ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၀ .၃.၂၀၂၃)

    ၁၀.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မြောက်ဦးခရိုင်အတွင်း ဆောင်းနေကြာသီးနှံတိုးချဲ့စိုက်ပျိုးလာခြင်း

    ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများသည် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ ဆီမုံညင်းနှင့် နှမ်းများကိုသာ အဓိကစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာသီးနှံများကို မြောက်ဦးမြို့နယ်တွင် ၅ဧက၊ မင်းပြားမြို့နယ်တွင် ၁၈ဧကနှင့် ကျောက်တော်မြို့နယ်တွင် ၅ဧက၊ စုစုပေါင်း ၂၈ဧကအား တောင်သူများက စမ်းသပ်စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်းမှာ (၂၆.၁၈) တင်းထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရပါသည်။

     ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြောက်ဦးခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးတောင်သူများသည်  ဆီထွက်သီးနှံအဖြစ် ဆင်းနေကြာ-၂ မျိုးစေ့ကို နိုဝင်ဘာလမှစတင်၍ မြောက်ဦးမြို့နယ်တွင် ၁၆၃ဧက၊ မင်းပြားမြို့နယ်တွင် ၁၀၀ဧက၊ ကျောက်တော်မြို့ ၆၈ဧက၊ မြေပုံမြို့နယ်တွင် ၉၆ဧက စုစုပေါင်း ၄၂၇ဧကအား တိုးချဲ့စိုက်ပျိုးလာကြပါသည်။ မြောက်ဦးခရိုင်သည် ဆီဖူလုံမှုအားနည်းသောခရိုင်ဖြစ်သောကြောင့် စားသုံးသူပြည်သူများမှာ စားသုံးဆီများကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝယ်ယူစားသုံးရပါသည်။ ဆောင်းသီးနှံအဖြစ် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် မြောက်ဦးခရိုင်အတွင်းရှိ တောင်သူများဝင်ငွေတိုးပွားလာပြီး ဒေသတွင်း ဆီဖူလုံမှုရာနှုန်းတိုးလာမည်ဖြစ်ပြီး နောက်လာမည့်နှစ်များတွင် ဆောင်းသီးနှံစိုက်ပျိုးတောင်သူများသည် နေကြာသီးနှံများကို ယခုနှစ်ထက်ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ မတ်လ ပထမပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း(ဆန်)းတစ်ပြည်လျှင် ၃၈၀၀ကျပ်၊ ဧည့်မထ(ဆန်)တစ်ပြည်လျှင် ၂၅၀၀ကျပ်၊ မနောသုခ(ဆန်)တစ်ပြည်လျှင် ၂၃၅၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားဖိုဆောင်သီးနှံများအနေဖြင့် ကြက်သွန်နီလက်လီဈေးမှာ အကြီးတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊‌ ကြက်သွန်ဖြူလက်လီဈေးမှာ (ကြူကုတ်)တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ၄၅၀၀ကျပ်အထိ၊ (ရှမ်း)တစ်ပိဿာ ၄၁၀၀ကျပ်မှ ၄၆၀၀ကျပ်အထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိ၊ (အပု)တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၅၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၀၀ကျပ်မှ ၂၈၀၀ကျပ်အထိ၊ ခရမ်းချဥ်သီးတစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၈၀၀ကျပ်အထိ စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ကြက်ဥလက်လီဈေးမှာ  တစ်လုံးလျှင် ၂၁၀ကျပ်မှ ၂၄၀ကျပ်အထိဖြစ်ပါသည်။ နေပြည်တော်ကောင်စီနယ်မြေ၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၇၆၀၀ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိ၊ အမဲသားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၆၈၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၀၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

  စားသုံးဆီဈေးနှုန်များမှာ ပဲဆီတစ်ပိဿာလျှင် ၁၄၅၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၃၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရှိရပါသည်။  

“ကုလားပဲ(ဆောင်း)များရိတ်သိမ်းမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

