ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းမှတ်တမ်းများမှ အာလူးဈေးကွက်အပေါ် ခန့်မှန်းသုံးသပ်ခြင်း

           မြန်မာနိုင်ငံတွင် အာလူးသီးနှံအား ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ဆင်ဖြူကျွန်းတို့တွင် အမြောက်အများစိုက်ပျိုး ထုတ်လုပ်ကြပါသည်။ အာလူး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဈေးနှုန်းဈေးကွက်အခြေအနေအား ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း မှတ်တမ်းများအရ လေ့လာသုံးသပ်ရသော် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဈေးကွက်တည်ငြိမ်ခြင်းရှိနိုင်ကြောင်း တွေ့ရှိရပါသည်။ အာလူးသည် မည်သည့်ဘဏ္ဍာနှစ်တွင်မဆို မေလနှင့် ဇွန်လတို့တွင် ဈေးနှုန်းကျဆင်း ဖြစ်ပေါ်တတ်ပြီး ယခုနှစ်တွင် တောင်သူတွက်ခြေကိုက်ဈေးနှုန်းဖြစ်သော တစ်ပိဿာလျှင် ၁၂၀၀ကျပ် ဈေးအောက်ရောက်ရှိခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ ဈေးကွက်လိုအပ်ချက်ထက်သာလွန်အောင် မထုတ်လုပ်နိုင်ခြင်း၊ ထုတ်လုပ်နိုင်မှု အရေအတွက်သည် ဈေးကွက်လိုအပ်ချက်နှင့်ညီမျှနေခြင်းတို့ကြောင့် ထုတ်ကုန်နှင့်ဈေးကွက် မျှခြေညီပြီးဈေးနှုန်း တည်ငြိမ်ကြောင်းတွေ့ရှိရပါသည်။

နှစ်အလိုက်အာလူးဈေးနှုန်းများ

 

၂၀၁၉

၂၀၂၀

၂၀၂၁

၂၀၂၂

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

ဇန်

၄၀၀

၁၀၅၀

၃၀၀

၈၇၀

၂၅၀

၆၅၀

၉၀၀

၂၈၀၀

ဖေ

၄၈၀

၁၁၀၀

၂၅၀

၉၀၀

၂၅၀

၈၀၀

၉၀၀

၁၉၀၀

မတ်

၄၀၀

၁၁၅၀

၂၀၀

၈၀၀

၂၅၀

၈၅၀

၈၀၀

၂၀၀၀

ဧပြီ

၂၀၀

၆၈၀

၂၀၀

၇၅၀

၂၀၀

၆၀၀

၈၀၀

၂၀၀၀

မေ

၁၅၀

၆၀၀

၁၀၀

၆၅၀

၂၀၀

၆၅၀

၇၀၀

၁၇၀၀

ဇွန်

၁၀၀

၈၃၀

၂၀၀

၆၀၀

၁၅၀

၆၀၀

၉၀၀

၁၇၀၀

ဇူလိုင်

၁၅၀

၁၁၅၀

၂၀၀

၈၀၀

၁၅၀

၆၈၀

 

 

ဩဂုတ်

၁၅၀

၈၅၀

၂၀၀

၈၅၀

၃၀၀

၁၀၀၀

 

 

စက်

၂၀၀

၉၀၀

၂၅၀

၉၀၀

၃၅၀

၁၁၅၀

 

 

အောက်

၂၀၀

၁၀၀၀

၅၅၀

၉၅၀

၆၀၀

၁၄၀၀

 

 

နို

၂၅၀

၁၁၅၀

၅၀၀

၈၅၀

၇၅၀

၁၉၀၀

 

 

ဒီ

၂၀၀

၉၀၀

၁၀၀

၆၅၀

၉၀၀

၂၈၀၀

 

 

 

          စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ မျိုးဈေး၊ သွင်းအားစု၊ လုပ်အားခနှင့် အခြားကုန်စည်တန်ဖိုးများ မြင့်တက်လာမှုအရ အာလူးစိုက်ပျိုးထုတ်လုပ်မှု တစ်ဧကကုန်ကျစရတ် ကျပ် သိန်း (၅၀)ခန့်ရှိကြောင်း တွေ့ရှိရပြီး စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်းလာပါသည်။ စိုက်ပျိုးမှု လျော့ကျသည်အတွက် ကုန်ထွက်ရှိမှု လျော့နည်းသဖြင့် ကုန်ထွက်ဖောင်းပွမှု လျော့နည်းလာမည်ဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်မည့်အခြေအနေ တွေ့ရှိရပါသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အာလူးစိုက်ပျိုးထုတ်လုပ်မှုမှ စားသုံးသူ၊ တောင်သူ၊ ကုန်သည် ညီမျှစွာ တွက်ခြေကိုက်နိုင်သည့် ဈေးနှုန်းအတိုင်းသာ တည်ငြိမ်နိုင်ကြောင်း၊ ဈေးနှုန်းတည်ငြိမ်ပြီး ဈေးကွက်ခိုင်မာသော သီးနှံဖြစ်ကြောင်း နှစ်စဉ်လအလိုက် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းမှတ်တမ်းများအပေါ် အခြေခံ၍ သုံးသပ်ရပါသည်။

DOCA(ရှမ်း)

သနပ်ပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်၏ စပါး၊ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေ

          ယခုတစ်ပတ် ဇွန်လ ဒုတိယပတ် သနပ်ပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် နွေစပါးပေါင်(၅၀)တင်း ၁၀၀ လျှင် ၉၃၀၀၀၀ ကျပ်၊ မိုးစပါးပေါင် (၅၀) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ကျပ်ဖြစ်ပြီး၊ ဆန်(၁၀၈) ပေါင်တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ ဆန်ကွဲ (၁၀၈) ပေါင်တစ်အိတ်လျှင် ၃၀၀၀၀ ကျပ် ၊ ဖွဲနုပေါင် (၆၀) တစ်အိတ်လျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် သနပ်ပင်မှရန်ကုန်သို့ နေ့စဉ်တင်ပို့မှုရှိနေကြောင်း သိရှိရပါသည်။

          ထို့အတူ ဒိုက်ဦးမြို့နယ်တွင် မိုးစပါး (ဆင်းသုခ) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ကျပ်၊ ပေါင် (၅၀) ပါ ဆန်တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ နွေစပါး (ဆင်းသုခ) တင်း ၁၀၀ လျှင် ၉၃၀၀၀၀ ကျပ်၊ ပေါင် (၅၀) ပါ ဆန်တစ်အိတ်လျှင် ၃၂၀၀၀ကျပ်၊ ဆန်ကွဲကြီး ၁ အိတ်လျှင် ၃၀၀၀၀ ကျပ်၊ ဆန်ကွဲသေး ၁ အိတ်လျှင် ၂၉၀၀၀ ကျပ်၊ ဖွဲနု ၁ အိတ်လျှင် ၁၄၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                            

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း

နေပြည်တော် ဇွန် ၁၉
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက် လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်း တည်ငြိမ်နေသဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် 5၈၁၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ထားသည်။
ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www. doca. gov. mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်

ဇီးကုန်းဓာတ်မြေဩဇာဈေးကွက်

          ပဲခူးတိုင်းဒေသကြီး(အနောက်) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်အချို့အား ဇွန်လပထမပတ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်သူများသုံးစွဲမှုအများဆုံး၊ ရောင်းအားအကောင်းဆုံး ဓာတ်မြေဩဇာနှင့် ပေါင်းသတ်ဆေးများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

       ဇီးကုန်းမြို့နယ်အတွင်း တရားဝင်မှတ်ပုံတင်ရောင်းချနေသော စိုက်ပျိုးရေးဆေးနှင့်ဓာတ်မြေဩဇာအရောင်းဆိုင် (၁၈) ဆိုင်ရှိပြီး (၂၀၂၁-၂၀၂၂) ခုနှစ်၊ မိုးရာသီလယ်စိုက်ပျိုးတောင်သူများ ဓာတ်မြေဩဇာ သုံးစွဲမှုအခြေအနေနှင့် လယ်ယာသုံးစိုက်ပျိုးရေးဆေးပစ္စည်းအများစု၏ ဈေးနှုန်း  ဈေးကွက်များအား ဖြိုးဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးမျိုးစုံ (၂) အရောင်းဆိုင်ပိုင်ရှင် ဦးအောင်မင်းဆွေအား မေးမြန်းခဲ့ရာ (၂၀၂၁-၂၀၂၂) ခုနှစ်၊ မိုးစပါးစိုက်ပျိုးချိန် တောင်သူအများစုသုံးစွဲနေသော ဓာတ်မြေဩဇာမှာ မြင်းပျံ၊ ကောမတ် (N 46%) ပုလဲဖြစ်ပြီး  ဈေးနှုန်းများမှာ မြင်းပျံ ၉၅၀၀၀ ကျပ်၊ ကောမတ် ၉၄၀၀၀ ကျပ် ဖြစ်၍ အာမို ၁၅ ပတ်လည်တစ်အိတ်လျှင် ၉၉၉၀၀ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နွေစပါးစိုက်ပျိုးချိန်တွင်  ဓာတ်မြေသြဇာဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် (၇၅၀၀၀ မှ၈၀၀၀၀ကျပ်) ဖြစ်ပြီး ယခုကာလတွင် ဈေးတက်လာသော အနေအထားဖြစ်ပါကြောင်း သိရှိရပါသည်။ ယခင်နှစ်များတွင် တောင်သူများအား သီးနှံပေါ်ပေးအကြွေးစနစ်ဖြင့် ရောင်းနိုင်သော်လည်း ယခုနှစ်တွင် အရင်းအနှီးများသဖြင့် မရောင်းချနိုင်ပဲ လက်ငင်းငွေချေစနစ်ဖြင့်သာ ရောင်းချနေကြရပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“မိတ္ထီလာခရိုင်တွင်း  ကြက်သွန်နီ ဝယ်ရင်းစျေး မြင့်လာခြင်းကြောင့် နယ်ဝေးတင်ပို့မှုလျော့လာ”

