ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်နှမ်း ရက်ခြားသာအရောင်းအဝယ်ဖြစ်ပြီး လှောင်သမားလက်ဝယ်သာရှိတဲ့ မန်ကျည်းမှည့်စျေးကွက်

            ပြည်ဈေးကွက်တွင် ဇူလိုင်လဒုတိယပတ်တွင် ဒေသတွင်းဆီစက်သမားများက ဆီကြိတ်ရန် အဝယ်ရှိသဖြင့် နှမ်းသီးနှံသည် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်း အဝယ်ဖြစ် လျှက်ရှိပါသည်။ မိုးကြိုနှမ်းများလည်း နောက်လတွင် ထွက်ပေါ်နိုင်ပြီး ယခုအချိန်တွင် ဈေးကွက်သို့ နှမ်းများဝင်ရောက်မှုမရှိပေမယ့် လှောင်နှမ်းများဖြင့်သာ ရက်ခြား အရောင်းအဝယ်ဖြစ်သည်ဟု သိရှိရပါသည်။ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊  နှမ်းနက်မှာ (၃)တင်းတစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်နှင့် စမုံနက်နှမ်းမှာလည်း (၃)တင်းတစ်အိတ်လျှင် ၂၁၀၀၀၀ ကျပ်ဖြင့် ဇွန်လနောက်ဆုံးပတ်ကအတိုင်း ဈေးငြိမ်နေပြီး တခါတရံအရောင်းအဝယ်ဖြစ်လျှင် အိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ နှမ်းဆီ တစ်ပိဿာလျှင် ၈၀၀၀ - ၈၅၀၀ ကျပ်ဖြင့် ဒေသတွင်းအရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

          ပြည်ဒေသတွင်းထွက်ရှိသည့် မန်ကျည်းမှည့်လက်ကျန်သည် ပွဲရုံလှောင်သမားများလက်ဝယ်၌ ရှိသောကြောင့် အခြားနယ်ဖြစ်ကြသော ကျောက်ပန်းတောင်းမှ ဝင်ရောက်လာသော မန်ကျည်း မှည့်ဈေးမှာ အမြင့်ဈေးဖြစ်နေသောကြောင့် ဒေသထွက်လက်ကျန်မန်ကျည်းမှည့်ဈေး အနည်းငယ် မြင့်နေပါသည်။ အရောင်းအဝယ်အနေဖြင့် အေးနေပြီး လှောင်လက်များလက်ဝယ် ဈေးမြင့်တက်နေ ပါသည်။ ယခုတစ်ပတ်မန်ကျည်းမှည့်တစ်ပိဿာ (အသား)(ပွဲရုံဈေး) ၃၇၀၀ကျပ်ဈေးတို့ဖြစ်ပြီး ဒေသတွင်းလက်လီတစ်ပိဿာအသားဈေးမှာ ၄၃၀၀ကျပ် တို့ဖြင့် ရောင်းချလျှက်ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆန် အရောင်းအဝယ်ပုံမှန်ဖြစ်လျှက်ရှိ

             ပြည်ဈေးကွက်သို့ ယခုဇူလိုင်လဒုတိယပတ်တွင် မြေပဲဆန်များဝင်ရောက်မှုမရှိသော်လည်း လှောင်မြေပဲဆန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန် လုံးဆန်(အဖြူ)ကို မြဝတီဘက်သို့ တင်ပို့ရန်အဝယ်ရှိသလို၊ မြေပဲဆန်လုံးဆန်(အနီ)ကို ဒေသတွင်း မြေပဲလှော်ဖို သမား များက ဝယ်ယူမှုရှိပါသည်။ ဆီကြိတ် မြေပဲဆန်ဖြစ်သော ရွေးဆန်များကို မြေပဲဆီကြိတ်သော ဆီစက်များနှင့် ဆုံဆီကြိတ်သောဆီစက်များက အဝယ်ရှိသလို မလုံလောက် ပါက မကွေးမြို့နှင့် ပခုက္ကူဘက် မှဝယ်ယူ၍ ကြိတ်ခွဲရပါသည်။ ယခုဇူလိုင်လ ဒုတိယပတ်ရှိ မြေပဲဆန်ဈေးနှုန်းများမှာ ဆီကြိတ်မြေပဲဆန် (အဖြူ၊ အနီ) ၂မျိုးစလုံးမှာ ဈေးတူနေပြီး တစ်ပိဿာလျှင် ၄၂၀၀ကျပ်၊ လုံးဆန်(အဖြူ၊ အနီ) တစ်ပိဿာလျှင် ၄၄၀၀ကျပ်ဖြင့် ဇွန်လ နောက်ဆုံးပတ်ကအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ မြေပဲဆီတစ်ပိဿာလျှင် ၉၅၀၀ကျပ်၊ ဆုံဆီတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မတ်ပဲသီးနှံဈေး လျော့နည်း၍ ရောင်းဝယ်မှုဖြစ်

