တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်မြို့နယ် တစ်ခုဖြစ်သော်လည်း၊ ငါးမွေးမြူရေးအနေဖြင့် ငါးကန်ပေါင်း (၁၀၀၀) ကျော်ရှိ၍ ငါးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်မှုရရှိနေသည့် မြို့နယ်တစ်ခု ဖြစ်သည့်အလျောက် ယခုအခါတွင် ငါးမွေးကန်အတော်များများတွင် ဥစားကြက်ခြံများကို များပြားစွာ တွေ့မြင် နေရပါသည်။
မအူပင်၊ ရန်ကုန်ကားလမ်းဘေးရှိ ငါးကန်များတွင် ဥစားကြက်များ မွေးမြူထားသည် ကိုတွေ့ရှိရသည့်အတွက် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ သည် ၂၀၂၃ခုနှစ် မတ်လ ဒုတိယပတ်တွင် မအူပင်ငါးမွေးမြူရေးကန်သို့သွားရောက်၍ ငါးကန်ပေါ်တွင် ဥစားကြက်မွေးမြူထားသော YEE HOT AGRICULTURE & Kives Tock Co.LTD သို့ကွင်းဆင်း လေ့လာခဲ့ပါသည်။
အဆိုပါကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် YEE HOT AGRICULTURE & Kives Tock Co.LTD ပိုင်ရှင်က ငါးကန်ပေါ်တွင် ကြက်ခြံ၏အရွယ်အစားမှာ ၃၆’ x ၂၈၀’ အရွယ်ခန့်ရှိပြီး ဥစား ကြက်ကောင်ရေ ၆၀၀၀ခန့် မွေးမြူခဲ့ပါသည်။ ဥစားကြက်အကောင်သေး တစ်ကောင်လျှင် ၁၀၀၀/-ကျပ်ဖြင့် စတင်ဝယ်ယူမွေးမြူခဲ့ရကြောင်း၊ ကြက်အစာအိတ် တစ်အိတ်လျှင် ၅၀၀၀၀/-ကျပ်ခန့်ရှိပြီး (၅) လအတွင်း ၆အိတ်၊ ၇အိတ်ခန့်ကျွေးမွေးခဲ့ရကာ မွေးမြူပြီး ၅လကြာသောအခါ ကြက်ဥများ စမ်းဥသည့်ကာလသို့ရောက်ရှိပါကြောင်း၊ မွေးမြူးပြီး ၇လမှာစတင်၍ (၁၀)လခန့် ကြက်ဥများ လှိုင်လှိုင်ဥသည် ကာလဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ကြက်ဥများ လှိုင်လှိုင်ဥသည့်ကာလတွင် အလုံးကြီး၊ အလုံးလတ်၊ အလုံးသေးများကို တစ်ပိဿာ ၅၂၀၀/-ကျပ်ဖြင့် ရန်ကုန် အစာစက်ရုံမှ ပြန်လည်ဝယ်ယူပြီး ကြက်ဥဈေးကွက်လိုအပ်ချက်များကို မျှတစွာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့အပြင် ဥစားကြက်မွေးမြူရေးမှ အကျိုးအမြတ်ရရှိမှု နည်းပါးသော်လည်း ငါးကန်အတွင်းရှိ မွေးမြူထားသော ငါးများမှာအစာကျွေးရမှု လျော့နည်းသက်သာပြီး ငါးမွေးမြူရေးမှ အကျိုးအမြတ်ရရှိကြောင်း ထပ်မံရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဈေးကွက်လိုအပ်ချက်ရှိနေသော ဥစားကြက်မွေးမြူမှု အခြေအနေကောင်းများ ရရှိလာနိုင်စေရေး၊ အရည်အသွေးကောင်း ဥစားကြက်များမွေးမြူမှု အခြေအနေကောင်းများ ရရှိလာနိုင်စေရေး၊ အရည်အသွေးကောင်းဥစားကြက်များမွေးမြူနိုင်ရေးမှသည် ငါးမွေးမြူးရေးကို အထောက်အပံ့ပြုနိုင်ရေးအတွက် ရရှိနိုင်မည့် နည်းလမ်းကောင်းများကို ထည့်သွင်းဆွေးနွေးရုံသာမက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အကျယ်တဝင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
ပုသိမ်ဆန်ဈေးကွက် ဖေဖော်ဝါရီလအတွင်း ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၇၅၀၀၀/- ဈေး၊ ပေါ်ဆန်းရင်ဆန်တစ်အိတ် ကျပ်၇၂၀၀၀/- ဈေးနှင့် မနောသုခ၊ မျိုးပွားဆန် တစ်အိတ် ကျပ် ၅၇၀၀၀/- ဈေးဖြင့် ဒေသတွင်းနှင့် ရန်ကုန်၊ အထက်အညာဒေသများသို့ အရောင်းအဝယ် သွက်လျက်ရှိပြီး ယခုမတ်လပထမပတ်တွင် အရောင်းအဝယ်ပုံမှန်သာရှိကြောင်း ဆန်ကုန်သည်များထံမှ သိရပါသည်၊၊
ယခုမတ်လပထမပတ် ဧရာဝတီပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၃၀၀၀ ခန့် ဈေးနှုန်းကျဆင်းပြီး ယခင်တစ်အိတ်ကျပ် ၇၅၀၀၀/- ဈေးမှ ယခု ကျပ် ၇၂၀၀၀/- ဝန်းကျင် ပေါ်ဆန်းရင် ဆန်တစ်အိတ်ကျပ် ၂၀၀၀ ခန့် ဈေးနှုန်းကျဆင်း၍ ယခင်တစ်အိတ်ကျပ် ၇၂၀၀၀/- ဈေးမှ ယခု ၇၀၀၀၀/- ဝန်းကျင်ဈေးနှင့် မနောသုခ၊ မျိုးပွားဆန်တစ်အိတ် ကျပ် ၂၀၀၀ ခန့် ဈေးနှုန်း ကျဆင်းသွားပါကြောင်း၊ ယခင်တစ်အိတ်ကျပ် ၅၇၀၀၀/- ဈေးမှ ယခုတစ်အိတ် ၅၅၀၀၀/- ကျပ်ဝန်းကျင်ဈေးသို့ ဈေးနှုန်းကျဆင်းလျက်ရှိပါကြောင်း၊ ယခုနှစ် ဧရာဝတီပေါ်ဆန်းဆန်ဈေးနှုန်းမှာ စပါးပေါ်ချိန် ဇန်နဝါရီလ မှစ၍ ကျပ် ၅၆၀၀၀/- ၅၇၀၀၀/- ဈေးနှုန်းဖြင့်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသော်လည်း နောက်ပိုင်းတွင် ဈေးနှုန်းတဖြေးဖြေးမြင့်တက်၍ ဆန်တစ်အိတ်အမြင့်ဈေး ကျပ် ၇၅၀၀၀/-ဈေးနှုန်းမှ ယခုအရောင်းအဝယ်အေးသွားချိန် ဆန်ဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်၊၊
