ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အများပြည်သူသက်သာစေရန် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေသော စားအုန်းဆီရောင်းချမှုအခြေအနေ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှစားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီ ညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက်ရည် ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများဖြင့် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ဖြန့်ဖြူးရောင်း ချစေခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်ရှိ ဆီလုပ်ငန်းရှင်(၅) ဦးမှလည်း အဆိုပါကုမ္ပဏီများမှဝယ်ယူ၍ မြို့နယ်တွင်းသို့ လက်လီလက်ကားပြန်လည်ရောင်းချ ပေးလျက်ရှိပါသည်။စားအုန်းဆီဈေးနှုန်းကို ရန်ကုန်အထိုင်ဈေးဝယ်ယူရသည့် ရည်ညွှန်းလက်ကား ဈေးပေါ်မူတည်၍ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ (၂)ရာခိုင်နှုန်းအမြတ်ထက်မပို သောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း လက်လီလက်ကားပြန်လည်ဖြန့်ဖြူးရောင်းချပေးကြောင်း၊ဝယ်ယူရရှိသည့် စားအုန်းဆီခွဲတမ်း ပေပါအလုံးရေပေါ်မူတည်၍ စားသုံသူပြည်သူတစ်ဦးလျှင်(၁)ပိဿာ နှုန်း ရောင်းချပေးရာ ရည်ညွှန်းဈေးဖြင့်ရောင်းချပေးသောလုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကို စားအုန်းဆီပိဿာချိန်စုစုပေါင်း (၄၀၀၊၅၀၀)ခန့် ရောင်းချရကြောင်း၊အခြေခံလူတန်းစား လက်လုပ်လက်စားများ၊တနိုင်တပိုင်လုပ်ငန်းရှင်များနှင့်ပဲကြော်၊အာလူးကြော်လုပ်ငန်းများမှ လာရောက်ဝယ် ယူကြကြောင်း ဆီလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပြီး စားသုံးသူပြည်သူတစ်ဦးမှလည်း ယခုလိုသက်သာသောရည်ညွှန်းဈေးဖြင့် ရောင်းချပေးသည့်အတွက် အခြေခံလူတန်းစားများနှင့်လုပ်ငန်းသေးများ အတွက် ပိုမိုအဆင်ပြေသက်သာစေကြောင်း၊ဆီအရည်အသွေးမှာလည်း ကောင်းမွန်၍ အိမ်သုံးကြော် လှော်ချက်ပြုတ်စားသောက်သုံးစွဲမှုမှာလည်း အဆင်ပြေဖူလုံမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

အထူးဈေးနှုန်းဖြင့်စားအုန်းဆီများ ဆက်လက်ရောင်းချပေးနေမှုများ

        မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ လမ်းညွှန်ချက်ဖြင့် စားအုန်းဆီ များသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရန် အတွက် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ကျေးရွာများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ယာများ၊ ဌာနဆိုင်ရာဝန်ထမ်းများသို့ အထူးဈေးနှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ဈေးကားဖြင့် ရောင်းချပေးလျက်ရှိနေပါတယ်။

            “၃၀-၇-၂၀၂၂ ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင် ဦးကိုလေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာတွင် ဆီပိဿာချိန် (၅၅၀)ကို လည်းကောင်း၊ ညောင်ပင်သာကျေးရွာတွင် ဆီပိဿာချိန်(၄၄၀)အား ဆီလုပ်ငန်းရှင်ဒေါ်ခင်နွယ်အေး မှ ဈေးကားတစ်စီးစီဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြ ကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်ဖြိုးဖြိုးထိုက်မှ ဆီပိဿာချိန် (၄၄၀)ကိုလည်းကောင်း၊ မရိုးကုန်း ရွာနှင့် ထုံးဖိုရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးမျိုးမင်းမှ ဆီပိဿာချိန် (၃၃၀)ကိုလည်းကောင်း၊ ကျွဲလည်ပင်းရွာ၊ ကျောက်စရစ်ရွာနှင့် ဆူးတက်ရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးဇော်ဇော်လတ်မှ ဆီပိဿာချိန် (၃၃၀)ကိုလည်းကောင်း၊ ညောင်ပင်ဝင်းကျေးရွာတွင်ဆီလုပ်ငန်းရှင် ဦးသူရဇော်ဇော်မှ ဆီပိဿာချိန်(၆၆၀)စသည်ဖြင့် ဈေးကားများဖြင့် အသီးသီးလှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ ၃၁-၇-၂၀၂၂ ရက်နေ့တွင် ဆီလုပ်ငန်းရှင် ဒေါ်ယွန်းရွှေရည်မောင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခင်မောင်ဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)တို့ ဦး‌ဆောင်၍ ဆီပိဿာချိန်( ၃၃၀ )ကို တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာတွင် ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်း” သိရှိရပါတယ်။

