ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းနှင့် ပဲကြီးဈေးနှုန်းဈေးကွက် အခြေအနေ

            သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်းနှင့် ပဲကြီး သီးနှံများသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး တစ်တင်းလျှင် (၄၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

          ပဲကြီးဈေးနှုန်းမှာ ဇူလိုင်လ ပထမပတ်တွင် တစ်တင်းလျှင် (၆၅၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ပြီး ဒုတိယပတ်တွင် ပဲကြီး တစ်တင်းလျှင် (၆၇၀၀၀) နှုန်းဖြင့် (၂၀၀၀)ကျပ် ဈေးမြင့်ကာ အောင်လံမြို့ရှိ ဝယ်လက်သမားများမှ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် အိတ်ရေ(၄၀၀-၄၅၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ စျေးများတွင် ဖြစ်ပေါ်နေသော စားဖိုဆောင်သုံး ကုန်စျေးနှုန်းများအခြေအနေ

         ဇူလိုင်လ ဒုတိယအပတ်တွင် မကွေးမြို့၊ မြို့မစျေးနှင့် ရန်ပယ်စျေးများ၌ ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။ ဇွန်လ စတုတ္ထပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် (၂၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ရာမှ ဇူလိုင်လ ဒုတိယအပတ်တွင် ကြက်သွန်နီ အမျိုးအစားနှင့် အရည်အသွေး ပေါ်မူတည်ပြီး (၁)ပိဿာလျှင် (၁၆၀ဝိ/-) ကျပ်မှ (၁၈၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဆိုင်ခန်းစျေးသည်များနှင့် ပျံကျစျေးသည်များထံမှ သိရသည်။

        အခြားစားဖိုဆောင်သုံး ကုန်စည်များအနေဖြင့် ငြုပ်သီးခြောက်ရည် (၁)ပိဿာလျှင်(၈၅၀ဝိ/-)ကျပ်၊ ငြုပ်သီးခြောက်ပု (၁)ပိဿာ လျှင်(၉၀၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင်(၄၈၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာ လျှင်(၄၅၀ဝိ/-)၊ နနွင်းတက် တစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ်၊ ဂျင်းတက် (၁)ပိဿာလျှင် (၁၁၀ဝိ/-)ကျပ်၊ မန်ကျီးသီးမှည့် (၁)ပိဿာလျှင်(၃၇၀ဝိ/-)ကျပ်၊ ကုလားပဲခြမ်း(၁)ပိဿာလျှင် (၄၃၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း ပွဲရုံစျေးသည်တစ်ဦးထံမှ သိရပါသည်။ စားသုံးဆီများအနေဖြင့် စားအုန်းဆီ (၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ် ပဲဆီ(၁)ပိဿာလျှင်(၉၅၀ဝိ/-)၊ နှမ်းဆီ (၁)ပိဿာလျှင် (၈၅၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဆီလက်ကားစျေးဆိုင်များမှ သိရသည်။

DOCA(မကွေး)

 

 

 

ပွင့်ဖြူမြို့နယ်တွင် ပိန်းဥစိုက်ပျိုးသူတောင်သူများ ဝင်ငွေအဆင်ပြေလျက်ရှိ

          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်း ကျေးရွာ၊ မုန်းနားစုကျေးရွာနှင့် ဒေးဒရဲကျေးရွာတို့သည် မုန်းချောင်းရေကိုအမှီပြု၍ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုးကာ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရသည်။ အဆိုပါစားပင်သီးနှံများထဲမှ ပိန်းဥသီးနှံသည် ဈေးကွက် ရှိသည့်အပြင် ဈေးကောင်းလည်းရရှိသဖြင့်  အားထားစိုက်ပျိုးကြကြောင်းသိရှိရပါသည်။  ပွင့်ဖြူ ဒေသထွက် ပိန်းဥသီးနှံမှာ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သည့်အပြင် ယခင်နှစ်ကထက် ဈေးကောင်းရလာသဖြင့် ပိန်းဥစိုက်တောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သိရသည်။

         ပိန်းဥသည် ကျန်းမာရေးကို များစွာအကျိုးပြုသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ပိန်းဥ စားသုံးခြင်းဖြင့် အစာချေဖျက်နိုင်အားပိုမိုကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါအားကာကွယ်နိုင်ခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုအား လျော့ကျစေနိုင်ခြင်း၊ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ အသားအရေကြည်လင်လှပစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း၊ သွေးတိုးကျစေခြင်းစသော အကျိုး ကျေးဇူးများရရှိစေပါသည်။

