ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့ရှိ “နေခြည်” အာလူးကြော်လုပ်ငန်းနှင့် “ကျော်ဇော” ပဲအမွကြော် လုပ်ငန်းသို့ သွားရောက်ပြီး နေ့စဉ်စားသုံးဆီ သုံးစွဲမှုနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းလေ့လာခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး မကွေးခရိုင်/ ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက် ညွှန်ကြားရေးမှူး)၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၉.၈.၂၀၂၂)ရက်နေ့တွင် မကွေးမြို့၊ မကျီးကန်ကျေးရွာ သင်ကြားရေးဆေးရုံလမ်းရှိ “နေခြည်” အာလူးကြော်လုပ်ငန်းနှင့် မကွေးမြို့၊ အောင်စေတနာ(စီ)လမ်းရှိ “ကျော်ဇော” ပဲအမွကြော် လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်းပြီး ထုတ်လုပ်မှု အခြေအနေ၊ နေ့စဉ်စားသုံးဆီသုံးစွဲမှု အခြေအနေများအား လေ့လာမေးမြန်းခဲ့ပြီး အမှတ်တံဆိပ်များတွင် ဌာနမှသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          “နေခြည်”အာလူးကြော်လုပ်ငန်းသည် နေ့စဉ် အာလူးအိတ်(၃၂)ပိဿာဝင်(၅၀)အိတ်(၁၆၀၀) ပိဿာခန့်ကို Auto အကြော်စက်များ အသုံးပြုထုတ်လုပ်နိုင်ကြောင်းနှင့် ထွက်ရှိလာသော အာလူး ကြော်များကို (၈၀)ဂရမ်ပါ တစ်ထုတ်လျှင် (၅၅၀)ကျပ်ဖြင့် မကွေးတိုင်းအတွင်းနှင့် မန္တလေးတိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချကြောင်း လုပ်သားဦးရေ(၅၀)ခန့်ရှိပြီး လုပ်ငန်းပြီးစီးမှုအပေါ် အာလူးတစ်အိတ်လှီးခ (၁၀၀၀)ကျပ်နှင့် အာလူးကြော်တစ်ဖာထုတ်ပိုးခ (၇၀၀)ကျပ် ပေးချေရ ကြောင်း နေ့စဉ်စားသုံးဆီ (၂၈)ပေပါ (၃၀၈၀)ပိဿာခန့် သုံးစွဲရကြောင်း သိရှိရပါသည်။

          “ကျော်ဇော” ပဲအမွကြော်လုပ်ငန်းတွင်လည်း နေ့စဉ်ပဲကြီး(၃၀)ပိဿာဝင် (၄၀)အိတ် (၁၂၀၀)ပိဿာခန့်ကို Auto အကြော်စက်(၂)လုံး၊ လက်ဖို(ဒယ်အိုး) (၄)လုံးဖြင့် ထုတ်လုပ်ပြီး ပဲကြီး (၁)ပိဿာ (၃၇၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း ထွက်ရှိလာသော ပဲအမွကြော်များကို (၂၅)ကျပ်သား တစ်ထုတ်လျှင်(၂၁၂၅)ကျပ်၊ (၅၀)ကျပ်သားတစ်ထုတ်လျှင် (၄၂၅၀)ကျပ်နှင့် (၁)ပိဿာတစ်ထုတ် လျှင် (၈၅၀၀)ကျပ်ဖြင့် ဒေသတွင်း လက်လီရောင်းချပြီး ရန်ကုန်မြို့သို့ (၃၀)ပိဿာဝင်အိတ်များဖြင့် တင်ပို့ရောင်းချရကြောင်း လုပ်သားဦး‌ရေ(၂၀)ခန့်ရှိပြီး တစ်နေ့လျှင် အမျိုးသား(၁)ဦး (၈၅၀၀)ကျပ် နှင့် အမျိုးသမီး(၁)ဦး (၄၅၀၀)ကျပ်ဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနေကြောင်း နေ့စဉ်စားသုံးဆီ (၁၄)ပေပါ (၁၅၄၀)ပိဿာခန့်သုံးစွဲနေရကြောင်း အခြားလိုအပ်သော ကုန်ကြမ်းပစ္စည်းများအား အလွယ်တကူ ဝယ်ယူရရှိနေသော်လည်း စားသုံးဆီဝယ်ယူရရှိရန် အခက်အခဲရှိကြောင်း သိရှိရပါသည်။

