ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒေးဒရဲမြို့နယ်အတွင်းရှိ မှော်ဘီကျေးရွာတွင် စားသူကာကွယ်ရေး အသိပညာပေးဟောပြော

           ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲ မြို့နယ်တာဝန် ခံနှင့် ဝန်ထမ်းတို့သည် (၁၉.၆.၂၀၂၂)ရက်‌နေ့ (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီကျေးရွာရှိသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲသို့ မှော်ဘီကျေးရွာသူ ကျေးရွာသား (၂၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်မှ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေကို သိရှိ ဗဟုသုတရရန် အသိပညာပေးဟောပြောရခြင်းဖြစ်ပြီး ကုန်စည်များကို ရွေးချယ်ဝယ်ယူစာသောက်တတ်စေရန်၊ ကျေးရွာအတွင်းရှိကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် သက်တမ်းလွန် စားသုံးရန်မသင့်သည့် တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရန််၊ ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပါရှိရ မည့်ဖြစ်ပြီး သက်မှတ်ချက်များနှင့်ကိုက်ညီရမည်ဖြစ်ကြောင်း ကုန်ပစ္စည်းအမျိုးအမည် အရွယ်အစား အရေအတွက်နှင့် အသားတင်ပမဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ကျန်းမာရေးဆိုင် ရာဘေးထွက်ဆိုးကျိုး ( သို့ )ဓါတ်မတည့်ကြောင်းဖော်ပြချက် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရောင်းချဝယ်ယူ သုံးစွဲမှုများ ပြုလုပ်ကြရန်နှင့် ဈေးကွက်အတွင်း ကုန်စည်များတွင် အဓိကသက်တမ်းကုန်ဆုံး၊ ရက်စွဲကြည့်ရှု့ဝယ်ယူကြရန် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

ပဲပုပ်ပြား ဈေးနှုန်း မြင့်တက်လျက်ရှိ

                 ကယားပြည်နယ်တွင် ပဲ အမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ ပဲပုပ်ကိုလည်း အဓိကထား စိုက်ပျိုးကြပါသည်။ ပဲပုပ်သည် အခြေခံလူတန်းစားများ ကြိုက်နှစ်သက်၍ ကျန်းမာရေး နှင့် ညီညွတ်ပြီး   Protein    ဓာတ်ကြွယ်ဝသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ဒေသထွက်ပဲပုပ်စေ့မှ တန်းဖိုးမြှင့်ကုန် အဖြစ် ပဲပြား၊ ပဲနို့၊ ပဲပုပ်ပြားများ ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းချလျှက်ရှိရာ ပဲပုပ်ပြားသည်  ဒေသထွက်    ရိုးရာအစားအစာမျာထဲတွင် တစ်မျိုးပါဝင်ပြီး ဒေသတွင်း စားသုံးခြင်း၊ ဒေသထွက် လက်ဆောင်ပစ္စည်းအဖြစ်လည်း ရောင်းချလျက်ရှိပါသည်။ ပဲပုပ်ပြားကို လွိုင်ကော်မြို့နယ်၊ ပအိုပ့်ရွာတွင် အများဆုံးပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ ယခု နှစ်လက်ရှိ ဈေးကွက်အတွင်း ပဲပုပ်ပြား  တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ဈေးရှိပြီး ယခင်နှစ် ပဲပုပ်ပြား တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ဈေးခန့်သာရှိပြီး ယခင်နှင့် ယခုနှစ် နှိုင်းယှဉ်လျှင် ပဲပုပ် တစ်ပိဿာလျှင်(၂၅၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသတွင်း စိုက်ပျိုးထွက်ရှိမှု လျော့နည်းလာခြင်း၊ ကုန်ကြမ်းလက်ကျန်လျော့နည်းလာခြင်းကြောင့် ဖြစ်သည်ဟု ပဲပုပ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

 

 