      မန္တလေးတိုင်း‌‌ဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ကုလားပဲ(ဆောင်း)စိုက်ပျိုးမှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၂၉၄၁၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၁၅၀၁၂) ဧက ၊ မြစ်သားမြို့နယ်တွင်(၃၁၅၅၆)ဧက ၊ စုစုပေါင်း(၇၅၉၈၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၂၆၀၂၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၃၀၄)ဧက၊ မြစ်သားမြို့နယ်တွင်(၃၁၇၄၉)ဧက ၊ စုစုပေါင်း(၇၄၀၇၉)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ကျောက်ဆည်မြို့နယ် တွင်(၁၉၃၅၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၉၈၀၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၅၈၇၀)ဧက ၊စုစုပေါင်း (၄၅၀၂၄)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ကုလားပဲကို မျိုးအနေဖြင့် (V2)မျိုးနှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍ (၂)မျိုးရှိပြီး (V2)ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ (၁)ဧကလျှင် မျိုးစေ့ (၁.၅-၂)တင်းနှုန်းခန့် ကုန်ကျပြီး တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြသလို အချို့မှာစိုက်ပျိုးချိန် ရောက်မှစျေးကွက်အတွင်းမှဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ကုလားပဲမျိုး စျေးနှုန်းအနေ ဖြင့် ကုလားပဲ(V2)တစ်တင်းလျှင်(၆၄၀၀၀/-)ကျပ်၊ ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၅၄၀၀၀/-)ကျပ် စျေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရပါသည်။ နှစ်စဉ် ကုလားပဲကို ယာမြေများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး လယ်မြေများတွင် ဒီဇင်ဘာလတွင် စိုက်ပျိုးကြကြောင်း သိရှိရပါ သည်။ကုလားပဲ(ဆောင်း) စိုက်ပျိုးရာတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ စုစုပေါင်း(၂၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျပါသည်။ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၀-၁၂) တင်းခန့်ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲ(V2)တစ်တင်းလျှင် (၃၇၀၀၀/-) ကျပ်၊ ကုလားပဲရိုးရိုး တစ်တင်းလျှင် (၃၅၀၀၀/-)ကျပ် စျေးနှုန်းသာရှိခဲ့ပြီး  ယခုနှစ် ကုလားပဲ စတင်ထွက်ရှိချိန်တွင် ကုလားပဲ(V2) တစ်တင်းလျှင် (၆၅၀၀၀/-)ကျပ်၊ ကုလားပဲရိုးရိုး တစ်တင်းလျှင် (၆၂၀၀၀/-)ကျပ် ဈေးနှုန်းရရှိခဲ့ပြီး ယခုအချိန်တွင်  ကုလားပဲ(V2) တစ်တင်းလျှင် (၆၃၀၀၀/-)ကျပ် ၊ ကုလားပဲရိုးရိုး တစ်တင်းလျှင် (၆၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့်  စတင်ထွက်ရှိချိန်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းနေပါကြောင်း သိရှိရပါသည်။  ယခင်နှစ်ထက် တောင်သူများအနေဖြင့် ဈေးနှုန်းပိုမိုရရှိခဲ့ပြီး  (၁)ဧက အကျိုးအမြတ်အနေဖြင့် (၄၃၀၀၀၀/-)ကျပ် ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ကီလိုမာလကာ”

      ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများလည်း စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် စျေးကွက်ဝယ်လိုအားရှိသော ကီလိုမာလကာပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ ကီလိုမာလကာပင်ကို ယာမြေများတွင် သြဂုတ်၊စက်တင်ဘာလများတွင်  အများဆုံးစိုက်ပျိုးကြပါသည်။ မိုးဦးကျကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်ပါသည်။အစေ့ပျိုးပင် သို့မဟုတ် မြေထုပ်စည်းပျိုးပင်ကို (၁)နှစ်သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင်ပါသည်။စိုက်ပျိုးရာတွင် (၁)ပင်နှင့် (၁)ပင် (၁၅-၁၆)ပေခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှစိုက်ပျိုးလျှင် (၄-၅)နှစ်အထိ ကြာနိုင်ကြောင်း ၊ ကိုင်းဆတ်မြေထုပ်စည်းပျိုးပင်ကို(၁)နှစ်ခွဲ (၂)နှစ်အတွင်းမှာ အသီးသီးပါကြောင်း ၊စီးပွားဖြစ် စိုက်ပျိုးသောတောင်သူဦးကြီးများက ကိုင်းဆတ် မြေထုပ်စည်းအပင်ကိုသာ အများဆုံးစိုက်ပျိုးကြပါကြောင်း၊ ပျိုးပင်တစ်ပင်လျှင်(၁၅၀၀-၂၅၀၀)ကျပ် အထိ စျေးနှုန်းရှိကြောင်း၊ တစ်ဧကလျှင်  ကီလိုမာလကာပင်(၃၅၀)ပင် စိုက်ပျိုးကြပြီး၊ (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင်အသီးများစတင်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင်  မာလကာသီး အလုံး(၉၀၀-၁၀၀၀)ခန့်ခူးဆွတ်ရကြောင်း၊ မိုးဦးကျနှင့်မိုးရာသီတွင် အသီးအမြောက်အမြား ထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီးအထွက်နှုန်းလျော့နည်းပါကြောင်း၊ ကီလိုမာလကာသီး တစ်လုံးလျှင်(၂၀၀-၃၀၀)ကျပ် အထိရောင်းချရကြောင်း၊ ဖောက်သည်စျေးနေဖြင့် အလုံးအကြီး၊ အသေး ပေါ်မူတည်၍(၁၅၀-၂၀၀)ကျပ်စျေးများဖြင့် ရောင်းချပေးကြောင်း၊ ကျောင်းဖွင့်ရာသီချိန်မျိုးတွင် ပိုမိုအရောင်းသွက်ကြောင်းနှင့် မာလကာသီးစားသုံးခြင်းဖြင့် ဗီတာမင်စီများစွာရရှိသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး စီးပွားလည်းဖြစ်ဝင်ငွေတိုးသော ကီလိုမာလကာပင်များကို တိုးချဲစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(မန္တလေး)

 

“မတ္တရာမြို့နယ်၏ ဆန်၊စပါးစျေးကွက်အခြေအနေ”

        မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဆန်စပါးအများဆုံး စိုက်ပျိုးထွက်ရှိရာဒေသလည်းဖြစ်ပါသည်။မိုးစပါး၊နွေစပါး စုစုပေါင်း(၁)နှစ်ပျှမ်းမျှ စပါးစိုက်ဧက(၉၀၀၀၀)ကျော်စိုက်ပျိုးထွက်ရှိပါသည်။ယခုနှစ်မိုးစပါးစိုက်ဧက (၄၈၃၈၅)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့် (၉၀.၂၇)တင်း၊ အထွက်စုစုပေါင်း(၄၃၆၇၉၃၉)တင်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပြီး နွေစပါးအား လာမည့်ဧပြီလတွင် စတင်စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ စပါးမျိုးအနေဖြင့် မဂျမ်းတော၊ မနောသုခ၊ ရက်(၁၁၀) ၊ရက်(၉၀)မျိုးများကို စိုက်ပျိုးကြပါသည် ။        မိုးစပါးထွက်ပေါ်ချိန်တွင် စပါး ၊ ဆန်စျေးကွက်အနေဖြင့် (၄၆)ပေါင်ကိုက်စပါးတင်း(၁၀၀)လျှင် မဂျမ်းတောစပါး (၁၂၅၀၀၀၀/-)ကျပ်၊ မနောသုခစပါး(၁၂၀၀၀၀၀/-)ကျပ်၊ ရက်(၉၀)စပါး(၁၁၀၀၀၀၀/-)ကျပ်၊ ရက်(၁၁၀)စပါး (၁၁၀၀၀၀၀/-) ကျပ်၊ဆန်(၂၄)ပြည်တစ်အိတ်လျှင် မဂျမ်းတောဆန်(၄၆၀၀၀/-)ကျပ်၊မနောသုခဆန် (၄၃၀၀၀/-)ကျပ်၊ ရက်(၉၀)ဆန် (၄၀၀၀၀/-)ကျပ်၊ရက်(၁၁၀)ဆန် (၄၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ မှဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဆန်၊စပါးစျေးနှုန်းများမှာ မြင့်တက်လျက်ရှိပါသည်။မဂျမ်းတော စပါးတင်း(၁၀၀)လျှင် (၁၈၀၀၀၀၀/-)ကျပ် ၊ မနောသုခစပါး တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀/-)ကျပ် ၊ ရက်(၉၀)စပါးတင်း(၁၀၀)လျှင် (၁၃၀၀၀၀၀/-)ကျပ်၊ရက်(၁၁၀)စပါး တင်း(၁၀၀)လျှင် (၁၃၀၀၀၀၀/-)ကျပ်၊ ဆန်(၂၄)ပြည် တစ်အိတ်လျှင် မဂျမ်းတောဆန် (၆၈၀၀၀/-)ကျပ် ၊ မနောသုခဆန် (၅၈၀၀၀/-)ကျပ် ၊ ရက်(၉၀)ဆန် (၄၇၀၀၀/-)ကျပ် ၊ ရက်(၁၁၀)ဆန် (၄၇၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း စက်ပိုင်၊ကုန်သည်၊ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ရာသီမရွေးဝတ်ဆင်နိုင်သည့် မြင်းခြံဈေးကွက်ရှိမြန်မာ့ချည်ထည်

