ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အမှိုက်ထဲကရတနာ (သို့မဟုတ် ) ဈေးကွက်ဝင်ရောင်းပန်းလှသည့် ကောက်ရိုးမှို

            ကျွန်မတို့ ငယ်စဉ်ကလေးဘဝ စကားထာဖွဲ့ကြရာတွင် “တစ်နှစ်တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူ‌ဆောင်း” ဟူသည့် မြန်မာရိုးရာစကားထာကို သတိရမိသည်။ ထို့အပြင် “မှိုရသောမျက်နှာ”ဟူသည် အလွန်ပီတိဖြစ်၍ ပြုံးနေသောမျက်နှာ၊ ကျေနပ်အားရနေသောမျက်နှာကို ခေါ်ခြင်းဖြစ်၍ မှိုကိုလည်းမြန်မာလူမျိုးများက အလွန်ကြိုက်နှစ်သက်သည်ကို ပေါ်လွင်စေပါသည်။ မြန်မာပြည်တွင် စနစ်တကျ မှိုစိုက်ပျိုးသည့်နှစ်ကို ခန့်မှန်းတွက်ဆ ကြည့်သောအခါ (၁၉၃၂)ခုနှစ်၊ မန္တလေးတိုင်းတွင် ထိုင်းနိုင်ငံမှ ပညာရှင်တစ်‌ယောက် အကူအညီဖြင့် ကောက်ရိုးမှိုစိုက်ပျိုးနည်းကို စတင်ခဲ့သည်ဟု ယူဆရကြောင်း လေ့လာသိရှိရပါသည်။(၁၉၇၉)ခုနှစ်မှ စတင်၍ မှိုစိုက်ပျိုးနည်း ပိုမို တွင်ကျယ်လာကာ (၁၉၈၀) နောက်ပိုင်းတွင် နည်းပညာများမြင့်မားလာပြီး ကောက်ရိုးမှိုကို နည်းအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် စနစ်တကျ စိုက်ပျိုးလာကြပါသည်။

ကောက်ရိုးမှို၏ အဆင်းသဏ္ဍာန်

          ကောက်ရိုးမှိုသည် (မှိုဥ၊ မှိုငုံ၊ မှိုပွင့်)စသည့် အခြေအနေ သုံးရပ်ရှိပြီး အရောင်အားဖြင့် အဖြူကို အခြေခံ၍ ပေါက်တတ်ကြပြီး မျိုးစိပ်အရသော်လည်းကောငး ၊အလင်းရောင်ကြောင့်သော် လည်းကောင်း၊ လေတိုက်ခတ်မှုကြောင့်သော်လည်းကောင်း အမည်းရောင် ၊နီညိုရောင် ၊မီးခိုးရောင် စသဖြင့် ရှိတတ်ပါသည်။

စိုက်သည့်ရာသီ

          ပုံမှန်အားဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြရာတွင် ရာသီအလိုက် ပြောင်းလဲမှုရှိနိုင်ပြီး စိုက်ပျိုး ပြုစုမှုစနစ်လည်း အနည်းငယ် ကွာခြားတတ်ပါသည်။နွေ၊ မိုး၊ဆောင်း  ရာသီဥတုမရွေး စိုက်ပျိုးနိုင် သော်လည်း ကောက်ရိုးမှို၏ သဘောသဘာဝသည် ပူအိုက်စိုစွတ်သည့် လက္ခဏာကို ပိုမိုကြိုက်ပြီး၊  သဘာဝမှရရှိသော နေအလင်းရောင်နှင့် စိုစွတ်ခြင်းကို ထိန်းညှိရန် ရေလောင်း/ ရေဖြန်းခြင်းများကို အလွယ်တကူ ပြုလုပ်နိုင်သောကြောင့် နွေနှင့်ဆောင်းရာသီတွင် ပိုမိုစိုက်သင့်သည်ဟု ယူဆကြ ပါသည်။ မိုးဦးကျကာလတွင် မှိုမျိုးစုံပေါက်လေ့ရှိသော ကာလဖြစ်သော်လည်း ကောက်ရိုးမှိုကို မိုးရာသီတွင် စိုက်ပျိုးသည့်အခါ  မိုးရွာသွန်းမှုများချိန်တွင် အပူချိန်ကျသွားခြင်း ၊ မိုးရေစိုစွတ်မှု များပါကလည်း ပျက်ဆီးလွယ်ခြင်း စသည့်ပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။

