ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒူးရင်းသီးအကြောင်း တစေ့တစောင်း

                  ဒူးရင်းသီးဆိုလိုက်ရင် ကြားတာနဲ့ စားချင်လာပြီဆိုတဲ့သူတွေ ရှိသလို ဒူးရင်းသီးလား အနံ့တောင်မခံနိုင်ဘူး ဆိုသူတွေလည်းရှိကြပါတယ်။ ရာသီစာ ဒူးရင်းသီးကို သူရဲ့အရသာကြောင့် ကြိုက်တဲ့လူအများကြီးရှိပေမယ့်လည်း အနံ့ကြောင့် အများစုက ကြိုက်နှစ်သက်ခြင်း မရှိကြ ပါဘူး။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်း ဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာ တို့မှာ အဓိက ပေါက်ရောက်လေ့ရှိပါတယ်။ မြန်မာပြည်မှာဆိုရင် မြန်မာပြည်တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်သည်။ ၎င်း၏ အင်္ဂလိပ်အမည်မှာ DURAIN ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Durio Zibethenus၊ မျိုးရင်းအမည်မှာ BOMBACEAE ဖြစ်သည်။

                  ဒူးရင်းပင်သည် ကျောက်စရစ်မြေနီကို ပို၍ ကြိုက်သည်။ မြေဆီကောင်းမွန်ပြီး ရေစီးဆင်းမှုကောင်းသော နုန်းဆန်သော မြေ၊ ရေသွင်းရေထုတ်ကောင်းစွာပြုလုပ်နိုင်သော မြေညီမြေပြန့်ကို ကြိုက်နှစ်သက်သည်။ PH 6.5 ဝန်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေကို နှစ်သက်သည်။

                  ပူအိုက်စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် (၂၄ ဒီဂရီဆဲလ်စီယပ် မှ ၃၀ ဒီဂရီဆဲလ်စီးယပ်) စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း၊ မိုးရေချိန် ၇၅ လက်မ အထက်ရှိသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ လစဉ် ပျမ်းမျှအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် ထက်နည်းပါက အပင်ကြီးထွားမှု မဖြစ်ပါ။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်ထိ ခံနိုင်သော်လည်း အရွက်ကြွေပါမည်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းသော ဒေသများတွင် စီးပွားဖြစ် အသီးထုတ်လုပ်ရေးအတွက် ပိုကောင်းကြောင်း သိရှိရသည်။ မွန်ပြည်နယ်တွင် ဒူးရင်းသီးကို နေရာအနှံစိုက်ပျိုးကြရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၇၅၉၀ ဧက ရှိပြီး ရိတ်သိမ်းဧက ၇၂၅၂ ရှိကြောင်း၊ အထွက်နှုန်း တစ်ဧက လျှင် ၂၇၃၇ လုံးရှိရာ အလုံးရေစုစုပေါင်း ၁၉၈ သိန်းကျော်ခန့် ထွက်ရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရှိရသည်။

                  ဒူးရင်းသီးကို မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်ပြီး ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုး နိုင်ပါသည်။ မျိုးရွေးချယ်ရာတွင် (၁) အသီးအထွက်ကောင်းခြင်း၊ (၂) အိမ်မွှာကြီးပြီး အသားထူ ခြင်း၊ အစေ့သေး၊ အရသာကောင်းခြင်း၊ (၃) စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးသင့်သည်။ အရည်အသွေးကောင်းမျိုးများဖြစ်သည့် ကန်ကလေး (၁)၊ ကန်ကလေး (၂)၊ ရွှေဒင်္ဂါးမီးချောင်း ခေါင်းများကို စိုက်ပျိုးနိုင်သည်။

            ဒူးရင်းသီးတစ်ဧကတွင် (၃၀' x ၃၀' )ခြားစိုက်ပါက ၄၈ ပင်၊ (၂၅' x ၂၅' )ခြားစိုက်ပါက ၇၀ ပင်၊ (၂၀' x ၂၀' ) ခြားစိုက်ပါက ၁၀၈ ပင် ဝင်ဆန့်ပြီး ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃' x ၃' x ၃' အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ် ၁၅:၁၅:၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊  နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁)ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။ ကျန်းမာသန်စွမ်းသော(၁-၂)နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝမဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး (၂) နှစ်သားထိ ကျနေဒဏ်ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရသည်။ ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေ အကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။

               မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရသည်။ အသီးခူးပြီးချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း (စက်တင်ဘာ/ အောက်တိုဘာ) တွင် ပြုလုပ်ပြီး မိုးစကုန်သည့်ရက်မှ (၁)လခန့် ရေဖြတ်ပြီးမှ ရေသွင်းရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းပါမည်။နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက ၄-၅ ရက် တစ်ကြိမ်လုံလောက်စွာပေးရသည်။

               ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြစ်ပြုပြင်ခြင်းလည်း လုပ်ရပါမည်။ ရှုပ်ထွေးနေ သောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များနှင့် ရေတက်များရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေးသုတ်လိမ်းပေးရန်ဖြစ်သည်။ ရောဂါဝင်နိုင်၍ ဖြစ်သည်။ အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါသည်။ အပင်ခြေအထက် (၃) ပေတွင် မည်သည့်အကိုင်းမှမရှိစေရန် ရှင်းထားရမည်။

               မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅:၁၅:၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန်ဖြစ်သည်။

မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ ကောင်းမွန်ပါသည်။ နွားချေးသုံးလျှင် နွားချေးမှာ အဆွေးပါက ရောဂါ အားပေးမှု ဖြစ်စေနိုင်ပါသည်။

                  ဒူးရင်းပင်များသည် ပင်ညှိုးပိုး၊ ပင်စည်ပုပ်ရောဂါများ ဖြစ်တတ်သဖြင့် ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။  ပိုးနှင့် ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်  မိုးရာသီ ပင်ခြေ  ရေလုံးဝမဝင်စေရန် ဆောင်ရွက်ခြင်း၊ ရေစိုနာအကွက်တွေ့ပါက ခြစ်ထုတ်ပြီး Metalaxy သုတ်လိမ်းခြင်း၊ အပင်ကိုယ်ခံစွမ်းအားကောင်းရန် 10% Phosphorus acid ကို ပင်စည်ထဲသို့ ထိုးသွင်းခြင်းကို ဆောင်ရွက်သင့်သည်။

                  ဒူးရင်းသည် Year Round တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ ပန်းပွင့်ချိန်သည် တစ်လခွဲခန့်ကြာပြီး မျိုးအလိုက် စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆လထိ ကြာပါသည်။ နိုဝင်ဘာလတွင် ပန်းစပွင့်သောအပင်သည် ဧပြီလတွင် အသီးဆွတ်ခူးနိုင်ပါသည်။ အရောင်ပြောင်း၊ ဆူးကြဲလာလျှင် ကောင်းစွာရင့်ပါသည်။ လက်မနှင့် ဆူးကို ခေါက်ကြည့်ပြီး ဂလိုင်သံထွက်လာလျှင် အညှာအရင်းအထက်ဖြတ်ပြီး ခူး၍ရပြီဖြစ်သည်။ အသီးများ ကောင်းစွာရင့်မှည့် မှသာ ဆွတ်ခူးရပါသည်။ အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါသည်။