         မြန်မာနိုင်ငံအထက်ပိုင်း၊ အထက်အညာဒေသများသည် ပူပြင်းခြောက်သွေ့သဖြင့် ဒေသခံအများစုမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ မြန်မာ့ချည်ထည်များကို အများဆုံးဝတ်ဆင်လေ့ရှိကြပါသည်။ မြန်မာ့ချည်ထည်များသည် ခန္ဓာကိုယ်နှင့်အင်္ကျီကြားမှာ ဖြစ်ပေါ်တတ်တဲ့စိုထိုင်းမှုများကို ဖယ်ရှားပေးသည့်အတွက် ချွေးအအေးပတ်ခြင်းကိုမဖြစ်ပေါ်စေကြောင်း၊ မတူညီတဲ့ရာသီဥတု အခြေအနေအလိုက် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးဝတ်ဆင်နိုင်ကြောင်းနှင့် နွေရာသီမှာ အသင့်လျော်ဆုံးဖြစ်ပြီး အေးသည့်အချိန်အခါများမှာလည်း လေအေးများခန္ဓာကိုယ်ကိုမထိအောင်ကာကွယ်ပေးနိုင်ကြောင်း၊ ထို့အပြင် မြန်မာချည်ထည်များသည် ခန္ဓာကိုယ်အရေပြားနှင့် ဓာတ်မတည့် ခြင်းဖြစ်ပေါ်နိုင်မှုမှာ အလွန်နည်းပါးသည့်အတွက် အရေပြားအထူးကုဆရာဝန်များသည် ဓာတ်မတည့်ဖြစ်လေ့ရှိသော အရေပြားပိုင်ရှင်များအား မြန်မာချည်ထည်များကို ဝတ်ဆင်ဖို့အကြံပြုလေ့ရှိကြောင်း ဖတ်ရှုမှတ်သားဖူးပါသည်။ မြင်းခြံဒေသထွက်မြန်မာချည်ထည်များကိုတောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာတွင် အများဆုံးယက်လုပ်ကြပြီး ဒေသအခေါ် နဖျင်းထည်ဟုခေါ်ဆိုကြလေ့ရှိသဖြင့်ခရီးသွားပြည်သူများအနေဖြင့် နဖျင်းထည်ဟုသိရှိမှုများကြပါသည်။ အညာဒေသထွက် မြန်မာချည်ထည်အဝတ်အထည်များသည် ရောင်းပန်းဝယ်ပန်းလှပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့်ခရီးသွားများမှာ ဒေသထွက်ချည်ထည်များကို မိသားစုဆွေမျိုးသားချင်းအတွက်သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများကို အညာဒေသပြန် လက်ဆောင်အဖြစ်ပေးရန်အတွက်သော်လည်းကောင်း၊ ပြန်လည်ရောင်းချရန်အတွက်သော်လည်းကောင်းဝယ်ယူလေ့ရှိကြပြီး၊ လက်ဆောင်ရရှိသူများအနေဖြင့်လည်းအညာဒေသချည်ထည်များကို နှစ်သက်မြတ်နိုးစွာတန်ဖိုးထားဝတ်ဆင်လေ့ရှိကြပါသည်။ ထို့အပြင်ချည်ထည်ဖြင့်ယက်လုပ်ထားသော လက်သုတ်ပဝါများသည် ဆွေးမြေ့မလွယ်ပဲခိုင်ခန့်မှုရှိ၍ ယခုအခါမှာ တစ်သျှူးဈေးနှုန်းသည် မြင့်မားလာသည့်အတွက် တစ်သျှူးအစား ပြန်လည်သန့်ဇင်လျှော်ဖွတ်နိုင်သည့် ချည်ထည်လက်သုတ်ပဝါများကို သုံးစွဲခြင်းဖြင့် ပြည်တွင်းဖြစ်ကိုလည်းအားပေးရာရောက်ပါသည်။ ယခုနောက်ပိုင်းတွင် သုံးစွဲမှုများပြားလာပြီး SUPER MARKET တွေမှာလည်း ဈေးကွက်ဝင်လာကြောင်းသိရှိရပါသည်။