          မကွေးခရိုင်/ ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှမှ အဆိုပါလုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်‌ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်/တားမြစ်ချက်များနှင့် ပြစ်မှု/ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တနင်္သာရီတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးကွက်

           တနင်္သာရီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင် ဓါတ်မြေသြဇာစျေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း(Yuntianhua) မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ်၁၁၇၅ဝဝိ/-၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင် ၁၀၉ဝဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၅၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၈ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို) တစ်အိတ်လျှင် ၉၉၀၀၀/-၊ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၅၈၅၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင်ကျပ် ၃၆၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူး လျှင် ကျပ် ၁၆၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင်ကျပ် ၁၃၀၀/-ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

          သြဂုတ်လပထမအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ တည်ငြိမ်နေပြီးဆင်နီ(ထိုင်း)တစ်အိတ်လျှင် ကျပ်၁၂၂၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၉၄၀၀၊ apache တံဆိပ် ကျပ် ၉၄၀၀ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

နေပြည်တော်ကောင်စီဝင်းအတွင်း စားသုံးဆီများ အထူးဈေးနှုန်းဖြင့်ရောင်းချပေးနေမှုများ

         (၁၀-၈-၂၀၂၂) ရက်နေ့မှာတော့ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးတို့ဦးဆောင်မှုဖြင့် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ ဌာနများနှင့် ဝန်ထမ်းအိမ်ယာများကို စားသုံးဆီများ “ရာသက်ပန်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ”အား ရောင်းချပေးခဲ့ပါတယ်။

          ထိုရောင်းချမှုတွင် စားသုံးဆီတစ်ပိဿာလျှင် (၃၉၀၀)ကျပ်နှုန်းဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်လည်းကောင်း၊ ဝန်ထမ်းအိမ်ရာသို့သွားရောက်၍လည်း တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက်ဈေးကားဖြင့် သွားရောက်ရောင်းချပေးခဲ့ကြောင်းနှင့် နံနက်ပိုင်းတွင် ဆီပိဿာချိန် (၁၁၃၆)ပိဿာ ရောင်းချပေးခဲ့ပြီး နေ့ခင်းပိုင်း၌ ဆီပိဿာချိန် (၉၆၀)အား ဆက်လက်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

           ထိုသို့ရောင်းချပေးမှုများကြောင့် ဝန်ထမ်းများအတွက် အဆင်ပြေမှုများစွာရှိပြီး မှန်ကန်သည့် ဈေးနှုန်းဖြင့်ဝယ်ယူရရှိခြင်းနှင့်  ဝန်ထမ်းအိမ်ရာနေသူများ လက်ဝယ်အရောက်ဈေးကားဖြင့် လာရောက်ရောင်းချပေးမှုကြောင့် အထူးကျေးဇူးတင်ရှိ‌ကြောင်း ဌာနဆိုင်ရာဝန်ထမ်းများမှ ပြောကြားခဲ့ပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

“ နယ်စပ်လမ်းကြောင်းများမှ အဝယ်ရှိသဖြင့် ကြက်သွန်နီစျေးမြင့်လာ’’

