ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နာနတ်သီး စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

             ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် နာနတ်သီးကို ကုန်းစောင်းမြေ ဥယျာဉ်ခြံများ၌ နှစ်ရှည်သီးနှံအဖြစ် မိုင်းလန်း၊ မိုင်းလပ်၊ မိုင်းဇင်းကျေးရွာအုပ်စုများတွင် အများဆုံး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယင်းသို့စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေများကို ဇူလိုင်လပထမပတ်တွင် နာနတ်စိုက်ပျိုးသည့် တောင်သူကြီးများထံ မေးမြန်းခဲ့ပါသည်။

          ရာသီအစ စိုက်ပျိုးချိန်တွင် နာနတ်ပျိုးပင်များကို တစ်ပင်လျှင် (၅၀)ကျပ်၊ (၄၀)ကျပ်ဖြင့် ဝယ်ယူ၍ မြေပြုပြင်ပြီး စိုက်ပျိုးကြပါသည်။ မြေပြုပြင်ရာတွင် လုပ်အားခအနေဖြင့် တစ်ဧက ပတ်လည်အတွက် နှစ်သိန်းကျပ် ပေးချေရပြီး နာနတ်ပျိုးပင် ကုန်ကျငွေ လေးသောင်းကျပ်၊ သွင်းအားစု အနေဖြင့် သဘာဝမြေဆွေး (၆)အိတ်၊ နှောက်ချေး (၈)အိတ်၊ တီစူပါဓာတ်မြေဩဇာ တစ်အိတ်၊ ပေါင်းသတ်ဆေး (၅)ဘူး၊ တစ်ဧက၏ ကုန်ကျစရိတ်မှာ သုံးသိန်းသုံးသောင်းကျပ် ကုန်ကျ ပြီး ဒုတိယနှစ်တွင် အပင်ပြုစုခြင်းအတွက် တစ်သိန်းခွဲ၊ ၎င်းနည်းတူ တတိယနှစ်တွင် တစ်သိန်းကျပ်၊ စုစုပေါင်း ဆယ်သိန်းကျပ် ခန့်မှန်းကုန်ကျစရိတ်များ ရင်းနှီးမြုပ်နှံရပါသည်။

          လေးနှစ်သားပြည့်၍ နာနတ်သီးပေါ်ချိန် ဇွန်၊ ဇူလိုင်လ ခူးဆွတ်ချိန်တွင် နာနတ်သီး၏ တစ်ဧကအထွက်နှုန်းမှာ အသီးအရေအတွက် (၅၀၀၀)ခန့် ထွက်ရှိ၍ ဈေးကွက်အတွင်း၌ နာနတ်သီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၅၀၀)ကျပ် မှ အမြင့်ဆုံးဈေး (၁၅၀၀)ကျပ် ဝန်းကျင် အရောင်းအဝယ်ရှိသည့်အပြင်၊ ကျိုင်းတုံမြို့အနီးတစ်ဝိုက် ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချ၍ ဝင်ငွေရရှိနေကြောင်း သိရပါ သည်။

          ကျိုင်းတုံမြို့၏ မြေလွတ်မြေရိုင်း၊ ကုန်းစောင်းမြေဥယျာဉ်ခြံများပေါ်တွင် ဒေသခံတောင်သူ ကြီးများအနေဖြင့် နှစ်ရှည်သီးနှံဖြစ်သော နာနတ်သီးပင်များကို တစ်ကြိမ်စိုက်ပျိုးလျှင် နည်းစနစ် မှန်ကန်စွာ ပြုစုစိုက်ပျိုးပါက (၆)နှစ်ခန့် နှစ်စဉ်အကျိုးအမြတ် ခံစားရလျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

သနပ်ပင်မြို့နယ်တွင် ယခုနှစ်မိုးစပါးများအား တောင်သူများဈေးကောင်းမျှော်ပြီး စိုက်ပျိုးနေကြပြီ

        သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးများအား တောင်သူဦးကြီးများမှ ဈေးကောင်းမျှော်ပြီး စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်မိုးစပါးများ စိုက်ပျိုးကြရာတွင် မနောသုခ (၃၅၄၂၁)ဧက၊ ဆင်းသုခ (၃၄၃၃၀)ဧက၊ ရွှေဝါထွန်း(၃၆၀၁၀)ဧက၊ ကောက်ညှင်း(၉၀)ဧက ၊ ဇီယာ(၉၇၁၄)ဧက၊ မီးဒုံး(၅၉၈၂)ဧက၊ ပျော့ထွန်း(၂၈၀၇၇)ဧက စုစုပေါင်း(၁၄၉၆၂၄)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုနှစ်စိုက်ပျိုးပြီးစီးမှု (၇၀)ရာခိုင်နှုန်း စိုက်ပျိုးထားပြီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။ ယခုနှစ် စပါးစိုက်ရာသီ စောသဖြင့် ကောက်စောစပါးများ စောစောပေါ်မည်ဖြစ်ပြီး စပါးဦးပေါ်ချိန်တွင် အစို (၁၄) ရာခိုင်နှုန်း (၄၆) ပေါင်တင်း (၁၀၀)ကျပ် ၆၅၀၀၀ မှ ကျပ် ၇၀၀၀၀ ခန့် ဈေးတန်းရှိမည်ဟု ခန့်မှန်းနေကြကြောင်း ဆန်စက်ပိုင်ရှင်ကြီးများနှင့် ဆန်/စပါး ကုန်သည်များ ပြောဆိုချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံး ပိုလျှံ ငါးမွေးကန်