           မြင်းခြံဈေးကွက်တွင်လက်ရှိဖြစ်ပေါ်နေသော မြန်မာချည်ထည်ဈေးနှုန်းများအနေဖြင့် (၁၀) ကိုက် တစ်အုပ်ဈေးမှာ (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်ထိ ရှိကြောင်းသိရှိရပါသည်။ အင်္ကျီဈေးများအနေဖြင့် သင်္ဘောသား ကျား/မ ဝတ် S-size တိုရှည်မှာ(၅၅၀၀၊ ၆၀၀၀)ကျပ်၊ M-size တိုရှည်မှာ (၆၅၀၀၊ ၇၀၀၀)ကျပ်၊ L-size တိုရှည်မှာ (၇၅၀၀၊ ၈၀၀၀)ကျပ်၊ ဂါဝန်(M-size) မှာ (၄၁၀၀၊ ၄၅၀၀)ကျပ်၊ L-size မှာ(၄၃၀၀၊ ၄၈၀၀)ကျပ်၊ ကလေးဝတ်စုံကျားမ Zero-size မှာ(၂၀၀၀၊ ၂၃၀၀)ကျပ်၊ SS-size မှာ (၂၆၀၀၊ ၂၉၀၀)ကျပ်၊ S-size မှာ(၂၉၀၀၊ ၃၁၀၀)ကျပ်၊ M-size မှာ(၃၄၀၀၊ ၃၇၀၀)ကျပ်၊ L-size မှာ(၄၀၀၀၊ ၄၃၀၀)ကျပ်၊ ကလေးဂါဝန် S -size မှာ(၂၀၀၀)ကျပ်၊ S size မှာ(၂၅၀၀)ကျပ်၊ M- size မှာ (၂၈၀၀)ကျပ်၊ L-size မှာ (၃၂၀၀)ကျပ်၊ ဘောင်ဘီတစ် ထည်ချင်းဈေးမှာ S-size မှာ(၃၂၀၀)ကျပ်၊ M -size မှာ (၃၄၀၀)ကျပ်၊ L-size မှာ(၃၆၀၀)ကျပ်၊ မျက်နှာသုတ်ပဝါ တစ်ထည်ဈေးနှုန်းမှာ (၂၀၀၀)ကျပ်၊ လက်သုတ်ပဝါ(၁၀)ထည်ဈေးနှုန်းမှာ (၅၀၀၀)ကျပ်၊ အမျိုးသားဝတ်ချည်ချောလုံချည်တစ်ကွင်းဈေးနှုန်းမှာ(၅၅၀၀၊ ၆၀၀၀)ကျပ်၊ (၁၀) ကွင်းဈေးနှုန်းမှာ(၄၆၀၀)ကျပ်၊ ရာချီဈေးနှုန်းမှာ (၄၃၅၀)ကျပ် များရှိကြောင်း သိရှိရပါသည်။

