ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၄.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၀.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-)  ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

           ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာ(၂၀)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၃၂၀၀ဝိ/-) ယခုအပတ် (၃၃၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲတီစိမ်းမှာ ယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ် (၄၈၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ်(၄၅၈၀ဝိ/-) ယခုအပတ်(၄၅၅၀ဝိ/-)ဖြစ်၍ (၃၀ဝိ/-) ဈေးလျော့နည်းခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၅၀၅၀ဝိ/-) ယခုအပတ် (၅၀၀၀ဝိ/-) ဖြစ်၍ (၅၀ဝိ/-)ဈေးလျော့နည်းခဲ့ကြောင်း၊ ကုလားပဲ(H.L) ယခင်အပတ်(၅၀၀၀ဝိ/-) ယခုအပတ်(၅၀၅၀ဝိ/-)ဖြစ်၍(၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၅၀၅၀ဝိ/-) ယခုအပတ်(၅၁၀၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်(၇၂၀၀ဝိ/-) ယခုအပတ် (၇၁၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးလျော့နည်းခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)မှာ (၁)ပိဿာလျှင် ယခင်အပတ်(၄၆၅ဝိ/-) ယခုအပတ်(၄၈၀ဝိ/-)ဖြစ်၍ (၁၅ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၈၀ဝိ/-)ယခုအပတ်(၄၈၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၁၂၀) အိတ်၊ နှမ်းနီ(၁၆၅)အိတ်၊ ပဲစဉ်းငုံ(နီ)(၄၈၀)အိတ်၊ မတ်ပဲ(၁၁၀)အိတ်၊ ကုလားပဲ(HL) (၃၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၅၀)အိတ်၊ ဘိုကိတ်ပြာ(၂၂၀)အိတ်၊ ပဲကြီး(၄၃၀)အိတ်၊ မြေပဲလုံးဆံနီ (၁၂၀)အိတ်၊ မြေပဲလုံးဆံဖြူ(၁၀၀)အိတ်၊ ပဲတီစိမ်း(၁၂၅၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့ရှိအိမ်သုံးဆေးဝါးများစျေးနှုန်း တည်ငြိမ်လျက်ရှိ

         ယခုမိုးရာသီကာလတွင် ရာသီတုပ်ကွေးများနှင့် ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားလျှက်ရှိရာ မကွေးမြို့ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြသော အိမ်သုံး ဆေးဝါးများမှာ ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် စျေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ စျေးနှုန်းများ တည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါသည်။

         မကွေးခရိုင်အတွင်းရှိ စျေးကွက်အတွင်း ဖြစ်ပေါ်လျှက်ရှိသော အိမ်သုံး ဆေးဝါးများ၏ စျေးနှုန်းများမှာ Decogin (၁၀) လုံးပါ တစ်ကဒ်လျှင် (၉၆၀) ကျပ်၊ Civit အလုံး (၁၀၀)ပါ တစ်ဘူးလျှင် (၁၄၀၀) ကျပ်၊  Paracetamol (၁၀) လုံးပါ တစ်ကဒ်လျှင် (၁၇၀) ကျပ်၊ Biogesic (၁၀) လုံးပါ တစ်ကဒ်လျှင် (၆၀၀) ကျပ်၊  Amoxacillin အလုံး (၁၀၀) ပါ တစ်ဘူးလျှင် (၂၆၀၀) ကျပ်၊ Bermeton အလုံး (၁၀၀) ပါ တစ်ဘူးလျှင်(၁၀၀၀) ကျပ်၊ Cetrine (၁၀) လုံးပါ တစ်ကဒ်လျှင်(၁၅၀) ကျပ်၊ဓါတ်ဆား MPF တစ်ထုတ်လျှင်(၂၅၀) ကျပ်၊ Sara (၁၀) လုံးပါ တစ်ကဒ်လျှင် (၄၀၀) ကျပ်၊Flemex (၁၀) လုံးပါ တစ်ကဒ်လျှင် (၁၄၀၀) ကျပ်၊ Solumx (၄) လုံးပါ တစ်ကဒ်လျှင် (၉၀၀) ကျပ်၊  Alexal(၁၀) လုံးပါ တစ်ကဒ်လျှင်(၁၄၀၀) ကျပ်၊ Mexagrip (၄) လုံးပါ တစ်ကဒ်လျှင်(၄၁၀) ကျပ် စျေးနှုန်းများဖြင့်အသီးသီး ရောင်းချလျှက်ရှိကြောင်း ဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့နယ် ပဲတီစိမ်းနှင့် ပဲကြီးဈေးနှုန်းဈေးကွက် အခြေအနေ

            သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း သီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင်(၄၆၀၀ဝိ/-) ရှိခဲ့ရာမှ ယခုတတိယပတ်တွင် ပဲတီစိမ်းများ ဆက်လက်ထွက်ပေါ် လျက်ရှိရာ တစ်တင်းလျှင် (၄၇၅၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

            ပဲကြီးဈေးနှုန်းမှာလည်း ဇူလိုင်လ ဒုတိယပတ်တွင် တစ်တင်းလျှင် (၆၇၀၀ဝိ/-) ဖြစ်ပြီး တတိယပတ်တွင် တစ်တင်းလျှင် (၆၈၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ကျပ် ဈေးမြင့်ကာ အောင်လံမြို့ရှိ ဝယ်လက်သမားများမှ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် အိတ်ရေ(၃၅၀-၄၀၀)ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ဘူတာရပ်ကွက်တွင် မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး ၊ စံချိန်စံညွှန်းများနှင့် ပြည့်မှီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေး နှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၈.၇.၂၀၂၂)ရက်နေ့ (၁၆:၃၀) နာရီတွင် မကွေးမြို့၊ ဘူတာရပ်ကွက်၌ မကွေးတိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အနေဖြင့် Ayeyar Hinthar Trading Co;Ltd မှ ဝယ်ယူရရှိသော စားအုန်းဆီများအား စားသုံးသူလက်ဝယ်အရောက် ဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင်(၃၉၀ဝိ/-)နှုန်းဖြင့် စားသုံးသူပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရောင်းချပေးနေမှုအား မကွေးခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများမှ သွားရောက်စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းများ မှန်ကန်စေရေး အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး သက်သာ သော စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးသော မကွေးတိုင်းဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းကိုလည်း စားသုံးသူပြည်သူများ သက်သာချောင်ချိစေရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမှုအပေါ် အသိအမှတ်ပြုပါကြောင်းနှင့် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အာလူးဈေးကွက်အခြေအနေ

          ပခုက္ကူမြို့မဈေး၊ ဈေးကွက်သို့ စားဖိုဆောင်သီးနှံအာလူးများ နေ့စဉ် ရှမ်းပြည်(အောင်ပန်း) နှင့် တရုတ်နိုင်ငံ(ပြည်ပ)မှတင်သွင်းသော အာလူးများမန္တလေးမြို့မှတစ်ဆင့် ပခုက္ကူမြို့သို့ဝင်ရောက် လျက်ရှိပါသည်။ ဇူလိုင်လ(၁၅)ရက်မှ(၂၁)ရက်အတွင်း ဖြစ်ပေါ်ခဲ့သော အာလူး ဈေးနှုန်းများမှာ ရှမ်းပြည်(အောင်ပန်း)အာလူး တစ်ပိဿာလျှင် လက်လီဈေး(၂၂၀၀)ကျပ်၊ လက်ကားဈေး (၁၈၀၀/၁၉၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တရုတ်နိုင်ငံ (ပြည်ပ)မှ ဝင်လာသော အာလူးတစ်ပိဿာလျှင် လက်ကားဈေး(၁၆၀၀)ကျပ်၊ လက်လီဈေး (၁၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံထွက် အာလူးများသည် အခွံပါးပြီး တာရှည် အထားမခံသော်လည်း ရှမ်းပြည်(အောင်ပန်း) အာလူးများထက် ဈေးသက်သာ၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ ဈေးနှုန်းနှိုင်းယှဉ်လျှင် ယခင်(၁)ပတ်ထက် ယခု(၁)ပတ်အတွင်း အာလူးတစ်ပိဿာ လျှင် ပျမ်းမျှ (၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          နေ့စဉ်ရှမ်းပြည်(အောင်ပန်း)မှ အာလူးများ(၁)ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်၊ အိတ်(၇၀)ခန့်၊ ပိဿာ(၂၁၀၀)ခန့် ဈေးကွက်သို့ဝင်ရောက်ပြီး တရုတ်နိုင်ငံထွက်အာလူးများမှာလည်း နေ့စဉ်(၁)ရက် လျှင် ပိဿာ(၃၀)ဝင်အိတ် (၂၅)အိတ်ခန့်၊ ပိဿာ(၇၅၀)ခန့် ဈေးကွက်သို့ ဝင်ရောက်ပြီး ဇူလိုင် တတိယပတ်အတွင်း အာလူးပိဿာ အဝင်စုစုပေါင်း(၂၈၅၀)ခန့် ပခုက္ကူမြို့မ ဈေးကွက်သို့ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးများကို ပခုက္ကူမြို့အတွင်း လက်လီ ပြန်လည် ရောင်းချမှုများနှင့်  အာလူးကြော်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များမှ ဝယ်ယူခဲ့ကြ ကြောင်း စားဖိုဆောင်သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်မှ တစ်ဆင့် သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့မှ  အရောင်းအဝယ်ဖြစ်နေသည့် နှမ်းမျိုးစုံစျေးကွက်အခြေအနေ

            မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်နှင့် ဆီစက်များမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် မိုးနှမ်းစိုက်ဧကမှာ (၅၈၉၅၆၂)ဧက စိုက်ပျိုးပြီး ရာသီဥတုအခြေအနေအရ (၁)ဧက(၆)တင်းမှ (၁၈)တင်းခြားထွက်ရှိကြကြောင်း လေ့လာသိရှိရပါသည်။

        မကွေးကုန်စည်ဒိုင်သို့ ‌ရေနံချောင်း၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ တောင်တွင်းကြီးမြို့နယ်များမှ နေ့စဉ်အဝင်ရှိနေပြီး ဝင်သလောက်လည်း အရောင်းအဝယ်ဖြစ်နေသည်ကို သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဇူလိုင်လ(၁၇)ရက်မှ (၂၁)ရက်အတွင်း နှမ်းဖြူ (၁၅)ပိဿာ (၁)တင်းလျှင်(၇၀၀၀ဝိ/-)မှ (၇၈၅၀ဝိ/-)၊ နှမ်းညို (၅၅၀၀ဝိ/-)မှ (၆၁၅၀ဝိ/-)၊ နှမ်းနက်(စမုံ)(၈၂၅၀ဝိ/-) နှင့် နှမ်းနက် (၅၈၅၀ဝိ/-)စျေးနှုန်းဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အက်စစ်ဓါတ်ပါဝင်မှုအနည်းအများ၊ အဖျင်း၊ အမှော်၊ ဖုံ၊ သဲ၊ ခဲ ပါဝင်မှုနှင့် အစိုဓာတ်ပေါ်မှုတည်၍ ဈေးနှုန်းကွာခြားလျက်ရှိကြောင်းလည်း သိရှိရပါသည်။ ပြည်ပသို့နှမ်း၊ မြေပဲ တင်ပို့မှုရပ်ဆိုင်းထားသော်လည်း ပြည်တွင်းဈေးကွက်အနေဖြင့် ဈေးကောင်းလျက်ရှိသည့်အတွက် တောင်သူများအနေဖြင့် ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံအထွက် လျှော့နည်းမှုရှိသော်လည်း ဈေးကောင်းရ၍ တွက်ခြေကိုက်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ရွှေဘိုမြို့နယ်အတွင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

           ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးရန်  ပျိုးထောင် နေကြချိန်ဖြစ်၍ ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ပုံမှန်သာအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိုးစပါးစိုက်ပျိုးချိန် ဩဂုတ်လ၊ စက်တင်ဘာလများတွင်သာ ပုံမှန်ထက်ပို၍ အရောင်းသွက်မည်ဟု စိုက်ပျိုးရေး ဆေးဆိုင်များမှ သိရ ပါသည်။