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ ခုနှစ်ခန့်လောက်ကစ တင်၍ ငါး၊ ပုဇွန်မွေးမြူရေး လုပ်ကိုင်ရန် ကန်တစ်ရာ စီမံကိန်း အဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်း မြို့နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်းစီးဆင်း နေပါသည်။ မြစ်မခမြစ် ပတ်ဝန်းကျင် ကျေးရွာများတွင် ရေကြီးရေလျံ ရေနက်ကွင်းများ ဖြစ်ပေါ်လျက် ရှိပါသည်။

          ကန်တစ်ရာစီမံကိန်းကို အစပြုပြီး ငါးမွေးမြူရေးလုပ်ငန်းများကို အမြောက်အများ လုပ်ကိုင် လျှက်ရှိပါသည်။ လက်ပံတန်းမြို့နယ်တွင် ငါးကန်ဧရိယာပေါင်း ၄၈၃၄.၆၃၉ ဧကရှိပါသည်။ ရေပေါ်ငါး ရေလယ်ငါး၊ ရေအောက်ငါးဟူ၍ ငါးအမျိုးအစား (၃) မျိုးရှိပါသည်။ ငါးမြစ်ချင်း ငါးအများစုသည် ရေပေါ်တွင် အနေများသဖြင့် ရေပေါ်ငါးဟူ၍ လည်းကောင်း၊ ငါးဒန်၊ ငါးခေါင်းပွ၊ ငါးမုန့်ငါးများသည် ရေအလယ်တွင် အများဆုံးနေထိုင်သဖြင့် ရေလယ်ငါးဟူ၍ လည်းကောင်း၊ ငါးကြင်းဖြူ၊ ဇရားဘီးယား ငါးများသည် ရေအောက်တွင် အနေများသဖြင့် ရေအောက်ငါးဟူ၍ လည်းကောင်း သတ်မှတ်ကြပါသည်။ လက်ပံတန်းမြို့နယ်တွင် ငါးမြစ်ချင်းငါးများကို အများဆုံးမွေးမြူကြပါသည်။ ငါးမွေးမြူခြင်း လုပ်ငန်းကို လက်ပံတန်းမြို့နယ်၊ မဟာဗျုဟာလမ်း၊ ဘီးလင်းအုပ်စု၊ ဖိုးကတိုးကျေးရွာတွင် မွေးမြူထားသော ငါးမွေးမြူရေးကန်အကြောင်း လေ့လာတွေ့ရှိချက်များအရ ငါးသားပေါက်အရွယ်မှစတင်၍ ရောင်းတန်း ဝင်ငါးများမွေးမြူခြင်းထိ မွေးမြူရေးကန်များအဆင့်ဆင့်ပြောင်းလဲပြီး ကန်အမျိုးမျိုးထဲသို့ ထည့်သွင်း မွေးမြူကြရပါသည်။

          (၁)ဧကကျယ်ဝန်းသော သားပေါက်ငါးကန်(၅)ကန်ထဲသို့ ၁လက်မ၊ ၂လက်မအရွယ် ငါးမြစ်ချင်း သားပေါက်တစ်ကောင်လျှင် ၈ကျပ်နှုန်းဖြင့် အကောင်ရေ(၅၀၀၀၀)ခန့် ထည့်၍မွေးမြူရပါသည်။ ၁၀လ ကြာလျှင် ၄လက်မ ၊ ၅လက်မ အရွယ်ရောက်ရှိနေသောငါးများကို ဖွကန် ခေါ်ဝေါ်သော ၅ဧကခန့် ကျယ်ဝန်းသော ကန်(၂)ကန်ထဲသို့ ပြောင်းထည့်၍ မွေးမြူရပါသည်။ ဖွကန်ထဲတွင် ၁၀လကြာပြီးနောက် ၁၅ကျပ်သား ၊ ၂၀ကျပ်သား အရွယ်ရောက်ရှိလာလျှင် ၁၀ဧက ကျယ်ဝန်းသောငါးကန်ကြီးထဲသို့ နောက်ဆုံးအဆင့် ထည့်သွင်းမွေးမြူရပါသည်။

          ငါးသားပေါက်အရွယ် သားပေါက်ကန်မှ ငါးသားပေါက် (၅၀၀၀၀)ကို တစ်နေ့လျှင် ပဲဖတ်၂ပိဿာ နှင့် ဖွဲနု ၃ပိဿာအားနေ့စဉ်ရောစပ်ကျွေးရပါသည်။ ပဲဖတ်တစ်ပိဿာလျှင်၂၁၀၀ ကျပ်၊ ဖွဲနုတစ်ပိဿာ လျှင် ၈၄၀ကျပ်ဖြင့် ငါးသားပေါက်များကို ၁၀လကြာသည်အထိကျွေးရပါသည်။