            ယခုလိုရောင်းချနေမှုများမှာ စားသုံးသူပြည်သူများအတွက် အဆင်ပြေမှုများစွာရှိကြောင်း၊ စားသုံးဆီဈေးနှုန်းများအဆမတန်မြင့်တက်မှုကိုလည်း ထိန်းချုပ်ပေးနိုင်သောကြောင့် နေပြည်တော် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ရောင်းချမှုများကို အကောင်းဆုံးကြိုးစားလျက်ရှိ‌ ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

နေပြည်‌တော်ကောင်စီနယ်မြေအတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ ရောင်းချပေးနေမှုများ

               ၂၉-၇-၂၀၂၂ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာအချို့နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား နေပြည်တော်ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော် ဦးစီးမှူးရုံးမှ ဝန်ထမ်းများဦးဆောင်၍ အထူးဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။

              “တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာတွင် ဆီလုပ်ငန်းရှင်ဒေါ်ဖြိုးဖြိုးထိုက်(NNNဆီရောင်း ဝယ်ရေး)မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆီပိဿာချိန် (၃၃၀)အား စျေးကားတစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ ကျားသေအိုင် ကျေးရွာတွင် ဆီပိဿာချိန် (၃၃၀)အား ဒေါ်သာယာနုဝေစံမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရောင်းချပေးခဲ့ကြောင်း” သိရှိရပါသည်။

               ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(ရုံးအမှတ်-၃)နှင့် စားသုံး သူရေးရာဦးစီးဌာန(ရုံးချုပ်)(ရုံးအမှတ်-၅၂)တို့တွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်၊ ဆီလုပ်ငန်းရှင် ဒေါ်နန်းခရေဝင်း (မနန်း-ကုန်မျိုးစုံရောင်းဝယ်ရေး)နှင့် ဆီလုပ်ငန်းရှင် ဒေါ်ခင်ဥမ္မာအောင်(မြတ်-ကုန်မျိုးစုံရောင်းဝယ်ရေး)တို့ ပူးပေါင်း၍ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ ဆီပိဿာ ချိန်ပေါင်း (၁၃၂၀)အား ရောင်းချပေးခဲ့ကြောင်းသတင်းရရှိပါသည်။

              ယခုလိုရောင်းချပေးနေမှုများကြောင့် စားသုံးသူပြည်သူများ အဆင်ပြေမှုများစွာရှိနေကြောင်းသိရှိရသဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမှုများကို အ‌ကောင်းဆုံးဆက်လက်လုပ်‌ဆောင်သွားမည်ဟု သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

“ မိုးနှမ်းများ ပေါ်စကာလဖြစ်၍ ဈေးကောင်းရနေ’’