          ဈေးနှုန်းများအနေဖြင့် ဇူလိုင်လ (၂၀)ရက်နေ့တွင် အာမို၊ကျွဲနက် (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၄၀၀၀ကျပ်၊ဇာမဏီ  (၁၃:၅:၁၇)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ အာမို၊ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၉၃၀၀၀ကျပ်၊ ပိုးသတ်ဆေး ရှောင်လင် (၁)လီတာ ၁ဗူးလျှင် ၁၅၅၀၀ကျပ်၊ ဒီမွန် (၅၀၀)စီစီ တစ်ဗူးလျှင် ၁၂၅၀၀ကျပ်၊ ငှက်ကြီးတောင် (၂၅၀)စီစီ တစ်ဗူးလျှင် ၂၈၅၀၀ကျပ်၊ ဇိုင်ကလုံး (၁)လီတာ တစ်ဗူးလျှင် ၂၉၅၀၀ကျပ်၊ အင်ဖာနို (၅၀၀)ဂရမ် တစ်ဗူးလျှင် ၉၀၀၀ကျပ် ဖြစ်ပြီး ယခုအချိန်တွင် စိုက်ပျိုးရေးသုံး သွင်းအားစုများအနေဖြင့် ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပြီး ပုံမှန်သာ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဆားလင်းကြီးမြို့နယ်အတွင်း၌ နွေနှမ်းများလှိုင်လှိုင်ထွက်ပေါ်

            မုံရွာမြို့တစ်ဖက်ကမ်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်  မြေနုကျွန်းများပေါ်တွင်မေလဆန်းပိုင်းက စိုက်ပျိုးခဲ့သည့်နွေနှမ်းများ ယခုလဆန်းပိုင်းမှ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်သည့် ရွာရှည်အုပ်စု၊ လက်ပန်တောင်းအုပ်စု၊ တုံးအုပ်စု၊ ထန်းစင်အုပ်စုရှိကျေးရွာများမှတောင်သူများသည် နှစ်စဉ်နွေနှမ်းကို မြေနူကျွန်းများပေါ်၌ ရေပေးသွင်း၍ စိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခုနှစ် နွေနှမ်းစိုက်ပျိုးချိန် မေလဆန်းကတည်းက မိုးရွာသွန်းခဲ့သည့်အတွက် ယခုနှစ်နွေနှမ်းကို ရေပေးသွင်းခြင်း မပြုခဲ့ရဘဲ မိုးရေဖြင့်စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

          ယခုနှစ်နွေနှမ်းစိုက်ပျိုးဧက (၁၀၀၀)ကျော်ရှိပြီးစိုက်ပျိုးချိန်မှစ၍ မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် ရေသွင်းစရိတ်သက်သာခဲ့ကြောင်း မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် အပင်ဖြစ်ထွန်းမှု အားကောင်းပြီး သီးရှဉ်းနည်းခဲ့ကြောင်း၊ နှစ်စဉ်ရေသွင်းစိုက်ပျိုးမှုထက် ကုန်ကျစရိတ်သက်သာသော်လည်းအထွက်နှုန်း လျော့နည်းခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ နှစ်စဉ်နွေနှမ်းကို ရေသွင်းစိုက်ပျိုးခဲ့ရာ တစ်ဧက( ၂.၅ )သိန်းခန့်ကုန်ကျပြီး (၁၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း ယခုနှစ်တွင် မိုးဖြင့် စိုက်ပျိုး ခဲ့ရသည့်အတွက် တစ်ဧက (၁.၅)သိန်းခန့်သာကုန်ကျခဲ့သော်လည်း အထွက်နှုန်းအနေဖြင့် (၈)တင်းခန့်သာထွက်ရှိခဲ့သည်အတွက် တစ်ဧကကျပ်(၂)သိန်းဝန်းကျင်ခန့်သာ အကျိုးအမြတ်ရရှိခဲ့ ကြောင်း၊ အပင်ဖြစ်ထွန်းမှုဖက်အားကောင်းသွားပြီး အသီးရှဉ်းနည်းသွားခဲ့သည့်အတွက် အထွက်နှုန်း လျော့နည်းသွားခဲ့ကြောင်း နှမ်းစိုက်တောင်သူ ဦးဘိုအောင်၏ သုံးသပ်ပြောပြချက်အရ သိရှိရပါသည်။