               မိတ္ထီလာဈေးကွက်အနေနှင့် ရန်ကုန်၊ မော်လမြိုင်၊ မြဝတီမြို့များသို့ ကြက်သွန်နီတင်ပို့လေ့ရှိရာ ယခုရက်ပိုင်းဝယ်ရင်းစျေးမြင့်လာပြီး ရောင်းစျေးနိမ့်နေခြင်း၊ ကုန်တင်ခနှုန်းထား အနည်းငယ်မြင့်လာခြင်းတို့ကြောင့် နယ်ဝေးတင်ပို့မှုနည်းလာပါသည်။ ယခုရက်ပိုင်း ရန်ကုန်သို့ (၁၂)ဘီးကား (၁/၂)ရက်ခြားတစ်စီးနှင့် နီးစပ်ရာဒေသများသို့ လက်လီတင်ပို့မှုအနည်းငယ်သာရှိပါသည်။ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသောကြက်သွန်စျေးမှာ ယခင်တစ်ပတ်စျေးထက် (၁၅၀/၂၀၀) ဝန်းကျင်စျေးပိုလာရာ လက်က္ကားစျေးတစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀) စျေးရှိပြီး ကုန်တင်ခမှာလည်း တစ်ပိဿာ (၉၅) စျေးရှိကြောင်း စျေးကွက်မှသိရသည်။

DOCA(မန္တလေး)

“ဝမ်းတွင်းမြို့နယ်ရှိဆန်စက်များ နွေစပါးပေါ်လျှင် ကြိတ်ခွဲမှုလှိုင်မည်”

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ၌ လာမည့်နွေစပါးပေါ်ချိန် ဇွန်လကုန် ဇူလိုင်လများတွင် ကြိတ်ခွဲမှု့လှိုင်လာမည်ဟု သိရပါသည်။

          ဝမ်းတွင်းမြို့နယ်၌ မိုးစပါးစိုက်ဧကအနေနှင့်နှစ်စဉ်ဧက (၅၀၀၀၀) ကျော် စိုက်ပျိုးပြီးဆန်စက်များအနေနှင့် ဒေသတွင်ထွက်ရှိသော စပါးများအပြင် တိုင်းဒေသကြီးအတွင်းရှိ မြစ်သားမြို့နယ်၊ နွားထိုးကြီးမြို့နယ်တို့မှလည်း ဝယ်ယူကြိတ်ခွဲရပါသည်။ စပါးတင်း (၁၀၀) ကြိတ်ခွဲပါက ဆန်တစ် တင်းခွဲအိတ် (၃၀) ဆန်ကွဲ(၆) တင်းနှင့် ဖွဲ (၁၀) တင်းထွက်ရှိပါသည်။ အငှားကြိတ်ခွဲပါက စပါးတင်း (၁၀၀)လျှင် ဆန်တစ်တင်းခွဲ (၁) အိတ် (၇၀၀)နှုန်းဖြင့် ဆန်အိတ် (၃၀) အတွက် (၂၁၀၀၀) ကို ဆန်စက်များက ကြိတ်ခွဲခအဖြစ်ရယူပြီး ဆန်ကွဲနှင့်ဖွဲတို့ လာရောက်ကြိတ်ခွဲသူကို ပြန်လည်ပေးအပ်ရပါသည်။ လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်းများမှာ စပါးတစ်တင်းလျှင် ဧရာပဒေသာမှာ (၁၂၀၀၀) ကျပ်၊ မနောသုခမှာ (၉၅၀၀)ကျပ် ဆန်တစ်အိတ်လျှင် ဧရာပဒေသာမှာ (၄၄၀၀၀) ကျပ်၊ မနောသုခ (၃၃၀၀၀) ကျပ်နှင့် ဆန်ကွဲတစ်အိတ်လျှင် (၂၂၀၀၀)ကျပ်၊ ဖွဲနု (၁၈) ပိဿာ(၁)အိတ်လျှင် (၁၀၀၀၀)ကျပ် စျေးရှိကြောင်းသိရှိရပါသည်။