                  ဒူးရင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် အူမကြီး လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေပါသည်။ သီရာမင်း ပါဝင်နေမှုကြောင့် အစာစားချင်စိတ်ကို တိုးစေနိုင်သည်။ လေပွခြင်း၊ ရင်ပူခြင်း၊ လေခံခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ ဒူးရင်းသီးမှာပါဝင်သော organosulfur သည် အင်ဇိုင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ အမျှင်ဓာတ်သည် သွေးတွင်းရှိ မကောင်းသော ကိုလက်စထရော ကျဆင်းစေရန် ထောက်ကူပေးပြီး နှလုံးသွေးကြောများကို ကျန်းမာစေနိုင်ပါသည်။ ဒူးရင်းသီးသည် အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါသည်။ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်သည့်အတွက် ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သွေးတိုးရောဂါ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ သွေးကြောများကို ပြေလျော့စေပြီး ရုတ်တရက် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း မဖြစ်စေရန် ကာကွယ်ပေးနိုင်ပါသည်။ ကယ်လ်လိုရီ ပါဝင်မှုများခြင်းကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပြီး ကိုယ်အလေးချိန်တိုးစေရန် အကောင်းဆုံး ထောက်ကူပေးနိုင်ပါသည်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်သဖြင့် ကိုယ်ခံအားကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း တိုးတက် ကောင်းမွန်စေနိုင်ပါသည်။ ဒူးရင်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ခြင်း ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး polyphenols ပါဝင်နေမှုက ကင်ဆာဆဲလ်များ မကြီးထွားစေရန် ဟန့်တားပေးသလို ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပါသည်။ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နှင့် မဂ္ဂနီဆီယမ် ကဲ့သို့ သတ္တုဓာတ်များ ပါဝင်နေမှုကြောင့် အရိုးသိပ်သည်းဆကို ကောင်းမွန်စေသကဲ့သို့ အရွတ်များကိုလည်း ကျန်းမာစေနိုင်ပါသည်။ သံဓာတ်နှင့် ဖောလိတ် ပါဝင်သဖြင့် သံဓာတ် အားနည်းပြီး သွေးအားနည်းရောဂါမဖြစ်စေရန် ကာကွယ်ပေးနိုင်ပါသည်။ ဒူးရင်းသီးမှာ tryptophan ပါဝင်သဖြင့် ဦးနှောက်ထဲမှာ ဆီရိုတိုနင် ဟော်မုန်း ထွက်ရှိစေပြီး သက်တောင့်သက်သာဖြစ်မှုနှင့် ပျော်ရွှင်မှုကို ခံစားရပြီး သွေးကြောထဲတွင်   မယ်လ်လာတိုနင် ထွက်ရှိစေခြင်းကြောင့်   ညဘက်မှာ ကောင်းကောင်း    အိပ်ပျော်စေရန် အထောက်အကူပေးပါသည်။ အလှအပအနေနဲ့ ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ဆံသားနှင့် အသားအရေကို ကျန်းမာလှပစေနိုင်ပါသည်။

                  မြန်မာနိုင်ငံတွင် ဒူးရင်းသီး ပေါ်ချိန်မှာ မေ၊ ဇွန်၊ ဇူလိုင် လတို့၌ ဒူးရင်းသီးလှိုင်လှိုင် ထွက်သော အချိန်ဖြစ်သည်။ ယခု ဇွန်လတွင် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ရာ ဈေးနှုန်းများမှာ ဒေသထွက် အလုံးကြီး (၈၀၀၀) ကျပ်၊ အလတ် (၅၀၀၀)ကျပ်၊ အသေး (၂၅၀၀)ကျပ်ရှိကြောင်း သိရှိရပြီး ဒေသတွင်း စားသုံးခြင်းသာမက ပဲခူး၊ ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်းစိုက်ပျိုးသော တောင်သူများဝင်ငွေတိုးတက်ရရှိလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ကိုးကား- စိုက်ပျိုးရေးဦးစီးဌာန

DOCA(မွန်)

မော်လမြိုင်တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်

              ပြည်ပတင်ပို့မှုမရှိသလောက်ဖြစ်နေချိန်တွင် ပြည်တွင်းကြက်သွန်နီဈေးမြင့်တက်လာကြောင်း အိမ်ရှင်မများနှင့် ကုန်သည်အချို့ထံမှ သိရှိရပါသည်။ ထို့ပြင် မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးအချို့မှာလည်း ကြက်သွန်နီဈေးများ မြင့်တက်လာနေကာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် (၂၀၀၀/) ကျော်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း စားသုံးသူအချို့ထံမှ သိရှိရပါသည်။

              ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ကြက်သွန်နီ အလုံးသေး/အလတ် တစ်ပိဿာလျှင် (၆၀၀/၊ ၈၀၀/)ကျပ်၊ အလုံးကြီး  အလုံးသန့် တစ်ပိဿာလျှင် (၁၂၀၀/)ကျပ်ခန့်သာရှိခဲ့ပြီး ယခု ဇွန်လကုန်တွင် ကြက်သွန်နီ အလုံးသေး/အလတ် တစ်ပိဿာလျှင် (၂၀၀၀/၊ ၂၄၀၀/) ကျပ်၊ အလုံးကြီး တစ်ပိဿာလျှင် (၂၆၀၀/) ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရှိရပါသည်။

             ယခင်မေလဆန်းက ကြက်သွန်နီ ၁၀ ပိဿာဝင်တစ်အိတ်လျှင် (၁၀၀၀၀) ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခု ဇွန်လကုန်တွင် ကြက်သွန်နီ ၁၀ ပိဿာဝင်တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်ထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

             ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်လာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇွန်လ နောက်ဆုံးပတ်တွင်  ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းကျပ်၄၄၅၀၀၊ ပဲတီစိမ်း(သေး) တစ်တင်း ကျပ်၃၆၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၄၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၅၃၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၄၅၅၀၀-၄၆၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၇၀၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၅၀၃၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၀၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