           ပြည်ပဲမျိုးစုံဈေးကွက်အနေဖြင့် ပြည်ပဝယ်လက်များဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများအနက် မတ်ပဲသီးနှံမှာ ဈေးနှုန်းတဖြည်းဖြည်းကျဆင်းလျှက်ရှိပြီး တစ်တင်း ၅၂၀၀၀ကျပ်ဖြင့် ဝယ်လိုအား ပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ဇူလိုင်လဆန်းပိုင်းတွင် တစ်တင်း ၅၇၀၀၀ ကျပ် မှ ၆သောင်းနီးပါးအထိ ဈေးရခဲ့ပြီး ဒုတိယပတ်မှစ၍ ဈေးတဖြည်းဖြည်း လျှော့နည်းလာခဲ့၍ တစ်ချို့လှောင်သမားများကလည်း ထုတ်ရောင်းချမှုမရှိဘဲ ငွေလို၍ ရောင်းချမှု အချို့သာ ရှိခဲ့ကြပါသည်။ ထို့အတွက်ကြောင့် ပဲဝင်ရောက်မှုနေ့စဉ်မရှိဘဲ ရက်ခြားသာ အိတ်အနည်းငယ် ဝင်ရောက်ခဲ့သလို အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဝယ်လိုအားရှိသည့်ရက်တွင် အိတ် ၁၀၀ကျော် ၂၀၀နီးပါး ရောင်းချခဲ့ကြပြီး ရန်ကုန်ဝယ်လက်သမားများ ဝယ်ယူခဲ့သည်ဟု  သိရှိရပါသည်။ ယခင်နှစ်က ယခုကာလတွင် ပဲတစ်တင်း ၃၇၀၀၀ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်ဈေး လျော့နေသည် ဆိုသော်လည်း ယခင်နှစ် ဈေးထက် ဈေးပိုနေလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ပဲတီစိမ်းသစ်များ အရည်အသွေးလိုက်၍ ဈေးကောင်းရ

          ပြည်ပဲဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇူလိုင်လဆန်းရက်မှစ၍ ဝင်ရောက်လာခဲ့ရာ ယခုအချိန်ထိနေ့စဉ် ဝင်ရောက်မှုတဖြည်းဖြည်းများလာပြီး ပြည်အနီးတဝိုက် မင်းတုန်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း ဒေသများမှ ဝင်ရောက်လာခဲ့ကြောင်း သိရှိရပါသည်။ ပဲတီစိမ်းသစ်ဈေးမှာ ပဲအရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၄၆၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ကြပြီး ရိုးရိုးတစ်တင်း ၄၆၀၀၀ကျပ်၊ ထိပ်စတစ်တင်း ၄၇၀၀၀ကျပ်ဖြင့် အသီးသီးရောင်းဝယ်လျှက်ရှိရာ မန္တလေးလိုင်းသမားများ အဓိကထား ဝယ်ယူမှုရှိခဲ့ကြပါသည်။ ယခုနှစ်မိုးပဲတီစိမ်းဝင်ရောက်မှုစော ခဲ့သောကြောင့် ဇူလိုင်လအတွင်း နေ့စဉ်ဝင်ရောက်လျှက်ရှိနေသလို လကုန်ပတ်၊ ဩဂုတ်လဆန်းပိုင်း များတွင် ပဲအထွက်လှိုင်ချိန် ပဲဝင်ရောက်မှု ပိုများလာနိုင်သည်ဟု သိရှိရပါသည်။ ယခင်နှစ်က ဇူလိုင်လအတွင်း ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ ဩဂုတ်လ ဆန်းပိုင်းမှသာ ဝင်ရောက်ခဲ့ကာ ပဲတစ်တင်း ၃၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခုနှစ် ပဲတီစိမ်းသစ်ဈေးမှာ ပဲသစ်ပေါ်စ အချိန်ကတည်းက ဈေးကောင်းရနေသော ပဲသီးနှံ ဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)