          ဆန်စက်များအနေနှင့် မိုးစပါးလက်ကျန်နည်းလာခြင်းကြောင့် ယခုအခါကြိတ်ခွဲမှုနည်းလာပြီး ၊ လာမည့်နွေးစပါးပေါ်ချိန် ဇွန်လကုန် ဇူလိုင်လများတွင် ကြိတ်ခွဲမှုလှိုင်လာမည်ဟု သိရှိရပါသည်။

DOCA(မန္တလေး)

 

 

မိုးရာသီရောက် တောင်သူလယ်သမားများ မရှိမဖြစ်လိုအပ်သည့် ဝါးခမောက်

               မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် ဇွန်၊ ဇူလိုင်လများတွင် မိုးစပါး စတင်စိုက်ပျိုးချိန်ဖြစ်၍ မိုးစပါးစိုက်တောင်သူများအနေဖြင့် မိုးကာနှင့် ဝါးခမောက်သည် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းဖြစ်ပါသည်။

              ဝါးခမောက်ကို ရှေးမြန်မာမင်းများလက်ထက်မှစ၍ ကျေးလက်/မြို့နေ လူတန်းစားမရွေး သုံးစွဲခဲ့ကြပြီး ယခုအခါတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာမှုကြောင့် ဝါးခမောက်အစား Ready made ထီးနှင့် မိုးကာများကိုသာ သုံးစွဲလာကြသည်ကို တွေ့ရှိရပါသည်။

             ပြည်တွင်းထုတ်ကုန် ဝါးခမောက်သည် လူသုံးစွဲမှုနည်းလာသည်ကို တွေ့ရှိရပါသဖြင့် ဝါး ခမောက်လုပ်ငန်း တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ပါသည်။ အိမ်တွင်းမှု တပိုင်တနိုင်လုပ်ငန်းဖြစ် ၍ ကြာမြင့်လျှင် ပျောက်ကွယ်နိုင်ဖွယ်ရှိပါသဖြင့် ဝါးခမောက်လုပ်ငန်း လုပ်ကိုင်သူတို့၏ မိသားစု စား ဝတ်နေရေး၊ ပညာရေး အဘက်ဘက် မပြည့်စုံသော ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူတို့၏ ဘဝကို စာနာထောက်ထား၍ ရေးသားရခြင်းဖြစ်ပါသည်။

              တောင်ငူခရိုင်အတွင်း ဝါးခမောက်လုပ်ငန်းကို ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာ၊ အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာနှင့် တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာတို့တွင် လုပ်ကိုင် လျှက်ရှိပြီး ၎င်းတို့သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသော်လည်း တစ်ဘက် တွင် တစ်ပိုင်တစ်နိုင်အနေဖြင့် ဝါးခမောက်လုပ်ငန်းကို တွဲဖက်လုပ်ကိုင်နေကြောင်း တွေ့ရှိရပါသည်။

              ဝါးခမောက်လုပ်ငန်း လုပ်ကိုင်ရာတွင် လိုအပ်သော အဓိကပစ္စည်းမှာ ဝါးဖတ်ဖြစ်ပါသည်။ ဝါးဖတ်ကို ပဲခူးရိုးမသို့ ထင်းခွေ၊ ဝါးခုတ်သွားသူများထံမှ မှာယူကြရပါသည်။ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှလည်း မှာယူကြောင်း သိရှိရပါသည်။

