် ဒေသမျိုးဟူ၍ (၂)မျိုးရှိပြီး ထိုင်ဝမ်လက်ရိုက်သီး အနုသီးတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ် ၊ အလုံးကြီး တစ်လုံးလျှင် (၁၂၀၀-၁၅၀၀) ကျပ်ရှိပြီး ဒေသမျိုး အနုသီး တစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်ရှိ၍ အရင့်အလုံးကြီး တစ်လုံးလျှင် (၂၃၀၀-၂၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့ရှိ ကျောက်စိမ်းငရုတ်သီးစိုက်ကွင်းသို့ ကွင်းဆင်းလေ့လာ

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်းများသည် (၉.၆.၂၀၂၂)နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပေါက်တန်းအုပ်စု၊ ပေါက်တန်းကျေးရွာသို့ သွားရောက်၍ ငရုတ်စိုက်ပျိုးသူတောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး ဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှု့ အခြေအနေများအား လေ့လာခဲ့ပါသည်။

          ပြည်ခရိုင်တွင် မိုးငရုတ်စိုစိုက်ဧက(၁၆၄၃)၊ ဆောင်းငရုတ်စိုစိုက်ဧက (၇၅၈) စိုက်ပျိုးပြီး ဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်အနေဖြင့် မိုးငရုတ်စိုစိုက်ဧက (၄၅၂)၊ ဆောင်းငရုတ်စိုစိုက်ဧက (၃၈၂)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ မိုးငရုတ်စိုကို ဧပြီလမှစတင် စိုက်ပျိုးပြီး မေလဆန်းနှင့် ယခု ဇွန်လတတိယပတ်တွင် မိုးငရုတ်စိုများ လှိုင်လှိုင်ထွက်ပေါ်ချိန် ဖြစ်ပါသည်။ စိုက်ပျိုးသည့် မျိုးများမှာ ကျောက်စိမ်းငရုတ်သီးမျိုးဖြစ်ပြီး ငရုတ်စိုစိုက်ပျိုးသော တောင်သူများအနေဖြင့် ငရုတ်စေ့ကို ပျိုးထောင်ပြီး ရက် (၂၀)အကြာတွင် စိုက်ပျိုးမည့် မြေကွက်သို့ ပြောင်းရွေ့ စိုက်ပျိုးကြောင်း သိရ ပါသည်။ ငရုတ်စိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင် (၁၆၀၀၀)ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ငရုတ်စတင်စိုက်ပျိုးချိန်မှစ၍ ငရုတ်ခူးဆွတ်ချိန် ထိ (၁၂)သိန်းကျပ်ခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် သီးအားကောင်းလျှင် ပိဿာချိန် ၁၂၀၀ခန့်ထွက်ရှိပြီး သီးအားမကောင်းလျှင် ပိဿာချိန် (၆၅၀)ခန့် ထွက်ရှိကြောင်း သိရှိိရပါသည်။ ငရုတ်သီးစိမ်းဈေးအနေဖြင့် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ် အထိဈေးရရှိသဖြင့် အသားတင်အကျိုးအမြတ်အနေဖြင့် (၆)သိန်းကျပ်ကျော်မှ ဈေးကောင်းရင် ကောင်းသလို အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရပါသည်။ ထွက်ရှိလာသော ကျောက်စိမ်း ငရုတ်သီးစိမ်းများကို ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ရန်ကုန်ဘက်သို့ ရက်ခြား တစ်ခါတင်ပို့လျှင် ပိဿာချိန် (၃၀၀-၄၀၀)ခန့် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

          ငရုတ်စိုစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ငရုတ်သီးစိမ်းများအထွက်နှုန်းကောင်း၍ ဈေးကောင်းများလည်းရရှိသဖြင့် တောင်သူများအကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဈေးနှုန်းများကျဆင်းနေသော ဗမာသံပုရာသီး

          ယခုအပတ် ပြည်မြို့၏ ဗမာသံပုရာဈေးကွက်တွင် ဈေးကျဆင်းလျှက်ရှိပါတယ်။ အလုံးကြီး တစ်လုံး(၂၃)ကျပ်၊ အလတ်တစ်လုံး (၁၅)ကျပ်နှင့် အသေးတစ်လုံး (၇)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ လားရှိုး၊ တောင်ကြီးမြို့များသို့ တစ်နေ့လျှင် ပျမ်းမျှ (၂)အိတ်မျှသာ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ တစ်အိတ်လျှင် ဗမာသံပုရာ အလုံးချော (၁၅၀၀)ခန့် ဝင်ဆံ့ကြောင်း သိရပါသည်။

