ဖားစည်မြေမှ နေကြာအကြောင်း တစ်စေ့တစ်စောင်း
ကရင်ပြည်နယ်၊ ဘားအံမြိုနယ်၊ ပေါ့ထော်ကျေးရွာသို့ ၈-၃-၂၀၂၃ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့်ဝန်ထမ်းများသည် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဒေသတွင်း စိုက်ပျိုးထားရှိသော နေကြာပင် စိုက်ခင်းသို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
နေကြာပင်ကို မြေသားနက်၍ မွပြီးမြေဆီအာဟာရသန်သောမြေနှင့် နှုန်းမြေတွင် စိုက်ပျိုးနိုင်ပါသည်။ နေကြာပင်သည်ရေမကြိုက်ပါ။ နေကြာပင်ကို.မိုးနှောင်းပိုင်းတွင်စိုက်ပျိုးနိုင်ပါသည်။ နေကြာသီးနှံစိုက်ပျိုးခြင်းသည် စိုက်ပျိုးစရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ တစ်ဧကအထွက်နှုန်း ကောင်းခြင်းတို့ကြောင်း ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံဖြစ်ပါသည်။ နေကြာတစ်ကျင်းကို အစေ့ ၄ စေ့ ၅ စေ့ ချပေးရပြီး လေး၊ ငါးရက်အတွင်း အပင်ပေါက်သည်။ ၎င်းအပင်ပေါက်များ အရွက်ထွက်လာသောအခါ အကောင်းဆုံးအပင်ကိုချန်ထားပြီး ကျန်အပင်တွေကိုနှုတ်ပေးရပါသည်။ နေကြာပင်ကို သဘာဝမြေသြဇာဖြစ်သည့် နွားချေးနှင့် မြေဆွေးကို ထည့်ပေးနိုင်သည်။ နွားချေးမြေသြဇာထည့်ပါက တစ်ဧက နွားချေးတင်း ၁၀၀ မှ ၂၀၀ ထိ ထည့်ပေးနိုင်သည်။ နေကြာပင်ပေါက်ပြီး ရက်ပေါင်း ၃၀ မှ ၄၀ ရက် သားလောက်တွင် ပေါင်းမြက် များကိုနုတ်ခြင်း၊ ဘောင်တင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ နေကြာပင်၌ ရောဂါပိုးမကျအောင်လည်း ဂရုစိုက်ရပါသည်။ နေကြာပင်၏ပုံသဏ္ဍာန်မှာ ညိုဝါရောင်ပြောင်းလာပြီးဆို အစေ့များ အောင်ပြီဖြစ်၍ စတင်ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းရာတွင်လည်း အစေ့တွင်အစိုဓာတ် (၅.၆) ရာခိုင်နှုန်း ရရှိရန် နှစ်ရက် သုံးရက် နေလှန်း၍ လေလုံအောင်သိုလှောင်ရမည်ဖြစ်ကြောင်း လေ့လာသိရှိရသည်။
ကရင်ပြည်နယ်တွင် နေကြာသီးနှံစိုက်ပျိုးမှုမှာ ယခင် ၁၆၄ ဧက ရှိခဲ့ရာမှ ယခုအခါ ၁၃၇၂ ဧက ထိ တိုးချဲ့စိုက်ပျိုးနိုင်လာကြောင့်နှင့် ပြည်နယ်အတွင်းရှိစိုက်ပျိုးနိုင်သော မြေလွတ်/ မြေရိုင်းများ၊ ရေမရနိုင်သော နေရာများသို့ ရေရရှိနိုင်ရေး၊ သီးထပ်/ သီးညှပ် စနစ်များဖြင့် စီမံလျာထားချက်များ ချမှတ်ကာ ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဆီစက်လုပ်ငန်းရှင်များ၊ စိုက်ပျိုးတောင်သူများနှင့်စိုက်ပျိုး ရေးဝါသနာရှင်များအနေဖြစ် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်စေရေးအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပေါ့ထော်ကျေးရွာရှိ တစ်နိုင်တစ်ပိုင် စီးပွားရေးထက် ပိုမိုစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသော နေကြာပင်စိုက်ခင်းအကြောင်း တစ်စေ့တစ်စောင်း ဖော်ပြလိုက်ရပါသည်။
DOCA(ကရင်)