          ၁၀လကြာမွေးမြူထားသောငါးများကို ဖွကန်ထဲသို့ ပြောင်းထည့်၍ အစာကျွေးရာတွင် တစ်နေ့ လျှင် ဖွဲနု(၂)အိတ်မှ စတင်ပြီး (၅)အိတ် အထိ (၈)လကြာသည်အထိကျွေးရပါသည်။ ဖွဲနုတစ်အိတ်လျှင် ၁၅၀၀၀ကျပ်ဖြင့် ဝယ်ယူကျွေးရပြီး ယခင်နှစ် ဖွဲနု တစ်အိတ်ဈေးနှုန်းမှ (၇၅၀၀)ကျပ်ခန့်သာ ရှိခဲ့ပါသည်။ (၈)လကြာမွေးမြူပြီးသော ငါးများကို (၁၀)ဧက ကျယ်ဝန်းသော အသားတိုးကန်ထဲသို့ ပြောင်းလဲ ထည့်သွင်းပြီး တစ်နေ့လျှင် ဖွဲနု(၃)အိတ်မှစပြီး ငါးကြီးလာလျှင် (၇-၈-၉-၁၀)အိတ်အထိ (၈)လကြာ ကျွေးရပါသည်။ အသားတိုးကန်ထဲတွင် (၈)လကြာမွေးမြူပြီးပါက (၁)ပိဿာဝန်းကျင်နီးပါးရှိသော ရောင်းတန်းဝင် ငါးများရရှိပြီး ကန်ဖော်၍ ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

          နောက်ဆုံး အသားတိုးကန်အတွက် အစာ၊ စုစုပေါင်းကုန်ကျစရိတ်မှာ ၂၅၂သိန်းဖြစ်ပြီး ငါးသားပေါက်အရွယ်မှ ၁ပိဿာနှင့် ၁ပိဿာ၅၀အရွယ်ရှိလာတဲ့အထိ စုစုပေါင်း အစာအတွက် ကုန်ကျစရိတ်မှာ ၄၀၇သိန်းခန့်ရှိပါသည်။ ငါးကန်များကို စောင့်ကြည့်ရန် အစောင့်လုပ်သားတစ်ဦး ငှားရမ်းရပါသည်။ လုပ်သားခတစ်ဦးအတွက် တစ်လလျှင် ၁၂၀၀၀၀ ကျပ်ရှိပြီး တစ်နှစ်လျှင် (၁၅)သိန်းခန့်ကုန်ကျပါသည်။ ပိုက်ဆွဲသည့်ကာလတွင်အလုပ်သမား အယောက်(၂၀)လိုအပ်ပြီး (၃)ရက်ဆွဲခ ၅သိန်းခန့်ရှိပါသည်။ ငါးတစ်ပိဿာလျှင် ပျမ်းမျှရောင်းရငွေ(၄၀၀၀)ကျပ်ဖြစ်ပြီး ငါးပိဿာ (၁၅၀၀၀)ရောင်းရငွေမှာ သိန်း၆၀၀ခန့်ရရှိပါသည်။ ကုန်ကျစရိတ်၊ အစာ၊ လုပ်သားခ အားလုံး နှုတ်ယူပြီး ရရှှိသည့် အမြတ်ငွေမှာသိန်း ၁၅၀ခန့်ရရှိနိုင်ကြောင်းသိရှိရပါသည်။

          ငါးမွေးမြူရာတွင် ငါးအစာကျွေးသည့် နည်းစနစ်များ မတူညီကြချေ၊ ရေပေါ်အစာတောင့်၊ ရေအောက်အစာတောင့်၊ ဖွဲနု၊ ပဲဖတ်စသည့်ဖြင့် ကန်ပိုင်ရှင်များမှ ရွေးချယ်အသုံးပြုကြပါသည်။ ယေဘုယျအားဖြင့် ဖွဲနုအစာကျွေးသည့် ယေဘုယျနှုန်းထားမှာ ငါးအလေးချိန် ၁ပိဿာလျှင် ဖွဲနု(၅) ကျပ်သားနှုန်းဖြင့် ကျွေးလျှက်ရှိပါသည်။ ကြာမြင့်ချိန် ၈လကြာသည်အထိ ငါးကြပ်ကန်၊ ငါးဖွကန်၊ အသားတိုးကန်ဟူ၍ များသောအားဖြင့် ခွဲခြားမွေးမြူလျှက်ရှိပါသည်။ ဖွဲနုဈေး အသက်သာဆုံးနှင့် အပေါများဆုံး အချိန်ဖြစ်သည့် စပါးသစ်ပေါ်ချိန်တွင် ထွက်ရှိလာသော ဖွဲနုများကို အစာအခြောက်တောင့် ပြုလုပ်ထိန်းသိမ်းခြင်းသည် ငါးမွေးမြူရေးသမားများအတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်ပါသည်။ ဤကဲ့သို့ ထိန်းသိမ်းထားနိုင်သည်နှင့်အမျှ ပြည်တွင်းငါးဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းကျောင်းနိုင် မည်ဖြစ်ပါသည်။

          ငါးကန်ပိုင်ရှင်များသည် ၎င်းတို့အတွေ့အကြုံများအရ မနက်စောစောအချိန်တွင် ကန်ပတ်ဝန်း ကျင် ကန်ရေပြင်မျက်နှာပြင်တို့၍ တဖျက်ဖျက်တောက်နေသည့် သံလျပ်ပုံစံများကိုကြည့်၍ ၎င်းတို့ကန်ရှိ ရေ၏အရည်အသွေးကို လေ့လာမှတ်သားပြီး နွားချေး၊ ထုံးစသည်တို့ဖြင့် ထိန်းသိမ်း ဆောင်ရွက် လျက် ရှိပါသည်။ နွေရာသီအချိန်တွင် အပူချိန် ၄၀ဒီဂရီ စင်တီဂရိတ်အထက်ရောက်ပါက ငါးအသေအပျောက် ဖြစ်ပေါ်နိုင်သည့် အခက်အခဲများ ကြုံတွေ့ရပါသည်။