           ဝါးခမောက်ပြုလုပ်ရန်အတွက် မပြုလုပ်မီ အနားကွပ်ရန် ကြက်သောင်းဝါးကို ခွဲစိပ်၍ အခွေပြုလုပ်ပြီး ရေအိုင်ထဲသို့ တစ်လခန့် စိမ်ထားရပါသည်။ တစ်ချို့ ဝါးခမောက်လုပ်ကိုင်သူများက ဝါးခွေပြုလုပ်ပြီး ၁၀ ခွေပါ အစည်းတစ်စည်းကို ယခင်က ၁၀၀၀ ကျပ်၊ ယခု ၂၀၀၀ ကျပ်ဖြင့် ရောင်း ပေးသည်ကို သိရပါသည်။ ဝါးခမောက်ပြုလုပ်သူများက ဝါးခွေပြုလုပ်ရာတွင် လက်ဝင်ခြင်း၊ အချိန် ကြာမြင့်ခြင်းတို့ကြောင့် ဝါးခွေပြုလုပ်သူထံမှ ဝယ်ယူကြောင်း သိရပါသည်။

              ဝါးခမောက်ပြုလုပ်ရာတွင် ဝါးဖတ်ကုန်ကြမ်းမှာ အချပ်ရေ ၅၀၀ ပါ တစ်လိပ်ကို ယခင်က ၁၃၀၀၀ ကျပ်၊ ယခု ၁၅၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ဝါးဖတ်ရှယ်ဆိုလျှင် ယခင် ၁၈၀၀၀ ကျပ်၊ ယခု ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ ဝယ်ယူရကြောင်းသိရပါသည်။ ပိုးချည်လုံး အသေးမှာ ဝါးဖတ် တစ်ခုနှင့် တစ်ခု ချိတ်ဆက်ရာတွင် အသုံးပြုရပြီး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်အထိ ဝယ်ယူ ရပါသည်။ ဝါးခမောက်အပေါ်ပိုင်း အလယ်တည့်တည့်တွင် တပ်ဆင်ရသော ပစ္စည်းမှာ လက်ပံဆူး ဖြစ်၍ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိ ပေးရပါသည်။ အချော ကိုင်ရာ တွင် အသုံးပြုသော ပျားဖယောင်းမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ် ပေးဝယ်ရကြောင်း သိရှိရပါ သည်။

              ဝါးခမောက်တစ်လုံး စတင်ပြုလုပ်မည်ဆိုပါက ဝါးဖတ် ၇ ရွက်ကို လိုအပ်သလို ဖြတ်ညှပ် ၍ ဆက်ရပါသည်။ ဝါးဖတ် အပိုင်းအစများသည် မလွှတ်ပစ်ရဘဲ ပြန်လည်အသုံးဝင်ကြောင်း သိရှိရပါ သည်။ ဝါးခွေအား လိုအပ်သလို ခွဲခြားစိပ်ဖြာလျှင် ဝါးခမောက် ၈ လုံးမျှ အသုံးပြုရပါသည်။ ခမောက် အောက်ခံပုံစံအား ဆက်ထားသောဝါးဖတ်ကို လိုအပ်သလောက် အဝိုင်းအတိုင်းဆက်ပြီး ကတ်ကြေး ဖြင့်ညှပ်ရပါသည်။ ပုံဖော်ညှပ်ထားသော ဝါးဖတ်ကို ကွပ်ဝါးတပ်၍ ဝါးညှပ်တံဖြင့် ဖိကိုင်ပြီး ချည်ကြိုး ဖြင့်ချုပ်ရပါသည်။

              ဒုတိယအဆင့်အနေဖြင့် အပေါ်ခွံအုပ်လေး ပြုလုပ်ရပါသည်။ ဝါးဖတ်နှစ်ထပ်ညှပ်ပြီး လို အပ်သလောက် ဆိုဒ်ရရန် ပုံဖော်၍ ဝါးညှပ်တံဖြင့် ပူး၍ ချည်ရပါသည်။ အပေါ်ခွံအုပ်ကလေး လှပ တောင့်တင်းအောင် ပြုလုပ်ရာတွင် ဝါးဖတ် အတိုအစများဖြင့် ပြုလုပ်ရပါသည်။ ဝါးခမောက် အဝိုင်းပုံ နှင့် အပေါ်ခွံအုပ် တွဲချုပ်ရန် တိုင်းထွာဖြတ်တောက်ပြီး အလယ်ဝိုင်းဝါးကွပ်ထည့်၍ တွဲချုပ်ရပါသည်။ ပြီးစီးပါက ဝါးခမောက်အား ဖယောင်းဖြင့် အချောကိုင်ပွတ်တိုက်၍ အပေါ်ခွံအုပ် အလယ်တည့်တည့် တွင် အချောကိုင်ထားသော လက်ပံဆူးဘုကလေး တပ်ဆင်ပြီးစီးပါက ရောင်းတန်းဝင်ဝါးခမောက် တစ်လုံး ပြီးစီးပါပြီ။

