ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ပဝင်ငွေအများဆုံးရှာဖွေပေးနိုင်သော မတ်ပဲ

    ကျွန်မတို့မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရုံသာမက ပြည်ပသို့တင်ပို့ရောင်းချကြသော ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ မြန်မာနိုင်၏ စိုက်ပျိုးမြေဧရိယာ ၂၀% ခန့်သည်ပဲမျိုးစုံစိုက်ပျိုးနေပြီး မတ်ပဲ၊ ပဲစင်းငုံ၊ပဲတီစိမ်း စသည့်ပဲများသည် နှစ်စဉ်ပြည်ပသို့ တင်ပို့ရောင်းချမှုအများဆုံးပဲများဖြစ်ပြီး ပြည်ပဝင်ငွေရှာဖွေပေးနိုင်သောသီးနှံများ ဖြစ်ကြပါသည်။ အဆိုပါပဲများတွင် မတ်ပဲသီးနှံသည် မြန်မာ နိုင်ငံ၏ ပဲမျိုးစုံသီးနှံများအနက် စိုက်ပျိုးမှုများသော ပဲသီးနှံတစ်မျိုးဖြစ်ကာ ပြည်ပတင်ပို့ ရောင်းချနိုင်မှု ပမာဏအများဆုံးသီးနှံဖြစ်သည်နှင့်အညီ ပြည်ပဝင်ငွေရှာဖွေပေးနိုင်မှုအများဆုံ သီးနှံ လည်း ဖြစ်ပါသည်။ အောက်မြန်မာပြည်၌ မိုးစပါးများရိတ်သိမ်းပြီး စိုက်ပျိုးမှုရှိသလို အထက် မြန်မာ ပြည်ရှိ အချို့တိုင်းဒေသကြီးများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ အောက်မြန်မာပြည် ဒေသများ၌ မတ်ပဲစိုက်ပျိုးမှုသည် တစ်နိုင်ငံလုံးစိုက်ပျိုးမှုဧရိယာ၏  ၉၀% ခန့်စိုက်ပျိုးမှုရှိပါသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြပါသည်။ မတ်ပဲသီးနှံအား သီးထပ်စိုက်ပျိုးမည့် ဒေသများတွင် လယ်မြေများ၌ မိုးစပါးကို  သက်လက်စပါးကိုသာ အဓိကထား  စိုက်ပျိုးကြပါသည်။ မတ်ပဲ သီးနှံသည် ပူနွေး၍ ခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်သည့်အတွက် အပူချိန် မြင့်မားသည့် ဒဏ်ကိုခံနိုင်ရည်ရှိသော သီးနှံဖြစ်ပြီး အပူချိန် (၂၅)°C မှ (၃၅)°C အကြားရှိ ဒေသများတွင် စိုက်ပျိုးနိုင်သလို ရေငတ်ဒဏ်ခံနိုင်ရည်ရှိ၍ ပျမ်းမျှမိုး ရေချိန် ၃၆ လက်မ အောက်ရွာသွန်းသည့် ဒေသ များတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ မတ်ပဲကို အောက်မြန်မာပြည် ဒေသများတွင် မိုးနှောင်းနှင့် ဆောင်းဦးကာလများတွင် စိုက်ပျိုးကြပြီး ဆောင်းနှောင်းနှင့် နွေဦးကာလများတွင် ရိတ်သိမ်းကြပါသည်။

   စိုက်ပျိုးသည့် မြေအမျိုးအစားအနေဖြင့် မြေသားနု၍ ရေမဝပ်သောမြေ၊ စနယ်မြေစေး၊ သဲမြေ၊ လယ်မြေကဲ့သို့ မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်၍ စပါးစိုက်ပျိုးရိတ်သိမ်းပြီး လယ်မြေ နှင့် မြစ်ရေကျပြီး နုန်းသမမြေတို့တွင် အများဆုံး စိုက်ပျိုးမှုရှိကာ ဆားပေါက်နေသောမြေနှင့် ထုံးဓါတ် ပါသောမြေများတွင် စိုက်ပျိုး၍မသင့်ကြောင်း သိရှိရပါသည်။ မြေချဉ်ငံဓာတ် PH (၅.၅) ထက်လျော့နည်းပါက အပင်အောင်မြင်ဖြစ်ထွန်းမှု အားနည်းသည့်အတွက် မြေချဉ်ငံဓာတ် PH(၅.၈) မှ PH(၆.၅)တို့တွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပါသည်။