မိသားစုဝင်ငွေရရှိဖို့ ဘူးပင်စိုက်ပျိုးကြပါစို့

           ဘူးပင်မှရရှိသော ဘူးသီးဘူးရွက်များသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသော သီးနှံများထဲမှ တစ်မျိုးအပါအဝင်ဖြစ်သည်။ ဘူးသီးသည် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးနိုင်သော ဟင်းသီးဟင်းရွက်ဖြစ်သည်။ ဘူးပင်သည် ပူနွေးစိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကိုလည်း အသင့်အတင့်ခံနိုင်ရည်ရှိ၍ အပူပိုင်းဒေသများတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်း အောင်မြင်ကြောင်း သိရှိရသည်။ ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့်ဇွန်လ မိုးတွင်းပိုင်းတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင် ဆောင်းတွင်းပိုင်း အောက်တိုဘာလတွင် အများဆုံး စိုက်ပျိုးပါသည်။ အထက်မြန်မာပြည်တွင် ဘူးပင်ကို မိုးတွင်းပိုင်းစိုက်ပျိုးသဖြင့် မိုးရွာသွန်းမှုတစ်ပတ်ခန့် ပျက်သွားပါက ရေလောင်းပေးရန်လိုအပ်ပါသည်။ အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက် (၃)ရက်ခြားတစ်ကြိမ် ရေတင်ပေးရန်လိုအပ်ပါသည်။ ဘူးပင်သည် မိုးရေကို အဓိကထား၍ စိုက်ပျိုးကြသော်လည်း ရေအရင်းအမြစ်သာ အဆင်ပြေပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် အပင်ဖြစ်သည်။ စိုက်ပျိုးရာတွင် စင်တင်စိုက်ပျိုးခြင်းနှင့် မြေပြင်ကျင်းဖွဲ့ စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးရှိသည်။ စင်တင်စိုက်ပျိုးပါက စိုက်ဘောင်ပြုလုပ်ရာတွင် အလျား(၅ပေ)၊ အနံ(၃ပေ)၊ အမြင့် (၁ပေ) ခန့်ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း (၁)ပေခွဲခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၅)စေ့ခန့် ထည့်ပြီးစိုက်ရသည် အပင်ပေါက်လာလျှင်(၂)ပင်ခန့်သာ ထားရှိရပါ သည်။ ကျင်းဖွဲ့ စိုက်ပျိုးပါက အနက်(၁.၅ပေ)၊ အနံ(၂ပေ)၊ အလျား(၃ပေ)ရှိ ကျင်းများတူး၍ နွားချေး နှင့်မြေဆွေး ဆတူရော၍ (၃/၄)လက်မအလိုခန့်ထည့်ပြီးလျှင် အပေါ်မှရိုးရိုးမြေဖို့ရပါသည်။ တစ်ကျင်း လျှင် (၅)ပင်ခန့်စိုက်ရသည်။ အပင်ငယ်များတစ်ထွာခန့် မြင့်လာသောအခါ တစ်ကျင်းလျှင် (၂)ပင်ခန့် ချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရပါသည်။ အပင်လေးများ လသားအထိ အပင်ခြေရင်းပေါင်း သင်ပေးရသည်။ အစိမ်းရောင်(ပြောင်)ဘူးသီးနှင့် အစိမ်းရင့်(အဖြူကြား)နှစ်မျိုးကို အများဆုံး စိုက်ပျိုးပြီး ဘူးသီးပုံသဏ္ဍန်မှာ အမျိုးမျိုးရှိသည်။ ဘူးသပိတ်၊ ဘူးလယ်လှ၊ ဘူးစက၊ ဘူးရှည်၊ ဘူးရေမှုတ်ဟူ၍ အမျိုးမျိုး ရှိပြီး ဘူးလယ်လှမျိုးသည် လည်ပင်းရှည်၍ လှခြင်းကြောင့် ဤဘူးမျိုးကို ရင့်မာသည့်တိုင်အောင်ထားရှိပြီး အထဲမှ အစေ့များထုတ်၍ ပြန်လည်စိုက်ပျိုးကြသည်။