             ပိန်းဥကို သားတက်(Sucker)မှလည်းကောင်း၊ ဥမွှာမှလည်းကောင်း၊ ပိန်းရိုး၏အရင်းမှ လည်းကောင်း ထိပ်ဖျားမှ( ½” မှ 1” )လက်မခန့်ဖြတ်၍ စိုက်ပျိုးနိုင်ပါသည်။ သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ ချရကြောင်း၊ မြေသားနက်၍ လေဝင်လေထွက် ကောင်းမွန်ပြီး ရေမဝပ်စေရန်လိုအပ်ကြောင်းသိရ ပါသည်။ ပိန်းဥကိုရာသီမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးချိန်မှ (၆)လခန့်အကြာတွင် နှုတ်ယူရိတ်သိမ်း နိုင်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကပိန်းဥ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့်ဈေးရရှိပြီး ယခုနှစ်တွင် တစ်ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေရ၍ ဈေးကောင်းရရှိကာ ပိန်းဥသီးနှံ စိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးတိုင်းဒေသကြီးနှင့် ဖွဲနုဆီထုတ်လုပ်ခြင်းလုပ်ငန်း

           မကွေးတိုင်းဒေသကြီးတွင် ၂၀၂၁ ခုနှစ်မှ ငါးနှစ်တာကာလအတွင်း စပါးစိုက်ပျိုးထွက်ရှိမှုစာရင်းများအရ နှစ်စဉ်စပါးတင်း (၄၆၇)သိန်းထွက်ရှိပြီး မျိုးစပါးနှင့် အလေအလွင့်အတွက် နုတ်ပယ်ပါက ပြည်တွင်းဆန် စားသုံးမှုအတွက် ကြိတ်ခွဲနိုင်သော စပါးတင်း(၄၃၄)သိန်းကျော် ကျန်ရှိပါသည်။ အဆိုပါ စပါးများကြိတ်ခွဲရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်း တန်းမြင့်ဆန်ကြိတ်ခွဲနိုင်သော တန်(၄၀)နှင့် အထက်ဆန်စက်ကြီး(၉)လုံး၊ (၁၅)တန်နှင့် တန်(၄၀)ကြား ကြိတ်ခွဲနိုင်သည့် ဆန်စက်အလတ်(၁၇)လုံး၊ (၁၀)တန်မှ (၁၅)တန်ကြား ကြိတ်ခွဲနိုင်သည့် ဆန်စက်ငယ်(၆၅)လုံးရှိပြီး ဆန်စက်များ၏ (၁)ရက် ကြိတ် ခွဲစွမ်းအား ဆန်တန်(၁၂၀၀)ကျော် ကြိတ်ခွဲနိုင်သဖြင့် ဒေသတွင်းထွက်ရှိသောစပါးများကို ပုဂ္ဂလိက ဆန်စက်များမှ နိုင်နင်းစွာကြိတ်ခွဲနိုင်သော အခြေအနေရှိကြောင်း လေ့လာသိရှိရပါသည်။

          ဆန်စက်များမှ စပါးကြိတ်ခွဲရာတွင် စပါးတင်း(၁၀၀)လျှင် ဖွဲနုအထွက်မှာ (၈)တင်းမှ (၁၀)တင်း အထိ ထွက်ရှိသဖြင့် မကွေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်ပျမ်းမျှ ပြည်တွင်းဆန်စားသုံးမှုအတွက် စပါး တင်း(၄၃၄)သန်းကြိတ်ခွဲခြင်းမှ ဖွဲနုတန်ချိန်(၉၀၀၀၀)ကျော် ထွက်ရှိလျှက်ရှိပါသည်။ အဆိုပါဆန်ကြိတ်ခွဲ ခြင်းမှ ထွက်ရှိသည့် ဖွဲနုတန်ချိန်(၉၀၀၀၀)ကျော်အနက် မွေးမြူရေးလုပ်ငန်းသုံး တိရိစ္ဆာန်အစားအစာ အတွက် သုံးစွဲမှုအား နုတ်ပယ်ပြီးပါက ဖွဲနုတန်ချိန် (၇၀၀၀၀)ကျော်အား ဖွဲနုဆီ ကြိတ်ခွဲထုတ်လုပ်ရာ တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