   မြန်မာနိုင်ငံတွင် စိုက်ပျိုးသော မတ်ပဲမျိုးများအနေဖြင့် ရေဆင်း-၂၊ ရေဆင်း -၄၊ ပုလဲထွန်း၊ ရေဆင်း-၆၊ မင်းလှလုံးကြီး၊ မိုးညိုလုံးကြီး၊ ဟင်္သာလုံးကြီး၊ မင်းလှထွန်းစသည့်မျိုးများဖြစ်ကြသလို တောင်သူအများဆုံးစိုက်ပျိုးသော အမျိုးအစားများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံသည့် မျိုးကောင်း/မျိုးသန့်များနှင့် ဒေသမျိုးများကို အဓိကထားစိုက်ပျိုးကြပါသည်။

   မတ်ပဲသီးနှံ၏ အင်္ဂလိပ်အမည်မှာ Blackgram ဖြစ်ပြီး သိပ္ပံအမည်မှာ Vigna mungo(L) Hepper ၊  သိပ္ပံခွဲအမည်မှာ Phaseolus mungo L ဖြစ်ပါသည်။ မတ်ပဲသီးနှံအားပြည်တွင်း၌ စားသုံးမှု အနေဖြင့် ပဲပင်ပေါက်ဖောက်၍လည်းကောင်း၊ ပရာကြော်၊ ပါပရာ၊ တိုရှည်၊ ပဲမုန့် စသည်ဖြင့် ပြုလုပ်၍ စားသုံးကြသည့်အပြင် ပြည်ပသို့ အဓိကတင်ပို့ရောင်းချရန်အတွက် စိုက်ပျိုးထုတ်လုပ်ကြခြင်းဖြစ်ပါသည်။ မတ်ပဲစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် ယခုနှစ်တွင် ပဲတစ်တင်း ပိဿာ(၂၀)လျှင် ကျပ် (၆၀၀၀၀)အထက်ရရှိနေခဲ့သည့် အတွက် တစ်ဧကပျမ်းမျှ (၁၅)တင်းထွက်လျှင် အကျိုးအမြတ် ကျပ် (၄)သိန်းကျော် (၅)သိန်းနီးပါး အကျိုးအမြတ်ရလျက်ရှိပြီး ယခုပေါက်ဈေးအရ အထွက်နှုန်းများလျှင် များသလောက် အကျိုးအမြတ် ပိုရနေမှာ ဖြစ်သော်လည်း အထွက်နှုန်းနည်းသည့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် အရင်းကျေရုံသာရရှိခဲ့ကြ သည်ဟု သိရှိရပါသည်။