စိုက်ပျိုးခြင်းအဆင့်ဆင့်

          ကောက်ရိုးမှိုစိုက်ပျိုးရန် ပြင်ဆင်သည့်အခါ မြေနေရာသည် ညီညာပြန့်ပြူးပြီး ရေအလွယ်တကူ ရရှိနိုင်မည့်နေရာမျိုးကို ရွေးချယ်သင့်ပါသည်။ မိုးရာသီတွင်စိုက်ပျိုးမည် ဆိုပါကလည်း မြေနေရာ မြင့်သည့်နေရာတွင်သာ စိုက်ပျိုးသင့်ပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ကနဦးလုပ်ငန်းမှာ ‌ကောက်ရိုး ရိုးပြတ်များကို ရေစိမ်ရပါသည်။ ရိုးပြတ်များကို ရေစိမ်ရာတွင်လည်း နည်းစနစ် အမျိုးမျိုးဖြင့် ရေစိမ်တတ်ကြသော်လည်း စိမ်ထားရမည့် ကြာချိန်မှာ အရေးကြီးပါသည်။

          မှိုစိုက်ပျိုးမည့် မြေနေရာကို မိမိတို့စိုက်ပျိုးမည့် အရွယ်အစားအလိုက် ဘောင်နေရာပေး၍ အောက်ခံတွင် နွားချေးခံပေးရပါမည်။ ထို့နောက်ရေစိမ်ထားသော ရိုးပြတ်များကို နွားချေးပေါ်တွင် ထပ်၍ တင်ပေးရပါမည်။ ကောက်ရိုး ရိုးပြတ်များကြားထဲတွင် နှစ်သက်ရာ မှိုမျိုးအား ချေ၍ နည်းနည်းစီ အလိုက်သင့်ထည့်ပေးရပါသည်။ ထို့နောက် ကောက်ရိုး များပေါ်မှ အခြောက်ခံထားသော မြင်းချေး(သို့မဟုတ်) နွားချေးကို ထန်းခေါက်တောင်းဖြင့် တစ်တောင်းရေဖျော်၍ ဖြူးပေးပြီး မှိုမျိုး အနည်းငယ် ဆက်လက်၍ ထပ်ဖြူးပေးရပါသည်။ ပုံမှန်စိုက်ပျိုးကြသော မှိုပုံအရွယ်အစား ၁၂ပေ ၃ပေတွင်  မှိုမျိုးထုပ် ၅ထုပ်မှ ၇ထုပ်အထိ ထည့်နိုင်ပါသည်။ ရာသီဥတုပေါ် မူတည်၍ ရေအနည်းငယ် လောင်းပေးပြီး စိုက်ပျိုးမှုအဆင့်ဆင့် ပြီးသောအခါ အမိုးကိုင်းလုပ်ပေးရပါမည်။ အမိုးကိုင်းလုပ်ရာတွင် မှိုပုံအထက်မှ ခေါင်အမြင့် တစ်ပေခွဲခန့် ဆိုလျှင် အဆင်ပြေပါသည်။ ခေါင်လုပ်ပြီးသောအခါ မှိုပုံကို ပလပ်စတစ်ဖြင့် လုံအောင်အုပ်၍ ဘေးပတ်ပတ်လည်တွင် တင်းကျပ်စွာဆွဲ၍ ထိုပလပ်စတစ်ကို ခဲများဖြင့်ခုထားရပါမည်။ ထိုမှတစ်ဆင့် ပလပ်စတစ်အုပ်ထားသည့်ပေါ်တွင် သက်ကယ်(သို့) ကောက်ရိုး(သို့) ထန်းရွက် ကြိုက်နှစ်သက်ရာကို ထပ်ပြီးအုပ်ပေးရပါမည်။ ထိပ်နှစ်ဖက်ကိုလည်း အလင်းလုံအောင် သေချာစွာကာပေးရပါမည်။