 

ဖြူးမြို့ သရက်စိုက်ပျိုးသူများ သရက်ပြင်ကျိုချက်ရောင်းချ၍ အပိုဝင်ငွေရရှိ

            တောင်ငူခရိုင်၊ ဖြူးမြို့တွင် အိမ်တိုင်းလိုလို သရက်ပင်များ စိုက်ပျိုးကြပါသည်။ သရက်သီးများမှာ ရင်ကွဲ၊ မချစ်စု၊ မနော်နွယ်၊ စိန်တလုံးစသည်ဖြင့် မျိုးကွဲများရှိရာ စိန်တစ်လုံးသရက်သီးသာ ဈေးကောင်းရရှိ၍ ကျန်သရက်သီးများမှာ ဈေးကွက်သိပ်မရှိပါ။ ထို့ကြောင့် သရက်သီးမှည့်အနေဖြင့် စိန်တစ်လုံးသရက်သီးကိုသာ ခူးဆွတ်၍ အမှည့်အုပ် ရောင်းချကြပြီး ကျန်အသီးများမှာ ခူးဆွတ်ခနှင့် ဈေးကွက် တွက်ချေမကိုက်ပါ။

              ထို့ကြောင့် ယခုလို မိုးဦးကျရာသီတွင် အပင်တွင်ကျန်ရှိသော သရက်သီးများမှည့်၍ ကြွေကျလာသောအခါမှ ကောက်ယူ၍ အခွံခွာ၊ အသားအားဓါးဖြင့်ပါးပါးလှီး ဆားထည့်၍ သရက်ပြင် ကျိုကြပါသည်။ သရက်ပြင်ကျိုရန် ကုန်ကျစရိတ်နည်းပါးသောကြောင့် ခြံကျယ်၍ သရက်ပင်ရှိသောသူ  အများစုမှာ သရက်ပြင်ကြို၍ ရရှိလာသော သရက်ပျဉ်များအား ရောင်းချကြပါသည်။

              သရက်ပြင် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ရှိပြီး နီးစပ်ရာလက်ဆောင်ပေးလိုသူများက ဝယ်ယူမှုများပါသည်။ တစ်ရာသီလျှင် သရက်ပြင် ပိဿာ ၃၀ ခန့်ရရှိကြောင်း၊ ယခုနှစ် ဈေးနှုန်းအရ ၂၄၀၀၀၀ ကျပ်ခန့်အပိုဝင်ငွေရရှိသဖြင့် မိသားစု မီးဖိုချောင်စရိတ်အတွက် အထောက် အကူရရှိကြောင်း သရက်ပြင် ကျိုချက်ရောင်းချသူ ဒေါ်ခင်သက်မော်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

ပေါင်းတည်မြို့ရှိ ရာသီပေါ်ရုံးပတီသီး

            ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင် ၊  ပေါင်းတည်မြို့နယ်မှ ဝန်ထမ်းများသည် (၁၃.၇.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၃၀) အချိန်တွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ဗိုလ်ကုန်းကျေးရွာရှိ ရုံပတီသီးစိုက်ပျိုးသောတောင်သူနှင့် တွေ့ဆုံ၍ ရုံးပတီသီးစိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား မေးမြန်းခဲ့ပါသည်။