                ဂျုံဖြူသန့်တစ်တင်း ကျပ် ၄၄၅၀၀၊ ဂျုံနီတစ်တင်း ကျပ် ၄၂၅၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၈၅၀၀-၇၁၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်း ကျပ် ၄၃၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၅၅၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၆၂၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၃၀၀၀-၄၄၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၅၄၀၀၀-၅၈၅၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၃၅၀၀၊ ပဲလွန်းဖြူတစ်တင်း ကျပ် ၃၂၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၃၁၀၀၀၊ ပဲယင်းဝါတစ်တင်း ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၄၈၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၄၂၀၀၊ ပြောင်းဖြူ တစ် တင်းကျပ် ၁၅၂၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညို တစ်တင်းကျပ် ၅၀၀၀၀၊ နှမ်းနက် တစ်တင်းကျပ် ၆၅၀၀၀ -၇၃၀၀၀၊ နှမ်းဖြူတစ်တင်းကျပ် ၆၁၀၀၀၊ နှမ်းနီ တစ်တင်း ကျပ် ၅၀၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၄၃၀၀-၄၃၅၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၃၀၀-၄၄၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၁၉၀၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၃၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၀၈၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

                ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းနှင့် ဆီထွက်သီးနှံဈေးနှုန်း များဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ်‌ ဈေးကျနေကြောင်း သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစိစစ်

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးတို့သည်(၂၅.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးဆီရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

                   ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဒု-ခရိုင်ဦးစီးမှူးဦးသန့်ဇင်မှ စားသုံးဆီရောင်းချပေးခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိင်ရေး အတွက် စားသုံးဆီများကိုဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် ခွဲဝေရရှိ သည့် စားသုံးဆီပိဿာ(၄၄၀၀)အား တစ်ပိဿာလျှင် ရည်ညွှန်းဈေး(၅၈၅၀)ကျပ်ဈေးဖြင့် ပြည်သူ တစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးလျှက်ရှိသော လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်းကုန်မျိုးစုံဆိုင်ရှင်အနေဖြင့် စားသုံးဆီရောင်းချမှုပုံစံနှင့် အချိန်အတွယ်မှန်ကန်ရေးတို့အား ကွင်းဆင်းကြပ်မတ် စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေသထွက်စပါးဈေးနှုန်း မြှင့်တက်လျက်ရှိ

              ကယားပြည်နယ်တွင်စပါးကို နွေ/မိုး အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်း စိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာ အနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိက တင်ပို့နေကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ၊ စပါး (နွေ၊မိုး) စိုက်ဧက (၇၂၀၉၅)၊ ရိတ်ဧက (၇၁၉၃၈)၊ အထွက်(၄၇၅၀၅၃၈) တင်းထွက်ရှိပြီး ယခုလက်ရှိ ပြည်နယ်အတွင်း စပါးလက်ကျန်မှာ တောင်သူ များထံ(၁၇၀၀၀၀၀)တင်း၊ ဆန်စက်များတွင် (၁၅၀၀၀၀)တင်း စုစုပေါင်း(၁၈၅၀၀၀၀)တင်း သာကျန်ရှိကြောင်း ၊ ယခုဇွန်လအတွင်း ဒေသထွက်စပါးဈေးနှုန်းမှာတင်း(၁၀၀)လျှင်( ၈၇၀၀၀၀ )ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် မေလအတွင်း စပါးဈေးနှုန်းမှာတင်း (၁၀၀)လျှင် (၈၄၀၀၀၀) ကျပ်ဈေးသာရှိခဲ့ပြီး  ယခင်မေလနှင့် ယခုဇွန်လနှိုင်းယှဉ်လျှင် စပါးတင်း(၁၀၀)လျှင်(၃၀၀၀၀) ကျပ်ခန့် ဈေးနှုန်း မြှင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ပြည်နယ်တွင်း စပါးလက်ကျန် လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းလျှက်ရှိ