          လက်ပံတန်းမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်းသည် ငါးကန်ပိုင်ရှင်များအတွက် သားပေါက်စခန်း၊ သားပေါက်ရောင်းချသည့်စခန်း၊ အစာတောင့်ထုတ်လုပ်ရန် စက်ရုံနှင့် ငါးမွေးမြူခြင်းနည်းပညာများ လိုအပ်လျှက်ရှိကြောင်းတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

 

 

တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုးခြင်းမှ သုံးသီး ပြောင်းလဲစိုက်ပျိုးကြပါစို့

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသလို ပဲကိုလည်း ဒုတိယ ဦးစားပေး၍ စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော လူဦးရေအများအပြားတွင် ၇၀% မှာ စိုက်ပျိုးသူ တောင်သူများ ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရိတ်သိမ်းပြီးလျှင် ပုံမှန်အားဖြင့် ပဲသီးနှံနှင့် အခြားသီးနှံများ ဆက်လက် စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် တစ်နှစ်ကို စပါးပြီးပဲ နှစ်သီးစိုက်ပျိုးခြင်းမှ စပါးပြီးပဲ၊ ပဲပြီးပဲဟူ၍ သုံးသီးပြောင်းလဲ စိုက်ပျိုးနေကြောင်းသိရှိရပါသည်။

          ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ ငါးရွာကျေးရွာအုပ်စုတွင် တစ်နှစ်ကို သုံးသီးစိုက်ပျိုးသော စိုက်ကွင်းသို့ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့် အဖွဲ့သည် ဇွန်လအတွင်း ကွင်းဆင်း၍လေ့လာခဲ့ရာ လတ်တလောအနေဖြင့် စပါး၊ မတ်ပဲနှင့် ပဲတီစိမ်း(ရွှေဝါ) သီးနှံများကို စမ်းသပ်စိုက်ပျိုးလျှက်ရှိကြောင်း သိရပါသည်။ တစ်နှစ်ကို (၃)သီးရရှိနိုင်ရန် ပထမသီးနှံအဖြစ် ဇူလိုင်လဆန်းမှ အောက်တိုဘာလ ကုန်အထိ ရက်(၁၂၀) သက်တမ်းရှိ စပါးမျိုးကိုလည်းကောင်း၊ ဒုတိယသီးနှံအဖြစ် မတ်ပဲကို နိုဝင်ဘာလဆန်းမှ ဇန်နဝါရီလကုန်အထိလည်းကောင်း၊ တတိယ သီးနှံအဖြစ် မိုးကြိုပဲတီစိမ်းကို မတ်လဒုတိယပတ်မှ ဇွန်လဒုတိယပတ်အထိလည်းကောင်း စမ်းသပ်စိုက်ပျိုးလျှက်ရှိရာ အောင်မြင်မှုရရှိကြောင်း သိရပါသည်။

          ပထမသီးနှံဖြစ်သောစပါးကို စိုက်ပျိုးရာတွင် ဇွန်လအတွင်း ပျိုးဗမ်းဖြင့်ပျိုးထောင်၍ ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးပါသည်။ စိုက်ပျိုးသည့်စပါးမျိုးမှာ ချမ်းမြေ့မေစပါးမျိုးဖြစ်ပြီး မျိုး(CS) အဖြစ် စိုက်ပျိုးထုတ်လုပ်ကြောင်း သိရပါသည်။ ချမ်းမြေ့မေစပါးမှာ တစ်ဧကလျှင် တင်း(၁၀၀) နီးပါးခန့်ထွက်ရှိ၍ မျိုးပေးထားသည့် ကုမ္ပဏီမှလည်း ထွက်ရှိလာသည့်စပါးများကို တစ်တင်းလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် ပြန်လည်ဝယ်ယူပါသည်။ ချမ်းမြေ့မေစပါးစိုက်ပျိုးသောတောင်သူများအနေဖြင့် တစ်တင်းလျှင် (၁၈၀၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချရသဖြင့် တစ်ဧကဝင်ငွေအနေဖြင့်(၁၈)သိန်းခန့် ရရှိပါသည်။ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၇)သိန်းကျပ်ခန့်ကုန်ကျပြီး၊ အသား တင်အကျိုးအမြတ်အနေဖြင့် (၁၁)သိန်းကျပ်ခန့်ရရှိကြောင်း သိရပါသည်။

ဒုတိယသီးနှံအဖြစ် မတ်ပဲကိုစိုက်ပျိုးရာတွင် စိုက်ပျိုးသောမျိုးမှာ ရေဆင်းမျိုးကိုသာ စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၁၆)တင်းခန့် ထွက်ရှိပါသည်။ ယခုနှစ်တွင် မတ်ပဲဈေးများ ကောင်းမွန်သဖြင့် တစ်တင်းလျှင် (၄၇၀၀၀)ကျပ်ခန့်ရရှိ၍ တစ်ဧကလျှင် (၇)သိန်းခွဲခန့် ဝင်ငွေရရှိပါသည်။ မတ်ပဲစိုက်ပျိုးရာတွင် တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ပျမ်းမျှ(၂)သိန်းကျပ်ခန့် ကုန်ကျ သည့်အတွက် အသားတင်အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၅)သိန်းခွဲ့ခန့် ရရှိကြောင်း လေ့လာ သိရှိရပါသည်။