         နယ်စပ်ဝယ်လက်များကပါ အဝယ်လိုက်လာခြင်းကြောင့် ကြက်သွန်နီစျေးမြင့်လာကြောင်း သိရသည်။ မိတ္ထီလာစျေးကွက်အနေနှင့် ရန်ကုန်၊ပဲခူးနှင့် မော်လမြိုင်သို့ ပုံမှန်တင်ပို့နေရာ သြဂုတ်လ ဒုတိယပတ်အတွင်း ရန်ကုန်သို့ တစ်ပတ်အတွင်း (၁၂) ဘီးကား (၂) စီး၊ ပဲခူးသို့ တစ်ရက်လျှင် (၆) ဘီး ကား (၂)စီးနှင့် မော်လမြိုင်သို့ တစ်ပတ်အတွင်း (၁၂) ဘီးကား(၃)စီး တင်ပို့ခဲ့ပြီး၊ မလှိုင်မှ မော်လမြိုင်သို့ (၁၂)ဘီးကား (၃) စီးတင်ပို့ခဲ့ကြောင်းသိရသည်။ နယ်စပ်လမ်းကြောင်းများဖြစ်သည့် စစ်တွေ (ဘင်္ဂလားဒေရှ့်)၊ မြဝတီ၊ မူဆယ်တို့မှ အဝယ်ရှိလာပြီး တင်ပို့မှုမရှိသေးကြောင်းနှင့် အဝယ်ရှိလာသဖြင့် စျေးနှုန်းမှာ မြင့်တက်လာရာ တစ်ပိဿာလျှင် (၁၇၀၀-၁၈၀၀) ရှိကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာမြို့အတွင်း စားအုန်းဆီများကို စျေးကားဖြင့် လှည့်လည်ရောင်းချနေ”

            စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်လျှက်ရှိရာ ဒေသအလိုက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့်အစီအစဉ်ကိုလည်းထည့်သွင်းဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့ နယ်အတွင်း(၂၉-၇-၂၀၂၂)ရက်နေ့မှစ၍ တစ်ရက်ခြားစီ (၈-၈-၂၀၂၂)ထိ ယာဉ်(၄)စီးဖြင့် စျေးအရှေ့ပြင် ဘူတာလမ်း၌လည်းကောင်း၊ ရတနာမာန်အောင် ဘုရားအနီး၌လည်းကောင်း၊ ကြည်တော်ကုန်းကွေ့၌ လည်းကောင်း၊ အောင်စံပယ််ကုန်း GTC ကျောင်းအနီး၌လည်းကောင်း တစ်ပိဿာလျှင် (၄၂၀၀) နှုန်းဖြင့် ပီပါ (၁၄၄) ပီပါ ရောင်းချရာ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာနမှ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“သြဂုတ်လကုန်ပိုင်းတွင် မိုးကြိုဝါများ စတင်ကောက်သိမ်းမည်”

           မိတ္ထီလာခရိုင်အတွင်း မိုးကြိုဝါကို ဧပြီလသင်္ကြန်ပြီးနောက် စိုက်ပျိုးခဲ့ရာ သြဂုတ်လကုန်ပိုင်းတွင် စတင်ကောက်သိမ်းနိုင်မည်ဟု သိရသည်။ မိုးကြိုဝါကို မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်အားလုံးတွင် စိုက်ပျိုးရာ သာစည်မြို့နယ်တွင် ဧက (၂၃၀၀) ကျော်ဖြင့် အများဆုံး စိုက် ပျိုးကြောင်း သိရသည်။ ခရိုင်အတွင်း ဧက (၃၈၀၀) ခန့် စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း (၂၅၀) ပိဿာကျော် ထွက်ရှိမည်ဟု သိရသည်။ ဝါသီးနှံမှာ ဒေသအတွင်း သုံးစွဲမှုများသည့်အပြင် ပြည်ပဝယ်လိုအားကောင်းသောကြောင့် စျေးကောင်းရရှိလျှက်ရှိရာ ဝါစျေးမှာ အညံ့စတစ်ပိဿာလျှင် လက်ရှိပေါက်စျေး  (၂၂၅၀-၂၃၀၀) ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိတညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၅)ရက်နေ့မှ ဩဂုတ်လ (၁၁)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၆၀၀ မှ ၁၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၆၀၀ မှ ၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၄၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၃၀၀၀ မှ ၃၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၈၀၀ မှ ၃၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၈၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ် အတွင်း သံပုရာသီးအလုံးပေါင်း (၁၄၄၃၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၀၆၄၅)ကျော်၊ ဗူးသီးအလုံး ပေါင်း (၁၀၆၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၇၆၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၀၇၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၃၂၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၄၀၁၅)ကျော်၊ ဖရဲသီးလုံး ပေါင်း (၂၁၆၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချ

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်‌ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”တို့နှင့် ပူးပေါင်း၍ 8.8. 2022 မှ 9.8.2022 ရက်နေ့တို့တွင် အရှေ့ပိုင်း ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများလက်ဝယ်အရောက် ဈေးနှုနးသက်သာစွာဖြင့် ရာသက်ပန် ကုန်အမှတ်တံဆိပ်ဆီဘူးများ ရောင်းချပေးလျက်ရှိပါသည်။

          ထိုသို့ရောင်းချရာတွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ စက်ဆန်းရပ်ကွက်၊ ကူးတို့ဆိပ်ရပ်ကွက်တို့တွင် စားသုံးသူများ လက်ဝယ်အရောက်ကားဖြင့် လိုက်လံရောင်းချပေးလျက်ရှိပြီး စားသုံးဆီ ၅၀ ကျပ်သား တစ်ဘူးလျှင် 2100 ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၁၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဩဂုတ် ၁၄ 

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၄၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

       ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။                                                                                

ရန်ကုန်မြို့ပြနှင့် ကောက်ရိုးမှိုဈေးကွက်

            “ကောက်ရိုးမှို”ဆိုတာနဲ့ ကန်စွန်းရွက်စိမ်းစိမ်းလေးတွေကြားမှာ ဖြူဖြူမှိုလေးတွေနဲ့ ရောကြော်ထားတဲ့မှိုကန်စွန်းဟင်းလျာတစ်ပွဲကို ပြေးမြင်မိကြမှာအမှန်ပါဘဲ။ စားရေးသူတို့ မြန်မာလူမျိုးအများစုဟာ မှိုကိုကန်စွန်းရွက်နဲ့ရောကြော်ပြီး မှိုကန်စွန်းလုပ်စားကြတာများကြပါတယ်။ ခုနောက်ပိုင်း ခေတ်အခြေအနေအရ ဟော့ပေါ့ထဲမှာ မှိုကိုထည့်သွင်းစားသောက်လာကြတော့ ဟော့ပေါ့ဆိုင်တွေဖွင့်တာများလာလေ မှိုကိုစားသုံးမှု သိသိသာသာမြင့်တက်လာတာကိုလည်း သတိထားမိပါတယ်။  မြန်မာလူမျိုးများသည် ရှေးယခင်ကတည်းကမှိုနှင့်ရင်းနှီးပြီးသား ဖြစ်သည်ကို စကားပုံအသုံးအနှုန်းလေးတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ မြန်မာစကားမှာ တစ်ခုခုအဆင်ပြေလို့ ပြုံးရွှင်မြူးတူးနေတဲ့မျက်နှာတွေ့ရင် “မှိုရတဲ့မျက်နှာကြီးနဲ့”လို့ ပြောလေ့ရှိကြပါတယ်။ ရှေး‌ခေတ်က မှိုကိုစိုက်ပျိုးလေ့မရှိတာကြောင့် တောတောင်တွေထဲမှာ ဟိုတစ်စုဒီတစ်စုပေါက်နေတာမျိုး ခူးဆွတ်ကြရပြီး အလွန်ရှားပါးပြီး မှိုရဖို့တော်တော်ခက်တာမို့ မှိုရတာနဲ့ အဲ့ဒီလောက်တောင်ပျော်ကြတယ်လို့ စာပေတွေထဲမှာ ဖတ်သားဖူးခဲ့ပါတယ်။ မှိုတွေမှာ အဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ မှိုတွေဟာဘက်တီးရီးယားကို တန်ပြန်တိုက်ခိုက် နိုင်တဲ့ အစွမ်း လည်း ရှိသလို ကိုယ်တွင်းကိုလက်စရောကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ် ကိုလည်း မြင့်တက်စေပါတယ်။ လေ့လာမှုအသစ်အရဆိုရင် အာရုံကြော ရာဂါတွေဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန်ရောဂါတွေကို ကာကွယ်ရာမှာတောင်အသုံးပြုတယ်လို့ဆိုကြပါတယ်။ မှိုကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ မှိုတွေမှာတိုက်ရိုက်ဝိတ်ကျစေတဲ့အစွမ်းတော့မရှိပေမဲ့ ကိုယ်စားနေကျအသားဟင်းတွေနေရာမှာ မှိုကိုအစားထိုးပြီး ဝိတ်မတက်အောင်လုပ်လို့ရပါသေးတယ်။ မှိုကို စားရ ကောင်းမှန်းရှေးဦးစွာသိရှိသူများကတော့ ရောမလူမျိုးနှင့်တရုတ်လူမျိုးများ ဖြစ်ကြပါတယ်။ ရောမနှင့်ဂရိမှာတော့ မှိုကို ဘုရားသခင်ကပေးသောအစားအသောက်အဖြစ် အထွဋ်အမြတ်ထား၍ မင်းမျိုးမင်းနွယ်ဝင်များသာ စားသောက်ခွင့်ရရှိခဲ့ကြပါတယ်။