          ပေါင်းတည်မြို့နယ်၊ ဗိုလ်ကုန်းကျေးရွာရှိ ရုံးပတီသီးစိုက်ပျိုးသူမှ ရုံးပတီသီးကို မေလ (သို့မဟုတ်) ဇွန်လဆန်းတို့တွင် စတင်စိုက်ပျိုးပါသည်။ ရုံးပတီသီးစိုက်ပျိုးရာတွင် တစ်ဧကလျှင် အစေ့(၁၀၀၀)ခန့် စိုက်ပျိုးနိုင်ပြီး အစေ့များကို ဆွထားသည့် မြေကြီးတွင် တင်ရုံသာထား၍ စိုက်ပျိုးကြောင်းသိရပါသည်။ ရုံးပတီသီး တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှ ကျပ် (၃)သိန်း ခန့်ကုန်ကျပြီး စတင်စိုက်ပျိုးချိန်မှစ၍ အသီးများခူးဆွတ်ချိန်အထိ (၂)လခွဲခန့်ကြာမြင့်သည်ဟု သိရပါသည်။ အသီးသီးလျှင် ပျမ်းမျှအားဖြင့် တစ်ပင်လျှင် အသီးတောင့် (၂၀)ခန့်ထွက် ရှိသည်ဟု သိရပါသည်။ ရုံးပတီသီးစိုက်ပျိုးလျှင် တစ်ဧကဝင်ငွေမှာ (၄)သိန်းခွဲခန့်ရရှိပြီး အသားတင် အကျိုး အမြတ်အနေဖြင့် (၁)သိန်းခွဲခန့်ရရှိသည်ဟုသိရပါသည်။ ရုံးပတီခင်းမှထွက်ရှိသော အသီးများကို ဝက်ပုတ် ကုန်စည်ဒိုင်သို့ သွားရောက်ရောင်းချသလို ထိုမှတစ်ဆင့် ရန်ကုန်မြို့ရှိ ဟင်းသီးဟင်းရွက်ဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့တွင် တပိုင်တနိုင်ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ

          ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအဖြစ် ကွမ်းရွက်ခြံများ စိုက်ပျိုးလျှက်ရှိပါသည်။ ကွမ်းစိုက်ပျိုးသူတောင်သူများအနေဖြင့် ကွမ်းတိုင်(၁)ထောင်စိုက်ပျိုးလျှင် ကုန်ကျစရိတ်အနေဖြင့် (၁၈)သိန်းခန့်ကုန်ကျ၍ စိုက်ပျိုးပြီး (၃)လအကြာတွင် ကွမ်းရွက်များ စတင်ခူးဆွတ်ရပါသည်။ ကွမ်းခူးရာတွင် (၁၅)ရက်ကြာလျှင် တစ်ကြိမ်ခူးဆွတ်ရ၍ တစ်လလျှင် (၂)ကြိမ်ခန့်ခူးဆွတ်ရပါသည်။ ဆောင်းရာသီအချိန်တွင် ကွမ်းတိုင် (၁)ထောင်ဆွတ်ခူးလျှင် ကွမ်းရွက် ပိဿာချိန် (၈၀-၁၀၀)ခန့်ထွက်ရှိပြီး၊ နွေရာသီတွင် ကွမ်းရွက်ထွက်ရှိမှုနည်းသွားသဖြင့် ပိဿာချိန် ၄၀-၅၀ခန့်ထွက်ရှိသည်ဟု သိရပါသည်။ ကွမ်းရွက်ဈေးနှုန်းများမှာ မိုးရာသီနှင့် ဆောင်းရာသီတွင် ကွမ်းရွက်တစ်ပိဿာလျှင် ၂၀၀၀ကျပ်ခန့်ရရှိပြီး နွေရာသီတွင်ကွမ်းရွက်ထွက်ရှိမှုနည်းသွားသဖြင့် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဈေးအထိရောင်းချရသည်ဟု သိရပါသည်။ ထွက်ရှိလာသော ကွမ်းရွက် များကို ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။