          ဘူးပင်ကို စိုက်ပျိုးရာတွင် မြေအမျိုးအစားမှာ သဘာဝမြေဆွေးများရှိပြီး ရေသွင်းရေထုတ် ကောင်းမွန်စွာ ပြုလုပ်ပေးနိုင်သော နုန်းမြေအမျိုးအစားဖြစ်သည့် ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးပါက ပိုမိုအထွက်ကောင်း၍ အရည်အသွေးပြည့်မီသော အသီးများ ထုတ်လုပ်ပေးနိုင်သည်။ မြေအချဉ် အငံဓါတ်(၆)နှင့်(၇)ကြားတွင် ပိုမိုဖြစ်ထွန်းပါသည်။ တော်သလင်းလသည် ဘူးစိုက်ပျိုးရာတွင် အကောင်းဆုံးလဖြစ်သည်။ မိုးကုန်ခါနီးဖြစ်၍ ဘူးစိုက်ပျိုးလျှင် သီတင်းကျွတ်လတွင် ဘူးညွှန့်များခူးရပြီး တန်ဆောင်းမုန်းလတွင် ဘူးသီးများ စတင်ဆွတ်ခူးရသည်။ နေအပူဓါတ်ပြင်းလေ ဘူးသီးများများ သီးလေဖြစ်သည်။ မိုးရာသီတွင် ဘူးစိုက်ပျိုးနိုင်ပါက ရေမဝပ်သော ကုန်းမြင့်ပိုင်းတွင် စိုက်ပျိုးလျှင် ပို၍ ကောင်းသည်။ ဘူးပင်စိုက်ပျိုးပြီးလျှင် အပင်ခြေကို မြေဆွပေးရသည်။ ဘူးပင်၏ သဘာဝအမြစ်တို့သည် မြေရှပ်ပြီး သွားတတ်သော အပင်မျိုးဖြစ်၍ ရေသွင်းပြီးတိုင်း မြေဆွပေးရသည်။ ဘူးမြစ်များ အသွားလွယ်ကူစေရန်အတွက် သဲနုန်းမြေနှင့် သစ်ရွက်မြေဆွေးများ ရောစပ်၍ စိုက်ပျိုးလျှင် ပိုမို ကောင်းမွန်ကြောင်း လေ့လာသိရှိရသည်။ ဘူးမြစ်များသွားလာရာ လွယ်ကူစေရန် အတွက် ဘူးပင်ကို တစ်တောင်အမြင့်ခန့် မြေဘောင်တင်ပြီး ဘောင်ခတ်၍ စိုက်ပျိုးလျှင် ရေသွင်းရာ၌ ဘောင်အခြေတွင် မြောင်းဖော်ပြီး ရေပေးသွင်းပါက ဘူးပင်ကိုရေမထိဘဲ ဘောင်အခြေတွင် ရေစိမ့်နေခြင်းကြောင့် အမြစ်များသွားလာရာ လွယ်ကူ၍ ဘူးပင်များ ပိုမိုကောင်းမွန်ပါသည်။ အပင်ကြီးထွားစေရန်နှင့် အသီးများတင်စေရန်အတွက် သွင်းအားစုအမျိုးမျိုးလည်း သုံးစွဲနိုင်ပါသည်။ အရွက်နှင့်အပင်ကို ကြီးထွားစေရန် အားပေးသော အာမိုမြေဩဇာကိုလည်း ကျွေးနိုင်သည်။ အသီးသီးချိန်ရောက်သောအခါ ဘူးပွင့်အဖိုများလာသောအချိန် အသီးကိုအားပေးသော ဓါတ်မြေဩဇာကိုလည်း ကျွေးနိုင်သည်။ ဓါတ်မြေဩဇာကို အရည်မဖျော်ဘဲ အခြောက်အနည်းငယ် ပက်ဖျန်းပေးပြီး ရေလောင်းပေးလျှင် ဘူးပင်ရှင်သန်ကြီးထွားနိုင်ကြောင်း သိရှိရသည်။      