DOCA(ဧရာဝတီ)
၁၄.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်းစိုက်ရာသီ၌ ဧက ၃သိန်းကျော်စိုက်ပျိုးခဲ့ရာ အဓိကပြည်တွင်းဈေးကွက်နှင့် ပြည်ပ EU ဈေးကွက်ဝင်ပဲတီစိမ်းများကို အများဆုံး ၉၀% စိုက်ပျိုးလျက်ရှိပါသည်၊၊ အရည်အသွေးကောင်းသည့်ခရမ်းပဲတီစိမ်းမှာ ခရမ်းမြို့နယ်တစ်မြို့နယ်တည်းတွင် စိုက်ဧက(၁၀၁၁၁၈)ဧကစိုက်ပျိုးပြီး ယခုအချိန်တွင် ဧကအားလုံးမှာ ရိတ်သိမ်းပြီးစီးလုနီးပါးဖြစ်ပါသည်၊၊ ဈေးကွက်အနေဖြင့် ယခင်နှစ်ပဲတီစိမ်းရာသီနောက်ဆုံး၌ တစ်တင်းလျှင် ကျပ်(၆၀၀၀၀)ကျော်ရှိခဲ့ပြီး ယခုနှစ်ပဲတီစိမ်းပေါ်စအချိန် ဇန်နဝါရီလအတွင်း (၇၂) ပေါင်ကိုက်တစ်တင်းလျှင် ကျပ်(၇၀၀၀၀)ကျော်ရှိခဲ့ရာမှ မတ်လ ပထမအပတ်အထိ တစ်တင်းလျှင် ကျပ်(၇၉၀၀၀)ရှိလာခဲ့ကြောင်းသိရှိရပြီး ဒေသရှိ ပဲအဝယ်ဒိုင်များသို့ ရောင်းချလျက်ရှိကြောင်းနှင့် ယခုနှစ်ဇန်နဝါရီလအတွင်း မိုးရွာသွန်းခဲ့ခြင်းကြောင့် အထွက်နှုန်းနည်းသော်လည်း တောင်သူများအနေဖြင့် ယခင်နှစ်ထက်ယခုနှစ်၌ အကျိုးအမြတ်ပိုမိုရရှိလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကားရောင်းချပေးလျက်ရှိပါသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၃-၂၀၂၃) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့သွားရောက်၍ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်နှင့် ဈေးကွက်းများအား စုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များက အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။
ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ပိဿာလျှင် (၁၃၀၀၀/၁၄၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၅၆၀၀/၅၈၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ပိဿာလျှင် (၆၅၀၀/၈၅၀၀) ကျပ်၊ ဘဲ ၁ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် တစ်ရက်လျှင် ကုန်ပိဿာချိန် (၇၄၆၀၀) ပိဿာခန့်ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် မတ်လ (၁) ရက်နေ့မှ မတ်လ (၇) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မှော်ဘီမြို့နှင့် တိုက်ကြီးမြို့မှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၃၀၀၊ တွံတေးမြို့မှ သခမသီးအလုံးကြီး (၂၀ မှ ၃၅)လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၈၀၀၀၊ အလုံးလတ် (၄၀ မှ ၄၅)လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၇၀၀၀၊ အလုံးသေး (၆၀ မှ ၉၀)လုံးပါ တစ်ခြင်းလျှင် ကျပ် ၁၅၀၀၀၊ မော်လမြိုင်မြို့မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ် (၂၀၀၀ မှ ၂၅၀၀)အထိ၊ အလုံးလတ်တစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၁၈၀၀)အထိ၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၉၀၀ မှ ၁၂၀၀)အထိ၊ သီပေါမြို့မှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၇၀၀၊ ဆင်ဖြူကျွန်းမြို့မှ ဆီးသီး (စလေ) အလုံးကြီး ၈ ပြည်ပါ တစ်ခြင်းလျှင် ကျပ် ၁၁၅၀၀၊ ပြည်မြို့မှ ဆီးသီး (အချဉ်) အလုံးကြီး ၁၃ ပြည်ပါ တစ်ခြင်းလျှင် ကျပ် ၁၂၀၀၀၊ ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီအလုံးကြီး ၅ ပိဿာပါ တစ်ခြင်းလျှင် ကျပ် ၂၈၀၀၀၊ ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီအလုံးကြီး ၁၈ ကျပ်သားပါ တစ်ဘူးလျှင် ကျပ် ၁၁၀၀၊ ပဲခူးမြို့ (ဘုရားကြီး) မှ စိမ်းစားဥအလုံးကြီး ၁ တွဲလျှင် ကျပ် ၇၀၀၊ အလုံးလတ်တစ်တွဲလျှင် ကျပ် ၆၀၀၊ မြစ်သားမြို့မှ ပဲမြစ်တစ်ပိဿာ (အလုံးကြီး) လျှင် ကျပ် ၂၅၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ အင်းမမြို့နှင့် ခရမ်းမြို့မှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ် ၇၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၆၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၅၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)ထံမှ သိရှိရပါသည်။