          မကွေးတိုင်းဒေသကြီးအတွင်း စပါးအများဆုံးစိုက်ပျိုးထွက်ရှိသော မြို့နယ်များမှာ ပွင့်ဖြူ မြို့နယ်၊ စလင်းမြို့နယ်၊ မင်းဘူး(စကု)မြို့နယ်၊ မြို့သစ်မြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့ဖြစ်ပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသများတွင် ဆည်ရေသောက် ဧရိယာများပြားပြီး စပါးအထွက် ကောင်းခြင်း၊ ဆန်စက်ကြီးအများအပြားတည်ရှိခြင်းတို့ကြောင့် ဖွဲနုဆီစက်ကို မင်းဘူးခရိုင်အတွင်း တည်ဆောက်ပါက မြို့နယ်အသီးသီးမှ ကြိတ်ခွဲထွက်ရှိသော ဖွဲနုများကို သယ်ယူရန် လက်လှမ်းမီပြီး အချိန်မီသယ်ယူ စုဆောင်းနိုင်မည်ဖြစ်ပါသည်။

          ဖွဲနုဆီစက်အား တည်ဆောက်ပြီးပါက စက်လည်ပတ်ကာလမှာ ဆန်စက်များ လည်ပတ်မှုနှင့် ဖွဲနု ရရှိမှုအခြေအနေအရ (၁)နှစ်လျှင် (၉)လခန့်သာ လည်ပတ်နိုင်မည်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး အတွင်း ဖွဲနုရရှိနိုင်မှုအခြေအနေအရ (၁)ရက်လျှင် ဖွဲနုကုန်ကြမ်းတန်(၃၀)ကြိတ်ခွဲနိုင်ပြီး ထုတ်လုပ်နိုင် သည့်ဖွဲနုဆီစက်(၁)လုံးကို စတင်တည်ဆောက်လုပ်ကိုင်ပြီး လုပ်ငန်းအောင်မြင်တိုးတက်မှုအပေါ် မူတည်၍ ဖွဲနုဆီစက်များ ထပ်မံတိုးချဲ့တည်ဆောက်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

       တစ်ရက်လျှင်ဖွဲနုတန်(၃၀)ကြိတ်ခွဲနိုင်ပြီး ဖွဲနုဆီချောထုတ်လုပ်နိုင်သည့် ဖွဲနုဆီစက်(၁)လုံး၏ လက်ရှိပေါက်ဈေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃)သိန်းဝန်းကျင်ရှိပြီး မြေနေရာနှင့် အဆောက်အဦ တန်ဖိုးအပါအဝင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သိန်း(၈၀၀၀)ခန့် လိုအပ်မည်ဖြစ်ပြီး မကွေးတိုင်းဒေသ ကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ ဖိတ် ခေါ်ခြင်း၊ သမဝါယမအသင်းများမှ လုပ်ငန်းမတည် ဦးဆောင်လုပ်ကိုင်စေခြင်းများဖြင့် မကွေးတိုင်းဒေ သကြီးအတွင်း ဖွဲနုဆီထုတ်လုပ်ခြင်းလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်လာနိုင်စေရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပေါင်းစပ်အားပေး ကူညီဆောင်ရွက်မည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ပါသည်။

       ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်ရာတွင် အသုံးပြုရသည့် ဓါတ်ပျံဆီမှာ လေထုထဲတွင် အငွေ့အဖြစ် မီး လောင်လွယ်ပြီး ပေါက်ကွဲလောင်ကျွမ်းမှု အန္တရာယ်ကြီးမားခြင်းကြောင့် အထူးသတိထား ကိုင်တွယ် ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်မှု နည်းစနစ်များနှင့်ပတ်သက်၍ ကျွမ်းကျင်မှု ရှိသော ဝန်ထမ်း/ လုပ်သားများဖြစ်အောင် လေ့ကျင့်သင်ကြာပေးခြင်းကို စက်လည်ပတ်ကြိတ်ခွဲခြင်း လုပ်ငန်းများမစတင်မီ ကြိုတင်စီမံဆောင်ရွက်ထားသင့်ပါသည်။ ထို့အပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပမှ တင်သွင်းနေရသော စားအုန်းဆီများ တင်သွင်းမှု လျော့ချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအနေဖြင့် ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းကို စားသုံးဆီဖူလုံရေးအတွက် သာမက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းတစ်ရပ်အနေဖြင့်ပါ အကောင်အထည်ဖော် ဆောင်ရွက်သွား ရန်လည်းလိုအပ်မည်ဖြစ်ပါသည်။

        မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ(Rice Husk)နှင့် ဖွဲနု(Rice Bran)တို့မှ တန်ဖိုးမြှင့် ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ စပါးခွံမှ လျှပ်စစ် ထုတ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံ၊ ဖွဲနုမှ ဆီကြမ်းထုတ်လုပ်ရေး စက်ရုံ၊ ဖွဲနုဆီသန့်စင် စက်ရုံများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်များ လုပ်ငန်းရှင်များအနေဖြင့်တစ်ဖွဲ့တည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရင်းနှီးမြှုပ်နှံနိုင်ကြောင်း နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် စပါးခွံနှင့် ဖွဲနုတို့မှ သုတေသနနှင့် ဖွံ့ဖြိုးရေးကော်မတီ (MRF - R&D Committee) သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ထိုကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများသည် နိုင်ငံတော်၏စားသုံးဆီကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးအစာထုတ်လုပ်မှုကဏ္ဍတို့တွင် အကျိုးပြုစေမည်ဖြစ်ပါသည်။ ထို့ပြင်ပြည်တွင်းကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ နည်းပညာတိုးတက်ရရှိနိုင်မှုနှင့်  စီးပွားရေး အရ အကျိုးအမြတ်ရရှိမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး  ရင်းနှီးမြှုပ်နှံလိုသူများအား  ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ ကာလလတ်နှင့်နှစ်ရှည်ချေးငွေ (Medium and Long Term Project Finance) ရရှိနိုင်ရေးနှင့် ခေတ်မီနည်းပညာ ပိုင်းဆိုင်ရာတို့တွင် နိုင်ငံတကာအဖွဲ့အစည်းများ ဖွံ့ဖြိုးရေး မိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အသင်းချုပ်က ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

     နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာ(National Export Strategy)တွင် ဆန်နှင့် ဆန်ထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ရောင်းချရေးကို ပြောင်းလဲ သတ်မှတ်ထားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေ ဖြင့် နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာပါ Action Plan များအတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။ ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆန်ကြိတ်ခွဲမှု ဆန်စက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအပြင် ပေါင်း ဆန်စက်များ ပြန်လည်တိုးချဲ့တည်ဆောက်နိုင်ရေး၊ အခြောက်ခံစက်များ တိုးမြှင့်သုံးစွဲနိုင်ရေး၊ တန်းမြင့် ဆန်ထုတ်လုပ်ရေးစက်များ၊ အားဖြည့်ဆန် ထုတ်လုပ်ရေးလုပ်ငန်းများ၊ စပါးမှဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ ထုတ်လုပ်မှုများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်း ပြည်ပဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ အသင်းချုပ်က ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင် ကုမ္ပဏီဖြစ်သည့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက်(MAPCO)အနေဖြင့် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်သည့် (Boiler Turbine based Rice Husk fired Power Generation Plants) များကို မြန်မာနိုင်ငံတွင် ရှေ့ပြေးစီမံကိန်းများအဖြစ် ကျိုက်လတ်နှင့် မြောင်းမြမြို့နယ်တို့တွင် လည်းကောင်း၊ Solvent Extraction and Physical Refining နည်းပညာဖြင့် ဖွဲနုဆီထုတ်လုပ်နိုင်ရေး အတွက်လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

         သို့ဖြစ်ပါ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှတင်သွင်းနေရသော စားအုန်းဆီများ တင်သွင်းမှုလျော့ချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအနေဖြင့် ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်ခြင်း လုပ်ငန်းကို စားသုံးဆီဖူလုံရေးအတွက်သာမက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းတစ်ရပ်အနေဖြင့်ပါ အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)

 

