ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြက်ဥဈေးနှုန်း တည်ငြိမ်လျက်ရှိ

      လွိုင်ကော်မြို့ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များသည် အခြားဒေသမှ ဝင်ရောက်လျက်ရှိပြီး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီးဘက်မှ အများဆုံးဝင်‌ရောက်လျက်ရှိပါသည်။ ယခုလက်ရှိ မတ်လပထမပတ်တွင်ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၃၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်၊ ယခင်ဖေဖော်ဝါရီလပထမပတ်တွင်လည်း ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၃၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၂၀) ကျပ်သာရှိခဲ့ပြီး ယခင်ဖေဖော်ဝါရီလပထမပတ်နှင့် ယခုမတ်လပထမပတ်ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိနေကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်းအလိုက် ဖေဖော်ဝါရီလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လုပ်ငန်းရှင်ပေါင်း(၂၈)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၁)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၅၅) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၈၀) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

    ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ထိုင်း၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ ပဲယင်း၊ ဆန်ဖြူ၊ ပဲမှုန့်၊ ထောပတ်ပဲ၊ တိရစ္ဆာန်အစာ၊ ပဲပိစပ်အစာ၊ နှမ်းကြား၊ စပါး၊ ပဲလွန်းနှင့် စားအုန်းဆီတို့၏ ဓာတု အရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၈) ခု၊  မှိုဆိပ်ဆိုင်ရာဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၅) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၁၁၄)ခုနှင့်သီးနှံ(ဓာတု)ဓာတ်ခွဲခန်းမှဓာတ်ခွဲစမ်းသပ်မှု(၂၃)ခု၊ သီးနှံ(ရူပ) ဓာတ်ခွဲခန်းမှ (၂၀)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၈၀) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

ပခုက္ကူမြို့နယ်တွင် မန်ကျည်းသီးများအရောင်းအဝယ်ဖြစ်၍ မိသားစုများဝင်ငွေရရှိနေ

    ပခုက္ကူမြို့နယ်တွင် မန်ကျည်းသီးမှည့်အသစ်များအရောင်းအဝယ်ဖြစ်လျက်ရှိရာ မန်ကျည်းသီးတောင့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀-၁၄၀၀)၊ အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၀၀၀ - ၄၀၀၀)၊ အစေ့မပါ တစ်ပိဿာလျှင်ကျပ်(၅၀၀၀ - ၆၀၀၀ )ရှိကြောင်း၊ မန်ကျည်းသီးတောင့် ဝင်ရောက်မှုအနေဖြင့် ပိဿာ (၅၀၀၀-၆၀၀၀)ခန့်ဖြင့် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့လွတ် မန်ကျည်းသားများကို မန်ကျည်း ဖျော်ရည်လုပ်ငန်းရှင်များနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များက အများအပြား ဝယ်ယူသည့်အပြင် တစ်နေ့လျှင် ပိဿာချိန်(၇၅၀၀ - ၈၀၀၀)ခန့် ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

     မန်ကျည်းလုပ်ငန်းရှင်၏ ပြောပြချက်အရ အစေ့လွတ်မန်ကျည်းသားများ တင်ပို့နိုင်ရန် အတွက် မန်ကျည်းသီးများ ဝယ်ယူရာတွင် ပွဲစားများမှ မန်ကျည်းထွက်သော နေရာများသို့ဆင်း၍ ပင်လုံးပြတ် ဝယ်ယူခြင်းရှိသလို မန်ကျည်းသီးအတောင့်လိုက်လည်းဝယ်ယူခြင်းရှိကြောင်း၊ ရရှိလာသော မန်ကျည်းတောင့်များကို အစေ့လွတ်အသားများရရန်အတွက် အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့ အသားခွဲခြင်းများ ပြုလုပ်ရကြောင်း၊ အကြောသင်ခမှာ တစ်ပိဿာကျပ်(၁၅၀) ပေးရပြီး ဒုတိယ အဆင့်အနေဖြင့် အကြောသင်ပြီးသား မန်ကျည်းသီးများကိုထုရကြောင်း၊ မန်ကျည်းသီးထုခမှာ  တစ်ပိဿာ ကျပ်(၁၅၀)ပေးရကြောင်း၊ တတိယအဆင့်အနေဖြင့် မန်ကျည်းသားနှင့် အစေ့ခွဲထုတ်ရာတွင် တစ်ပိဿာကျပ်(၂၀၀) ပေးရကြောင်း၊ အလုပ်သမားများအနေဖြင့်လည်း တစ်နေ့လျှင် ပိဿာ(၂၀ - ၃၀ )ကြား ပြီးစီး၍ တစ်နေ့ဝင်ငွေ ကျပ်(၄၀၀၀ - ၅၀၀၀) ရရှိကြောင်းသိရှိရပါသည်။

   မန်ကျည်းသီးပေါ်ချိန်တွင် မန်ကျည်းသီးထုခြင်း၊ အကြောသင်ခြင်း၊ အစေ့အသားခွဲခြင်းတို့ကို မိသားစုအလိုက်သော်လည်းကောင်း၊ အိမ်သို့ယူ၍ အရင်းမစိုက်ရဘဲ လုပ်ကိုင်လျက်ရှိရာ မိသားစုဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူ ကုန်စည်ဒိုင်ကြက်သွန်နီ ဖေဖော်ဝါရီလ(စတုတ္ထ)ပတ်အတွင်း ဈေးကွက်အခြေအနေ

    ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် ဖေဖော်ဝါရီလ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်) တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

      ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ်(၁၁၅၀ မှ ၁၀၂၅)၊ အလတ်စ ကျပ်(၁၀၀၀ မှ ၉၅၀)၊ အသေးစ ကျပ်( ၉၀၀ မှ  ၈၀၀)ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ယခင် ဖေဖော်ဝါရီ(တတိယ)ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၂၅)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၅၀)စီခန့် ဈေးနှုန်း မြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့၊ ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတဆင့်တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက် ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၂)သိန်း၊ (၈၅၇၁)အိတ်၊ တန်ချိန်(၂)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

    ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၁၃၀၀ မှ ၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရသည်။

DOCA(မကွေး)

         

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇ .၃.၂၀၂၃)

     ၇.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၀/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

အုတ်တွင်းမြို့နယ် မတ်ပဲနှင့်ပဲတီစိမ်းစိုက်ပျိုးထွက်ရှိမှုနှင့် ဒေသပေါက်ဈေးအခြေအနေ

        ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်အုတ်တွင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ ၁၉၃၉ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ လျာထားချက်အတိုင်း စိုက်ပျိုး နိုင်ခဲ့ပါသည်။ ယခုအခါတွင် စိုက်ဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီးဖြစ်ပါသည်။ တောင်သူဦးကြီးများ၏ ပြောပြချက်အရ တစ်ဧကလျှင် ပျှမ်းမျှ ၁၅ တင်းနှုန်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ကထက် အထွက်နှုန်းအနည်းငယ် ကျဆင်းကြောင်းသိရှိရပါသည်။

        ယခုနှစ် မတ်ပဲအထွက်နှုန်းကျဆင်းရခြင်းမှာ သွင်းအားစုများ ဈေးကြီးမြင့်သဖြင့် တောင်သူများက သွင်းအားစုများကို လျှော့ချသုံးစွဲကြခြင်းကြောင့်ဖြစ်ပါသည်။ ထွက်ရှိသောမတ်ပဲများကို ပွဲရုံများသို့ ရောင်းချကြပါသည်။ ယခင်နှစ်က မတ်ပဲတစ်တင်းလျှင် ၄၆၀၀၀ ကျပ်ရောင်းချရပြီး ယခုနှစ်တွင် မတ်ပဲတစ်တင်းလျှင် ၆၀၀၀၀ ကျပ် ဈေးရှိပါသည်။

         ပဲတီစိမ်းကို ၂၅၇ ဧက စိုက်ပျိုးပြီး မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကလျှင် ၁၅ တင်းမှ ၂၂ တင်းအထိ ထွက်ရှိကြောင်း အထွက်နှုန်းမှာ ယခင်နှစ်ကထက် ကွာခြားမှုမရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်ကပဲတီစိမ်းတစ်တင်းလျှင် ၅၈၀၀၀ ကျပ်ရှိပြီး ယခုနှစ်တွင် ၆၇၀၀၀ ကျပ် ရောင်းချရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အခြေခံစားသောက်ကုန်အချိူ့ဈေးနှုန်း အတက်အကျရှိ

            ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခုရက်အတွင်း ပေါ်ဆန်းဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ဧည့်မထဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိပဲ တည်ငြိမ်လျှက်ရှိပါသည်။

              ပဲဆီမှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဈေးနှုန်းဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်အပတ်က တစ်ပိဿာ ၆၅၀၀ ကျပ် ဈေးနှုန်းရှိပြီး ယခုအပတ်တွင်မူ တစ်ပိဿာ ၇၁၅၀ ကျပ်ဈေးနှုန်းရှိကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါသည်။

              ကြက်သွန်နီ တစ်ပိဿာလျှင် ယခင်အပတ်က ၁၂၀၀ ကျပ်မှ ယခုအပတ်တွင် ၁၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ယခင်အပတ်က ၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀ ကျပ် ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

              ငရုပ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် ယခင်အပတ်က ၁၂၀၀၀ ကျပ်ဈေးနှုန်းဖြစ်ပြီး ယခုအပတ်တွင် ၁၁၀၀၀ ကျပ်ဈေးနှုန်းရှိရာ အနည်းငယ်ကျဆင်းသွားပါသည်။ အာလူး တစ်ပိဿာ လျှင် ယခင်အပတ်က ၂၀၀၀ ကျပ်ဈေးနှုန်းမှ ယခုအပတ်တွင် ၂၄၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

              မြေပဲဆံ တစ်ပိဿာလျှင် ယခင်အပတ်က ၇၅၀၀ ကျပ်ဈေးနှုန်းဖြစ်ပြီး ယခု အပတ်တွင် (၇၉၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ကုလားပဲခြမ်း တစ်ပိဿာလျှင်ယခင် အပတ်က (၄၈၀၀)ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းပြောင်းလည်းမှုမရှိကြောင်း၊  ဖြူးမြို့ စည်ပင်သာယာဈေးကြီးအတွင်း ဖြစ်ပေါ်နေသော အခြေခံကုန်ဈေးနှုန်းများ၏ ဈေးနှုန်း အပြောင်းအလဲများအား လေ့လာသိရှိခဲ့ခြင်းအား တင်ပြလိုက်ပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း