            တတိယသီးနှံအဖြစ် ပဲတီစိမ်းကို ဒေသမျိုးသာ စိုက်ပျိုးပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၁၂)တင်းခန့်ထွက်ရှိပါသည်။ ပဲတီစိမ်း တစ်တင်းလျှင် (၄၀၀၀၀)ကျပ် နှုန်းရောင်းချရသဖြင့် တစ်ဧက ဝင်ငွေမှာ (၄)သိန်း(၈)သောင်းကျပ်ခန့် ရရှိပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၂)သိန်း ကျပ်ကုန်ကျသဖြင့် အကျိုးအမြတ်အနေဖြင့် (၂)သိန်းကျော်ခန့်ရရှိကြောင်းသိရပါသည်။ တစ်နှစ် သုံးသီး စိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ (၁၈)သိန်း (၅)သောင်း ကျော် ရရှိနိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။

            စိုက်ပျိုးသီးနှံများ၏ လိုအပ်သောသွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကို အပြည့်အဝသုံးစွဲပြီး အဓိကလိုအပ်ချက်ဖြစ်သည့် ရေကို ဒေသသဘာဝအရ ရေလျှံတွင်းများမှ ရရှိပြီး ရေသွင်းရေထုတ်လိုအပ်သလို စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

            တစ်နှစ်သုံးသီးစိုက်ပျိုးနေခြင်းအား ကွင်းဆင်းလေ့လာရာတွင် တွေ့ရှိချက်များမှာ ပုံမှန်စပါးနှင့် မတ်ပဲ(၂)သီးသာစိုက်ပျိုးခြင်းထက် (၃)သီးစိုက်ပျိုးပါက တစ်ဧကအကျိုးအမြတ်ရရှိကြောင်း၊ မျိုးကောင်း မျိုးသန့်များ အသုံးပြုလျှက်ရှိပြီး သွင်းအားစုများ စနစ်တကျထည့်သွင်း အသုံးပြုကြောင်း၊ သွင်းအား စုထည့်သွင်း အသုံးပြုရာတွင် ပထမသီးနှံဖြစ်သည့် စပါးတွင် အသုံးပြုထားသော သွင်းအားစုများမှာ လယ်မြေအတွင်း အာဟာရဓါတ်များကျန်ရှိနေမှုကြောင့် ဒုတိယစိုက်ပျိုးမည့် မတ်ပဲသီးနှံများအတွက် အကျိုးရရှိပြီး၊ တတိယစိုက်ပျိုးမည့် ပဲတီစိမ်းသီးနှံအတွက် အနည်းငယ်သာအသုံးပြုရ၍ သီးနှံ တစ်ခုခြင်းအလိုက် သွင်းအားစုများထည့်သွင်းသုံးစွဲရမှုထက် ပိုမိုသက်သာမှုရှိကြောင်း သိရပါသည်။

            စပါးနှင့် ပဲများစိုက်ပျိုးရာတွင် ရေလိုအပ်ချက်အတွက် ယခုလယ်မြေတွင် သဘာဝ ရေလျှံတွင်း များရှိ၍ အဆင်ပြေသော်လည်း အချို့တောင်သူများအနေဖြင့် သုံးသီးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးသည့် လယ်မြေအနီးတွင် သဘာဝမြစ်ချောင်းနှင့် ဆည်မြောင်းလက်တံများလိုအပ်သလို၊ မြစ်ချောင်းနှင့် ဆည်မြောင်းလက်တံများမရှိသော စိုက်ပျိုးမြေအနီးတွင် ကိုယ်ပိုင် အဝီစိတွင်းများရှိရန်လိုအပ်ကြောင်း၊ သီးနှံများအားလုံးသည် သဘာဝရာသီဥတုကိုမှီခို၍ စိုက်ပျိုးရခြင်းဖြစ်သဖြင့် မိုးခေါင်ခြင်း၊ မိုးများ၍ ရေကြီးခြင်း၊ ရေလျှံခြင်းများနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ဆုံးရှုံးမှုရှိနိုင်သဖြင့် သုံးသီး စိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေနေရာသည် ရေတော်၊ မိုးတော်ဖြစ်၍ ရေလိုအပ်ခြင်း၊ သဘာဝ အရင်း အမြစ်ဖြစ်သော မြစ်ချောင်းများ (သို့မဟုတ်) ဆည်မြောင်းလက်တံများရှိသည့် နေရာဖြစ်ရန် လိုအပ် ကြောင်း တွေ့ရှိရပါသည်။