ပြောင်းဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်အေးလျက်ရှိ

            ကယားပြည်နယ်တွင်ပြောင်းသီးနှံအဓိကထွက်ရှိပြီး ပြည်နယ်၏ အဓိကပို့ကုန်တစ်မျိုးလည်း ဖြစ်ပါသည်။ ပြည်နယ်မှထွက်ရှိသော ပြောင်းကို မြဝတီသို့တင်ပို့လျက်ရှိကြောင်း၊ ပြောင်းကို လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်များတွင် စိုက်ပျိုးကြပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ပြောင်းစိုက်ဧကမှာ (၅)သောင်းကျော်ခန့်သာစိုက်ပျိုးနိုင်ခဲ့ပြီး အချို့ဒေသများတွင် ရိတ်သိမ်းနိုင်မှုမရှိ၍ စိုက်ဧကနှင့်အထွက်နှုန်းလျော့နည်းခဲ့ရပြီး ပြည်နယ်မှပြောင်းတင်ပို့နိုင်မှုမှာ ဇန်နဝါရီလမှမေလအထိ  ပြောင်း(၅၆၇၉၅)အိတ်၊ (၂၇၈၂)တန် တင်ပို့မှုရှိခဲ့ပြီး ဇွန်လပိုင်းမှစ၍ ပြောင်းတင်ပို့မှုမရှိဘဲ အရောင်း အဝယ်အေးလျက်ရှိကြောင်း၊ လက်ရှိဇူလိုင်လအတွင်း ပြောင်းဈေးကွက်မှာ ပြောင်းတစ်ပိဿာ လျှင် (၇၀၀)ကျပ်ဈေးခန့်ရှိကြောင်း၊ ယခင်လများတွင် ပြောင်းတစ်ပိဿာလျှင်(၉၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် လများနှင့် ယခုလနှိုင်းယှဉ်လျှင် ပြောင်းတစ်ပိဿာလျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း တောင်သူ၊ ကုန်သည်လက်ကျန်မှာလည်း အနည်းငယ်သာရှိပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း ပြောင်းကုန်သည်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ဓာတ်မြေဩဇာ ဈေးနှုန်းများအနည်းငယ်မြှင့်တက်

             ကယားပြည်နယ်တွင် ဆန်စပါး၊ ပြောင်းကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း သီးထပ်၊သီးညှပ် အဖြစ်စိုက်ပျိုးကြရာ ယခုဇူလိုင်လရာသီချိန်တွင် ဈေးကွက်အတွင်း ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ တစ်အိတ်လျှင် (၉၃၀၀၀) ကျပ်၊မြှားတံဆိပ် ကွန်ပေါင်း တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၈၆၀၀၀)ကျပ်၊ ရွှေကောင်းသီးနှံ တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ နဂါးနီ တစ်အိတ်လျှင် (၂၅၅၀၀)ကျပ်၊ ကူကြာကူ တစ်အိတ်လျှင် (၉၅၅၀၀) ကျပ်၊ ၉၉၉ တစ် အိတ်လျှင် (၇၉၀၀၀) ကျပ် ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ  ပုလဲတစ်အိတ်လျှင်(၉၀၀၀၀)ကျပ်၊မြှားတံဆိပ်ကွန်ပေါင်း တစ်အိတ်လျှင် (၇၀၀၀၀) ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ ရွှေကောင်းသီးနှံ တစ်အိတ်လျှင် (၅၇၀၀၀) ကျပ်၊ နဂါးနီ တစ်အိတ်လျှင် (၂၅၀၀၀)ကျပ်၊ ကူကြာကူ တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်၊ ၉၉၉ တစ်အိတ်လျှင် (၇၈၀၀၀) ကျပ် ဈေးနှုန်းရှိပြီး ယခင်ဇွန်လနှင့်ယခုဇူလိုင်လနှိုင်းယှဉ်လျှင် ပုလဲ တစ်အိတ်လျှင်(၃၀၀၀)ကျပ်၊မြှားတံဆိပ်ကွန်ပေါင်း တစ်အိတ်လျှင် (၂၀၀၀)ကျပ်၊ ပိုတက် တစ်အိတ် လျှင် (၁၀၀၀)ကျပ်၊ ရွှေကောင်းသီးနှံ တစ်အိတ်လျှင် (၈၀၀၀) ကျပ်၊ နဂါးနီ တစ်အိတ်လျှင် (၅၀၀)ကျပ်၊ ကူကြာကူ တစ်အိတ်လျှင် (၅၀၀) ကျပ်၊ ၉၉၉ တစ်အိတ်လျှင် (၁၀၀၀) ကျပ် ခန့်ဈေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်မှ သိရပါသည်။

DOCA(ကယား)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၂ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၂၄၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၀၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၂၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၈၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၇၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၅၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၀၀ကျပ်၊ (သေး) တစ်လုံး ၁၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၂၅၀)ကျပ်၊ (သေး)တစ်လုံး (၂၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၈၀၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          ပဲဆီသန့် ဈေးနှုန်းမှာ တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာ ၈၀၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