             မှိုသည် ရာသီကူးပြောင်းကာလများတွင် ဖြိုင်ဖြိုင်ပေါက်လေ့ရှိပြီး ယခင်နှစ်က ပေါက်ခဲ့သောနေရာတွင် ထပ်မံပေါက်လေ့ရှိသောကြောင့် တစ်ကြိမ်တစ်ခါရှာတွေ့ထားသောမှိုကျင်းမှာ နှစ်စဉ်မှိုခူးနေရမည်သာ ဖြစ်ပါသည်။ ယခင်က မှိုကိုစိုက်ပျိုးလေ့မရှိဘဲ ရှာတွေ့ထားသောမှိုကျင်းကိုသာ မပျက်စီးစေရန် ပြုပြင်ဖန်တီး၍ စားသုံးနေကြရာမှ (၁၈)ရာစုအလယ်ပိုင်းတွင်ပြင်သစ်၌ မှိုကိုစတင် စမ်းသပ်မွေးမြူစိုက်ပျိုးခဲ့ရာမှ (၁၉)ရာစုတွင် မှိုစိုက်ပျိုးခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ပျံ့နှံ့သွားခဲ့ပါတယ်။ တိုးတက်ခေတ်မီသော နည်းစနစ်များကြောင့် ဥရောပ၊ အမေရိက ၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုးရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့တွင် မှိုကို‌ခေါတ်မီသောနည်းစနစ်များ အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်သောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါ တယ်။

            မြန်မာလူမျိုးတွေဟာ မှိုကို မှိုပေါက်တဲ့နေရာ၊ မှိုပေါ်ကတဲ့လက်ခံပစ္စည်း၊ မှိုရဲ့ပုံသဏ္ဍန်၊ မှိုရဲ့အရောင်အဆင်းတို့ကိုကြည့်ပြီး းနာမည်ပေးလေ့ရှိကြပါတယ်။ (ဥပမာ-ကောက်ရိုးမှို၊ ပဲမှို၊ သရက်မှို၊ မှိုခြေတံရှည်၊ သင်္ဃန်းမှို၊ ကြက်တူရွေးမှို၊ မှိုစုန်း)အဆိပ်ရှိသောမှိုများကို နာမည်ပေးထားလေ့မရှိတာလည်း တွေ့ရပြန်ပါတယ်။ မှိုကို သဘာဝအလျောက်ခူးဆွတ်စားသောက်နေရာမှ အသိအမြင်ကြွယ်ဝလာတဲ့အခါ မိမိတို့ခြံဝင်းအတွင်း စိုက်ပျိုးစားသောက်တက်လာကြပါတယ်။ မြန်မာလူမျိုးတွေခြံဝန်းတွေမှာ စတင်စိုက်ပျိုးခဲ့တာကတော့ ကောက်ရိုးမှိုပါ။ ကောက်ရိုးမှိုကို မိုးဦးကျတွင်ရွာအပြင်ထွက်၍ သွားရောက်ရှာဖွေစားသောက်ရာမှ မိမိခြံဝန်းအတွင်း ကောက်ရိုးများကိုသယ်ယူလာကြကာ ဆန်ကွဲ၊ဆန်ဆေးရည်ပက်ဖျန်း၍ မှိုစိုက်တက်လာကြပါတယ်။ နည်းစနစ်ကျတဲ့ကောက်ရိုးမှိုစိုက်ပျိုးနည်းကိုတော့ ထိုင်းနိုင်ငံမှရှိပညာရှင်များမှ လက်ဆင့်ကမ်း ရရှိ၍ စနစ်တကျစိုက်ပျိုးခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံတေးတို့တွင် ကောက်ရိုးမှိုများကို အများဆုံးစိုက်ပျိုးကြပါတယ်။