          ယခုလက်ရှိဒေသတွင်း၌ နွေနှမ်းများလှိုင်လှိုင်ရိတ်သိမ်းလျက်ရှိပြီး စနစ်တကျစုပုံခြင်း၊ နှမ်းစည်းခြင်း၊ နှမ်းထောင်နေလှန်းခြင်းနှင့် နှမ်းခါယူခြင်းများဆောင်ရွက်လျှက်ရှိရာ လက်ရှိနွေနှမ်း ရိတ်သိမ်းနေချိန်တွင် နေပူပြင်း၍ မိုးရွာသွန်းမှုမရှိသေးသည့်အတွက် အရည်အသွေးထိခိုက်မှုမရှိသေးကြောင်း၊ ခါယူရရှိသည့်နှမ်းများကို ခြောက်သွေ့အောင်နေလှန်းသန့်စင်ပြီးမှ မုံရွာဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

          လက်ရှိမုံရွာဈေးကွက်အတွင်း၌လည်း နှမ်းများနေ့စဉ်နယ်အဝင်များလျှက်ရှိပြီး နှမ်းအမျိုး အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးပေးဝယ်ယူလျှက်ရှိကြောင်း၊ တစ်ရက်လျှင် နှမ်းတင်း (၅၀၀) ခန့် နယ်အစုံမှဝင်ရောက်မှုရှိပြီး နယ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လက်ရှိမုံရွာဈေးကွက်၌ နှမ်းညိုတစ်တင်း (၅၇၀၀၀)ကျပ်မှ(၅၉၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း (၆၇၀၀၀)ကျပ်မှ (၆၉၀၀၀)ကျပ်နှင့် နှမ်းနက်တစ်တင်း(၇၃၀၀၀)ကျပ်မှ (၇၅၀၀၀)ကျပ်ပေါက်ဈေး ရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တစ်တင်း(၁၀၀၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ အဓိကတင်ပို့လျှက်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီရောင်းချနေမှုအား ပူးပေါင်းဆောင်ရွက်

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

             စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံများအနေဖြင့်လည်း စားသုံးဆီ တင်သွင်းသည့်ကုမ္ပဏီများမှ စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချခဲ့သည့်အပေါ် မိမိတို့ခရိုင်၊ မြို့နယ်အတွင်း ဝယ်ယူရရှိသည့် လက်ကားကုန်သည်များအနေဖြင့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် ရွှေဘိုခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်၍ စားသုံးဆီရောင်းချမှုများကို ပူးပေါင်းကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။

            ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဒေသတွင်းတိုက်ရိုက်ရောင်းချမှုအစီအစဉ်အနေဖြင့် ဇူလိုင်လ(၁၈)ရက် နေ့မှ(၂၂)ရက်နေ့အထိ နေ့စဉ်နံနက်(၇:၃၀)နာရီခန့်မှတင်၍ ကားတစ်စီးလျှင်(၅)ပေပါနှုန်းဖြင့် နေ့စဉ် ကား(၂)စီးကို ဆီကုန်သည်(၈)ဦးမှ အလှည့်ကျဖြင့် ရွှေဘိုမြို့ပေါ်ရှိ ကုန်းဘောင်ဈေးအနီး၊ အောင်ဇေယျဈေး အနီး၊ အောင်ချမ်းသာဈေးအနီးနှင့် ထိပ်တန်းဈေးအနီးတွင် စားသုံးသူများအလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးဆီ လက်လီအရောင်းဈေးကား၊ တစ်ပိဿာရောင်းဈေးနှုန်း(၃၉၀၀)ကျပ်” ဟူ၍ဗီနိုင်းကပ်ပြီး ဆီအရောင်းကားများဖြင့် နေရာအရောက် သွားရောက်ရောင်းချလျက်ရှိရာ စားသုံးသူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးသဖြင့် နေရာအလိုက် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်စွာ တန်းစီ၍ ဝယ်ယူကြကြောင်း သိရှိရပါသည်။ စားသုံးဆီသည် နေ့စဉ်စားသုံးနေရသော စားသောက်ကုန် ဖြစ်သည့်အပြင် ရွှေဘိုမြို့တွင် စားသုံးဆီပြင်ပပေါက်ဈေးမှာ ဈေးနှင့်အနီးအဝေးအပေါ်မူတည်၍ လက်လီ တစ်ပိဿာလျှင်(၇၈၀ဝိ/-)မှ (၈၃၀ဝိ/-)ပေါက်ဈေးရှိသဖြင့် အိမ်ရှိတန်းစီနိုင်သောလူကုန်အားလုံး တန်းစီ၍ ဝယ်ယူစုဆောင်းကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လူကြိုက်များသော ချင်းပြည်နယ်၏ရိုးရာအစားအစာ ဆာဗူးသီး