                  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၇၀၀၀၀)ကျပ်၊ ကျွဲနက်၁၅း၁၅း၁၅တစ်အိတ် (၉၇၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် (၁၀၁၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ)တစ်အိတ်(၉၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် ပိုး(၃)ကောင်(မြန်မာ့သြဘာ)တစ်ထုပ် (၁၆၀၀၀)ကျပ်၊ မိုရယ်မုန် (သြဘာ)တစ်ဗူး(၁၆၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ)တစ်ဗူး(၁၄၀၀၀)၊ ရွှေတောနစ်(မြင်းကြား) တစ်ဗူး (၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း   သိရှိရသည်။

          ယခုအပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်)) တစ်အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၇၀၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ်(၁၀၀၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ)တစ်အိတ်(၉၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် ပိုး(၃)ကောင် (မြန်မာ့သြဘာ)တစ်ထုပ် (၁၆၀၀၀)ကျပ်၊ မိုရယ်မုန်(သြဘာ)တစ်ဗူး(၁၆၅၀၀)ကျပ်၊ အစီဖိတ်(သြဘာ) တစ်ဗူး(၁၄၀၀၀)ကျပ်၊ရွှေတောနစ် (မြင်းကြား)တစ်ဗူး(၁၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ ဒုတိယပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၂၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၄၀၀၊ တန်အားဖြင့် ၅၂၇၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၁၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၂၀၀၀ ၊ တန်အားဖြင့် ၆၁၀၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၁၆၆၀၀၊ တန်အားဖြင့် ၈၃၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၆၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၇၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၁၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၆၅၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၈၅၀၀၊ ၇၄၇စပါး တင်း ၁၀၀လျှင် ကျပ် ၆၇၀၀၀၀၊ ၇၄၇ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၈၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တမူးမြို့နယ်၏ နာမည်ရလျက်ရှိတဲ့ ရေဆယ်မုန့်ဟင်းခါး

        တမူးမြို့တွင် ရေဆယ်မုန့်ဟင်းခါးကို နံနက်စာ အဆာပြေအဖြစ် အများစု ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိပြီး တမူးရေဆယ်မုန့်ဟင်းခါးဟု နာမည်ရလျက်ရှိပါသည်။ ထိုလုပ်ငန်းကို တစ်ဖက်တစ်လှမ်းမှ မိသားစုဝင်ငွေရရှိရေးအတွက် လုပ်ကိုင်နေသူ ရှုတိုင်းယဉ် ရေဆယ်မုန့်ဟင်းခါးဆိုင်သို့ သွားရောက်မေးမြန်းခဲ့ပါသည်။

          တမူးမြို့နယ်၏ ရေဆယ်မုန့်ဟင်းခါးဆိုင်ရှင် ဒေါ်အေးအေးဝင်းမှ မိမိဆိုင်သည် တစ်ရက်လျှင် ဆန် ( ၅ ) ပြည်ခန့် အသုံးပြု၍ ရေဆယ်မုန့်ဟင်းခါးပြုလုပ် ရောင်းချလျက်ရှိပါသည်။ မုန့်ဟင်းခါးဖတ် ပြုလုပ်နည်းအနေဖြင့် ဆန်ကိုတမူးဒေသထွက် ငရဲဆန် အသုံးပြုပြီး ငရဲဆန်တစ်တင်းလျှင် ( ၁၈၀၀၀ ) ကျပ်ပေး၍ ဝယ်ရပါသည်။ ဆန်တစ်ပြည်လျှင် မုန့်ဟင်းခါးဖတ် ( ၂ - ၂.၅ ) ပိဿာခန့်ထွက်ရှိပါသည်။ မုန့်ဖတ်ဈေးနှုန်းများအနေဖြင့် ( ၁ ) ပိဿာလျှင် ( ၂၀၀၀ - ၂၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိသည်။

            မိမိဆိုင်အနေဖြင့် ရေဆယ်မုန့်ဟင်းခါးဖတ်များကို ကိုယ်တိုင်ပြုလုပ်ကာ ပွဲပြင်များအဖြစ် ပွဲကြီး တစ်ပွဲလျှင် ( ၁၀၀၀ ) ကျပ်နှင့် ပွဲသေး တစ်ပွဲလျှင် ( ၅၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချပါကြောင်း၊ တစ်ရက်ဝင်ငွေအနေဖြင့် ( ၂၅၀၀၀ မှ ၃၀၀၀၀ ) ကျပ်ရရှိကြောင်း  မိမိဆိုင်မှ ရောင်းချ

သည့် ရေဆယ်မုန့်ဟင်းခါးသည် စားသုံးသူများအတွက် အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ပြီး စားသုံးသူ ပြည်သူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း