ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲတီစိမ်းအသစ်များ အရောင်းအဝယ်သွက်နေ

      ပြည်ဈေးကွက်သို့ ဆောင်းပဲသစ်ဖြစ်သော ပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်မှစ၍ ဝင်ရောက်လာခဲ့ပြီး ယခုရက်တွင် ပဲအထွက်လှိုင်လာပြီဖြစ်၍ ပဲဝင်ရောက်မှုများလာခဲ့ပါသည်။ တစ်ရက်အိတ် ၄၀၀/၅၀၀ကျော် ပြည်အနီးတဝိုက်ဒေသများနှင့် မင်းတုန်း၊ ကံမဖက်မှလည်း ဝင်ရောက် လာခဲ့ကြောင်း သိရှိရပါသည်။ ပဲဈေးမှာတစ်တင်း ၄၆၀၀၀ကျပ်မှ ၄၇၀၀၀ကျပ်ထိ ပဲအရည်အသွေးပေါ် လိုက်၍ ဈေးကွာခြားမှုရှိခဲ့ကြောင်း သိရှိရပါသည်။  မန္တလေးလိုင်းသမားများ အဓိကထား ဝယ်ယူမှု ရှိသလို ရန်ကုန်ဝယ်လက်သမားအချို့လည်း ဝယ်ယူမှု့ရှိကြောင်း သိရှိရပါတယ်။ ယခင်နှစ်က ပဲတီစိမ်း သီးနှံ၏ ပဲအထွက်လှိုင်ချိန် ပေါက်ဈေးနှုန်းမှာ တစ်တင်း ၄၃၀၀၀ကျပ်အထိရရှိခဲ့၍ ယခုနှစ်တွင် ပဲတီစိမ်းဈေးမှာ ယခင်နှစ်ဈေးထက် ဈေးအနည်းငယ်ပိုရရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်မှာ ဈေးအမြင့်ဆုံးရလျက်ရှိတဲ့ ပြည်စားတော်ပဲ

         ပြည်ဈေးကွက်တွင်  အရောင်းအဝယ်ဖြစ်နေသော လက်လီပဲသီးနှံများထဲတွင် စားတော်ပဲသီးနှံ သည်  ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရလျက်ရှိနေခဲ့ပါသည် ။  ပဲတစ်တင်း ၁၂၀၀၀၀ကျပ်ဖြင့် လက်လီ သမားနေ့စဉ်ဝယ်ယူခဲ့သောကြောင့် တစ်ရက်အိတ် ၂၀ကျော် ပုံမှန်ရောင်းဝယ်မှု ဖြစ်ခဲ့ကြပါသည်။ စားတော်ပဲသီးနှံသည်  ပဲဝင်ရောက်မှုမရှိသော်လည်း လှောင်သမားများရှိခဲ့သည့်အတွက် လက်လီ ဝယ်ယူမှုအပေါ် လိုသလောက်ရောင်းချနိုင်သော ပဲသီးနှံဖြစ်ပါသည်။  စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ပဲဈေးကွက်တွင်  ဈေးအမြင့်ဆုံးရနေသောကြောင့် ယခင်နှစ်ကလည်း ပဲတစ်တင်း ၇၀၀၀၀ကျပ်ဖြင့် နိုဝင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြကြောင်း သိရှိရပါသည်။  ယခုနှစ်တွင်  တစ်တင်းကျပ် ၅သောင်းကျော်ထိ ယခင်နှစ်ထက်ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူအရောင်းသွက်

        ပြည်ဈေးကွက်သို့  ရှမ်းပြည်နယ်(တောင်ပိုင်း)  အောင်ပန်းမှ   ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပတ်လျှင် ပိဿာ ၃၀ ဝင်ဆံ့သော အိတ် ၅၀-၁၀၀ အတွင်း အဝင်ရှိပြီး အရောင်းသွက်လျင် အမှာရှိသလောက် အဝင်ရှိကြောင်းနှင့် ကြူကုတ်မှာ ၁၃-၁၄ ပိဿာဝင်ဆံ့ပြီး တစ်ပတ်လျှင် အိတ် ၂၀၀ - ၃၀၀ခန့်  မန္တလေးဘက်မှ အဝင်ရှိကြောင်း သိရှိရသည်။ အောက်တိုဘာလထဲတွင် ကထိန်အလှူများရှိနေ သည့်အတွက် ပြည်မြို့နယ်အတွင်း ယခင်ထက် အရောင်းသွက်လျက်ရှိခဲ့ကာ  အခြားမြို့များမှလည်း ပုံမှန်ထက်ပို၍ အမှာများရှိခဲ့ကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်) လက်ကား(ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀ - ၄၂၀၀ ၊ လက်လီဈေး ကျပ် ၄၃၀၀ - ၄၅၀၀၊ ရှမ်းစ လက်ကား (ပွဲရုံဈေး)  တစ်ပိဿာလျှင် ကျပ် ၃၂၀၀ - ၃၅၀၀ - ၃၈၀၀ - ၄၂၀၀၊ လက်လီဈေး ကျပ် ၄၀၀၀ - ၄၅၀၀ ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေရာမှ နိုဝင်ဘာပထမပတ်တွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