                ကယားပြည်နယ်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးနှင့် ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ယခုမိုးရာသီအချိန်တွင် ၎င်းဒေသများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း အများအပြားဝင်ရောက်လာရာ ဒေသ ထွက် ဂေါ်ဖီထုပ်ဈေးနှုန်းမှာ ယခု ဇွန်လအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၅၀၀)ကျပ်၊ အသေး(၂၀၀)ကျပ်ဈေး အရောင်းအဝယ်ဖြစ်လျှက်ရှိရာ ယခင် မေလ တွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၈၀၀)ကျပ်၊ အသေး(၄၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် မေလ နှင့် ယခု ဇွန်လ နှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး(၃၀၀)ကျပ် ၊အသေး (၂၀၀) ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း ၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဒေသထွက် ဂေါ်ဖီထုပ်များ ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းကြောင့်  ဈေးနှုန်းကျဆင်းရခြင်းဖြစ်သည်ဟု လွိုင်ကော်မြို့၊  သီရိမင်္ဂလာဈေးရှိ ဂေါ်ဖီထုပ် ရောင်းချ သော လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

လွိုင်ကော် ဈေးကွက်အတွင်း၌ အရောင်းသွက်နေတဲ့ တညင်းသီး

        ရာသီအချိန်ကာလဖြစ်သော တညင်းသီးးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ကြိုက်နှစ်သက်၍ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ တညင်းသီး များကို ကယားပြည် နယ် ၊လွိုင်ကော်မြို့နယ် ဒေသရှိကျေးရွာများမှ ထွက်လျက်ရှိရာ ပေါ်ဦးပေါ်ဖျား အချိန်ရာသီ ဖြစ်၍ ဈေးကောင်းရပြီး အဝယ်လည်းလိုက်နေပါသည်။ အခုအဈေးကွက်အတွင်း ရောင်းချ‌နေ သော ကယားပြည်နယ်ထွက် တညင်းသီး များသည် အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးတွေ့ရပြီး အလုံးအကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါသည်။ တညင်းသီး (စာကလေး) အချော တစ်လုံး လျှင် ကျပ် ၆၀ မှ ၈၀ ကျပ်၊ တညင်းသီး (စာကလေး)အလတ် တစ်လုံးလျှင် ကျပ် ၄၀ မှ ၅၀ ကျပ်၊ တညင်းသီး (ထောပတ်)အချော တစ်လုံးလျှင် ကျပ် ၅၀ မှ ၆၀ ကျပ်၊ တညင်းသီး ( ထောပတ် ) အလတ်တစ်လုံး လျှင် ကျပ် ၄၀ မှ ၅၀ ကျပ် ထိရှိပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိ၍ ဈေးကောင်း ရပြီး အဝယ်လိုက်နေကြောင်း သိရှိရပါတယ်။

DOCA(ကယား)

တစ်ရိပ်ရိပ်မြှင့်တက်နေသောကြက်သွန်နီစျေးနှုန်း

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီစိုက်ဧက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၂၇၉၇၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ဆောင်းကြက်သွန်နီများကို စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး အစောဆုံးပေါ်သော ဆောင်းကြက်သွန်နီများမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် စတင်ထွက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် စိုက်ဧကများအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ကြက်သွန်ပေါ်ဦးပေါ်စတွင် တောင်သူများအနေဖြင့် တစ်ပိဿာလျှင် (၄၀၀/-)ကျပ်မှ (၅၀၀/)ကျပ်အထိသာ ရောင်းချခဲ့ရပြီး အရှုံးမရှိခဲ့သော်လည်း တောင်သူများအနေဖြင့် တွက်ချေမကိုက်၍ အချို့ကိုသာ ရောင်းချခဲ့ရပြီး ကျန်ရှိသည့်ကြက်သွန်နီများကို အိမ်တွင်သိုလှောင်ထားခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကြက်သွန်နီစျေးကွက်မှာ (၇၀၀/-)ကျပ်မှ (၈၀၀/-)ကျပ်အထိ စျေးနှုန်းများ အနည်းငယ်မြှင့်တက်လာခဲ့ပြီး လက်ရှိအချိန် ဇွန်လတတိယပတ်မှစ၍ ကြက်သွန်နီစျေးနှုန်းမှာ အကြီး၊အသေး အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၈၀၀/-)ကျပ်မှ (၂၀၀၀/-)ကျပ်အထိ မြင့်တက်လျက်ရှိပါသည်။ စျေးနှုန်းများမြင့်တက်လာသဖြင့် ကြက်သွန်စိုက် တောင်သူများ၊ ပွဲစားများမှာ အကျိုးအမြတ်များ ပိုမိုရရှိလာခဲ့ပါသည်။ ကြက်သွန်နီစီးဆင်းမှုအနေဖြင့် ရန်ကုန်၊ မန္တ‌လေးနှင့် မြဝတီမြို့များသို့ အများဆုံး တင်ပို့ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ကြက်သွန်နီစျေးကွက်မှာ ယခင်နှစ်ထက်စာလျှင် တောင်သူ၊ ကုန်သည်၊ ပွဲစားများအတွက် အကျိုးအမြတ်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ပဲတီစိမ်း(မိုးကြို/မိုး)ဖြိုင်ဖြိုင်ရိတ်သိမ်းမှုနှင့် စျေးကွက်အခြေအနေ