          ကွမ်းရွက်ကို ကွမ်းယာအဖြစ် မြန်မာလူမျိုးအများစုမှာ ရှေးမြန်မာမင်းများလက်ထက်မှစ၍ စားသုံးလာကြပြီး ယခုအချိန်အထိ လူကြီး၊ လူငယ်မရွေး စားသုံးကြသည့်အတွက် ကွမ်းစိုက်တောင်သူများအနေဖြင့် ပုံမှန်ဝင်ငွေရရှိပြီး တပိုင်တနိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးလာမည် ဆိုပါက ပိုမိုအကျိုးအမြတ်များဖြစ်ထွန်းလာမည်ဖြစ်ကြောင်းလေ့လာ သိရှိရပါသည်။

DOCA(ပဲခူး)

မုတ်သုန်ရာသီမိုးနှမ်းဆီသို့

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပေါင်းတည်မြို့နယ်အတွင်း နတ်ပုတီးကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသောတောင်သူနှင့် တွေ့ဆုံ၍ တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံဆွေးနွေးရာ နှမ်းတစ်ဧကစိုက်ပျိုးရာတွင် ထွန်ယက်စိုက်ပျိုးခနှုန်းထားမှာ (၆၅၀၀၀)ကျပ်ခန့်ရှိပြီး တစ်ဧကလျှင် မျိုးနှမ်း(၄)ပြည် ကျဲပက်ရပြီး မျိုးနှမ်းတစ်ပြည်လျှင် (၈၀၀၀)ကျပ်ဖြင့် ဝယ်ယူကျဲပက်ရပါသည်။ သွင်းအားစုအနေဖြင့် အပင်ငယ်မှစ၍ အပင်ကြီး၍ နှုတ်သိမ်းချိန်အထိ (၉၅၀၀၀)ကျပ်ခန့် ကုန်ကျ ကြောင်းသိရပါသည်။ စိုက်ပျိုးပြီး (၃)လအကြာတွင် နှမ်းများစတင်ရိတ်သိမ်းရပြီး နှမ်းတစ်ဧက ရိတ်သိမ်းခမှာ (၂၅၀၀၀)ကျပ်နှင့် နှမ်းစည်းခမှာ (၂၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ နှမ်းတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ (၂၃၇၀၀၀)ကျပ်ခန့်ရှိကြောင်းသိရပါသည်။ တစ်ဧကလျှင် နှမ်းအထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် ၁၀ တင်းခန့်ထွက်ရှိပြီး၊ နှမ်းကောင်းလျှင် ၁၂တင်း ခန့်ထွက်ရှိသည်ဟု သိရပါသည်။ မိုးနှမ်းတစ်တင်းလျှင် ၈၀၀၀၀ကျပ်မှ ၁၀၀၀၀၀ကျပ် အထိရရှိ၍ တစ်ဧကဝင်ငွေမှာ (၁၀)သိန်းကျပ်ခန့်ရရှိသည်ဟုသိရပါသည်။ တောင်သူတစ်ဧက အသားတင် အကျိုးအမြတ်အနေဖြင့် (၇၆၀၀၀၀)ခန့်ရရှိသည်ဟု သိရှိရပါသည်။

          ပြည်တွင်းစားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော နှမ်းကို ပိုမိုတိုးချဲ့ စိုက်ပျိုးလျှင် တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်ပြီး နိုင်ငံအတွက်လည်း စားသုံးဆီဖူလှုံ လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(ပဲခူး)

 