   မတ်ပဲသီးနှံသည် အခြားပဲများနှင့်ယှဉ်လျှင် စားသုံးမှုအလွန်နည်းပါးသော်လည်း ကျန်းမာရေး အရလေ့လာကြည့်မည်ဆိုပါက အကျိုးကျေးဇူးများ ရရှိသောသီးနှံတစ်မျိုးဖြစ်ပါသည်။ မတ်ပဲတွင် ပရိုတင်း၊ သတ္တုဓာတ်စသည်တို့ အမြောက်အမြားပါဝင်နေသလို သံဓာတ်ပြည့်သော အသီးအနှံ လည်းဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီး သံဓာတ်အားနည်းပါက စားသုံးသင့်ပါသည်။ အမျှင် ဓာတ်များပါဝင်ခြင်းကြောင့်  အစာခြေစနစ်ကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ် ပေးပါသည်။ ဖောလစ်အက်ဆစ်နှင့် မဂ္ဂနီဆီယမ် ဓာတ်တို့ကြောင့် နှလုံးကျန်းမာအောင် အထောက်အကူပေးပါသည်။ မှတ်ဉာဏ်အားနည်းခြင်း၊ သတိမေ့လျော့ခြင်းစသည့် အာရုံခံအင်္ဂါ အဖွဲ့အစည်းပြဿာနာများအတွက် မတ်ပဲကကောင်းကျိုးကိုရစေသလို အဆစ်အမြစ်များ ရောင်းရမ်း ခြင်း၊ အဆီကျစေခြင်း၊ အရိုးအားကောင်းစေခြင်းစသည့် ကောင်းကျိုးများကိုပါ ရစေပါသည်။ မတ်ပဲဖြင့်ပြုလုပ်သော ပဲပင်ပေါက်အား ကျွန်မတို့အရပ်ဒေသများတွင်  အလှူပွဲ၊ မင်္ဂလာဆောင် ပွဲများ၌ ပဲတီချဉ်ပြုလုပ်၍ ဝက်သားဟင်း၊ ကြက်သားဟင်း၊ ကြာဇံဟင်းချိုများနှင့်လည်း ကျွေးမွေးဧည့်ခံကြပါသည်။ မတ်ပဲနှင့်ပြုလုပ်သော ပါပရာကြော်သည် ငါးမုန့်ကဲ့သို့ပင် စား၍ အရသာရှိသော အစားအစာတစ်ခုဖြစ်ပါသည်။

   မတ်ပဲသီးနှံသည် တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွ ပေးနိုင်သော ပဲသီးနှံဖြစ်သလို ပြည်တွင်းစားသုံးမှုအနည်းငယ်သာရှိကြသော်လည်းကျန်းမာရေးအရ စားသုံးပေး သင့်သောသီးနှံတစ်မျိုးဖြစ်ပါသည်။ ဒါ့ကြောင့် ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်ရုံသာမက ကျန်းမာရေး စားသုံးရန် သင့်တော်သော မတ်ပဲသီးနှံအား မိမိဒေသ၊ ရာသီဥတု၊ မြေအနေအထားနှင့်ကိုက်ညီသည့် အတွက်ကောင်းမျိုးများအား ရွေးချယ်စိုက်ပျိုးပြီး အထွက်တိုးအောင် စိုက်ပျိုးထုတ် လုပ်နိုင်သည်နှင့်အမျှ တောင်သူများဝင်ငွေတိုးနိုင်မည်ဖြစ်သလို ပြည်ပဝင်ငွေလည်း ပိုမိုလာမည်ဖြစ် ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

      တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ပြည်ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်နေသော ယာကွန်ဥ

    ယာကွန်ဥသည် သဘာဝကပေးသော အလွန်အစွမ်းထက်၍ ဆေးဖက်ဝင်သော Super Food ဖြစ်ပါသည်။ အရည်ရွှမ်းပြီး ကြွပ်ဆပ်ကာချိုသောအရသာရှိသည့်အတွက် မြေအောက်ပန်းသီးဟု တင့်စားခေါ်ဝေါ်ကြပါသည်။ ယာကွန်ဥတွင် ပါဝင်သောအချိုဓာတ်သည် သွေးချို၊ ဆီးချို ဝေဒနာ ရှင်များအတွက် အန္တရာယ်မရှိသောကြောင့် ဆီးချိုဝေဒနာရှင်များစားလို့ရသည့် အစားအစာဖြစ်ပါသည်။