မှိုခူးရသည်အထိအဆင့်ဆင့်ဖြစ်ပေါ်လာပုံ

          မှိုစတင်စိုက်ပျိုးပြီးသည်မှစ၍ (၅)ရက်မှ (၇)ရက်မြောက်သည့်အခါ မှိုမျှင်လေးများ စမွေး တတ်ပါသည်။ ထို့ကြောင့် (၅)ရက်မြောက်သည့်နေ့တွင် မှိုပုံအား ဖွင့်ကြည့်၍ (၁၀)မိနစ်ခန့် ချွေးလှပ်ပြီး လိုအပ်သောရေပမာဏ အနည်းငယ်ဖြန်းပေးပြီး လုံခြုံစွာပြန်အုပ်ထားရပါမည်။ (၇)ရက်မှ (၉)ရက်မြောက်သည့်အခါ မှိုမျှင်လေးမှသည် ဆန်ကွဲစေ့ပမာဏခန့်မှိုဥ ကလေးများ ဖြစ်လာပြီး ဖွင့်ကြည့်၍ ချွေးအရမ်းများခြင်း ၊ အပူချိန်များခြင်း ရှိပါက အုပ်ထားသော ပလပ်စတစ်ကို လေအနည်းငယ် ဝင်နိုင်‌စေရန် ထိပ်နှစ်ဖက်တွင် အပေါက်လေးများ အနည်းငယ် ဖောက်ပေး၍ လေ‌ပေးနိုင်ပါသည်။ ခြနှင့်ပိုးမွှားများ ရှိပါကလည်း ဘောင်တွင် ထုံးအနည်းငယ်ဖြူးပေးနိုင်ပါသည်။ ပုံမှန်ရာသီတွင် (၁၂)ရက်ပြည့်ပါက ခူးဆွတ်နိုင်သည့် အဆင့်ကို ရောက်ပြီး ဖြစ်ပါသည်။ ပုံမှန် ၁၂ပေ ၃ပေ ကောက်ရိုးပုံ တစ်ပုံတွင် တစ်ခါခူးလျင်မှို အချိန်(၂)ပိဿာမှ (၃)ပိဿာကြား အထွက်နှုန်းရှိ၍ မှိုစိုက်ပျိုးသည့်ရာသီနှင့် စိုက်ပျိုးသည့် နည်းစနစ်ပေါ်မူတည်၍ အနည်းအများရှိပါသည်။ နေ့စဉ်ခူး၍ မှိုဥများ ကုန်သွားသော်လည်း မှိုပုံပေါ်တွင်ဆန်ကွဲစေ့အရွယ်မှိုများရှိသေးပါက လိုအပ်သော ရေပမာဏ ထပ်ခါထပ်ခါပေး၍ ဆက်လက် ခူးဆွတ်နိုင်ပါသည်။မှိုခူးဆွတ်ချိန်တွင်လည်း အခြား အရွယ်မရောက်သေးသော မှိုဥများကို မထိခိုက်စေရန် သတိပြု၍ ခူးဆွတ်ရပါမည်။ထိခိုက်မိသော မှိုဥများသည် ကြီးထားမှုကိုရပ်ဆိုင်းသွားသည့်အပြင် တစ်ခါတစ်ရံတွင်ပုပ်ရိ၍ ပျက်စီးနိုင်ပါသည်။ မှိုခူးဆွတ်သည့်ကာလမှာ မိမိတတ်ကျွမ်းမှုနှင့်ဆိုင်ပြီး ဈေးကွက်ဝင်မည့်အရွယ်ကိုသာ ရွေးချယ်၍ ခူးဆွတ်သင့်ပါသည်။ စနစ်တကျစိုက်ပျိုးထားသည့်ကောက်ရိုးမှိုကို ခူးဆွတ်သည့်အခါ ကောက်ရိုးပုံကို ဖြဲ၍ မှိုရှာခြင်းကိုလည်း ရှောင်ရှားသင့်ပါသည်။

ကြုံတွေ့ရသောပြသနာများ

          ကောက်ရိုးမှိုစိုက်ပျိုးရန် သင့်တော်သော ကုန်ကြမ်းပစ္စည်းဖြစ်သည့် ကောက်ရိုးကိုလည်း သေချာစွာ ရွေးချယ်တတ်ရန် လိုအပ်ပါသည်။ ကောက်ရိုးအမျိုးအစားပေါ် မူတည်၍လည်း မှိုအထွက်နှုန်း ကွာခြားတတ်ပါသည်။ စပါးများရိတ်သိမ်းပြီးချိန် တလင်းတွင် နယ်လှေ့ကာ စပါး ခြွေပြီးသားကောက်ရိုးသည် စပါးစေ့ရရှိရန် အပေါ်ပိုင်းသာရိတ်သိမ်းရသဖြင့် စပါးရိုးသေးငယ်ပြီး အခေါင်းကျဉ်းပါသည်။ နယ်လှေ့ထားမှုကြောင့် ပင်စည်ရိုးများကွဲအက်နေပြီး စပါးရွက်များဖြင့် ရောထွေးနေတတ်ပါသည်။ ယင်းကောက်ရိုးကို စိုက်ပျိုးရန် သုံးသည့်အခါ ခက်ခဲစွာစိုက်ပျိုးရခြင်း၊ မှိုအမျှင်ပွားမှုနည်းပါးခြင်း၊ မှိုထွက်နှုန်းမကောင်းခြင်းတို့ကို ကြုံတွေ့နိုင်ပါသည်။ မှိုစိုက်ရာတွင် မှိုမျိုးထုပ် အရည်အသွေးမှာလည်း အရေးကြီးပါသည်။ မှိုမျိုးမသန့်စင်ပါက မှိုမျှင်မဆင်းနိုင်ခြင်း၊ မှိုမျှင်ပေါ်တွင် အဖြူစက်များဖြစ်ပေါ်ခြင်း စသည့်လက္ခဏာများ တွေ့နိုင်ပါသည်။ ကောက်ရိုး မရနိုင်သောဒေသများ၊ ကောက်ရိုးရှားပါးလာမှုများရှိသော်လည်း ကောက်ရိုးနေရာတွင် ဗေဒါနှင့် ဂျပ်ကို အစားထိုး၍ တစ်နိုင်တစ်ပိုင်သာမက စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။