                 ချင်းပြည်နယ်တွင် ချင်းလူမျိုးတို့၏ ရိုးရာအစားအစာအဖြစ် ဆာဗူးသီးသည် ယခုအခါ ချင်းတိုင်းရင်းသားများသာမက  အခြားတိုင်းရင်းသားများကပင် အဆာပြေအဖြစ် စားသုံးမှုပိုမို များလာသည့် အစားအစာတစ်မျိုးဖြစ်ပါသည်။

              ဆာဗူးသီးစားသုံးသောဓလေ့မျာ တစ်နေရာနှင့် တစ်နေရာ အခေါ်ဝေါ်ခြင်း မတူညီကြပေ။ တီးတိန်စကားဖြင့် ဘိုင်မကျင်း ဟုသော်လည်းကောင်း၊ ချင်းတောင်ပိုင်းဒေသ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝဒေသများတွင် ဒေတွီဟုလည်းကောင်း၊ ဟားခါးစကားဖြင့် ဆာဗူးသီးဟု အမျိုးမျိုးခေါ်ဝေါ်ကြကြောင်း လေ့လာသိရှိရပါသည်။

              ပထဝီအနေအထားအရ ချင်းတောင်ဒေသများတွင် ရှေးအခါက ဆန်စပါးထက် ပြောင်းသီးနှံကို ပိုမိုစိုက်ပျိုးကြပြီး ပြောင်းဖူးနှင့်ဆက်နွှယ်သော အစားအစာများ ပေါ်ပေါက်ခဲ့လာခဲ့ခြင်း ဖြစ်ပါသည်။

              ဆာဗူးသီးချက်ပြုတ်ရန်အတွက် ပြောင်းဖူးဆံခြောက်များကို သစ်သားဆုံကြီးများဖြင့် ထောင်းကာ အခွံချွတ်ရပြီး ရရှိသည့် ပြောင်းဖူးကြမ်းအဆံများကို အသား၊ ရေတို့ဖြင့် ရောပြုတ်ကာ ဟင်းခတ်မှုန့်မပါသော်လည်း ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်၏ ချိုဆိမ့်သောအရသာနှင့် အသား၏ အချိုဓါတ်တို့ဖြင့် သဘာဝ အစားအစာတစ်မျိုးဖြစ်ပါသည်။ ယင်းဆာဗူးသီး စားသုံးရာတွင်  ငရုတ်သီးထောင်းမှာ မပါမဖြစ် တွဲဖက်လျက် စားသောက်ကြပြီး အသားခြောက်ကြော်နှင့် တွဲဖက်စားသောက်လေ့ ရှိကြပါသည်။ ဆာဗူးသီး ပွဲကြီးတစ်ပွဲလျင် ( ၈၀၀ ) ကျပ်နှင့် ပုံမှန်ပွဲ တစ်ပွဲလျှင် ( ၅၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။

              ယခုအခါတွင် ဆာဗူးသီးကို မိမိစိတ်တိုင်းကျ ချို၊ ချဉ်၊ ငံ၊ စပ် အရသာအဖြစ် ရောစပ်စားကြပြီး ချင်းရိုးရာအစားအစာအဖြစ် စားသုံးမှုပိုများပြီး ချင်းပြည်နယ် တစ်ခုတည်းသာမက  မြေပြန့်ဒေသများနှင့် အောက်ပိုင်းဒေသများတွင်ပါ စားသုံးမှုပိုများကြောင်း သိရသည်။  ဒေသ အစားအစာတစ်မျိုးဖြစ်၍  ချင်းပြည်နယ်တွင် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ရောင်းအားကောင်းပြီး ဝင်ငွေရရှိနေသောကြောင့် ဆာဗူးသီး ချတ်ပြုတ် ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း