အဝင်များပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ပြည်ချင်း

      နိုဝင်ဘာပထမပတ်တွင် ပွဲရုံများသို့ တစ်နေ့လျှင် ချင်းအိတ် ၅၀/၆၀ခန့် ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။ ဝင်ရောက်လာသောချင်းများမှာ ချင်းအသစ်များဖြစ်ပြီး အရည်အသွေးကောင်းကာ အစိုဓါတ်အနည်းငယ်သာရှိ၍ အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး ဝင်ရောက်မှုများသည့်အတွက် ဈေးအနည်း ငယ်ကျလာကြောင်း သိရှိရပါသည်။  ကထိန်ရာသီတွင် ဒါးလှီးချင်းသမားတို့ အဝယ်လိုက်ခဲ့ကြောင်း လည်းသိရှိရပါသည်။  နိုဝင်ဘာပထမပတ် ချင်းတစ်ပိဿာလျှင် ပွဲရုံဈေး ၁၅၀၀-၁၆၀၀ကျပ်ဖြစ်ကာ ၎င်းဈေးသည် အိတ်စွဲဈေးဖြစ်ပြီး လက်လီဈေးများမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ ချင်းဖတ်တစ်ပိဿာလျှင် ၂၁၀၀ကျပ်ဈေး ဖြစ်ကြောင်းလည်း သိရှိ ရပါသည်။ အောက်တိုဘာ နောက်ဆုံးပတ်ကထက် ပွဲရုံဈေးတစ်ပိဿာပေါ်တွင် ၁၀၀ကျပ်ဈေး ထပ်မံ ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြို့သစ်မြို့၌ အခြေခံစားကုန် ဆန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချ

            မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စားဝတ် နေရေးအဆင်ပြေစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် (၂.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)နာရီတွင် မြို့သစ်မြို့ ၊ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ မြို့မစျေးအနီး၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် အခြေခံစားကုန်ဆန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

         မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူကာ အခြေခံစားကုန်ဖြစ်သည့် ဆန်ကိုသက်သာစွာဖြင့် ဆန်တစ်ပြည် ကျပ်(၁၅၀၀)ဖြင့် လူတစ်ဦးလျှင် (၆)ပြည်နှုန်း ဆန်အိတ်အလုံး(၂၀၀)အား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

တောင်တွင်းကြီးမြို့နယ်၌ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

       မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများမှာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီမှာ မိုးစပါးစိုက်ဧက (၉၇၉၇၅)ဧက စိုက်ပျိုးထားရှိခဲ့ပြီး ယခုလက်ရှိတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရပါသည်။

            မိုးရာသီတွင် မိုးစပါးမျိုးဖြစ်သည့် မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာအစရှိသည့် စပါးမျိုးများကို အစိုးရဆည်ငယ်ကန်ငယ်များဖြစ်သည့် ငမင်ရေလှောင်တမံ (၁၉၈၄)ဧက၊ ကန်တော်ကြီးကန်ရေသောက် (၁၂၉၄)ဧက၊ ယင်းမလည် ရေလွှဲဆည်ရေသောက် (၃၇၂)ဧက၊ ကင်ပွန်းတောင် ရေလှောင်တမံ ဆည်ရေသောက် (၃၇၀)ဧက၊ ဘန်းကုန်းရေလှောင်တမံကန်ရေသောက် (၂၂၇၇)ဧက၊ ရန်ပယ်ရေလှောင် တမံကန်ရေသောက် (၃၇၃၃)ဧက၊ ကျောက်မီးချောင်း ရေလွှဲဆည်ရေသောက်(၂၁၈၄)ဧက၊ ဆည်ငယ် ကန်ငယ်ရေသောက် (၁၂၈၄၀)ဧက၊ ရေစုပ်စက်ဖြင့် (၆၁၅)ဧက၊ မြေအောက်ရေအသုံးပြု (၁၀၂၇)ဧက၊ မိုးကောင်းသောက် မိုးရေသောက် (၆၇၉၃၃)ဧက စုစုပေါင်းစိုက်ဧက (၉၇၉၇၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နိုဝင်ဘာလအတွင်း စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နယ်ဝယ်လက်တို့ ပြည်မန်ကျည်းမှည့်အစွဲပြန်အေးနေပြီး ဈေးငြိမ်နေတဲ့အာလူး