          ဘူးပင်စိုက်ပျိုးရာတွင် ရေများများလောင်းနိုင်မှ အပင်ကြီးထွားပြီး အသီးများများ တင်နိုင်သော်လည်း ရေသွင်းရာတွင် အပင်ခြေမှာရေဝပ်ပြီးရှိလျှင် ဘူးမြစ်များ မြေကြပ်၍ လွတ်လပ်စွာ မသွားနိုင်ဘဲ အမြစ်ကိုလေမတိုးခြင်းကြောင့် အမြစ်များရိပြီး အပင်သေသွားနိုင်ပါသည်။ ရေဝပ်မြေတွင် မစိုက်ပျိုးသင့်ပါ ဘူးပင်စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် ဘူးညွှန့်များခူးရပါသည်။ ဘူးညွှန့် ခေါင်ညွှန့်ကို ချိုးနှိမ်ပေးမှသာလျှင် ဘူးညွှန့်များများ ထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်ပါသည်။ ဘူးခေါင်ညွှန့် ကိုဖြတ်လိုက်ခြင်းကြောင့် အပင်ကြားမှ အရွက်များထွက်ပေါ်လာပြီး အတက်များမှ အသီးများလည်း တင်လာမည်ဖြစ်ပါသည်။ ကိုင်းကျွန်းမြေများတွင် ဘူးပင်တစ်ပင်လျှင် ဘူးသီးအလုံး (၃၀)ခန့်သီးကြောင်း လေ့လာသိရှိရသည်။ ဘူးသီးမှာ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသများ၌ ပြန်လည်ရောင်းချရာတွင် ဈေးနှုန်းမမြင့်မားသော်လည်း သင့်တင့်မျှတသော ဈေးနှုန်းရရှိပါသည်။ ဘူးသီးအလုံးကြီး(၅၀၀)ကျပ်၊ အလတ်(၃၀၀)ကျပ်၊ အသေး(၂၀၀/၁၅၀)ကျပ် ဖောက်သည်ဈေးနှုန်းဖြင့် ဈေးသည်များကို ပေးသွင်းရသည်။ ဘူးညွှန့်များကိုလည်း(၁၀)ညွှန့်လျှင် (၁၀၀)ကျပ်နှုန်းဖြင့် ပေးသွင်းရသည်။ နေ့စဉ်ဘူးညွှန့်များ ခူးပြီးရောင်းချရ၍ မီးဖိုဆောင် အသုံးစရိတ်အဖြစ် နေ့စဉ်ဝင်ငွေရရှိသည့် သီးနှံဖြစ်သည်။နှောင်နှစ်တွင် စိုက်ပျိုးရန် ဘူးမျိုးစေ့ရရှိရန်အတွက် မိမိစိုက်ပျိုးသော စိုက်ခင်းအတွင်းမှ အကောင်းဆုံးအကြီးဆုံး ဘူးသီး(၃)လုံးခန့်ကို အပင်တွင်ရင့်အောင်ထားရှိပြီး မျိုးထားဖို့လိုပါသည်။ ဘူးသီးတစ်လုံးလျှင် မျိုးစေ့(၁၅၀)မှ(၂၀၀)ခန့်အထိရရှိနိုင်ပါသည်။ မျိုးကောင်းမျိုးသန့် ရရှိဖို့အတွက် မိမိဒေသထွက်မျိုးများကို ထားရှိပြီး စနစ်တကျထိန်းသိမ်းထားဖို့ လိုအပ်ပါသည်။ ယခုအချိန်တွင် ဘူးစိုက်ပျိုးသူများအနေဖြင့် ပြည်ပနိုင်ငံများမှ ဝင်လာသော ထိုင်ဝမ်ဘူးမျိုးစေ့များကို ဈေးကြီးကြဖြင့် ဝယ်ယူနေရ၍ မိမိဒေသမျိုးများကိုသာ မျိုးကောင်းမျိုးသန့်ရရှိစေရန် ထိန်းသိမ်းထားရှိရန်နှင့် ထိန်းသိမ်းပုံ အဆင့်ဆင့်ကိုလည်း သိရှိရန် စိုက်ပျိုးရေးဌာနသို့ ဆက်သွယ်၍ အကြံဉာဏ်များ ရယူသင့်ပါသည်။

         ဘူးသီးနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့သည် ဟင်းလျာအဖြစ်လည်းကောင်း သရေစာအဖြစ်လည်းကောင်း  ဘူးသီးကြော်၊ ဘူးသီးချဉ်၊ ဘူးသီးကြက်သားဟင်း၊ ဘူးသီးမြေပဲထောင်းသုတ်၊ ဘူးသီးခေါက်ဆွဲကြော်၊ ဘူးသီးဟင်းခါးအဖြစ် အမျိုးမျိုးပြုလုပ်သုံးစွဲကြသည်။ ဘူးညွှန့်ကိုလည်း ကြော်၍ စားခြင်း၊ ချက်၍စားခြင်း၊ အတို့အမြှုတ်ပြုလုပ်၍စားခြင်းအပြင် ဆောင်းရာသီတွင် နှင်းဓါတ်ဖြင့်သီးသော ဘူးသီးများကိုလည်း ဘူးသီးချောင်းကြော်အဖြစ် ပြုလုပ်၍ လူတိုင်း ကြိုက်နှစ်သက်စွာ စားသုံးကြပါသည်။ ဘူးသီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် ရရှိသော ကောင်းကျိုးများမှာ ဘူးသီးမှရရှိသော သတ္တုရည်သည် အမြဲတမ်းသုံးစွဲပါက ကျန်းမာရေး အထောက်အကူ ဖြစ်စေပါသည်။ အစာကြေခြင်း၊ ဝမ်းမှန်ခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ်သွေးအတွင်းရှိ သကြားဓါတ်ကို ထိန်းညှိပေး၍ ဆီးချိုသွေးချို ရောဂါဖြစ်သူများအတွက် ပိုမိုစားသုံးပေးသင့်ပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အိပ်မပျော်သောရောဂါကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ ဘူးရွက်မှာလည်း အမျှင်ဓါတ်များစွာပါရှိ၍ အစာအိမ်အူလမ်းကြောင်းကို သန့်စင်ပေး၍ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော ကြောင့် နေ့စဉ်စားသုံးပေးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ 