            တစ်နှစ် သုံးသီး စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာစိုက်ပျိုးရေးဌာနမှ နည်းပညာနှင့် စိုက်နည်းစနစ်များအား ပညာပေးခြင်းနှင့် သရုပ်ပြလယ်ကွက်များဖြင့် တောင်သူများသို့ လက်တွေ့ပြသ၍ စိုက်ပျိုးလာစေရန်စည်းရုံးဆောင်ရွက်ခြင်း၊ ဆည်မြောင်းလက်တံဘေးလယ်ယာများနှင့် သဘာဝအရင်း အမြစ်ရှိသည့် လယ်ယာများတွင် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးသည့် အလေ့အထကို ဆောင်ရွက်စေခြင်း၊ စိုက်ပျိုးမည့်သီးနှံ မှန်ကန်စွာ ရွေးခြယ်၍ အရည်အသွေးကောင်း အထွက်နှုန်းကောင်းသီးနှံဖြစ်ပြီး ရာသီဥတုကိုပါ ချိန်ညှိနိုင်ဘို့လိုအပ်ပါသည်။ ကျွမ်းကျင်လုပ်သားများ လုံလောက်စွာရှိ၍ ထွက်ကုန် သီးနှံများအား အချိန်အခါမှီ ထွက်ပေါ်နိုင်ရန် ပြုပြင်ထိန်းသိမ်းပြီး ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းအတွက်ပါ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါသည်။ သုံးသီးစိုက်ပျိုးသူတောင်သူများကို နိုင်ငံတော်မှလည်း လိုအပ် သည်များပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ထွက်ရှိမည့် သီးနှံများအတွက် ဈေးကွက်ရရှိရေးနှင့် ဈေးကောင်း သည့်သီးနှံများကို ရွေးချယ်၍စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုပါသည်။

            စိုက်ပျိုးသူတောင်သူများအနေဖြင့်  တစ်နှစ်လျှင် ပုံမှန်နှစ်သီးစိုက်ပျိုးခြင်းမှာ အကျိုးအမြတ် နည်းပြီး သုံးသီးစိုက်ပျိုးခြင်းမှာ အကျိုးအမြတ်များစွာရရှိသည့်အတွက် တောင်သူများအတွက် တွက်ခြေ လည်းကိုက်သလို နိုင်ငံတော်အနေဖြင့်လည်း ပိုလျှံသီးနှံများကို နိုင်ငံခြားသို့တင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံခြား ဝင်ငွေများပိုမိုရရှိလာမည်ဖြစ်ပါသည်။ ပြည်တွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ပိုမို တိုးတက်လာပြီး ကုန်သွယ်မှုလုပ်ငန်းများလည်း တိုးတက်လာ၍ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများလည်း ရရှိလာမည်ဖြစ်သဖြင့် တောင်သူများအနေဖြင့် တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးသို့ ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်း ပြည်သူများသို့ စားသုံးဆီများ သက်သာသော ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချ

                စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်မြို့နယ် အတွင်းရှိ အများပြည်သူတို့အနေဖြင့် စားသုံးဆီများအား သက်သာသောရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေး ရည်ရွယ်၍ (၁၈.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင်  ပြည်မြို့၊ ခေတ္တရာမြို့သစ်နယ်မြေတွင် ပြည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့် စားသုံးဆီများအား လှည့်လည်ရောင်းချပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့စားသုံးဆီများ ရောင်းချပေးခြင်းဆောင်ရွက်ရာတွင် စားသုံးဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သော (၃၈၅၀)ကျပ်ဖြင့် ပိဿာချိန် (၁၁၀၀)ပိဿာအား ခေတ္တရာ ရပ်ကွက်နေ ပြည်သူများသို့ရောင်းချပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးကျပြီး ကျန်ပဲများဈေးမြင့်လျှက်ရှိ

          ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇူလိုင်လ ပထမပတ်တွင် မတ်ပဲဈေးများတက်နေသော်လည်း ဒုတိယပတ်မှာတော့ဈေးကျနေပြီး ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး ဈေးများတက်လျှက်ရှိပါသည်။

          ဇူလလိုင်လဆန်းပိုင်းတွင်  မတ်ပဲတစ်တင်းကို ၅၆၀၀၀-၅၆၅၀၀ကျပ်ဖြင့် အဝယ်ပုံမှန် ရှိခဲ့ပါသည်။  ဇူလိုင်ဒုတိယပတ်မှာ မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၅၂၀၀၀-၅၂၅၀၀ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို ၁၅၀/၂၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ဇူလိုင်လပထမပတ်တွင် ပဲစင်းငုံအရောင်းအဝယ်ရှိပြီး ပဲစင်းငုံတစ်တင်းကို ၄၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဇူလိုင်ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်ပထမပတ် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၀၅၀၀-၅၁၀၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၁၅၀၀ကျပ်ဖြင့် ဇွန်လကထက် ဈေးတက်လာခဲ့ပါသည်။ ဇူလိုင်ဒုတိယပတ်မှာ ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၁၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၁၅၀၀-၅၂၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ ရန်ကုန်အဝယ်နှင့် နယ်စုံ တင်ပို့မှုရှိပြီး တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။

          ဇူလိုင်ပထမပတ်တွင် ပဲကြီးသီးနှံဈေးမှာ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၇၀၀၀၀ကျပ် ပဲကြီး (ကမ်းနား)တစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် မြို့တွင်းအဝယ် ရှိခဲ့ပါသည်။ ဇူလိုင် ဒုတိယပတ်တွင် ပဲကြီးဈေးအေးနေခဲ့ပြီး ပဲကြီး(ကမ်းနား)တစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများတစ်ရက်ကိုအိတ်  ၂၀၀/၃၀၀ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