       နိုဝင်ဘာလပထမပတ်တွင် ပြည်မန်ကျည်းမှည့် အရောင်းအဝယ်အေးနေ‌ကြောင်း သိရှိရပါသည်။ ရန်ကုန်နှင့် ရခိုင်ဝယ်လက်တို့မှလည်း အစွဲအေးနေတယ်ကြောင်း သိရှိရပါသည်။ ဒေသတွင်းဈေးများရှိ လက်လီ အရောင်းဆိုင်များ၏ လိုသလောက်ပိဿာစွဲလောက်သာ အဝယ်ရှိနေသောကြောင့် အရောင်း အဝယ်ပြန်အေးသွားကြောင်း သိရှိရပါသည်။ နိုဝင်ဘာ ပထမပတ် မန်ကျည်းမှည့်လက်ကားဈေး တစ်ပိဿာလျှင် ၄၃၀၀ကျပ်ဈေးဖြစ်ပြီး လက်လီဈေးများတွင် တစ်ပိဿာ ၄၅၀၀-၄၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါသည်။

       ရှမ်းအာလူးများ ပြည်ဈေးကွက်သို့ တစ်ပတ်လျှင် ပိဿာ ၂၅- ၃၀ ဝင်ဆံ့သော အိတ် ၁၀၀ - ၁၅၀ ခန့် အောင်ပန်းမြို့မှ ပုံမှန်အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်း လက်လီ/ လက်ကား ဝယ်ယူသူများနှင့် အနီးအနားရှိမြို့များမှလက်ကားဝယ်ယူသူများဖြင့်တန်ဆောင်မုန်းလ ကထိန် ရာသီတွင် အရောင်းသွက်ခဲ့ပါသည်။   ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစ၍ လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၂၀၀၀ - ၂၂၀၀ - ၂၃၀၀၊ လက်လီဈေး ကျပ် ၂၄၀၀ - ၂၈၀၀ ဖြင့် ယခု နိုဝင်ဘာလ ဆန်းပိုင်းအထိ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

မိုးစပါးများ အောင်မြင်ဖြစ်ထွန်းမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည်စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကိုအဓိက ထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထားအများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး စိုက်ပျိုးမှုအနေဖြင့် ယခင်( ၂၀၂၁ - ၂၀၂၂ ) ခုနှစ်တွင် (၁၅၆၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ခုနှစ်တွင် ( ၁၄၃၇၉၆ )ဧက စိုက်ပျိုးထားပြီး ယခုအချိန်တွင် မိုးစပါးများ အောင်မြင် ဖြစ်ထွန်း လျှက်ရှိပါသည်။ မိုးရွာသွန်းမှုကောင်းသောနှစ်ဖြစ်သောကြောင့် ယခုနှစ်မိုးစပါးများမှာ ယခင်နှစ်ထက် ပိုမိုဖြစ်ထွန်းကြောင်း ရေတင်စရိတ်များလည်း ယခင်နှစ်ကထက် သက်သာကြောင်း၊ အထွက်နှုန်းလည်းပိုမိုကောင်းမွန်နိုင်ကြောင်း၊ မိုးစပါးစိုက်တောင်သူတစ်ဦး၏‌ ပြောကြားချက်အရ သိရှိရပါသည်။ စပါးဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် ပဒေသာစပါး(အဟောင်း) တင်း(၁၀၀) လျှင် (၁၅၀၀၀၀ဝိ/-)ကျပ် ၊ မနောသုခစပါး(အဟောင်း)တင်း (၁၀၀) လျှင် (၁၃၀၀၀၀ဝိ/-)ကျပ်ဖြစ်ပြီး ဆန်ဈေးနှုန်းအနေဖြင့် ပဒေသာဆန်(အဟောင်း)(၂၄)ပြီ တစ်အိတ်လျှင် (၆၇၀၀ဝိ/-)ကျပ်၊ မနောသုခ ဆန်(အဟောင်း)(၂၄)ပြီ တစ်အိတ်လျှင် (၄၇၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးကွက်အနေဖြင့် မန္တလေး ၊ နွားထိုးကြီး၊ မြင်းခြံ မြို့များသို့ အများဆုံး တင်ပို့ရောင်းချလျှက်ရှိကြောင်း ၊ ယခုနှစ် မိုးစပါးမှာ ယခင် မိုးစပါးထက် ကုန်ကျစရိတ်များသော်လည်း အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိနိုင်သောကြောင့် တောင်သူများအတွက် တွက်ခြေကိုက်သည့်နှစ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ပြည်ခရိုင်တွင် မိုးစပါးအသစ် ဈေးအနည်းငယ်မြင့်တက်

     ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၂)သိန်းကျော်စိုက်ပျိုးပြီး၊ ဧက (၃)သောင်းကျော် ရိတ်သိမ်းပြီး ဖြစ်ပါသည်။ ပြည်ခရိုင်တွင်  ဈေးကောင်းရပြီး အရောင်းသွက်နေသော မှော်ဘီ၊ ကျောက်ရွေး၊ အင်းမစပါးများ ထွက်ရှိမှုမရှိသေးဘဲ စပါးအရင်ဖြစ်သော မိုးစပါးအသစ်မှာ ပြည်၊ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်များတွင်သာ ထွက်ရှိနေပြီး မိုးစပါးသစ်ဈေးနှုန်းမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် ယခင်လက ၁၀၀၀၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု နိုဝင်ဘာလဆန်းတွင် ၁၀၅၀၀၀၀ကျပ်ဖြင့် တင်း၁၀၀လျှင် ၅၀၀၀၀ကျပ် ဈေးမြင့်တက်လာခဲ့ပါသည်။ ဆန်ဈေးမှာ ဆန်သစ်တစ်အိတ်လျှင် ၃၉၀၀၀-၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ စပါးဈေးမှာ ယခင်နှစ် စပါးပေါ်စတွင် တင်း၁၀၀လျှင် ၆၀၀၀၀၀ကျပ်သာရှိပြီး ယခုနှစ်တွင် ၁၀၅၀၀၀၀ကျပ် ဈေးထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ ထိုသို့ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ သွင်းအားစုစရိတ်များ မြင့်တက်ခြင်း၊ စိုက်ပျိုးစရိတ်များမြင့်တက်လာခြင်းတို့ကြောင့် စပါးဈေးမှာ ယခင်နှစ်ကထက် ဈေးမြင့်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကောင်းရနေသောပြည်ငရုတ်သီးခြောက်

   ပြည်ဈေးကွက်တွင် ငရုတ်သီးခြောက်များလက်ကျန်နည်းနေသဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှစ၍ ဧပြီလအထိ ငရုတ်ပုတစ်ပိဿာလျှင် ၇၀၀၀-၇၃၀၀ကျပ်၊ ငရုတ်ရှည် တစ်ပိဿာလျှင် ၄၅၀၀-၅၀၀၀ကျပ် ဈေးရှိခဲ့ပြီး၊ မေလကုန်ပိုင်းတွင်စ၍ ဈေးများမြင့်တက် လာခဲ့ကာ ငရုတ်ပုတစ်ပိဿာလျှင် ၇၃၀၀-၈၅၀၀ကျပ်၊ ငရုတ်ရှည်တစ်ပိဿာလျင် ၅၀၀၀-၅၅၀၀ကျပ် အထိဈေးမြင့်တက်လာခဲ့ပါသည်။ ဇွန်လတွင် ငရုတ်ပုဈေး အနည်းငယ်ပြန်ကျ လာခဲ့ပြီး တစ်ပိဿာလျင် ၇၃၀၀ကျပ်ရှိခဲ့ပါသည်။ ငရုတ်ရှည်ဈေးမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဈေးဖြင့် အနည်းငယ်မြင့်တက် လာခဲ့ပါသည်။ ဇူလိုင်လတွင် ငရုတ်ပုတစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ ငရုတ်ရှည် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဈေးထိဈေးမြင့်တက်လာခဲ့ပါသည်။ ဩဂုတ်လတွင် ငရုတ်ပု ဈေးမှာငြိမ်နေပြီး ငရုတ်ရှည် ဈေးမှာ အမြင့်ဆုံးသို့ရောက်ရှိခဲ့၍ တစ်ပိဿာလျှင် ၂၂၀၀၀-၂၅၀၀၀ကျပ် ဖြင့် ယခုနိုဝင်ဘာလဆန်းအထိ ဈေးအမြင့်ဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုလိုငရုတ်သီးခြောက်ဈေးများ မြင့်တက်လာရခြင်းမှာ ရာသီဥတုဒဏ်ကြောင့် အထွက်နှုန်းနည်းခြင်း၊ အချို့တောင်သူများမှာ အရင်းအနှီးများ၍ မစိုက်နိုင်တော့ခြင်း၊ သွင်းအားစုနှင့် သယ်ယူပို့ဆောင်ခများ ကြီးမြင့်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း