        ဘူးပင်စိုက်ပျိုးခြင်းဖြင့် ထွက်ရှိသော ဘူးသီးဘူးရွက်များကို စားသုံးသူများအနေဖြင့် ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးရပြီး စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်လည်း ရင်းနှီးစိုက်ထုတ်ငွေ နည်းပါးပြီး မိသားစုအတွက် မီးဖိုချောင်သုံး နေ့စဉ်ဝင်ငွေရရှိ၍ ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေပြီး စိုက်ပျိုး၍ လွယ်ကူသော ဘူးပင်ကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့အိမ်ခြံမြေများတွင်လည်း အိမ်တိုင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိစေရန်နှင့် ကျန်းမာရေးအတွက် ကောင်းကျိုးပြုသည့် ဘူးပင်ကို စိုက်ပျိုးသွားရန် အကြံပြု ရေးသားတင်ပြအပ်ပါသည်။         

DOCA(မကွေး)

 

ပြည်ကုန်စည်ဒိုင် ပဲမျိုးစုံဈေးမြင့်တက်

          ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ဇွန်လပထမပတ် မတ်ပဲ ပိဿာ၂၀ဝင် တစ်တင်းကို ၄၈၀၀၀-၄၈၄၀၀-၄၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒုတိယပတ်မှာ မတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၄၉၀၀၀-၄၉၅၀၀-၄၉၇၀၀-၅၀၀၀၀-၅၅၀၀၀ကျပ်ထိ ဈေးတက်လာခဲ့ပါသည်။ မတ်ပဲ ဈေးတက်နေသော်လည်း အရောင်းအဝယ်မှာ ပုံမှန်သာ အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့်သာ ရန်ကုန်ဝယ်လက်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်မှာ မတ်ပဲဈေးတက်နေပြီး ပိဿာ ၂၀ဝင် တစ်တင်းကို ၅၂၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

   မေလပထမပတ် ကုလားပဲသီးနှံဈေးမှာ ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၇၀၀၀-၄၇၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၅၀၀-၄၉၀၀၀ကျပ်ဖြင့် မြို့တွင်းရောင်းဝယ်မှုနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မေလဒုတိယပတ်မှာ ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၈၀၀၀-၄၈၃၀၀-၄၈၅၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၉၀၀၀-၄၉၅၀၀-၅၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဇွန်ဒုတိယပတ်မှာ ပဲဈေးထပ်တက်လာပြီး ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၈၈၀၀-၄၉၀၀၀-၄၉၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၀၀၀၀-၅၀၅၀၀ ကျပ်ထိဈေးတက်လာခဲ့ပြီး မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်ဝယ်လက် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်တွင် ကုလားပဲဈေးအေးနေပြီး ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၉၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၀၅၀၀-၅၀၇၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ပဲကြီးဈေးမှာ မေလ ပထမပတ် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၆၅၀၀၀-၆၇၀၀၀-၇၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဒုတိယပတ် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၆၇၀၀၀-၇၀၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး ရန်ကုန်ဝယ်လက်နှင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၇၀၀၀၀ကျပ်ဈေးဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

          မေလပထမပတ်မှာ စားတော်ပဲ (ကျွန်း)သီးနှံတစ်တင်းကို ၈၃၀၀၀-၈၅၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်မှာ ပဲတစ်တင်းကို ၈၃၀၀၀-၈၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် မြို့တွင်း အရောင်း အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်တွင် စားတော်ပဲ(ကျွန်း)ဈေးတက်နေပြီး ပဲတစ်တင်းကို ၈၇၀၀၀-၉၀၀၀-၉၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

          မေလပထမပတ် ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်မှာတော့ ဘိုကိတ်ပဲဈေးအေးနေပြီး တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်မှာ ဘိုကိတ်ဈေးအေးနေပြီး ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် အိန္ဒိယပဲဈေးတက်၍ မတ်ပဲဈေးတက်နေပြီး ကုလားပဲ အရောင်း အဝယ်မှာ မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စားတော်ပဲ (ကျွန်း)ဈေးမှာလည်း ယခုတစ်ပတ်တက်နေပြီး ပဲကြီး(ရွှေကျွန်း)နှင့် ဘိုကိတ်ဈေးမှာ အေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်း နွေစပါးရိတ်သိမ်းပြီးစီးမှု

           ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီ ခရိုင်တွင်  နွေစပါးများကို ( ၇၆၁၈၈) ဧကစိုက်ပျိုးရန်  လျာထားခဲ့သော်လည်း စိုက်ဧကထက် ကျော်လွန်၍ (၈၀၆၉၆) ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုအခါ နွေစပါး ရိတ်သိမ်းပြီးစီးမှု (၅၅၆၂၉) ဧက ကျော်ခန့် ရိတ်သိမ်းမှု ပြီးစီးကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ စာရင်းများအရ သိရှိရပါသည်။ ခရိုင်ချုပ် ပျှမ်းမျှ အထွက်နှုန်း (ကွက်ကောက်) စာရင်းအရ တစ်ဧကလျှင် ၈၀ တင်းနှုန်းခန့် ထွက်ရှိကြောင်း သိရှိရပြီး  အုတ်ဖိုမြို့နယ်ရှိ နွေစပါးစိုက်ဧက (၇၀၄၃) ဧက အားလုံး ရိတ်သိမ်းပြီးစီးသော်လည်း အခြားမြို့နယ်များမှာ ရိတ်သိမ်းနေဆဲရှိကြောင်း သိရှိရပါသည်။ ကြို့ပင်ကောက်မြို့နယ် နွေစပါး စိုက်ဧက (၁၆၈၁) ဧကသည် မတ်ပဲ စိုက်လယ်မြေများ ရိတ်သိမ်းပြီးချိန် မှစတင်၍ စိုက်ပျိုးရခြင်း ဖြစ်သဖြင့် ရိတ်သိမ်းခြင်း မရှိသေးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျိုင်းတုံမြို့ စက်သုံးဆီဈေးနှုန်း အခြေအနေ

         ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကျိုင်းတုံမြို့ လွယ်မွေလမ်နှင့် မိုင်းလားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ (၈.၆.၂၀၂၂)ရက်နေ့ (၁၄:၀၀) အချိန်တွင်လည်းကောင်း၊ ကျိုင်းတုံမြို့ မိုင်းခတ်လမ်းပေါ်ရှိစက်သုံးဆီ အ‌ရောင်းဆိုင်များသို့ (၉.၆.၂၀၂၂) ရက်နေ့(၁၃:၀၀) အချိန်တွင်လည်းကောင်း၊ ကျိုင်းတုံမြို့ တာချီလိတ်လမ်းပေါ်ရှိ စက်သုံးဆီအ‌ရောင်းဆိုင်များသို့ (၁၀.၆.၂၀၂၂) ရက်နေ့ (၁၁:၃၀) အချိန်တွင်လည်းကောင်း၊ ကျိုင်းတုံမြို့ မိုင်းလားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ (၁၃.၆.၂၀၂၂)ရက်နေ့ (၁၅:၀၀)အချိန်တွင်လည်းကောင်း၊ ကျိုင်းတုံမြို့ မိုင်းခတ်လမ်းပေါ်ရှိစက်သုံးဆီအ‌‌ရောင်းဆိုင်များသို့ (၁၇.၆.၂၀၂၂)ရက်နေ့ (၁၄:၃၀)အချိန်တွင်လည်းကောင်း သွားရောက်၍ စက်သုံးဆီအချင်အတွယ် မှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်းရှိ/မရှိ၊ စက်သုံးဆီလက်ကျန်အခြေအနေများအား ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပူပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ကျိုင်းတုံမြို့တွင် စက်သုံးဆီအရောင်းဆိုင်များသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်၊း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသော ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချလျက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ယခင်မေလ တတိယအပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာ (၂၆၅၀)ကျပ်၊ ဓာတ်ဆီ (၉၅) တစ်လီတာ (၂၅၈၀)ကျပ်၊ ဓာတ်ဆီ (၉၁) တစ်လီတာ (၂၄၀၀)ကျပ်ဖြစ်ပြီး၊ ဇွန်လ တတိယအပတ်တွင် ဒီဇယ်ရိုးရိုး တစ်လီတာ (၂၈၉၀)ကျပ်၊ ဓာတ်ဆီ (၉၅) တစ်လီတာ (၂၇၆၀)ကျပ်၊ ဓာတ်ဆီ (၉၁) တစ်လီတာ (၂၇၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိသည့်အတွက် မေလ(တတိယပတ်)နှင့် ဇွန်လ (တတိယအပတ်)နှိုင်းယှဉ်ချက်အရ ဆီဈေးနှုန်းမှာ(၂၀၀)ကျပ်မှ (၃၀၀) ကျပ်ကြား အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခုချိန်ကာလသည် မိုးစပါးစိုက်သောရာသီဖြစ်သောကြောင့် တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုးမှုများအတွက် မြေယာများထွန်ယက်ရာတွင် လယ်ထွန်စက်ကို အဓိကထားအသုံးပြုသောကြောင့် ဒီဇယ်ဆီရောင်းလိုအား မြင့်တက်လျက်ရှိ‌ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

ဆိပ်ဖြူ ကြက်သွန်နီ ဇွန်လ(တတိယ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

           ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇွန်လ(တတိယ) ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်ပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၂)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၅)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ(၁၅)ရက်မှ(၂၁)ရက်ထိ (၁)ပတ်အတွင်း ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၇)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင်  ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ဇွန်လတတိယ(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၁၅၂၅)ကျပ်မှ (၁၃၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံးဈေးနှုန်း မှာ (၁၀၀၀)ကျပ် မှ (၈၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံအရည် အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့် ဆုံးဈေးနှုန်းမှာ (၁၅၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံးဈေးမှာ (၁၅၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၂၅)ကျပ်ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း၊ အနိမ့်စအမြင့်ဆုံး ဈေးနှုန်းမှာ ယခင်(၁)ပတ်က (၁၀၅၀)ကျပ်၊ ယခု(၁)ပတ် (၁၀၀၀)ကျပ် ဈေးနှုန်းဖြစ်၍ (၅၀)ကျပ်ခန့် ကျဆင်းခဲ့ကြောင်း၊ ပြည်တွင်းဖြန့်ဖြူးမှု သာမက မြဝတီမြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများသို့ တင်ပို့ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဇွန်တတိယ(၁)ပတ်အတွင်း ကြက်သွန်နီများကို ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ တင်ပို့မှုနည်းပါးပြီး ပြည်ပပို့ကုန်ဖြန့်ဖြူးတင်ပို့လျက်ရှိသော မြဝတီမြို့သို့ အများဆုံး တင်ပို့လျက်ရှိကြောင်း ကုန်သည်မှတစ်ဆင့် သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၆၀၀)၊ လတ်(ကြီး) ကျပ်(၁၅၀၀/၁၄၀၀)၊ လတ်(သေး) ကျပ်(၁၂၀၀/၁၁၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇွန်လတတိယ(၁)ပတ် အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့(၁၂)စီး၊ ပြည်မြို့(၇)စီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ (၇)စီး၊ မော်လမြိုင်မြို့(၁၀)စီး၊ မြဝတီမြို့(၂၇)စီး စုစုပေါင်း(၆၃)စီးခန့် နေ့စဉ် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ(၇)သိန်း၊ တန်ချိန်(၄)သောင်းခွဲခန့် ကုန်စည် စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူ ကြက်သွန်နီ ဇွန်လ(ဒုတိယ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

           ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇွန်လ(ဒုတိယ) ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်ပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၃)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၂)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇွန်လ(၇)ရက်မှ(၁၄)ရက်ထိ (၁)ပတ်အတွင်း ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၅)သိန်းခွဲခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင်  ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ဇွန်လပထမ(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စအမြင့် ဆုံးဈေးနှုန်းမှာ (၁၅၅၀)ကျပ်မှ (၁၂၂၅)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ (၁၀၅၀)ကျပ်မှ (၈၇၅)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံ အရည်အသွေး များ မတူညီခြင်းကြောင့် ဈေးနှုန်းများ ကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၁၁၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ် အမြင့်ဆုံးဈေးမှာ (၁၅၅၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၃၂၅)ကျပ်ခန့် သိသိသာသာ ဈေးနှုန်း မြင့်တက်သွားကြောင်း၊ အနိမ့်စအမြင့်ဆုံး ဈေးနှုန်းမှာ ယခင်(၁)ပတ်က (၈၅၀)ကျပ်၊ ယခု(၁)ပတ် (၁၀၅၀)ကျပ် ဈေးနှုန်းဖြစ်၍ (၂၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းဖြန့်ဖြူးမှု သာမက မြဝတီမြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ယခင်(၁)ပတ်ထက် ယခု(၁)ပတ် ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စ (၃၂၅)ကျပ်၊ အနိမ့်စ (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဈေးနှုန်းများထပ်မံ မြင့်တက်လာမည် ဟု မျှော်မှန်း၍ စိုက်တောင်သူ/ကုန်သည်များမှ မိမိထွက်ကုန်များကို ထိန်း၍ရောင်းချနေကြောင်း  သိရှိရသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၈၀၀/၁၇၀၀)၊ လတ်(ကြီး) ကျပ်(၁၅၀၀/၁၄၀၀)၊ လတ်(သေး) ကျပ်(၁၃၀၀/၁၂၀၀) ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇွန်လဒုတိယ(၁)ပတ် အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့(၁၅)စီး၊ ပြည်မြို့(၁၀)စီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့(၁၀)စီး၊ မော်လမြိုင်မြို့(၈)စီး၊ မြဝတီမြို့(၁၇)စီး စုစုပေါင်း(၆၀)စီးခန့် နေ့စဉ် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ(၅)သိန်းခွဲ၊ တန်ချိန်(၃)သောင်းခန့် ကုန်စည်စီးဆင်း ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)