   ယာကွန်သီးနှံကို မြန်မာနိုင်ငံတွင် ယာကွန်၊ ရေကန်စွန်း၊ ဂျပန်အာလူးစသဖြင့် အမျိုးမျိုးခေါ်ကြောင်း၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်၊ ရွာငံနှင့် ပင်လောင်း၊ ချင်းပြည်နယ် ဟားခါးနှင့် မင်းတပ်မြို့များအပြင် တစ်ချို့ကုန်းမြင့်ဒေသများတွင်လည်း စတင်စမ်းသပ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ယာကွန်ဥကို စတင်စိုက်ပျိုးပြီး  (၆)လအကြာတွင် ခူးဆွတ်နိုင်ပြီး၊ ခူးဆွတ်ခြင်း မပြုဘဲ မြေကြီးထဲတွင် (၃)နှစ်အထိထားရှိနိုင်ကြောင်း ယာကွန်သီးနှံသည် နေကြာရိုင်းပင်နှင့် သဏ္ဍာန်တူပြီး အမြင့်ပေမှာ (၄)ပေမှ (၅)ပေအထိမြင့်ကြောင်း သိရှိရပါသည်။ ကော်ဖီစိုက်ခင်းများ အတွင်းတွင်လည်း ကြားညှပ်၍စိုက်ပျိုးနိုင်ပါသည်။ ယာကွန်ဥ တစ်ဧကလျှင် အပင်ပေါင်း(၅)ထောင်ကျော်ခန့် ဝင်ဆံ့ပြီး အထွက်နှုန်းမှာ ပိဿာချိန် (၉)ထောင်ခန့်ထွက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ယာကွန်ဥကို မျိုးအဖြစ်လည်း အသန့်ထား၍ ရောင်းချနိုင်သလို စားသုံးရန်အတွက်လည်း ရောင်းချကြောင်း သိရှိရပါသည်။

   ယာကွန်ဥကို အသင့်စားသုံးနိုင်သလို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အခြောက်ခံ၍ လည်းကောင်း၊ အနှစ်အရည်ပြုလုပ်၍ ဓာတ်စာအဖြစ် စားသုံးနိုင်ကြောင်း သိရပါသည်။ အထူးသဖြင့် ယာကွန်အရွက်ကို လက်ဖက်ခြောက်ပြုလုပ်၍ သောက်သုံးပါက ဆီးချိုရောဂါကို အထူးသက်သာ စေနိုင်ပါသည်။ ယာကွန်ဥသည် ရှမ်းပြည်တောင်ပိုင်း နောင်တရားမြို့တွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပါသည်။

    ပြည်မြို့တွင် ယာကွန်ဥကို ရှမ်းပြည်နှင့် မိုးကုတ်မြို့ဘက်မှ ဝင်ရောက်လာပြီး တစ်ပိဿာ (၂၈၀၀)ကျပ်ဖြင့် Online မှာ အရောင်းအဝယ်ပြုလုပ်ကြသလို အချို့ဈေးများတွင် ရောင်းချကြောင်း သိရှိရပါသည်။ လူတော်တော် များများမစားဘူးပေမယ့် စားဖူးသူများကတော့ ကြိုက်နှစ်သက်ကြ၍ လိုင်းပေါ်တွင် ရောင်းချသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

 

