မိတ္ထီလာခရိုင်တွင် ကြက်သွန်နီကို စျေးကောင်းရရှိရန် ချိန်ကိုက်စိုက်ပျိုးလာ
မိတ္ထီလာခရိုင်တွင် ကြက်သွန်နီစျေးကောင်းသဖြင့် စိုက်ပျိုးသည့် စရိတ်တတ်နိုင်သည့် တောင်သူများမှာ ဆောင်းကြက်သွန်နီကို အစောပိုင်းစိုက်ပျိုးလာကြပါသည်။ အစောပိုင်း စိုက်ပျိုးသောကြက်သွန်နီမှာ ယခု ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထွက်ရှိလာပါသည်။ ယခင်ပုံမှန်စိုက်ရာသီအနေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်သားကြက်သွန်နီမှာ မတ်လအတွင်း ရိတ်သိမ်းလေ့ရှိရာ ၎င်းကာလမှာ မိုးကြက်သွန်နီကုန်ချိန်ဖြစ်၍ ဆောင်းကြက်သွန်နီမထွက်ရှိသေးဘဲ အရည်အသွေးမှာလည်း ကောင်းမွန်ခြင်းကြောင့် စျေးကောင်းရရှိကြပါသည်။ မိတ္ထီလာခရိုင်အနေနှင့် ဆောင်းကြက်သွန်နီမှာ ဧပြီလတွင် ပုံမှန်ထွက်ရှိပြီးဖြစ်၍ ထွက်ရှိဒေသစုံမှ ကုန်ဝင်များခြင်းကြောင့် စျေးကွက်တွင် စျေးကောင်းမရဘဲ တောင်သူအကျိုးအမြတ်နည်းလေ့ရှိပါသည်။
ယခုအခါ တောင်သူများအနေနှင့် သတင်းအချက်အလက်နည်းပညာများရရှိလာရာ ကြက်သွန်နီစိုက်တောင်သူအချို့မှာ အပင်၊ ဥအားဆေးများ သုံး၍စိုက်ပျိုးလာကြပါသည်။ ယခင်က မိရိုးဖလာနည်းနှင့် စိုက်လျှင်တစ်ဧက (၃၅၀၀) ပိဿာဝန်းကျင်သာထွက်ရှိခဲ့သော်လည်း ယခုအခါ တစ်ဧက နှစ်ဆထိ တိုးမြှင့်ထွက်ရှိလာပါသည်။ ထိုသို့ အထွက်နှုန်းမြှင့်လာခြင်းမှာ ကြက်သွန်နီမှာ ယခင်ထက် သုံးလေးဆထိ ကြီးထွားလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)