အားသာချက်များ

          ကောက်ရိုးမှိုအား စနစ်တကျစိုက်ပျိုးခြင်းဖြင့် စွန့်ပစ်ပစ္စည်းများ၊ ဘေးထွက်ပစ္စည်းများ ဖြစ်သည့် ကောက်ရိုး၊ ရိုးပြတ်၊ပဲမှော်၊ ဗေဒါ၊ သီးနှံအစိတ်အပိုင်းများ ၊ ငှက်ပျောဖတ်၊ ငှက်ပျောပင်၊ သစ်ပင်အစိတ်အပိုင်းများ၊ မြင်းချေး၊ နွားချေး၊ စက္ကူစ ၊ဂျပ်ဖာစသည့် အလေအလွင့် ပစ္စည်းများကို အလွယ်တစ်ကူပြန်လည်အသုံးချနိုင်ခြင်းတို့ကြောင့် အမှိုက်ထဲကရတနာဟု တင်စားခေါ်ဝေါ်ရသော ကောက်ရိုးမှိုသည် နေရာကျဉ်းကျဉ်းတွင်လည်း အထွက်များများရရှိနိုင်ခြင်း၊ ဝင်ငွေစောစွာရရှိခြင်း၊ ဈေးနှုန်းမြင့်မားစွာရောင်းချနိုင်ခြင်း စသည့် အားသာချက်များရှိပါသည်။ကောက်ရိုးမှိုစိုက်ပျိုးနိုင်ရန် အတွက် မည်သည့်နေရာတွင်မဆို (ဥပမာ- အခြားသီးနှံများစိုက်ပျိုးရန် မဖြစ်ထွန်းသည့်နေရာများ၊ စိုက်ပျိုးပြီးနောက် မြေလပ်ထားရတော့မည့်နေရာများပါမကျန် နေကျဲကျဲကွင်းပြင်၊ အရိပ်ထဲ၊ အဆောက်အဦီထဲပါ)စိုက်ပျိုးနိုင်ပါသည်။ထို့အပြင် စိုက်ပျိုးသူ တောင်သူများအတွက် အဓိကဝင်ငွေ တစ်ရပ်အဖြစ် (သို့မဟုတ်) အပိုဝင်ငွေအဖြစ်လည်းကောင်း စီးပွားဖြစ်လုပ်ငန်းတစ်ခုအနေဖြင့် လည်းကောင်း၊ နေရာကျဉ်းကျဉ်းတွင် အရင်းအနှီးနည်းနည်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များများ ရရှိနိုင်သည့် စိုက်ပျိုးရေးလည်းဖြစ်ပါသည်။ မြေပြင်တွင်သာမက တောင်းထဲတွင်လည်း တစ်နိုင် တစ်ပိုင် စိုက်ပျိုးခြင်း၊ စင်ဖြင့် အဆင့်ဆင့်စိုက်ပျိုးနိုင်ပါသည်။ ကောက်ရိုးမှိုသည် တန်ဖိုးမြင့် အသီးအနှံများထဲမှ လူကြိုက်အများဆုံးဖြစ်ပြီး ရက်တိုတိုနှင့်ငွေပေါ်စေပါသည်။ မှိုမျိုးကိုလည်း ကြိုက်နှစ်သက်ရာကို ဈေးနှုန်းသင့်တင့်စွာဖြင့် အမြို့မြို့နယ်တိုင်းတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။

ကောင်းကျိုးနှင့်ဆိုးကျိုးများ

          ကောက်ရိုးမှိုကို လူတိုင်းကြိုက်နှစ်သက်စွာစားသုံးကြသော်လည်း မှိုနှင့်မတည့်သူများအနေဖြင့် အော့အန်ခြင်း၊ ဝမ်းလျောခြင်း ၊ ဆီးချုပ်ခြင်း၊ မျက်လုံး ဝေ၍ ထိုင်းမှိုင်းခြင်း၊ ချွေးထွက်ခြင်း၊ နှလုံးသွေးအားနည်းခြင်း စသည့် လက္ခဏာများ ဖြစ်တတ်၍  ကောက်ရိုးမှိုသာမက မည်သည့်မှို အမျိုးအစားကိုမဆို ချက်ပြုတ်စားရာတွင် အဆိပ်အတောက် ဖြေလျော့စေရန် ကန်စွန်းရွက်နှင့် တွက်ဖက်၍ ချက်ပြုတ်စားသောက်ကြပါသည်။ ကောက်ရိုးမှိုသည် ကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ် အတွင်းလိုအပ်သော ပရိုတင်းဓါတ် ၊ အင်ဇိုင်း၊ ကစီဓါတ်၊ ရေဓါတ်များ ပါဝင်နေပါသည်။ ဘေးဥပါဒ်ဖြစ်စေနိုင်သည့် အဆီများကို ဖယ်ရှားပေးပြီး ကိုလက် စတရောကို လျင်မြန်စွာ လောင်ကျွမ်းနိုင်သည့်အပြင် မြန်မာလူမျိုးများ ကုသိုလ် ကောင်းမှုပြုလုပ်ရာ ဆွမ်းကျွေးကွမ်းကျွေးပွဲများတွင်လည်း သားသတ်လွတ် အာဟာရတန်ဖိုးမြင့် အသီးအနှံ ဟင်းတစ်ခွက်အဖြစ် အသုံးဝင်သော ဟင်းလျာတစ်မျိုး ဖြစ်သည့်အပြင် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ရပ်တည်နိုင်သော အမှိုက်ထဲကရတနာ(သို့မဟုတ်) ဈေးကွက်ဝင် ရောင်းပန်းလှသည့် ကောက်ရိုးမှိုအကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        