Online စနစ်ဖြင့်ရောင်းအားကောင်းနေသော လေးပင်ဇီးသီး

   ဇီးသီးအမျိုးပေါင်းများစွာရှိသည့်အနက်မှ လေးပင်ဇီးသီးသည် မကွေးတိုင်း၊ ရွှေစက်တော်သို့ သွားသောလမ်းမကြီးပေါ်ရှိ လေးပင်ရွာမှထွက်ရှိသော ဇီးသီးဖြစ်ပါသည်။ ဇီးပင်၏မူရင်း ဒေသသည် အရှေ့တောင်အာရှမှဖြစ်ပြီး မျိုးရင်းမှာ (ROSACEAE) ဖြစ်ကာ ရုက္ခဗေဒအမည်မှာ Zizyphus jujuba ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ plum or jujube ဖြစ်သည်။ လေးပင်ဇီးသီးသည် အခြားဇီးသီးများနှင့် မတူဘဲ အရသာမှာ အသီးသီးစကပင် ကြွပ်ပြီး ချိုသောအရသာရှိပါသည်။ အသီးရင့်မှည့်လာသည်နှင့် တစ်ပြိုင်တည်းအသီးတွင် အပွေးများတက်ကာ အရသာမှာ ပို၍ချိုသော အရသာထူးရရှိပါသည်။ အရသာမှာ ချိုမြနေပေမယ့် ပိုးမဝင်သော ဇီးသီးမျိုးဖြစ်ပါသည်။ လေးပင်ဇီးသီးသည် နိုဝင်ဘာလမှ မတ်လအထိ ထွက်ရှိပါသည်။ လေးပင်ဇီးသီးကိုယိုထိုး၍ စားသောက်ခြင်းမျိုးမရှိပါ။ ဇီးသီးစားသောက်ခြင်းဖြင့် အိုမင်းရင့်ရော်မှုကိုလျော့ကျစေခြင်း၊ သွားပိုးစားခြင်းမှကာကွယ်စေခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း၊ အရိုးပွခြင်းမှကာကွယ်ခြင်း၊ သွေးတိုးကိုထိန်းပေးပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါသည်။ ဇီးသီးသည် မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုသော ဗီတာမင်အေနှင့် Beta Carotene ပါဝင်ပါသည်။ Antioxidant ကြွယ်ဝသောကြောင့် အဆိပ်အတောက်ကို ဖယ်ရှားပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။ အမျှင်ဓာတ်မြင့်မားသောကြောင့် ခန္ဓာကိုယ်အတွင်းမှ မကောင်းသော ကိုယ်လက်စထရော ကိုလျော့ကျစေပါသည်။ ပြည်မြို့တွင် လေးပင်ဇီးသီးကို Online မှ order စနစ်ဖြင့် ရောင်းချခြင်းနှင့် ဈေးဆိုင်အနည်းငယ်တွင် တင်၍ ရောင်းချခြင်းဟူ၍ (၂)မျိုးရှိပါသည်။ Online  order စနစ်ဖြင့် ရောင်းချခြင်းမှာ အရောင်းအဝယ်ပိုမိုတွင်ကျယ်ပါသည်။ လေးပင်ဇီးသီးကို order တစ်ခုကောက်လျှင် ပြည်ရာချီ ရောင်းချရကြောင်းလည်း သိရှိရပါသည်။ လေးပင်ဇီးသီးကို တစ်ပြည်လျှင် (၄၀၀၀)ကျပ် နှုန်းဖြင့်ရောင်းချပြီး ပြည်ဝက်ကို (၂၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချပါသည်။ အိမ်အရောက်ပို့သော စနစ်ဖြင့် ရောင်းချသောကြောင့် အနီးအဝေးအလိုက် Deli ခဈေးနှုန်းမှာ ကျပ် (၅၀၀-၇၀၀-၁၀၀၀) ကျပ်ကျပါသည်။ Online  order စနစ်ဖြင့်ရောင်းချသောကြောင့် ပြည်မြို့အတွင်းရှိ ကယ်ရီ ဆိုင်ကယ်သမားများလည်း အလုပ်အကိုင်ရရှိကာဝင်ငွေတစ်ဖက်တစ်လမ်းမှ ရရှိကြပါသည်။ ယခုအခါ လေးပင်ဇီးသီးကို ကိုင်းဆက်ပင်များအဖြစ်ပျိုးကာ ရောင်းချကြသဖြင့် ဒေသအနှံအပြားတွင် စိုက်ပျိုးနိုင်မည်ဖြစ်သောကြောင့် စီးပွားဖြစ် စိုက်ပျိုး၍ ဝင်ငွေတိုးအောင် စိုက်ပျိုးသင့်သော အပင် တစ်မျိုးဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