          ဇူလိုင်လဆန်းပိုင်းတွင် စားတော်ပဲ(ကျွန်း)သီးနှံတစ်တင်းကို ၉၅၀၀၀-၁၀၀၀၀ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး၊ ဇွန်လကထက်ဈေးတက်လာကြောင်း သိရပါသည်။ ဇူလိုင်ဒုတိယပတ်မှာ စားတော်ပဲ (ကျွန်း)တစ်တင်းကို ၉၅၀၀၀-၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပြီး တစ်ရက်ကို အိတ် ၂၀၀/ ၃၀၀ခန့်အရောင်းအဝယ်ရှိခဲ့ပါသည်။

          ဇူလိုင်လပထမပတ်မှာ ဘိုကိတ်ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဈေးဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၀၀/၁၅၀ခန့် အဝယ်ရှိပြီး ဇူလိုင်လဒုတိယပတ်မှာ ပဲဈေးအေးနေပြီး ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသောပဲများတွင် ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ(ကျွန်း)ပဲများမှာ မြို့တွင်းအဝယ်ရှိ၍ အရောင်းအဝယ်သွက်လျှက်ရှိပြီး မတ်ပဲ ရောင်းဝယ်မှုမှာ အနည်းငယ်အေးလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရဲ့ဖူးစားပြောင်းဈေးကွက်နှင့် သဲကုန်းမြို့နယ်တွင် မတ်ပဲဈေးအနည်းငယ်ကျဆင်း

            ပြည်မြို့ဈေးကွက်တွင်ရောင်းချနေသော ဖူးစားပြောင်းများကို သဲကုန်းမြို့နယ် ပုတီးကုန်း၊ သဲကုန်း နှင့် ပြည်မြို့နယ်အတွင်းရှိ မှော်ဇာကျေးရွာများ၌ အများဆုံး စိုက်ပျိုးကြောင်း သိရှိရပါသည်။ ထွက်ရှိ လာသော ဖူးစားပြောင်းများကို ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချ လျှက်ရှိပါသည်။ ပုတီးကုန်းပြောင်းကို ဒေသအခေါ် နတ်ပြည်မွှေး နှင့် ကာလာဖိုက်လို့ ခေါ်ဆိုကြပါသည်။ ဈေးနှုန်းများအနေဖြင့် တစ်ဖူးလျှင် ၂၀၀ ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ပြောင်းဝါခေါ် သကြားပြောင်း တစ်ဖူးလျှင် ၃၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မတ်ပဲစိုက်ဧက (၄)သောင်းကျော် စိုက်ပျိုးရိတ်သိမ်းပြီး တစ်ဧကလျှင် (၁၅)တင်းထွက်ရှိပါသည်။ မတ်ပဲပေါ်ခါစအချိန်တွင် မတ်ပဲ တစ်တင်းလျှင် ၄၂၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်ထိ ဈေးရှိခဲ့ပြီး ဇွန်လနောက်ဆုံးပတ်တွင် ၅၆၀၀၀ ကျပ်အထိ မြင့်တက် လာခဲ့ပါသည်။ ယခုဇူလိုင်လ ဒုတိယပတ်တွင် မတ်ပဲဈေးတစ်တင်းလျှင် ၅၄၀၀၀ကျပ်ထိ ကျဆင်းလာခဲ့ပါသည်။ ထိုသို့မတ်ပဲဈေးများကျဆင်းလာရခြင်းမှာ မတ်ပဲစိုက် တောင်သူလက်ဝယ်တွင် ပဲလက်ကျန် နည်းသွားပြီး၊ ပွဲရုံများတွင် ဝယ်လိုအားနည်းသွားသဖြင့် ဈေးအနည်းငယ်ကျဆင်း သွားသည်ဟု သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်နာနတ်သီးအရောင်းသွက်နေပြီး နွေစပါးဈေး ဆက်လက်မြင့်တက်

           နာနတ်သီးများကို ပြည်မြို့စည်ပင်သာယာဈေးကြီးသို့ ပြည်မြို့ အနီးအနားရှိ မြို့နယ်များနှင့် မန္တလေး မြို့ဘက်မှ  တင်ပို့ရောင်းချလျှက်ရှိပါသည်။  နာနတ်သီးများအဝင်လှိုင်လာသည့်အတွက် စားသုံးသူများ အနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးကြသလို ရောင်းချသူများအနေဖြင့်လည်း အရောင်း အဝယ် သွက်လျှက်ရှိပါသည်။ နာနတ်သီးဈေးနှုန်းများမှာ အလုံးအကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားလျှက်ရှိပါသည်။ နာနတ်သီးအလုံးကြီး တစ်လုံးလျှင် ၁၅၀၀-၂၀၀၀ကျပ်၊ အလတ် တစ်လုံးလျှင် ၁၀၀၀-၁၅၀၀ကျပ်၊ အသေးတစ်လုံးလျှင် ၅၀၀-၁၀၀၀ကျပ်ဈေးများဖြင့် ပြည်ဒေသရှိ ဈေးများတွင် ရောင်းချလျှက်ရှိပါသည်။

          ပြည်ခရိုင်အတွင်း နွေစပါးဈေးမှာ ယခင်ဇွန်လနောက်ဆုံးပတ်တွင် တင်း၁၀၀လျှင် ၇၅၀၀၀၀ ကျပ်ရှိခဲ့ရာ ယခုဇူလိုင်လဒုတိယပတ်မှာဖြင့် ပြည်မြို့နယ်တွင် စပါးတင်း၁၀၀လျှင် ၇၇၀၀၀ကျပ်၊ ပေါက်ခေါင်း မြို့နယ်တွင် ၇၅၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ၇၆၀၀၀၀ကျပ်ဈေးဖြင့် မြင့်တက် လာခဲ့ပါသည်။ ဆန်ဈေးမှာ ယခင်အတိုင်း မြင့်တက်ခြင်းမရှိဘဲ ဈေးငြိမ်နေခဲ့ပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းသာ အရောင်းအဝယ်ရှိပြီး စပါးဈေးသာမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မန်ကျည်းသီးစိမ်း နှင့် ကျောက်ဖရုံသီး ဈေးကွက်