DOCA(စစ်ကိုင်း)

                            

ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းလျှက်ရှိ

                လွိုင်ကော်မြို့နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မှုံပြာ၊ လင်ဖုံ လေးကျေးရွာများမှ အများဆုံး စိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် စိုက်ပျိုးနိုင်မှုလျော့နည်းသဖြင့် ရှမ်းပြည်နယ် အင်းလေးဒေသဘက်မှလည်း ဝင်ရောက်လျက်ရှိကြောင်း၊ ယခု ဇူလိုင်လ စတုတ္ထပတ် တွင် ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဇွန်လ စတုတ္ထပတ်တွင် တစ်ပိဿာလျှင် (၁၂၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခင် ဇွန်လ စတုတ္ထပတ် နှင့် ယခု ဇူလိုင်လ စတုတ္ထပတ် နှိုင်းယှဉ်လျှင် တစ်ပိဿာ (၇၀၀) ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးကွက်အတွင်းရှမ်းပြည်နယ် အင်းလေးဘက်မှ  ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု သိရပါသည်။

DOCA(ကယား)

ဇူလိုင်လစတုတ္ထပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းလျှက်ရှိ

          လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များမှ ( ၁၄ )ဆိုင်ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ဇူလိုင်လစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၀၇၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၁၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၁၇၇၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၈၁၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဇွန်လစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၇၁၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၇၄၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၂၇၀)ကျပ် နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၃၆၀) ကျပ်ရှိခဲ့ပြီး ယခု ဇူလိုင် လစတုတ္ထပတ် နှင့် ယခင် ဇွန်လစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၆၄၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၆၁၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၄၉၅) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၅၄၅)ကျပ် ထိ ဈေးနှုန်း များကျဆင်းလာကြောင်း ၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရေနံဈေးကျဆင်းလာခြင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး စစ်ဆေးကြီးကြပ်ဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ကယား)

မိသားစုဝင်ငွေတွက်ခြေကိုက်နေသည့် ထင်းရှူးမှို(ဒေသခေါ် ဂျီမှို)

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့အနီး ပတ်ဝန်းကျင်ရှိကျေးရွာများတွင်နေထိုင်ကြသော ဒေသခံပြည်သူများ ထင်းရှူးမှိုရှာရောင်းချသူများမှာ အပိုဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျှက်ရှိကြောင်း သိရပါသည်။

          လွိုင်လင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၄၇ ပေတည်ရှိပြီး တောင်ပေါ်ဒေသ မြို့တစ်မြို့ဖြစ်ရာ ထင်းရှူးပင်ပေါများကာ ယခုလို မိုးရာသီ ဝါဆို၊ ဝါခေါင် ကာလတွင် ထင်းရှူးမှို (ဒေသခေါ် ဂျီမှို) များစွာ ပေါက်ရောက်ကြသည်။ ထင်းရှူးမှို၏ အရသာမှာ အနည်းငယ်ဖန်ပြီး ချိုစိမ့်သောအရသာရှိသည့်မှိုအမျိုးအစားဖြစ်ရာ ဒေသခံများကကြိုက်နှစ်သက်ကြသည်။ ထင်းရှူး မှို ရှာဖွေရောင်းချသူတစ်ဦးက ယခုလို နေပူလိုက်မိုးရွာလိုက်အချိန်မှာ ထင်းရှူးမှိုအများအပြား ထွက် ရှိကြောင်း၊ နံနက်(၅) နာရီခန့်တွင် မှိုရှာထွက်ပြီး ရရှိသောမှိုများကို ထုတ်ပိုးကာ မြို့မဈေး နှင့် ညဈေးတန်းတွင် ရောင်ချကြကြောင်း၊ တစ်ပိဿာလျှင် ၆၀၀ဝိ/- ကျပ်မှ ၇၀၀ဝိ/- ကျပ်ထိ ရောင်းချကြကြောင်း၊ တစ်နေ့လျှင် နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်ထိ ဝင်ငွေရရှိပါကြောင်း၊ ယခုလို ထင်းရှူးမှို(ဒေသခေါ် ဂျီမှို) ထွက်သည့် ကာလအတွင်း နေ့စဉ် အပိုဝင်ငွေရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