            မိတ္ထီလာခရိုင်အတွင်း မိုးနှမ်းစိုက် ဧက (၃)သိန်းကျော်ရှိရာ မလှိုင်မြို့နယ်တွင် ဧက (၁.၅) သိန်းခန့်ရှိရာ အများဆုံးစိုက်ပျိုးကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရပါသည်။ မလှိုင်မြို့နယ်အနေဖြင့် မိုးနှမ်းကို မေလလယ်ခန့်က စိုက်ပျိုးခဲ့ပြီး ဇူလိုင်လလယ်ကျော်မှ စတင်၍ ရိတ်သိမ်းပြီးဖြစ်ရာ ယခုအခါ ခြွေလှေ့ဆဲ ကာလဖြစ်ပါသည်။ နှမ်းဈေးမှာ နှမ်းရောင်စုံ အနိမ့်ဆုံး တစ်တင်းလျှင် (၆)သောင်းကျော် ရရှိသဖြင့် တောင်သူများအနေဖြင့် ခြွေလှေ့ရရှိသော နှမ်းကို ရရှိသည့် ပမာဏအလိုက် စိုက်ပျိုး ရိတ်သိမ်းသည့် လုပ်သားခ ပေးချေနိုင်ရန် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

နမ့်စန်မြို့မှစီးပွားဖြစ် နာနတ်သီးအကြောင်း

         ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံ့တီးရွာ၊ လွယ်ဆိုင်ရွာတို့တွင် နာနတ်သီးကိုစီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ကျန်သောရွာများတွင်လည်း အနည်းငယ်စိုက်ပျိုးကြသည်။ နာနတ်သီးအားအပင်အသစ်စိုက်ပျိုးပါက(၃)နှစ်မှစတင်အသီးသီးပြီး (၃)နှစ်အသီးထွက်ရှိပါသည်။ အသီးအထွက်(၃)နှစ်ပြည့်အခင်းမှအပင်များတူးထုတ်ပြီး အခင်း အသစ်ပြန်လည်စိုက်ပျိုးပါသည်။ တောင်သူများအနေဖြင့်နာနတ်စိုက်ခင်းအား မိမိစိုက်မြေပေါ်ကို မူတည် (၂)ခင်း (၃)ခင်းအားစိုက်ချိန်ခွာ၍ စိုက်ပျိုးကြသည့်အတွက်ကြောင့် နှစ်စဉ်ဝင်ငွေရရှိကြပါ သည်။ နာနတ်သီးကိုဇူလှိုင်လတွင် စတင်ထွက်ရှိ၍ စက်တင်ဘာလအထိထွက်ရှိပါသည်။ နာနတ်သီးထွက်ချိန်တွင် တောင်သူများသည် နမ့်စန်၊လွိုင်လင်၊ပင်လုံ၊မိုးနဲမြို့များသို့ တောင်သူများ ကိုယ်တိုင်လာရောက်ရောင်းချလျက်ရှိပြီး တောင်သူများထံမှတဆင့်ဝယ်ယူပြီး အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်းလည်းသိရှိရပါသည်။လွိုင်လင်မြို့နာရီစင်အနီးတဝိုက်နှင့် ဈေးအနောက် လမ်းဘေးတစ်ဝိုက်တွင် ထောလာဂျီ၊ ကားများဖြင့်လည်းကောင်း လာရောက်ရောင်းချလျက်ရှိပြီး၊ ပင်လုံမြို့ရှိရွှေတိဂုံဘုရားရှေ့လမ်းမဘေးတွင်လည်း လာရောက်ရောင်းချလျက်ရှိပါသည်။ နာနတ်သီး အားအသေး၊ အလတ်၊ အကြီး ဟူ၍(၃)မျိုးခွဲ၍ရောင်းချပါသည်။အသေးတစ်လုံး၏ ယခုပေါက်ဈေး သည်(၁၀၀/-)ကျပ်ဖြစ်ပြီး၊ အလတ်တစ်လုံးပေါက်ဈေးသည်တစ်လုံး(၂၅၀/-)ကျပ်နှင့် အလုံးကြီး တစ်လုံး၏ပေါက်ဈေးသည် တစ်လုံး(၈၀၀/-)ကျပ် (၂)လုံး(၁၅၀၀/-)ကျပ်ဈေးရှိပါသည်။ မက်မွန်းမွန်းရွာ ၊ တွံ့တီးရွာတို့မှ ထွက်ရှိသောနာနတ်သီးများကို ပွဲစားများမှခြံအထိလာရောက် ဝယ်ယူကြပြီးတွဲကားများဖြင့် ရန်ကုန်၊ မန်းလေး၊ နေပြည်တော်များသို့တင်ပို့ရောင်းချကြသည်ဟု သတင်းရရှိပါသည်။