ပေါင်းတည်မြို့ရှိ ဖူးစားပြောင်းဈေးကွက် ကောင်းမွန်နေ

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်မြို့နယ်တွင် ယခုအချိန်၌ ဖူးစားပြောင်းများ လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ဖူးစားပြောင်းများကို ပေါင်းတည်မြို့ရှိ ကျွဲတဲကြီးရွာ၊ ပေါက်တန်း(ဝဲကြီးရွာ)၊ ဘိုးသာအောင်ကုန်းရွာ၊ အရှေ့ညောင်တုန်းရွာတို့တွင် စတင်ထွက် ပေါ်နေပြီ ဖြစ်ပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ပေါင်းတည်မြို့အဝင် ရန်ကုန်-ပြည်လမ်းရှိ လမ်းဘေး ဝဲယာများတွင် ပြောင်းဖူးများကို ဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍ သော်လည်းကောင်း၊ ပြောင်းဖူးစေ့ကြော်များ ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြောင်း သိရှိရပါသည်။ ပြောင်းဖူးများကို ဖောက်သည်ဈေးအနေဖြင့် တစ်ဖူးလျှင် ၁၉၀-၂၀၀ ကျပ်အထိ ရောင်းချပြီး တစ်ဆင့်ခံအသည်များက တစ်ဖူးလျှင် ၂၅၀ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချကြောင်းသိရပါသည်။ ပေါင်းတည်မြို့မှ ထွက်ရှိသော ပြောင်းဖူးများကို နယ်မြို့များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံ၏ စျေးကွက်အခြေအနေ

         ဇူလိုင်လ ဒုတိယပတ်အတွင်း မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံဈေးကွက်သည် စျေးနှုန်းတည်ငြိမ်လျက် ရှိကြောင်းသိရသည်။ ပဲနောက်(၁၉)ပိဿာ(၁)တင်းလျှင် (၄၁၀၀ဝိ/-)၊ ပဲလွန်းဝါ(၁၉)ပိဿာ(၁)တင်းလျှင် (၄၁၀၀ဝိ/-) ကျပ်၊ ကုလားပဲကြီး(929)ပိဿာ(၁)တင်းလျှင် (၄၈၅၀ဝိ/-)ကျပ်၊ ကုလားပဲလုံးသေး(၁၉)ပိဿာ (၁)တင်း လျှင် (၄၄၅၀ဝိ/-)ကျပ်၊ ပဲကြီးဖြူ (၁၉)ပိဿာ(၁)တင်းလျှင်(၆၂၀၀ဝိ/-)ကျပ်၊ ပဲကြီးမဲ(၁၉) ပိဿာ (၁)တင်း လျှင်(၅၅၀၀ဝိ/-)ကျပ်၊ ပဲထောပတ် (၁၉)ပိဿာ(၁)တင်းလျှင်(၄၂၀၀ဝိ/-)ကျပ်၊ ပဲတီစိမ်း (၁၉) ပိဿာ (၁)တင်းလျှင်(၄၇၀၀ဝိ/-)ကျပ်၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် (၅၃၀၀ဝိ/-)ကျပ်တို့ဖြင့် စျေးနှုန်း တည်ငြိမ်လျက်ရှိပြီး ပဲစဉ်းငုံနီ(၂၀)ပိဿာ(၁)တင်းလျှင်(၄၆၀၀ဝိ/-)ကျပ်နှင့် စားတော်ပဲ(၂၀) ပိဿာ(၁) တင်းလျှင် (၁၀၃၀၀ဝိ/-)ကျပ်တို့ဖြင့် ပဲစဉ်းငုံနှင့် စားတော်ပဲတို့သည် စျေးနှုန်းအနည်းငယ် မြင့်တက်လာ ကြောင်းသိရသည်။

            ယခုအပတ်တွင် ပဲတီစိမ်း တန်ချိန်(၂၀၀.၈၃)ခန့်၊ ကုလားပဲ တန်ချိန်(၂၀၀.၀၀)ခန့်၊ ပဲကြီးဖြူ (၃၅.၄၂)ခန့်၊ စားတော်ပဲ တန်ချိန်(၂၀.၆၃)ခန့်၊ မတ်ပဲ တန်ချိန်(၅၀.၇၂)ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မကွေးကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း