          မန္တလေး၊ မူဆယ်၊ လားရှိုး၊ တောင်ကြီးဈေးကွက်များမှာ အခွံစိမ်း ဗမာသံပုရာသီးများကိုသာ ဝယ်ယူကြသဖြင့် ပယ်သီးဟုခေါ်သော အခွံဝါသီးများကို မြို့တွင်းဈေးကွက်၌သာ ပြန်လည်ရောင်းချရကြောင်း သိရပါတယ်။ အမှည့်အစိမ်းရောရာ ဗမာသံပုရာသီးစစ်စစ်အလုံး (၁၀၀)ကို ၁၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

အဝယ်လိုက်တဲ့ ခဝဲသီး

             ရာသီစာဖြစ်သော ခဝဲသီးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ ခဝဲသီးကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးပြီး ခဝဲသီးပေါ်ချိန် ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်၍ ဈေးကောင်းရရှိပြီး အဝယ်လည်းလိုက်နေပါသည်။ ယခု ဈေးကွက်ထဲတွင်ရောင်းချနေသော ထိုင်ဝမ်ခဝဲသီးများသည် ခဝဲသီး အတောင့်အချော/ အလတ်/ အသေးပေါ်မူတည်၍ ဈေးနှုန်းကွဲပြားခြားလျှက်ရှိပါသည်။ ခဝဲသီးအတောင့် အချောတစ်တောင့်လျှင် ကျပ် ၄၀၀ မှ ၃၀၀ကျပ်၊ ခဝဲသီးအလတ် တစ်တောင့်လျှင် ကျပ် ၂၅၀ မှ ၂၀၀ကျပ်၊ ခဝဲသီး အသေးတစ်တောင့်လျှင် ကျပ် ၁၅၀ မှ ၁၀၀ကျပ်ထိရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ၍ ဈေးကောင်းရပြီး အဝယ်လိုက်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဈေးကောင်းရနေတဲ့ နံနံပင် နှင့် ဒညင်းသီးဈေးကွက်

           ပြည်မြို့တွင် နံနံပင်ကို ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း မြို့များတွင် စိုက်ပျိုးကြပါသည်။ ရာသီအချိန်မရွေးစိုက်ပျိုးလို့ရပေမယ့် မိုးတွင်းပိုင်းတွင် ရှားပါးပါသည်။ နံနံစေ့ တစ်ပိဿာလျှင် ပိဿာချိန် ၄၀ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်မှ နံနံပင်များကို ရန်ကုန်သို့အများဆုံးတင်ပို့ရောင်းချလျက်ရှိပါသည်။ တင်ပို့သည့်အခါ ဂုန်နီအိတ်နှင့် ၄၀ပိဿာ၊ ပီနံအိတ်နှင့် ၂၅ပိဿာဖြင့် ထုတ်ပိုးတင်ပို့လျက်ရှိကြောင်း သိရပါသည်။ တစ်နှစ်လျှင် ပိဿာချိန် ၂၀၀၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပြည်ဈေးကွက်အနေဖြင့် နံနံပင်တစ်ပိဿာလျှင် ၄၀၀၀ကျပ် ဈေးဖြင့် ဈေးကောင်းရနေပါသည်။

          အလားတူ ဒညင်းသီးပေါ်သော ရာသီအချိန်ကာလဖြစ်၍ ဒညင်းသီးများကို စားသုံးသူများက ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြပါသည်။ ယခုဈေးကွက်ထဲတွင် ရောင်းချနေသော မော်လမြိုင် ဒညင်းသီးများ အလုံး အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါသည်။ ဒညင်းသီး အချောတစ်လုံးလျှင် ကျပ် ၂၀၀ မှ ၁၈၀ကျပ်၊ ဒညင်းသီးအလတ် တစ်လုံးလျှင် ကျပ် ၁၅၀ မှ ၁၀၀ ကျပ်၊ ဒညင်းသီး အသေးတစ်လုံးလျှင် ကျပ် ၇၀မှ ၅၀ကျပ်ထိရှိပြီး ပြည်စျေးကွက်တွင် ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း