“ပေါင်းတင်းဝါး(ခ)ကောက်ညှင်းကျည်တောက်”လုပ်ငန်းအား ကွင်းဆင်းလေ့လာ

             မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊အမှတ်(၂)ရပ်ကွက်ရှိ HZ ကောက်ညှင်းကျည်တောက်လုပ်ငန်းအားကျောက်ဆည်ခရိုင်၊စားသုံးသူရေးရားစီးဌာန၊ဝန်ထမ်း များမှ သွားရောက် လေ့လာခဲ့ပါသည်။ ၄င်းလုပ်ငန်းအား ရှေးယခင် ဘိုးဘွားလက်ထက်မှစ၍ ယခုအချိန်ထိ မိသားစု အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပေါင်းတင်းဝါး (ခ) ကောက်ညှင်းကျည်တောက်ပြုလုပ်ရန်အတွက် ကောက်ညှင်းအဖြူ (သို့) ကောက်ညှင်းငချိတ် ကြိုက်နှစ်သက်ရာ တို့ဖြင့်ပြုလုပ်နိုင်ကာ အများအားဖြင့် ကောက်ညှင်းအဖြူကို အဓိကပြုလုပ်ကြပါသည် ။ ပြုလုပ်မည့် ကောက်ညှင်းကျည်တောက် အရည်အတွက်ပေါ်မူတည်ပြီး ကောက်ညှင်းများကို သန့်စင်ကာရေမြုပ်အောင်ထည့်ရပြီး ကောက်ညှင်းဆန်များ ရေပေါ်တွင်မပေါ်စေရန် အရေးကြီးကြောင်း ၊ သို့မှသာ ကောက်ညှင်းပေါင်းရာတွင် ကောက်ညှင်းသားအနပ်ညီစေပါမည်။ပြီးလျှင် ထင်းမီးဖြင့်(၂) နာရီခွဲ(၃)နာရီပေါင်းပေးရပြီး ပေါင်းပြီးကောက်ညှင်းအား တင်းဝါးတွင်ထည့်ပြီး မီးပြန်ဖုတ်ပေးရပါသည်။ ကောက်ညှင်းဆန်(၅)ပြီးလျှင် အုန်းသီး(၁)လုံးထည့်နိုင်ပါသည် ။ ကောက်ညှင်းတင်းဝါး တစ်ချောင်းလျှင် အရှည်(၂၂)လက်မဝန်းကျင်ရှိပြီး အလေးချိန်အနေဖြင့်(၅၀)ကျပ်သားခန့်ရှိပါသည်။ ပေါင်းတင်းဝါး(ခ)ကောက်ညှင်းကျည်ထောက် (၁)ချောင်းလျှင် ကောက်ညှင်း၊အုန်းသီး၊နှီး၊တင်းဝါး၊ လုပ်အားခအပါအဝင် စုစုပေါင်း ကုန်ကျငွေ(၁၅၀၀/-)ကျပ်ခန့်ရှိပြီး စျေးသို့ပြန်ရောင်းလျှင်(၁)ချောင်း လျှင်(၂၀၀၀/-)ကျပ်ရရှိကြောင်း၊ အမြတ်အစွန်းအနေဖြင့် ကောက်ညှင်းကျည်တောက် (၁)ချောင်းလျှင် (၅၀၀/-)ကျပ် အကျိုးအမြတ်ရရှိပါသည် ။ ကောက်ညှင်းကျည်တောက်ကို နွေရာသီတွင်(၂)ရက် အထားခံပြီး ဆောင်းရာသီတွင်(၃)ရက်အထိ အထားခံပါသည်။ ၄င်းလုပ်ငန်းတွင် မိသားစု(၅)ယောက် လုပ်ကိုင်ပြီး တစ်ဦးလျှင် တစ်ရက်ဝင်ငွေ (၅၀၀၀-၈၀၀၀)ကျပ်ရရှိပြီး လက်ရှိအလုပ်အကိုင်အဆင်ပြေလျှက်ရှိကြောင်း၊ ပြုလုပ်ပြီးသော ကောက်ညှင်းကျည်တောက်များကို စဉ့်ကူးမြို့ပေါ်ရှိ စျေးများ ၊ ဆိုင်များ ၊လက်ပန်လှစျေး ၊ကားဂိတ်များနှင့် မန္တလေးမြို့များသို့ ရောင်းချလျှက်ရှိပါသည် ။ စဉ့်ကူးမြို့နယ်တွင် ပေါင်းတင်းဝါး(ခ) ကောက်ညှင်းကျည်တောက် လုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု(၇) စုရှိပြီး မိသားစုစီးပွားရေးအဆင်ပြေလျှက်ရှိပါသည်။အခြားသောဒေသများတွင်လည်း ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချမှုများ ရှိသော်လည်းစျေးကွက်တွင် လူကြိုက်များသော ကောက်ညှင်းကျည်တောက်မှာ စဉ့်ကူးဒေသထွက် ကောက်ညှင်းကျည်တောက်များဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ စတုတ္တပတ်တွင်  ဖြစ် ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းကျပ်၄၅၅၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၅၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၅၁၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၄၈၂၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၉၂၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၅၁၈၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၂၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           ဂျုံဖြူသန့်တစ်တင်း ကျပ် ၄၄၀၀၀-၄၅၀၀၀၊ ဂျုံနီတစ်တင်း ကျပ် ၄၂၅၀၀-၄၃၅၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၀၅၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်း ကျပ် ၄၄၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၅၅၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၆၃၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၃၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၅၈၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၃၅၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၃၂၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၃၀၀၀၀-၃၁၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၃၈၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၄၅၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၄၅၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေး နှုန်းများမှာ နှမ်းညို တစ်တင်းကျပ် ၅၇၀၀၀-၅၉၀၀၀၊ နှမ်းနက် တစ်တင်းကျပ် ၆၃၀၀၀-၇၅၀၀၀၊ နှမ်းဖြူ တစ်တင်းကျပ် ၆၅၀၀၀-၇၀၀၀၀၊ နှမ်းနီ တစ်တင်း ကျပ် ၅၇၀၀၀-၅၉၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၄၉၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၈၅၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၁၈၅၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၁၂၃၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၁၀၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

         ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများ၊ ဆီထွက်သီးနှံ ဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ်‌ဈေးတက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ထွက် မိုးစပါးများ စိုက်ပျိုးရန် ပြင်ဆင်လျှက်ရှိ

           စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တတိယစပါးကျီဖြစ်ပြီး ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီဖြစ်သဖြင့် နှစ်စဉ်မိုးစပါးဧက(၆)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မိုးရွာသွန်းမှု များပြီး ဆည်ရေရရှိသည့်အပေါ်မူတည်၍ နွေစပါးများ စိုက်ပျိုးလျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်ထွက် မိုးရာသီတွင် ရွှေဘိုပေါ်ဆန်း(၃၅၄၇၈၅)ဧက၊ ဧရာမင်း(၂၀၇၃၄၃)ဧက၊ ရွှေသွယ်ရင် (၅၈၇၇၇)ဧက၊ မနော်ဟရီ(၂၆၈၀၅)ဧက၊ IR-747 (၁၉၆၉၉)ဧက၊ မနောသုခ(၂၅၃၇)ဧက၊ ဆင်းသုခ (၁၈၇)ဧက၊ စုစုပေါင်း(၆၇၀၁၃၃)ဧကစိုက်ပျိုးခဲ့ပြီး ရွှေဘိုပေါ်ဆန်းစပါးသည် ခရိုင်ချုပ်စိုက်ဧက၏ (၅၂%)ကျော် စိုက်ပျိုးခဲ့ပါသည်။ ရွှေဘိုပေါ်ဆန်းစပါးကို ရာခိုင်နှုန်းအများဆုံးစိုက်ပျိုးရခြင်းမှာ ရွှေဘိုဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့်အပြင် စပါးပေါ်ချိန်မှ သိုလှောင်ထားချိန်ကာလ တစ်လျှောက်လုံးတွင် ဈေးကွက်ခိုင်မာပြီး စပါးနှင့်ဆန်ဈေးကွက်အတွင်း အမြင့်ဆုံးဈေးဖြင့်ရောင်းချရ၍ အခြားသောစပါးနှင့်ဆန်များထက် ဈေးကောင်းရရှိသဖြင့် ပိုမိုစိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်း စပါးမျိုးသည် ရာသီစပါးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ဇူလိုင်လ (တတိယပတ်)တွင် ပျိုးထောင်စိုက်ပျိုးပါက အောက်တိုဘာလ(တတိယပတ်)တွင် သန္ဓေကပ်ပြီး နိုင်ဝင်ဘာလ(တတိယပတ်)တွင်ပန်းပွင့်၍ ဒီဇင်ဘာလ (တတိယပတ်)တွင် ရိတ်သိမ်းနိုင်သဖြင့် သက်တမ်း (၁၅၀)ရက်ရှိကြောင်း၊ ပုံမှန်ထက်စော၍ စိုက်ပျိုးပါက သက်တမ်းရှည်ပြီး အပင်အရပ်မြင့်သဖြင့် သီးပွင့်ရင့်မှည့်ချိန်တွင် လေဒဏ်၊ မိုးဒဏ်မခံနိုင်သောကြောင့် အပင်ယိုင်လဲ ပျက်စီးတတ်ကြောင်း၊ ပျိုးထောင်ချိန်ပုံမှန်ထက် အလွန်နောက်ကျပါက ပန်းပွင့်ချိန် နောက်ကျပြီး ဆောင်းရာသီ၏ ရာသီဥတု ဖောက်ပြန်မှုနှင့်ကြုံတွေ့နိုင်၍ ဝတ်မှုန်ကူးမှုကို ထိခိုက်နိုင်သဖြင့် အဖျင်း၊ အမှော်များပြီး အထွက်နှုန်းနှင့် အရည်အသွေးကိုထိခိုက်စေနိုင်ကြောင်း၊ပျိုးထောင်စိုက်ပျိုးချိန်ကို မှန်ကန်စွာဆောင်ရွက်မှသာ အထွက်နှုန်း ကောင်းမွန်ပြီး အရည်အသွေး ကောင်းစပါးများရရှိမည် ဖြစ်ပါကြောင်း တောင်သူဦးကြီးများထံမှ သိရှိရပါသည်။ ရွှေဘိုခရိုင်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် မိုးစပါး (၄၈၅၈၈၁)ဧက စိုက်ပျိုးရန် လျာထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ၂၀၂၁ခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုများ၍ ဆည်ရေလုံလောက်စွာရရှိသဖြင့် ၂၀၂၂ခုနှစ်တွင် နွေစပါး (၁၀၀၇၅၂)ဧကနှင့် နွေသီးနှံ(၁၂၈၄၅၉)ဧက စိုက်ပျိုးခဲ့ပါသည်။ ယခုအချိန်တွင် နွေသီးနှံအားလုံး ရိတ်သိမ်း ပြီးစီးပြီး နွေစပါးကို ဇွန်လမှစတင်ရိတ်သိမ်းခဲ့ရာ ရာနှုန်းပြည့်နီးပါးရိတ်သိမ်းပြီးစီးပြီဖြစ်သဖြင့် မိုးစပါး အချိန်မီပျိုးထောင်စိုက်ပျိုးနိုင်ရန်အတွက် ထွန်ယက်မြေပြုပြင်ခြင်း၊ မျက်ကောက်ခြင်း၊ ကန်သင်းပြုပြင်ခြင်းနှင့် ပျိုးဘောင်ဆွဲခြင်း၊ ပျိုးထောင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျဆင်း

              မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။

          ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်မဟုတ်သည့်အတွက် ဒေသတွင်း ထွက်ကုန်မရှိသောကြောင့် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျှက် ရှိကြောင်းသိရသည်။ ဇူလိုင်လတွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဇူလိုင်လ ဒုတိယ အပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၀၀၀-၁၂၀၀ မှ ဇူလိုင်လ တတိယအပတ်တွင် ကျပ် ၅၀၀-၇၀၀ အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်းနှင့် ဈေနှုန်းကျဆင်းရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိ သော်လည်း ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                               

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီးသည် ဇူလိုင်လ(စတုတ္တ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသ များဖြစ်သော ရွှေဘိုခရိုင်တွင် စပါးဈေး အနည်းငယ်ဈေးတတ်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါ သည်။

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဇူလိုင်လ(စတုတ္တပတ်)တွင်ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၆၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၇၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၁၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ပါ တစ်အိတ် ကျပ် ၄၇၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၅၅၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၁၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၄၅၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

           ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၂၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

             မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၈၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၃၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

            ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၃၇၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၄၈၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

           စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ(တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၄၉၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၇၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၇၉၀၀) အိတ်၊ တန်အားဖြင့် (၅၃၉၅) စီးထွက်ခဲ့ပြီး၊ ယခု ဇူလိုင်လ(စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၈၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၂၄၈၀၀) အိတ်၊ တန်အားဖြင့် (၆၂၄၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၆၉၀၀) တန်အားဖြင့် (၈၄၅) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။            

DOCA(စစ်ကိုင်း)

 

                                     

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

           ၂၀၂၂ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၂၅၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၂၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၈၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၃၀၀၀ ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၅၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၀၀ကျပ်၊ (သေး) တစ်လုံး ၁၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၂၅၀)ကျပ်၊ (သေး)တစ်လုံး (၂၂၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ကြက်သား (ဗမာ) တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၅၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          ပဲဆီသန့် ဈေးနှုန်းမှာ တစ်ပိဿာ ၉၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာ ၇၉၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယခင်ပတ် အခြေခံစားကုန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ရသော် ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၁၀၀)ကျပ်၊ နှင့် ကြက်သား (CP) တစ်ပိဿာလျှင် ( ၅၀၀)ကျပ် မြင့်တက်ခဲ့ပြီး စားအုန်းဆီ တစ်ပိဿာဈေးနှုန်း (၁၀၀)ကျပ်ခန့် လျော့နည်းခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း