            ကောက်ရိုးမှိုသည် လယ်ယာထွက်ဘေးထွက်ပစ္စည်းဖြစ်သည့် ရိုးပြတ်များကိုအသုံးပြုကာ မြေဘောင်စနစ်၊ စင်တင်စနစ်များဖြင့် စိုက်ပျိုးကြရပါတယ်။  ကောက်ရိုးမှိုသည်အပူချိန်များ၍ စိုထိုင်းဆများရန်လိုအပ်သဖြင့် ပလတ်စတစ်ဖြင့်ဖုံးကာ၍ စိုက်ပျိုးကြရပါတယ်။ ကောက်ရိုးမှိုအား စိုက်ပျိုးပါက စတင်စိုက်ပျိုးပြီး (၅)ရက်မှ (၈)ရက်အတွင်း ပြောင်းဖူးစေ့အရွယ်မှိုပွင့်များ စတင်ဖွင့်ဖူးပွင့်လာကာ (၉)ရက်မှ  (၁၅)ရက်အတွင်း ခူးဆွတ်နိုင်သဖြင့် ဝင်ငွေအမြန်ဆုံးရရှိတဲ့ စိုက်ပျိုးသီးနှံလည်း ဖြစ်ပါတယ်။ ကောက်ရိုးမှိုသည် အစိုဓါတ်ကျန်ရှိနေသော ကောက်ရိုးများနှင့်စိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်မှုမရှိပါ။  နွေစပါး (သို့မဟုတ်) မတ်ပဲ၊ ပဲတီစိမ်းစသည့် သီးထပ်စိုက်ပျိုးသောဒေသရှိ ရိုးပြတ်များမှာ အစိုဓါတ်ကျန်ရှိနေတတ်ပါသည်။ ကောက်ရိုးမှိုအများဆုံးစိုက်ပျိုးသည့် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံ့တေးဒေသများသည် မိုးစပါးတစ်သီးသာ စိုက်ပျိုးနိုင်သောဒေသများဖြစ်သောကြောင့် မိုးစပါးရိတ်သိမ်းပြီးမှရရှိသော ရိုးပြတ်များအသုံးပြု၍ စိုက်ပျိုးကြခြင်းကြောင့် ကောက်ရိုးမှိုဖြစ်ထွန်းကြခြင်း ဖြစ်ပါတယ်။ ကောက်ရိုးမှိုစိုက်ပျိုးရန်အတွက် အဓိကကုန်ကြမ်းမှာ ကောက်ရိုးဖြစ်သည့်အတွက် စပါးရိတ်သိမ်းပြီးချိန် ဆောင်းနှင့် နွေတို့တွင် စိုက်ပျိုးကြသော်လည်း မိုးရာသီတွင် ဗေဒါရိုးများအသုံးပြု၍ စိုက်ပျိုးကြသည်ကိုလည်း တွေ့ရပါသည်။ ကောက်ရိုးကိုအသုံးပြု၍ ထွက်ရှိလာသောမှိုနှင့်ဗေဒါကို အသုံးပြု၍ ထွက်ရှိလာသောမှိုများမှာ ကျစ်လစ်သိပ်သည်းမှုနှင့် အရသာအနည်းငယ် ကွာပါတယ်။

             ကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးတွင် စီးပွားဖြစ်စိုက်ပျိုးလာကြသည့်အတွက် ကော့မှူးမြို့ပေါ်တွင် မှိုဒိုင်ကြီး (၈) ခုရှိပြီး မှိုဒိုင်မှ မှိုမျိုးထုတ်များယူ၍ စိုက်ပျိုးသည့်မှိုစိုက် တောင်သူ (၂၆၂)ဦး ခန့်ရှိနေပြီ ဖြစ်ပါတယ်။  ဒလ၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲဘက်များမှ မှိုမျိုးစေ့ဝယ်ယူစိုက်ပျိုးသည့်တောင်သူ (၄၅၉)ဦးခန့် ရှိနေပြီဖြစ်ပါတယ်။ ကောက်ရိုးမှိုကို စားသုံးမှုများလာကြသည့်အတွက် စားသောက်ဆိုင်အသေးများမှ ဟိုတယ်ကြီးများထိ ဈေးအသင့်သင့်မှ ဈေးကြီးပေး၍စားသုံးကြသည့် ဈေးကွက်ရရှိနေခြင်းကြောင့် ရန်ကုန်မြို့ပြဈေးကွက်နှင့် လက်လှမ်းမီသည့် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံ့တေးဒေသအတွင်းရှိ ဒေသခံတောင်သူများက အများဆုံးစိုက်ပျိုးကြခြင်းဖြစ်ပါတယ်။ စိုက်ပျိုးတောင်သူများစိုက်ပျိုး၍ ထွက်ရှိလာသောမှိုများကို မှိုဒိုင်များမှဝယ်ယူ၍ သရီမင်္ဂလာဈေး၊ ဓညင်းကုန်းဈေးနှင့် ထောက်ကြန့်ဈေးများသို့ နေ့စဉ်ကုန်ချိန်ပိဿာ (၁၀၀၀) မှ (၂၀၀၀)နီးပါးအထိ တင်ပို့ကြပြီး ၎င်းဈေးများမှတစ်ဆင့် ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ ဈေးကွက်များသို့ ဆက်လက်ဖြန့်ဖြူးရောင်းချနေကြပါတယ်။ ဒေသရှိမှိုဒိုင်များမှ ဒိုင်ကောက်ဈေးမှာ ကောက်ရိုးမှို (၁)ပိဿာ လျှင်(၅၀၀၀)ကိပ်ဖြစ်ပြီး ဒိုင်မှ ဈေးကြီးများတွင် (၁)ပိဿာလျှင်(၆၀၀၀)ဖြင့် ပြန်ရောင်းချလျက်ရှိပါတယ်။ အဆိုပါဒေသများရှိ မှိုစိုက်ပျိုးသူတွေဟာ ကောက်ရိုးမှိုကို မြေပြင်တွင် စိုက်ဘောင်များဖြင့် (Outdoor System) ဖြင့် စိုက်ပျိုးခြင်း၊ တဲအိမ်များဖြင့် (Indoor System) စိုက်ပျိုးခြင်းတို့အပြင် စက်ရုံပုံစံ (Industrial Type) ဖြင့် စိုက်ပျိုးနိုင်အောင်လည်း စတင်စမ်းသပ်၍ စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ ကောက်ရိုးမှိုသည် သာမာန်အပူချိန်တွင် (၂၄)ရီသာ အထားခံသည့်အတွက် အအေးခန်းသိုလှောင်ရုံများဖြင့် သိမ်းဆည်း၍ Supermarket များ အထိရောင်းချနိုင်စေရန်အတွက် ဈေးကွက်ဖော်ဆောင်ရန်၊ ကောက်ရိုးမှိုအား Valued Added လုပ်ကာ မှိုဆီကြော်၊ မှိုခြောက်အပြင် မှိုကို ကြာရှည်ခံစွာထားရှိနိုင်အောင် စည်သွပ်ဘူး ပြုလုပ်နိုင်သည်အထိ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ အစည်းများ ၊ နည်းပညာရှင်များနှင့် ဒေသခံများ တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

DOCA(ရန်ကုန်)                      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း