           ယခုလိုအချိန်တွင် ဈေးကွက်၌ မန်ကျည်းသီးစိမ်းများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ရာသီစာ ဖြစ်သည့်အတွက် စားသုံးသူများကဝယ်ယူစားသုံးကြသဖြင့် ပေါ်ခါစအချိန်တွင် မန်ကျည်းစိမ်း မှာ ဈေးမြင့်လာခဲ့ပြီး အထွက်များလာချိန်တွင် ဈေးများကျလာခဲ့ပါသည်။ မန်ကျည်းသီးစိမ်းကို ပြည်အနီး တဝိုက်ရှိ ကျေးရွာများမှ ခူးဆွတ်၍ ပြည်မြို့ရှိ ဈေးများတွင်ရောင်းချလျှက်ရှိပါသည်။ မန်ကျည်းသီး စိမ်းများပေါ်ခါစတွင် တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀-၁၂၀၀ ကျပ်ဈေးရှိခဲ့ပြီး ယခု ဇူလိုင်လ ဒုတိယ ပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်အထိ ဈေးကျလာခဲ့ပြီး နေ့စဉ် အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

           တဖန် ပြည်ဈေးကွက်တွင်ကျောက်ဖရုံသီးများ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပြည်ဒေသအနီး တဝိုက်ရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျှက်ရှိပါသည်။ ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ အခြား ကုန်စိမ်းများနှင့် အတူတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ကျောက်ဖရုံသီးဈေးမှာ ပေါ်ခါစအချိန်တွင် အလုံးကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်၊  အလုံးသေးတစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ဈေးတန်ခဲ့သော်လည်း ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ကျောက်ဖရုံသီးအလုံးကြီး တစ်လုံးလျှင် ၆၀၀-၇၀၀ ကျပ် နှင့် အလုံးသေး တစ်လုံးလျှင် ၄၀၀-၅၀၀ခန့်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပုံမှန်အရောင်းအဝယ်ပြန်ဖြစ်နေသော ပြည်ချင်းနှင့် အရောင်းသွက်နေသော ကြက်သွန်နီ

           ပြည်ချင်း (ပွဲရုံ)များသို့ ချင်းအိတ်အဝင်ပုံမှန်ဝင်ရောက်နေပြီး ယခုတစ်ပတ် ချင်းဈေး အနည်းငယ်တက်လာပါသည်။ ပြည်ခရိုင်အတွင်း ချင်းအရောင်းအဝယ်ရှိနေပြီး ဒါးလှီးချင်းသမား တို့လည်း အဝယ်ရှိသောကြောင့် ယခုအပတ် ချင်းအရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ ယခု အပတ်(ပွဲရုံဈေး) ချင်းတစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ အိတ်စွဲဈေးနှင့် သန့်စင်ပြီး ချင်းဈေးမှာဖြင့် ၁၂၀၀-၁၄၀၀ကျပ်တို့ဖြစ်ပါသည်။ လက်လီဈေးများမှာ  ချင်းတက် တစ်ပိဿာကို ၁၇၀၀ကျပ် ဈေးတို့ဖြင့် ရောင်းချနေသည်ကို တွေ့ရပါသည်။ ဒါးလှီးချင်းဖတ် တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးဖြစ်ပြီး တစ်ပတ် အတွင်းချင်းအိတ် (၂၅၀)ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

              ယခုအချိန်ဝါဆိုအခါတွင် ပြည်ဈေးကွက်၌ ကြက်သွန်နီသီးနှံများ အလှူအတန်း ပြုလုပ်ချိန် ဖြစ်သဖြင့် အရောင်းသွက်လျှက်ရှိနေကြောင်း သိရှိရပါသည် ။  ယခင်အပတ်ထက် အရောင်းအဝယ် သွက်ခဲ့ပြီး အဝင်မှာလည်း ရေနံချောင်း၊ အောင်လံ၊ ပခုက္ကူ နှင့် ဆိပ်ဖြူဘက်မှ ပိဿာ(၃၀)ဝင်အိတ် ၃၀၀ခန့် နေ့စဉ်အဝင်ရှိသဖြင့် ယခင်အပတ်ကထက် အိတ် ၁၀၀ ဝန်းကျင်းခန့် ပိုမိုဝင်ရောက်မှု ရှိနေကြောင်းလည်းသိရှိရပါသည်။ ဈေးနှုန်းမှာ အမြင့်ဈေးဖြင့် ဈေးငြိမ်လျှက်ရှိနေပြီး ပွဲရုံဈေး တစ်ပိဿာ (ကြီး/လတ်/သေး)ကျပ် ၁၉၀၀/၁၈၀၀-၁၇၀၀/၁၆၀၀ နှင့် လက်ကား ဈေးအသေးများတွင် ကျပ် ၂၁၀၀/၂၀၀၀/၁၉၀၀-၁၈၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းချလျှက်ရှိနေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း