DOCA(ရှမ်း)

နေပြည်‌တော်ကောင်စီနယ်မြေအတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေးနေမှုများ

          ယနေ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာအချို့၌ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဦးဆောင်၍ အထူးဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။

        “ ပျဉ်းမနားမြို့နယ်၊ ရှမ်းစုကြီးကျေးရွာနှင့် လဲလူးအိုင်ကျေးရွာတို့တွင် ဦးခင်မောင်မြင့် (ရွှေမင်းသားကုန်မျိုးစုံရောင်းဝယ်ရေး)မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆီပိဿာချိန်(၆၆၀)အား စျေးကားတစ်စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်၊ ရေအေးအုပ်စု၊ ရေအေးကျေးရွာတွင် ဆီပိဿာချိန် (၃၃၀)အား ဦးဇော်ဇော်လတ် (ဝင်းသီရိကုန်စုံဆိုင်)မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရောင်းချပေးခဲ့ကြောင်း၊ ထို့အပြင် တပ်ကုန်းမြို့နယ်၊ အောင်မြေရိပ်သာကျေးရွာ၊ ပြိုင်အင်းကျေးရွာတို့တွင် ဦးမျိုးမင်း ( ဦးမျိုးမင်း+ မခက် ကုန်မျိုးစုံရောင်းဝယ်ရေး)မှ ဆီပိဿာချိန် (၃၃၀)အားစားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စျေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် ဦးအေးထွန်း(ပြည်လုံးချမ်းသာဆီစက်ပွဲရုံ)မှ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာနှင့် ကြံခင်းစုကျေးရွာတို့တွင် ဆီတစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် (၆၆၀)အား စားသုံးသူ ပြည်သူများ လက်ဝယ်အရောက် ဈေးကားဖြင့် လှည့်လည်ရောင်းချလျက်ရှိသည်”ဟု ဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

           ယခုလိုရောင်းချပေးနေမှုများကြောင့် စားသုံးသူပြည်သူများ အဆင်ပြေမှုများစွာရှိနေကြောင်းသိရှိရသဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမှုများကို အ‌ကောင်းဆုံးဆက်လက်လုပ်‌ဆောင်သွားမည်ဟု သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

 

ဧရာ၀တီတိုင်းဒေသကြီးအတွင်း ၂၀၂၂/၂၀၂၃ မိုးစပါးစိုက်ဧက (၁၆၀၀၀၀၀) ဧက စိုက်ပျိုးပြီးစီး

            မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါလျှက်ရှိသော ဧရာ၀တီတိုင်းဒေသကြီးသည် သဘာ၀မှ လက်ဆောင်ပေးထားသည့် မြေဆီမြေနှစ်ကောင်းမွန်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်လျှက်ရှိသော တိုင်းကြီးတစ်ခုဖြစ်သည်နှင့်အညီ နှစ်စဿ်မိုးစပါး စိုက်ဧက (၃၇)သိန်းကျော်နှင့် နွေစပါးစိုက်ဧက (၁၀)သိန်းကျော် နှစ်စဉ်စိုက်ပျိုးလျှက်ရှိပြီး ဒေသတွင်း စားသုံးမှုဖူလုံရုံသာမက နှစ်စဉ်ပိုလျှံသည့် ဆန်/ဆန်ထွက်ပစ္စည်းများကို ပြည်တွင်း စျေးကွက်နှင့် ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချလျှက်နေပါသည်။