              ဝါးခမောက်ပြုလုပ်ရာတွင် မိသားစု ၃ ယောက်လုပ်ကိုင်ပါက တစ်နေ့လျှင် အလုံး ၄၀ ခန့် ပြီးစီးပါသည်။ ဝါးခမောက်ကို ခမောက်ဝိုင်း၊ ခမောက်ချွန်ဟူ၍ နှစ်မျိုးထုတ်လုပ်ပါသည်။ ခမောက် ကြီး၊ လတ်၊ သေးဟူ၍ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျှက်ရှိပါသည်။ အကြီး ၂၀၀၀ ကျပ်၊ အလတ် ၁၅၀၀ ကျပ်၊ အသေး ၁၂၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ ဝါးခမောက်တစ်လုံး ကုန်ကျစရိတ် မှာ ပျှမ်းမျှ ၁၀၀၀ ကျပ်မှ ၁၃၀၀ ကျပ်ရှိပြီး တစ်ရက်အကျိုးအမြတ်အနေဖြင့် ၂၀၀၀၀ ကျပ်ဝန်းကျင် ခန့် အမြတ်ရရှိကြောင်း သိရပါသည်။

              ဝါးခမောက်လုပ်ငန်းသည် ပြည်တွင်းထုတ်ကုန်ပစ္စည်းလုပ်ငန်းတစ်ခုလည်းဖြစ်၊ တစ်ပိုင် တစ်နိုင်လုပ်ငန်းလည်းဖြစ်ပြီး မိသားစု စားဝတ်နေရေး၊ ပညာရေးတို့အတွက် အထောက်အကူပြု သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(ပဲခူး)

ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက်နှင့်တောင်သူအကျိုးအမြတ်ရရှိမှုအခြေအနေ

              မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်မြေပဲကို မိုးတွင် အများဆုံးစိုက်ပျိုးပြီး၊ဆောင်းတွင် အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးမြေပဲစိုက်ပျိုးမှုဧကပေါင်း (၅၈၈၅) ဧကရှိပြီး၊ အထွက်နှုန်း(၄၂.၁၆) တင်းနှုန်းဖြင့် တင်းပေါင်း(၂၄၈၂၆၆၉  )တင်းထွက်ရှိခဲ့ပါသည်။ဆောင်းတွင် စိုက်ပျိုးဧကပေါင်း(၂၉၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း(၄၇.၄၁)တင်းဖြင့် တင်းပေါင်း(၁၄၁၂၈)တင်း ထွက်ရှိခဲ့ပါသည်။မိုးမြေပဲကို မေလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဩဂုတ်လတွင် လှိုင်လှိုင်ထွက်ရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးမြေပဲ လျာထားဧကမှာ (၅၈၂၇၁)ဧကဖြစ်ရှိပြီး (၁၄၅၇၉)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ဆောင်းမြေပဲ လျာထားဧကမှာ (၃၁၉)ရှိပါသည်။မြေပဲထွက်ပေါ်ချိန် ဩဂုတ်လတွင် ကျောက်ပန်းတောင်းမြို့နှင့်ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်၍ အရောင်းအဝယ်ပြုလုပ်ကြပါသည်။

          ၂၀၂၂ ခုနှစ်တွင် မြေပဲ(ဆီဆံ) တစ်တင်းလျှင်(၄၅၀၀၀)ကျပ်၊ မြေပဲ(လုံးဆံ)တစ်တင်းလျှင် (၄၈၀၀၀)ကျပ်၊ မြေပဲ(မျိုးဆံ)တစ်တင်းလျှင် (၆၀၀၀၀)ကျပ်တို့ဖြင့်ရောင်းချခဲ့ရပြီး၊ယခုလက်ရှိပေါက်ဈေးများမှာ ဆီဆံတစ်တင်းလျှင် (၆၀၀၀၀)ကျပ်၊လုံးဆံတစ်တင်းလျှင် (၆၃၀၀၀)ကျပ်နှင့် မျိုးဆံတစ် တင်းလျှင် (၇၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း သိရပါသည်။

          မိုးမြေပဲတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၄၃၆၀၀၀)ကျပ်ဝန်ကျင်းခန့်ရှိပြီးတစ်ဧကပျမ်းမျှအထွက်တင်းမှာ(၄၃)တင်းနှုန်းခန့် ရှိပါသည်။မြေပဲတောင့်တစ်တင်းရောင်းရဈေးမှာ(၁၅၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရသောကြောင့် တစ်ဧကဝင်ငွေမှာ(၆၄၅၀၀၀)ကျပ်ဖြစ်၍ တစ်ဧကတောင်သူအကျိုးအမြတ်မှာ(၂၀၉၀၀၀)ကျပ် ရရှိစေပါသည်။ဆောင်းမြေပဲတစ်ဧကကုန်ကျစရိတ်မှာ (၄၃၆၀၀၀) ကျပ်ခန့်ကျသင့်ပြီး အထွက်နှုန်းမှာ(၄၇.၄၁)တင်းထွက်ရှိခဲ့၍ တစ်ဧကဝင်ငွေ((၇၁၁၁၅၀)ကျပ် ရရှိသောကြောင့် တောင်သူအကျိုးအမြတ်အနေဖြင့် (၂၇၅၁၅၀)ကျပ်ခန့် ရရှိကြောင်းသိရပါသည်။ဒေသထွက်မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ရောင်းချမှုနည်းလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲ၍သုံးစွဲမှုများလာပါသည်။

          တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြင်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သာသုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာပြီး မွေမြူရေးလုပ်ငန်းများဖွံဖြိုးလာစေခြင်း၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေလာခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းတို့ကြောင့် ကျန်းမာရေးညီညွှတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေနိုင်သည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)

 

မုံရွာမြို့နယ်၌ ဖရဲသီးများ အဝယ်သွက်နေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ ထွက်ရှိသောဖရဲသီးများ လှိုင်လှိုင်ပေါ်နေပြီး အဝယ်သွက်နေကြောင်းသိရှိရပါသည်။

            “လက်ရှိဈေးကွက်အနေအထားကတော့ မုံရွာမြို့နယ် ဒေသထွက် ဖရဲသီးအကြီးတစ်လုံးကို ကျပ် ၁၀၀၀၊ အလတ်တစ်လုံးကို ကျပ် ၈၀၀ နှင့် အသေးတစ်လုံး ကျပ် ၅၀၀ ဝန်းကျင်ရောင်းရပါတယ်၊ ပြည်ပတရုတ်ကို တင်ပို့သောပွဲစားကုန်သည်များမှ မဝယ်ယူသေးသော်လည်း အညာဒေသမှာ  အပူချိန် မြင့်မားလာသည့်အတွက် အဝယ်သွက်ပါတယ်” ဟု လက်ကားရောင်းသူတစ်ဦးမှ ပြောကြားပါသည်။

               မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ ၁၀ ဘီးကား (၃)စီးဖြင့် တင်ပို့နေရကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်တွင် ဆီထွက်သီးနှံ(နွေနှမ်း)များ အရောင်းအဝယ်ဖြစ်သွက်လက်