ပခုက္ကူဈေးကွက်တွင် ကြက်သွန်ဖြူဈေးအနည်းငယ်မြင့်တက်နေ

              ပခုက္ကူမြို့မဈေးကြီးအတွင်းတွင် စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသော အခြေခံ စားကုန်ကြက်သွန်ဖြူများ ပခုက္ကူခရိုင်အတွင်းရှိ ယောနယ်ကျောက်ထုဒေသထွက် ဗမာ ကြက်သွန်ဖြူ နှင့် ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ(ကြူကုတ်)အလုံးကြီးမျိုးများ ဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

              ပခုက္ကူမြို့ပေါ်တွင် ယခုလ ဇွန်(တတိယ)ပတ်အတွင်း ဗမာကြက်သွန်ဖြူ ယော ဒေသထွက် တစ်ပိဿာဈေးနှုန်းမှာ ပစ္စည်းအရည်အသွေး အရွယ်အစားလိုက်၍ (၄၅၀၀)ကျပ်မှ (၂၀၀၀)ကျပ် ဈေးနှုန်းအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်တစ်ပတ် အမြင့်ဆုံးဈေးမှာ တစ်ပိဿာ လျှင်(၄၃၀၀)ကျပ် မှ (၁၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်တစ်ပတ်ထက် ယခုတစ်ပတ် အတွင်း ကြက်သွန်ဖြူဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့် မြင့်တက်သွားကြောင်း၊ ရှမ်းပြည်မှ ဝင်ရောက်လာသော ကြက်သွန်ဖြူ(ကြူကုတ်)လုံးကြီးများမှလည်း ယခုတစ်ပတ်တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်တစ်ပတ်အတွင်း တစ်ပိသာလျှင်(၃၈၀၀)ကျပ် မှ (၃၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချခဲ့ရကြောင်း၊ ယခင်တစ်ပတ်ထက် (၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်သွားကြောင်း၊ (၁၅)ပိဿာဝင်ဆန့် တစ်အိတ်လုံးဝယ်ယူလျှင် လက်လီဖောက်သည်ဈေးဖြင့် တစ်ပိဿာလျှင် ပျမ်းမျှ(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ယောနယ်ဒေသတွင် ကြက်သွန်ဖြူစိုက်ဧကများ လျော့နည်း သွား၍ ကုန်ပစ္စည်းအဝင်နည်းကြောင်း အခြေခံစားသုံးကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်မှ တစ်ဆင့်သိရှိရသည်။

DOCA (မကွေး)

သရက်မြို့ပေါ်ရှိ မျှစ် ဈေးကွက်အခြေအနေ

           မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည့် မိုးဦးကျကာလများတွင်ပေါ်သည့် မျှစ်ကို သရက်မြို့ပတ်ဝန်းကျင် ကျေးရွာများရှိ ချောင်းကြို မြောင်းကြား၊ လျှိုကြားများတွင် ပေါက်ရောက်လျက်ရှိသည့်ဝါးရုံတောမှထွက်ရှိသော မျှစ်ကို မျှစ်ပြုတ်၊ မျှစ်ဆပ်၊ မျှစ်ချဉ်ဟူ၍ အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ်ဖောက်ကားစားသုံးလျက် ရှိကြပါသည်။

          မိုးဦးကာလ မေ-ဇွန်လများတွင် ပေါများစွာတွေ့ရသည့် မျှစ်အမျိုးမျိုးကို သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ သရက်မြို့မဈေး၊ ဗိုလ်ချုပ်ဈေးနှင့် အနောက်အခွံလွတ်ဈေးများသို့ မိုးရာသီရာသီစာသီးနှံဖြစ်သော မျှစ်ပြုတ်၊ မျှစ်ဆပ်များလာရောက်ရောင်းချလျှက်ရှိရာပေါ်ဦး ပေါ်စတွင် မျှစ်ပြုတ်တစ်ပိဿာ (၄၀၀ဝိ/-)၊ မျှစ်ဆပ်တစ်ပိဿာ (၃၂၀ဝိ/-)အထိ ဈေးကောင်းရရှိ ခဲ့ပြီး ယခုလက်တလော ဈေးနှုန်းများမှာ မျှစ်ပြုတ်တစ်ပိဿာ (၂၅၀ဝိ/-)၊ မျှစ်ဆပ် တစ်ပိဿာ လျှင်(၂၂၀ဝိ/-)ဖြင့် ရောင်းချရသည့်အတွက် ကျေးလက်နေပြည်သူများ ဝင်ငွေရပြီး စားဝတ်နေရေး ပြေလည်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း