        ဧရာ၀တီတိုင်းဒေသကြီးအတွင်း စပါးအထွက်နှုန်းတိုးတက်စေရန် စိုက်ပျိုးရေးဦးစီး ဌာနမှ လည်း အဖက်ဖက်မှ ဆောင်ရွက်လျှက်ရှိရာ ယခု ၂၀၂၂/၂၀၂၃ မိုးစပါးရာသီမှာလည်း မိုးစပါး စိုက်ဧက (၃၇၅၇၀၃၉) စိုက်ပျိုးရန် လျာထားပြီး ဇူလိုင်လနောက်ဆုံးပတ်အတွင်း မိုးစပါး စိုက်ဧက (၁၆၀၀၀၀၀) ဧကကျော် စိုက်ပျိုးပြီးစီးကြောင်း ဧရာ၀တီတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာ မိုးစပါးများ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊မင်းဘူးခရိုင်၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးဆန်းလင်းမောင်(ဦးစီးမှူး) နှင့်အဖွဲ့သည်  စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာသို့ (၂၆.၇.၂၀၂၂)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးစိုက်တောင်သူနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ဆင်ကျုံးကျေးရွာသည် စလင်းမြို့၏ အနောက်ဘက်တွင် ကပ်လျက်ရှိပြီး နှစ်စဉ် စပါး၊ ကုလားပဲ၊ နှမ်းသီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆင်ကျုံးကျေးရွာတောင်သူများအနေဖြင့် မိုးစပါးဧက (၄၆၀)ခန့် စိုက်ပျိုးမည်ဖြစ်ပြီး မနောသုခ၊ ဆင်းရတနာတိုး၊ ဧရာပဒေသာ စသည့် စပါးအမျိုးအစား (၃)မျိုး အနက် တောင်သူများအနေဖြင့် ဈေးကွက်ဝင်၍ ဈေးနှုန်းရရှိသော ဧရာပဒေသာစပါးကိုသာ အဓိကစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          စိုက်ပျိုးရာတွင် မိုးစပါးကိုနှစ်စဉ် ဇူလိုင်လတွင် ပျိုးထောင်၍ ဩဂုတ်လတွင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် အပြီးရိတ်သိမ်းကြပါသည်။ စိုက်ပျိုးမှုမှာ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက် အစေ့ချစိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိပြီး တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းသည် အထွက်နှုန်းမြင့်မားမှု မရှိသော်လည်း ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။ မိုးစပါး စိုက်ပျိုးရာတွင် မြေပြုပြင် ချိန်မှစ၍ စိုက်ပျိုးပြီးသည်အထိ (၁၇၀၀၀ဝိ/-) ကုန်ကျကြောင်း ယခင်နှစ် က မျိုး(၂)တင်း၊ ကွန်ပေါင်းမြေဩဇာထည့်သွင်းခြင်း ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အားဆေး စသည့် သွင်းအားစု များအနေဖြင့် (၁၈၀၀၀ဝိ/-) ခန့်နှင့် ရိတ်သိမ်းစရိတ် (၅၀၀၀ဝိ/-) ခန့် စုစုပေါင်း (၁)ဧကကုန်ကျစရိတ် (၄၀၀၀၀ဝိ/-) ခန့် ကုန်ကျကြောင်း (၁)ဧကလျှင် ဧရာပဒေသာ (၈၀)တင်း ထွက်ရှိကာ (၁)တင်းလျှင် (၁၀၀၀ဝိ/-) ရောင်းချရ၍ ဝင်ငွေ (၈၀၀၀၀ဝိ/-) ရရှိကာ အကျိုးအမြတ် အနေဖြင့် (၄၀၀၀၀ဝိ/-)ခန့် ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဆင်ကျုံးဒေသသည် လင်းဇင်းရေလွှဲ ဆည်မှ ရေကိုအသုံးပြုပြီး ယခုနှစ်တွင် ရေရရှိမှု အကြိမ်ရေလျော့နည်းသည့်အပြင် ပိုးသတ်ဆေး၊ မြေဩဇာ၊ အားဆေးအမျိုးမျိုးနှင့် ဓာတ်ဆီ၊ ဒီဇယ် သွင်းအားစုများ ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ယခင်နှစ်ကထက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်များလာနိုင်ကြောင်း တောင်သူ၏ပြောကြား ချက်အရ သိရှိရပါသည်။