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲအနေဖြင့် သီးနှံများ၏ ဈေးနှုန်းဆိုင်ရာ အချက်အလက်များနှင့် အရောင်းအဝယ်ဖြစ်မှုစာရင်းများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင် မှတာဝန်ရှိသူများနှင့်  ချိတ်ဆက်၍ စာရင်းများပြုစုပြီး  အထက်အဆင့်ဌာနများသို့ တင်ပြဆောင်ရွက်လျှက် ရှိပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၁-၂၀၂၂ခုနှစ်တွင် နွေသီးနှံအနေဖြင့် နွေနှမ်း(၈၅၃၂၆) ဧက၊ ပဲတီစိမ်း(မိုးကြို)(၄၃၀၂၈)ဧက၊ မတ်ပဲ(မိုးကြို)(၃၅)ဧက၊ နေကြာ(မိုးကြို)(၆၀)ဧကနှင့် ချည်မျှင်ရှည်ဝါ (မိုးကြို)(၁၀)ဧက၊  စုစုပေါင်း(၁၂၈၄၅၉)ဧက စိုက်ပျိုးခဲ့ကြောင်း၊ နွေနှမ်း(၈၅၃၂၆)ဧကမှာ ရွှေဘိုမြို့နယ်တွင် (၉၄၈၅)ဧက၊ ဝက်လက်မြို့နယ်တွင်(၆၆၇၂၉)ဧက၊ ခင်ဦးမြို့နယ်တွင်(၇၃၇)ဧက၊ တန့်ဆည်မြို့နယ်တွင် (၉၅)ဧကနှင့် ဒီပဲယင်းမြို့နယ်တွင် (၈၂၈၀)ဧက စိုက်ပျိုးကြောင်းသိရသည်။ ဝက်လက်မြို့နယ်သည် ရွှေဘိုတစ်ခရိုင်လုံးရှိ စိုက်ဧက၏(၇၈%)ကျော်စိုက်ပျိုးပြီး နှစ်စဉ်ခရိုင်တွင် အများဆုံးစိုက်ပျိုးသည့်မြို့နယ်တစ်ခု ဖြစ်ပါသည်။ နွေနှမ်းကို ၂၀၂၀-၂၀၂၁ခုနှစ်တွင် (၇၉၅၆၉)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ခုနှစ်တွင် (၈၅၃၂၆)ဧကစိုက်ပျိုးခဲ့သဖြင့် ယခင်နှစ်ထက် (၅၇၅၇)ဧက ပိုမိုစိုက်ပျိုးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၀-၂၀၂၁ခုနှစ်၊ နွေသီးနှံအထွက်နှုန်းအနေဖြင့် နှမ်း (၁၄၅၂၇၃၇)တင်း၊ ပဲတီစိမ်း တစ်ဧကလျှင် (၁၇.၅၇)တင်း၊ နေကြာ တစ်ဧကလျှင် (၂၂.၂၅)တင်း၊ ဝါတစ်ဧကလျှင် (၄၀၀ပိဿမှ ၈၀၀ပိဿာ)၊ မတ်ပဲ တစ်ဧကလျှင် (၁၆.၃၈) တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ်တွင် ရွှေဘိုခရိုင်၌ နှမ်းစိုက်ဧက(၈၅၃၂၆) နှမ်းတစ်ဧကလျှင် (၁၈)တင်းနှုန်း ဖြင့် (၁၅၃၅၈၆၈) တင်းထွက်ရှိကြောင်း သိရှိရပါသည်။

          ရွှေဘိုခရိုင်တွင် နှမ်းနက်နှင့်နှမ်းနီ(ဆီကြိတ်နှမ်း)များကိုသာ အဓိကစိုက်ပျိုးကြကြောင်း ၊ ၎င်းစိုက်ပျိုးထားသောနွေနှမ်းများကို မေလဆန်းတွင် စတင်ရိတ်သိမ်းကြပြီး တတိယပတ်ခန့်မှစတင်၍ ဈေးကွက်အတွင်း လာရောက်ရောင်းချခြင်းများရှိကြောင်း၊ တောင်သူများအနေဖြင့်  ဝက်လက်မြို့နယ်မှ ထွက်ရှိသော နှမ်းများကို ဝက်လက်မြို့ပေါ်ရှိ ပွဲရုံများသို့ရောင်းချခြင်း၊ မန္တလေးမြို့ရှိပွဲရုံများသို့ တိုက်ရိုက် ရောင်းချခြင်း များအပြင် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်နှင့် အခြားသောပွဲရုံများသို့ လာရောက်ရောင်းချခြင်းများလည်း ရှိကြောင်းသိရှိရပါသည်။ ဇွန်လဒုတိယပတ်၌ ရွှေဘို့ပဲ၊ နှမ်းကုန်စည်ဒိုင်၏ ဖြတ်ဈေးမှာ နှမ်းနက် (၁)တင်းလျှင် (၆၈၀၀ဝိ/-)မှ(၇၀၀၀ဝိ/-)ထိ ပေါက်ဈေးရှိပြီး နှမ်းနီ(၁)တင်းလျှင်(၄၈၀၀ဝိ/-)မှ(၅၀၀၀ဝိ/-) ထိပေါက်ဈေးရှိကြောင်း၊  ရွှေဘိုဈေးကွက်သို့ ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ တောင်သူများအပြင် မြို့၏တောင်ဘက်ခြမ်းရှိ ဝက်လက်မြို့နယ်ရှိ တောင်သူများမှ အများဆုံးလာရောက် ရောင်းချကြကြောင်း၊ ဝယ်ယူရရှိသည့် နှမ်းများကို မန္တလေးဈေးကွက်သို့ ဆက်လက်တင်ပို့ ရောင်းချကြကြောင်းနှင့် မေလအတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် နှမ်းနက်(၇၅၀)တင်းနှင့် နှမ်းနီ(၁၁၂၅)တင်း (ခန့်မှန်း)အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်တာဝန်ရှိသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း