“နနွင်းစိုက်ပျိုးမှုနှင့်စျေးကွက်အခြေအနေ”
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအနေဖြင့် စပါးကိုအဓိက ထားစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကို ယာမြေများတွင် အများဆုံး စိုက်ပျိုးကြပါသည် ။ ကျောက်ဆည်ခရိုင်တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်တွင် နနွင်းစိုက် ဧက(၂၅၁၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ခုနှစ်တွင်(၂၃၅၈)ဧက စိုက်ပျိုးခဲ့ကြောင်း၊ ကျောက်ဆည်မြို့နယ်တွင်(၅၀၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၆)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၂၄၉)ဧက၊ စုစုပေါင်း (၁၇၁၈)ဧကရိတ်သိမ်းနိုင်ခဲ့ကြောင်းကို သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ယခင်နှစ်ထက် သွင်းအားစုများ၏ စျေးနှုန်းမြှင့်တက်လာမှုကြောင့် နနွင်းစိုက် ဧကများလျော့နည်းလာကြောင်း သိရှိရပါသည်။ နနွင်းသီးနှံသည် ဧပြီ ၊ မေလများတွင် စတင်စိုက်ပျိုး ကြ၍ သဲနုန်းမြေကိုပိုမိုနှစ်သက်ပြီး အခြားသီးနှံများကဲ့သို့ မြေပြင်ပြီး ဘောင်ဖြင့်စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးပြီး(၄)လအကြာတွင် အဖူးအပွင့်များ စတင်ဖူးပွင့်ကြောင်း ၊ နနွင်းဖူးများကို စျေးကွက်တွင် ရောင်းချပါက မိသားစုအပိုဝင်ငွေများ ရရှိသည့်အပြင် နှမ်းသီးနှံနှင့် ပဲတီစိမ်းသီးနှံများကိုလည်း သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း ၊ နနွင်းကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် စတင်တူးဖော်ပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၁၆၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် နနွင်းဂေါင်း သို့မဟုတ် နနွင်းတက် များကိုသာ စိုက်ပျိုးကြကြောင်း ၊ နနွင်းဂေါင်းဖြင့် စိုက်ပျိုးလျှင် (၁)ဧက(၁၀၀)တင်း ကုန်ကျပြီး၊နနွင်းတက်ဖြင့် စိုက်ပျိုးလျှင် (၁)ဧကလျှင် (၅၀)တင်းကုန်ကျကြောင်း၊ နနွင်းမျိုးစျေးနှုန်းအနေဖြင့် နနွင်းဂေါင်း (၁)တင်းလျှင်(၄၅၀၀/-)ကျပ် ၊ နနွင်းတက် (၁)တင်းလျှင် (၇၂၀၀/-)ကျပ်ပေးရကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် နနွင်းတက်အစို လှည်း(၁၂) စီးခန့်ထွက်ရှိကြောင်း ၊ ၄င်းနနွင်းတက်အစို လှည်း(၁၂)စီးအား ပြုတ်ပြီးအခြောက်လှန်းပါက နနွင်းတက် (၇၀၀-၈၀၀)ပိဿာခန့် ထွက်ရှိကြောင်း သိရှိရပါသည် ။ စျေးနှုန်းအနေဖြင့် နနွင်းတက် အစိုလှည်း(၁)စီးလျှင် ယခင်နှစ်တွင်(၁၅၀၀၀၀/-)ကျပ် ၊ ယခုနှစ်တွင်(၂၂၀၀၀၀/-)ကျပ် ၊ နနွင်းတက် အခြောက်(၁)ပိဿာလျှင် ယခင်နှစ်တွင်(၂၅၀၀/-)ကျပ်၊ယခုနှစ်တွင်(၃၆၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နနွင်းတက်(၁)ပိဿာကြိတ်လျှင် နနွင်းမှုန့်(၁)ပိဿာရရှိပြီး ကြိတ်ခအနေဖြင့် (၁၀၀၀)ကျပ်ပေးရကြောင်း ၊ နနွင်းမှုန့်(၁)ပိဿာစျေးနှုန်းမှာ (၈၀၀၀/-)ကျပ်စျေးရှိကြောင်း ၊ တောင်သူများအနေဖြင့် ယခင်နှစ်ထက် စျေးနှုန်းပိုမိုရရှိခဲ့ပြီး (၁)ဧက အကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-)ကျပ်ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)