         စပါး(၁)ဧက စိုက်ပျိုးရာတွင် အထွက်နှုန်းမှာ မြေကွာခြားမှု၊ သွင်းအားစုထည့်သွင်းမှု မတူညီခြင်း၊  ရေသွင်းအကြိမ်ရေ ကွာခြားမှုတို့ကြောင့် (၁)ဧက  ထုတ်လုပ်မှုစရိတ် မတူညီသလို အထွက်နှုန်းလည်း မတူညီနိုင်ကြောင်း ယခင်နှစ်က သီးနှံပေါ်ချိန်တွင် စပါးတင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-) ခန့်ဈေးရရှိပြီး  စပါးတင်း(၁၀၀) ကြိတ်ခွဲလျှင် ဆန်အိတ် ရှယ်ထိပ်စ (၂၅)  လုံးထွက်ကြောင်း (၁)အိတ်လျှင် (၄၂၀၀ဝိ/-) ရောင်းချရ၍ ဆန်ကုန်သည်များအနေဖြင့်လည်း စပါးတင်း (၁၀၀)လျှင် (၅၀၀၀ဝိ/-) ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း ဆန်စက်ပိုင်ရှင် ဦးဝင်းထိုက်၏ ပြောကြားချက်အရ သိရှိရပါသည်။

        စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာသည် လူဦးရေနည်းပါးပြီး စပါးစိုက်ဧကများသောကြောင့် စားသုံးပြီး ပိုလျှံသောစပါးကို ဒေသတွင်းစပါးကုန်သည်များနှင့် ဆန်စက်များသို့ရောင်းချကြောင်းနှင့် ထွက်ရှိသည့်ဆန်ကို ကုန်ချောအဖြစ် ဆန်ကြာဆံ၊ မုန့်ဟင်းခါးမုန့်ဖတ် စသည်ဖြင့် စားသောက် ကုန်လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဆင်ကျုံးကျေးရွာရှိ မိုးစပါး စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မြို့သစ်မြို့နယ်တွင် မိုးမြေပဲများ လှိုင်လှိုင်ပေါ်

          မြို့သစ်မြို့နယ်ရှိ တောင်သူများအနေဖြင့် မိုးမြေပဲများ စတင်နှုတ်ဆွတ်နေပြီဖြစ်ပါသည်။ တောင်သူများ အဓိက စိုက်ပျိုးသည့် မြေပဲကတော့ ဗီယက်နမ်(ပဲဆံအဖြူ)အများဆုံး စိုက်ပျိုးကြပြီး စွန်တာနီ(ပဲဆံအနီ) ကတော့ အနည်းငယ်သာစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          (၁) ဧကလျှင် မြေပဲတောင့် တင်း(၆၀)မှ (၉၀)အထိ ထွက်ရှိပါသည်။ မြေပဲအတောင့် တစ်တင်းလျှင် (၁၅၀၀ဝိ/-)မှ (၂၀၀၀ဝိ/-)ကျပ်အထိ ဈေးကောင်းရရှိနေသဖြင့်  တောင်သူများအနေဖြင့် ယခုနှစ်တွင် ဝင်ငွေပိုမိုရရှိကြောင်းသိရှိရပါသည်။ (၁) ဧကကုန်ကျစရိတ်အနေဖြင့် မြေဩဇာ၊ စက်သုံးဆီဈေးကြီးမြင့် သည့်အတွက် (၄)သိန်းမှ (၅)သိန်းအထိ ကုန်ကျမှုရှိခဲ့သော်လည်း အထွက်နှုန်းပေါ်မူတည်၍ အကျိုး အမြတ်(၁) ဧကလျှင် (၅)သိန်းမှ (၈)သိန်းထိ ရရှိကြောင်းသိရှိရပါသည်။ မြို့သစ်မြို့နယ်အနေဖြင့် မိုးမြေပဲကို (၇၅၀၈)ဧက စိုက်ပျိုးထားကြောင်းလည်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)