မြန်မာလူမျိုးအကြိုက် ကြက်ဟင်းခါးသီး

  ကြက်ဟင်းခါးသီးအရသာသည် ခါးသည့်အရသာရှိပြီး ကျန်းမာရေးအတွက် များစွာအသုံးဝင်ကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးပင်သည် ခါးသက်သော အသီးများ သီးသည့်အပင်မျိုးဖြစ်သည်။ ကြက်ဟင်းခါးပင်၏ ရုက္ခဗေဒအမည်မှာ မိုမိုဒီကာ ကာရန်တီးယား ဖြစ်ပြီး အခါးအရသာရှိသောအသီးများထဲတွင် အခါးဆုံးဖြစ်သည့် နွယ်ပင်တစ်မျိုး ဖြစ်သည်။ ကြက်ဟင်းခါးပင်သည် အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက်ပါသည်။ ကြက်ဟင်းခါးသီးကို သေချာမျိုးခွဲထားခြင်းမရှိပါ ။ အသီး၏အရွယ်ကိုလိုက်ပြီး အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုးဟူ၍သာ ခေါ်ဆိုကြပါသည်။ အလုံးမျိုးများမှာ ကြက်ဟင်းခါးသီးအရိုင်းမှ သီးသောမျိုးဖြစ်ပြီး အခါးလေးသော အရသာရှိသောကြောင့် အချို့သောတောင်သူများ အထူးကြိုက်နှစ်သက်ကြသည်။ အသီးအရောင်မှာ အဖြူရောင်၊ အစိမ်းရောင်ရှိပါသည်။

   ကြက်ဟင်းခါးသီးကို ပြုတ်တို့ကြော်လှော်ချက်ပြုတ်ခြင်းအစရှိသဖြင့် နှစ်သက်သလို စားသုံးနိုင်ပါသည်။ ကြက်ဟင်းခါးသီးကိုစားလျှင် အကြောတက်တတ်ပါသည်။ သို့ရာတွင် အစေ့အညှာတိုင်နှင့် အစေ့တို့ဖယ်ရှားပြီး အသားကိုစားလျှင် အကြောမတက်ပါ။ ကြက်ဟင်းခါးသီး၏ အခါး ဓာတ်ကို လျော့ချလိုပါက ဆားရေစိမ်ပြီးမှ ချက်ပြုတ်သင့်ပါသည်။ ကြက်ဟင်းခါးသီးကို စားသုံးခြင်းဖြင့်လည်း သွေးတိုး၊ ဆီးချိုရောဂါများ၏ ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို လျော့ချပေးခြင်း ကင်ဆာရောဂါများနှင့် အခြားသောပြင်ပရောဂါများ ကူးစက်မှုမှ ကာကွယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါသည်။

   ပြည်ဈေးကွက်တွင် ကြက်ဟင်းခါးသီးတစ်လုံးကို (၁၅၀-၂၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ငွေကုန်ကြေးကျသက်သာစေပြီး လူကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေသည့် ကြက်ဟင်းခါးသီးကို တိုင်းရင်းဆေးဖော်စပ်ရာတွင်လည်း တွင်တွင်ကျယ်ကျယ် သုံးစွဲ လာကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ချင်းပုံမှန်အရောင်းအဝယ်ဖြစ်

   ပြည်ဈေးကွက်ရှိ အောင်ပန်းချင်းများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက်များက လက်ကား တစ်ပိဿာလျှင် ကျပ် (၁၅၀၀-၁၈၀၀)၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကား (၁၇၀၀)ကျပ်နှင့် လက်လီကျပ် (၁၉၀၀) ဈေးရှိသည့်အတွက် ယခင်တစ်ပတ်ဈေးနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် (၂၀၀)ကျပ် လက်လီတစ်ပိဿာလျှင် (၁၀၀)ကျပ် ဈေးလျော့နည်းလာကြောင်း တွေ့ရှိရပါသည်။ ချင်း အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်ကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်အောင်ပန်းချင်းသာ အဝင်ရှိပြီး တစ်နေ့လျှင် ပိဿာချိန် (၁၀၀)ဝင်ဆံ့သော ပို (၁၀၀-၁၅၀)ပုံမှန်အဝင်ရှိလျက်ရှိပါကြောင်း သတင်းရရှိပါသည် ။

DOCA(ပဲခူး)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

   ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည်လျှင် ၂၇၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ချင်း တစ်ပိဿာလျှင် ၂၀၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

  ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ စတုတ္ထပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၇၀၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင် ၂၄၀ကျပ် နှင့် ဘဲဥ တစ်လုံးလျှင် ၃၃၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၉၀၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

 ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ဇန်နဝါရီလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)၊ ဧည့်မထ (ဒေသဆန်)၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ဂျင်း၊ မန်ကျည်းသီးမှည့်၊ စားအုန်းဆီ၊ ကြက်ဥ၊ ဘဲဥ၊ အမဲသား၊ ငါးကြင်းနှင့် ငါးမြစ်ချင်း ဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးခြောက်(ရှည်)တို့မှာ ဈေးနှုန်း အနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

   ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၇၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၁၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၃၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၃၀၀)ကျပ် ဖြစ်ပါသည်။

   ကျိုင်းတုံမြို့ရှိ ဖေဖော်ဝါရီလ စတုတ္ထအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၈၆၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၃၀၂၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၃၀၂၀၀)ကျပ် ဖြစ်ပါသည်။

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင် ဇန်နဝါရီလ စတုတ္ထအပတ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိပါသည်။ ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ကျိုင်းတုံမြို့တွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး တာချီလိတ်မြို့တွင် ယခင် ဇန်နဝါရီလ စတုတ္ထအပတ်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိပါသည်။ ဈေးနှုန်းကျဆင်းရခြင်းမှာ ဘတ်ငွေဈေးနှုန်း ကျဆင်းလာခြင်းကြောင်းဖြစ်ပါသည်။

DOCA(ရှမ်း)

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

          စစ်ကိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာ ရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မုံရွာခရိုင်၊ စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

        စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက် ရှိသော စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

          မုံရွာခရိုင်အတွင်း ၁-၂-၂၀၂၃ ရက်နေ့မှ ၂၈-၂-၂၀၂၃ ရက်နေ့ထိ စားအုန်းဆီ စုစုပေါင်း ပိဿာချိန် ၂၅၇၄၀ ပိဿာခန့် ရောင်းချပေးနိုင်ခဲ့ပြီး ရောင်းချရာတွင် လူစည်ကားရာရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်းနှင့် ယခုအပတ်တွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဖြစ်ကြောင်း မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပဲကြီးဈေးကောင်းရသဖြင့် တောင်သူများပိုမိုတိုးချဲ့စိုက်ပျိုးလာ

        ပဲကြီးသည် မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်ကြသည့် သီးနှံတစ်မျိုးဖြစ်သည်။ ပဲကြီးကို ရင့်မှည့် စပြုသည့်အခြေအနေတွင် ပဲစိုအဖြစ် ချက်ပြုတ်စားသုံးပါက အလွန်ဆိမ့်လှသည်။ ပဲကြီးနှပ်၊ ပဲကြီး ဟင်းချိုအစရှိသဖြင့် အမျိုးမျိုးပြင်ဆင်စားသုံး တက်ကြသကဲ့သို့ ပဲကြီးလှော်သည်လည်း နှစ်သက်စရာ သရေစာတမျိုးဖြစ်သည်။ မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် လက်ဖက်ပွဲတွင် ပါဝင်သော ပဲခြမ်း ကြော်သည်လည်း ပဲကြီးကိုပြုပြင်ထုတ်လုပ်သော အစားအစာဖြစ်သည်။ ထို့အပြင် နိုင်ငံတကာဈေး ကွက်တွင်လည်း ဝယ်လိုအားမြင့်မားသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရသည်။

          ပဲကြီးသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ မိုး ၆,၃၀၀ ဧက၊ ဆောင်း ၅၈,၃၀၀ ဧက၊ စုစုပေါင်း ဧက  ၆၄,၆၀၀ ရှိပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလလယ်အထိ ရေဦးခရိုင်တွင် ၁၅,၃၄၁ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၄,၃၇၇ ဧက၊ မုံရွာခရိုင်တွင် ၁၃,၂၁၄ ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၀,၆၀၃ ဧကနှင့် ကျန်ခရိုင်များတွင် ၁၁,၈၆၉ ဧက စုစုပေါင်း ၆၅,၄၀၄ ဧက စိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၆၅,၃၇၁ ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ၆၅,၄၀၄ဧကစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင် နှစ်ကထက် ဧက ၃၀ ကျော် ပိုမိုစိုက်ပျိုးလာကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရှိရ ပါသည်။ 

        ပဲကြီးသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပေါ်ထွက်ပါသည်။ မိုးသီးနှံ ကို ၆၃၀၀ ဧက လျာထားခဲ့ရာမှ ၅၅၉၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလလယ်တွင် စိုက်ပျိုးခဲ့သည့်  ဧက ၅၅၉၀ လုံးရိတ်သိမ်းပြီးစီးကြောင်း သိရပါသည်။ ဆောင်းသီးနှံကို အောက်တိုဘာလ၊ နိုဝင် ဘာလနှင့်  ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် ရိတ်သိမ်းပါ ကြောင်း၊ လက်ရှိ သုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၆,၅၀၀ ဖြစ်ကြောင်း မုံရွာ ကုန်စည်ဒိုင် ဈေးနှုန်းသတင်းအရ သိရပါသည်။

        ပဲကြီးသည် အဖြူရောင်ဖြစ်ပြီး များသောအားဖြင့် အရွယ်အစား တူညီလေ့ရှိကြသည်။  ပဲကြီး သည် ချိုဆိမ့်သောအရသာရှိသဖြင့် စွတ်ပြုတ်ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ဟင်းသီးဟင်းရွက် ဟင်း အဖြစ်သော်လည်းကောင်း၊ ပဲအနှစ်အဖြစ်သော်လည်းကောင်း စားသုံးတတ်ကြသည်။ ပဲကြီးကို လှော်၍ဖြစ်စေ၊ ကျော်၍ဖြစ်စေ လက္ဘက်ရည်ကြမ်းဖြင့် တွဲဖက်၍ အမြည်းအဖြစ် စားသုံးတတ်ကြ သည်။ ပဲကြီးကို ကြာရှည်စွာ သိုလှောင်ထားပါက ပိုးကျလွယ်သောကြောင့် မကြာမကြာ ပိုးသတ်မှိုင်း တိုက်ပေးရန် လိုအပ်ပါသည်။ ပဲကြီးသည် အိန္ဒိယနိုင်ငံ၏ အဓိကအစားအစာ ဖြစ်သောကြောင့် ပဲကြီး သည် စီးပွားရေးအရ တွက်ခြေကိုက်သော သီးနှံဖြစ်လာသည်အလျောက် တစ်နှစ်ထက်တစ်နှစ် စိုက် ပျိုးမှု များပြားလာခဲ့ပါသည်။

          ပဲကြီးအား ပဲစိုအဖြစ် ချက်ပြုတ်စားသုံးခြင်းကို စားသုံးသူပြည်သူများက  ပိုမိုကြိုက်နှစ်သက်ပြီး ချက်ပြုတ်ရာတွင်လည်း လွယ်ကူသဖြင့် ပဲစို ခူးဆွတ်ရောင်းချကြကြောင်း၊ ပဲစို တစ်တင်းလျှင် ၁၂၀၀၀၀ ကျပ်ခန့် ရရှိသဖြင့် တောင်သူများအတွက်လည်း တွက်ခြေကိုက်သောကြောင့်  ပဲအစိုကို ခူးဆွတ် ရောင်းချလျက်ရှိပါကြောင်း၊ ပဲကြီးအခြောက်ကို ရေစိမ်၍ လှော်ပြီး ပဲကြီးလှော်အဖြစ်လည်းကောင်း၊ ပဲဇံပြုလုပ်၍ ပဲကြီးကြော်အဖြစ်လည်းကောင်း အညာဒေသထွက် လက်ဆောင်များအနေဖြင့်  ပြုလုပ် ရောင်းချသဖြင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက် ဈေး ကွက် ဝယ်လိုအားရှိနေပြီး ဈေးကောင်းရနေသော ပဲကြီးသီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအများစုထံမှ လေ့လာသိရှိရပါသည်။        

DOCA(စစ်ကိုင်း)                                                                                                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း