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး၊ ၄င်းသီးနှံများအနက်မှ ပဲတီစိမ်း(မိုးကြို/မိုး)ကိုလည်း အများအပြားစိုက်ပျိုးလျှက်ရှိကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ယခင်(၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် (၄၃၁၉၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် (၂၅၆၈၀)ဧက စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သွင်းအားစုစရိတ်များ မြှင့်တက်နေမှုကြောင့် ယခင်နှစ်ထက် လျော့နည်းစိုက်ပျိုးပြီး ပဲတီစိမ်း(မိုးကြို/မိုး)ကို မတ်လတွင် စတင်စိုက်ပျိုးကြပြီး၊ မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း(၁၁)မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မျိုးစေ့အနေဖြင့် တစ်ဧကလျှင် (၅-၆)ပြည်ခန့်ကုန်ကျကြောင်း တစ်ဧကကုန်ကျစရိတ်မှာ မျိုး၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း (၃၀၀၀၀၀/-)ဝန်းကျင် ကုန်ကျကြောင်းသိရှိရပါသည်။ ယခုအချိန် ပဲတီစိမ်းများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျှက်ရှိကြောင်း၊ ဇွန်လ တတိယပတ်အထိ မြို့နယ်များ ရိတ်သိမ်းပြီးဧကများမှာ ကျောက်ဆည်မြို့နယ်တွင် (၅၀၀၀)ဧက၊ စဥ့်ကိုင်မြို့နယ် (၃၅၀၀)ဧက၊ မြစ်သားမြို့နယ်တွင် (၁၃၃၉)ဧက ရိတ်သိမ်းပြီး တံတားဦးမြို့နယ်တွင် ရိတ်သိမ်းမှုမရှိသေးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်တွင် မိုးကောင်း၍ ထွက်နှုန်းကောင်းပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၅)တင်းထိထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ် ပဲတီစိမ်းတစ်တင်းလျှင် (၃၃၀၀ဝိ/-)စျေးရှိပြီး ယခုနှစ် ပေါ်ဦးပေါ်စအချိန်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုဖြိုင်ဖြိုင်ပေါ်ချိန်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၄၄၀၀၀/-)ကျပ် စျေးနှုန်းသာရှိပြီး စျေးနှုန်းအနည်းငယ်ကျသွားကြောင်း၊ ယခုနှစ် ပဲတီစိမ်းစျေးနှုန်းမှာ ယခင်နှစ်ထက် စျေးပိုမိုရရှိသောကြောင့် ယခုနှစ်မှာတော့ တောင်သူများအတွက် တွက်ချေကိုက်သီးနှံဖြစ်ပါကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

တောင်တွင်းကြီးမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာနှင့် မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ

           မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး အလေးထားဆောင်ရွက်လျက်ရှိရာ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ရေဦးအုပ်စု၊ ရေဦးကျေးရွာမှ လယ်ယာမြေများတွင် ၂၀၂၂ခုနှစ် မေလဆန်းမှစ၍ မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့ သည့် မိုးနှမ်းနှင့် နေကြာသီးညှပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

          တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးနှမ်း(၉၉၃၉၅) ဧက စိုက်ပျိုးရန် လျာထားခဲ့ကြောင်းနှင့် မိုးနေကြာသီးညှပ်(၃၅၂၇)ဧက၊ သီးသန့်(၁၂၃၀)ဧက စုစုပေါင်း (၄၇၅၇)ဧက စိုက်ပျိုးရန်လျာထားခဲ့သော ကျေးရွာအုပ်စု(၂၈)အုပ်စုတို့တွင် မိုးနေကြာ(၂၆၈၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး သတ်မှတ်ဧက ပြည့်မီစိုက်ပျိုးရန်အတွက် ၂၀၂၂ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများအတွင်း အပြီးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း