မြန်မာ့လက်မှု ကြိမ်ထည်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

            မြန်မာ့လက်မှုပညာဖြင့် ကြိမ်ထည်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချနေသော စစ်ကိုင်းမြို့ မကျည်းစဉ်ရပ်ကွက်ရှိ စစ်ကိုင်းမြို့နယ် ကြိမ်ထည်လုပ်ငန်းရှင်များအသင်းဥက္ကဌဖြစ်သည့် ဦးသန်းထွန်း ထံသို့ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၂၅ ရက်နေ့က သွားရောက်တွေ့ဆုံ၍ ထုတ်လုပ်ရောင်းဝယ်မှု အခြေအနေများနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

          စစ်ကိုင်းမြို့တွင် ကြိမ်ထည်လုပ်ငန်းပညာကို ဦးထွန်းရွှေ (ရန်ကုန်) ထံမှ ဦးသန်းထွန်းက သင်ယူခဲ့ပြီး (၁၉၇၄-၇၉) ခုနှစ်က ကြိမ်ထည်လုပ်ငန်းစတင်ခဲ့ကြောင်း၊ စစ်ကိုင်းမြို့နယ် ကြိမ်ထည် လုပ်ငန်းအသင်းကို (၂၈.၁၀.၂၀၁၁) ရက်နေ့တွင် အလုပ်အမှုဆောင် (၅) ဦး၊ အသင်းသား (၈၉) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုလက်ရှိ အချိန်ကာလ၌ မကျည်းစဉ်ကျေးရွာတွင် ကြိမ်လုပ်ငန်း လုပ်ကိုင်သူ (၃၅) ဦးခန့်ရှိကြောင်း၊ ကြိမ်ကုန်ကြမ်းအား ယခင်က ဗန်းမော်မြို့မှ ဝယ်ယူပြီး ယခုအခါ မန္တလေးမြို့မှ ဝယ်ယူကြောင်း၊ ကုန်ချောကြိမ်ထည်များအား ပြည်တွင်းတွင် မော်တော်ကားနှင့် လှည့်လည်ရောင်းချသော ပရိဘောဂပစ္စည်းရောင်းချသူများအား ပြန်လည်ရောင်းချကြောင်း၊ ဈေးနှုန်းများအနေဖြင့် ဦးထုပ် (၁) လုံး ၃၀၀ဝိ/-၊ ဗန်း (၁) ချပ် အမျိုးအစား၊ အရွယ်အစားအလိုက် ၁၀၀၀ဝိ/- မှ ၂၅၀၀ဝိ/-၊ တစ်ရှူးဗူး လေးထောင့် (၁) ဗူး ၅၀၀ဝိ/- နှင့် အဝိုင်းဗူး (၁) ဗူး ၄၀၀ဝိ/-၊ ခေါင်းအုံးကြီး (၁) လုံး ၅၀၀ဝိ/- နှင့် ခေါင်းအုံးလတ် (၁) လုံး ၂၀၀ဝိ/-၊ ရေအိုးအုပ်ဆောင်း (၁) ခု ၂၀၀ဝိ/-၊ ထမင်းအုပ်ဆောင်း (၁) ခု ၆၀၀ဝိ/-၊ ဆရာမဆွဲခြင်း (၁) ခု ၈၀၀ဝိ/- မှ ၉၀၀ဝိ/-၊ အမှီပါ ကုလားထိုင် (၁) ခု ၅၀၀၀ဝိ/- နှင့် စားပွဲဝိုင်း (၁) ခု ၈၀၀၀ဝိ/- ဖြင့် အသီးသီး ရောင်းချပါကြောင်း၊ အလုပ်သမားများ၏ တစ်နေ့လုပ်အားခမှာ ကျား (၁) ဦးလျှင် (၅၀၀ဝိ/- မှ ၆၀၀ဝိ/-)၊  မ (၁) ဦးလျှင် (၃၅၀ဝိ/- မှ ၅၀၀ဝိ/-) ရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း