DOCA(ရန်ကုန်)
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မတ်လ(၁)ရက်နေ့မှ မတ်လ (၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၄၀၀ မှ ၁၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀ မှ ၁၅၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၃၀၀ မှ ၁၀၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၂၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၁၀၀၀ မှ ၁၅၀၀) အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၅၀၀ မှ ၅၀၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၆၀၀ မှ ၁၅၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၂၀၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၁၀၀ မှ ၁၇၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၅၅၀၀ မှ ၆၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ် (၃၆၀၀ မှ ၃၇၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၀၀၀) အတွင်း၊ ဆလပ်ရွက်တစ်စီးလျှင် ကျပ် (၁၅၀ မှ ၂၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ် (၆၅ မှ ၁၀၀) အတွင်း၊ ခရမ်းသီး(ရှည်)တစ်ပိဿာလျှင် ကျပ် (၈၀၀ မှ ၁၅၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၈၅ မှ ၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ် (၁၆၀၀ မှ ၂၂၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)တစ်လုံးလျှင် ကျပ် (၂၀၀၀ မှ ၅၀၀၀) အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၆၁၂၀၀) လုံးကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၄၀၄၀၅) ပိဿာကျော်၊ ဘူးသီးအလုံးပေါင်း (၆၈၇၀) လုံးကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၂၉၀) လုံးကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၉၄၀၀) ထုပ်ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၁၈၅၀၀)ထုပ်ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၃၉၃၀) ပိဿာကျော်နှင့် ဖရဲသီးလုံးပေါင်း (၉၆၀၀)လုံးကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီများမှာ ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၃-၂-၂၀၂၃ ရက်နေ့မှ ၁-၃-၂၀၂၃ ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၆၀၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၅၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၆၅၀ ကျပ်မှ ၁၈၀၀ ကျပ်အထိရှိပါကြောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၇၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ၊ ၂-၃-၂၀၂၃ ရက်နေ့မှ ၈-၃-၂၀၂၃ ရက်နေ့အထိ ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၆၀၀၀) ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၁၁၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၆၅၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၃၇၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိရှိပါကြောင်းနှင့် ကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်၍ အဝင်များပြီး ဈေးနှုန်းများဆက်လက်ကျဆင်းလျက်ရှိကာ ကြက်သွန်ဖြူဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါကြောင်း ဈေးတာဝန်ခံရုံးထံမှ သတင်းရရှိပါသည်။
DOCA(ရန်ကုန်)