           မြင်းခြံခရိုင်အတွင်း မြန်မာချည်ထည်များယက်လုပ်မှုအနေဖြင့် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာနှင့် မိထ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ရွာတန်းရှည်ကျေးရွာမှလည်း လက်ယက်ကန်း၊ စက်ယက်ကန်းများဖြင့် မြန်မာချည်ထည်များ ယက်လုပ်ကြကြောင်း သိရှိရပြီး မြင်းခြံမြို့ပေါ်ရှိရပ်ကွက်များအတွင်း တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းများလုပ်ကိုင်ကြကြောင်းနှင့် အိမ်ယူ၍လည်း လက်ခစားဖြင့် ချုပ်လုပ်ပေးကြောင်း သိရှိရပါသည်။ စက်ယက်ကန်း၊ လက်ယက်ကန်းများဖြင့် ဒေသထွက်ချည်ထည်များ၊ ချုပ်လုပ်နေ ရသဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်များရရှိ၍ အဆင်ပြေလျက်ရှိပါသည်။ ဒေသတစ်ခုအနေဖြင့် ဒေသထွက်ကုန်များလူသိများပြီး အသိအမှတ်ပြုလာပါက ဒေသခံပြည်သူများနှင့်ဒေသအတွက်လည်း အကျိုးများစွာဖြစ်ထွန်းစေပါသည်။ မြင်းခြံ၊ မိတ္ထီလာ၊ ဝမ်းတွင်းထွက်(Organic) ချည်ထည်များကို ဂျပန်နိုင်ငံသို့လည်းတင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ချုပ်ခဈေးနှုန်းများမှာ ကိုက်ပြီး အထည်အား တွဲခ/ချုပ်ခ ဘောင်းဘီတစ်ထည်လျှင်(၇၀၊ ၇၅)ကျပ်၊ သင်္ဘောသားတစ်ထည်ချုပ်ခ (၂၅၀)ကျပ်၊ ဂါဝန်တစ်ထည်ချုပ်ခ(၃၀၀)ကျပ် ကျသင့်ပြီး တစ်ဦးလျှင် တစ်ရက်ကိုစွဲမြဲစွာ ချုပ်လုပ်ပါက အထည်(၅၀)ခန့်ချုပ်လုပ်နိုင်ကြောင်းနှင့် မြန်မာချည်ထည်များကို ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ်ပေါင်း (၁၀၀)ကျော်ကို ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မြင်းခြံမြို့တွင် ဒေသထွက်နဖျင်းထည်များကို အရောင်အသွေးစုံ၊ ဆိုဒ်စုံ၊ ဒီဇိုင်းစုံစွာနှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် လက်လီလက်ကားဝယ်ယူနိုင်ပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ဧရာဝတီတိုင်းဒေသကြီး ဖရဲစိုက်တောင်သူများ ယခုနှစ်အကျိုးအမြတ်များရရှိ

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ တောင်သူများသည် နှစ်စဉ် ဖရဲ(၅၀၀)ဧကခန့်စိုက်ပျိုးပြီး၊ ဖရဲသီးအလုံးရေ (၅၀၀၀၀၀)ခန့်ထွက်ရှိရာ မူဆယ်ဈေးကွက်မီသော အသီးများကို မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကာ ကျန်အသီးများကို ဒေသတွင်းဈေးကွက်သို့ ရောင်းချခဲ့ကြပါသည်။ ယခုနှစ်တွင် သွင်းအားစုများဖြစ်ကြသော  ဖရဲမျိုးစေ့ထုတ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဒီဇယ်ဈေး၊ လုပ်သားခများ ကြီးမြင့်ခြင်းကြောင့်လည်းကောင်း၊ သီးနှံပေါ်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် တင်ပို့ရောင်းချမှုမရမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ ဖရဲစိုက်ဧက(၇၀)ဝန်းကျင်ခန့်သာ စိုက်ပျိုးကြောင်း သိရှိရပါသည်။

     သို့ရာတွင် ယခုနှစ်၌ ဖရဲစိုက်ပျိုးဧကလျော့နည်းခဲ့သော်လည်း သီးနှံမပေါ်ခင်ကပင် မူဆယ်မှ ဖရဲကုန်သည်များသည် ဒေသသို့လာရောက်၍ ဈေးကောင်းပေးပြီး အခင်းပြတ်ဝယ်ယူလျက်ရှိပါသည်။

    ဖရဲတစ်ဧကစိုက်ပျိုးလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၄၂)သိန်းခန့်ကုန်ကျပြီး၊ ယခုအခါ ဖရဲတစ်ဧကလျှင် အခင်းပြတ် (၁၂၈)သိန်းပေးပြီး ဝယ်ယူနေသဖြင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ ကျပ်(၈၆)သိန်းခန့်ရရှိလျက်ရှိရာ ဖရဲစိုက်ပျိုးသူ တောင်သူတစ်ဦးက မိမိတို့သည် ဖရဲစိုက်ပျိုးလာသည်မှာ နှစ်(၂၀)ခန့်ရှိပြီဖြစ်သော်လည်း ယခုနှစ်ကဲ့သို့ တစ်ကြိမ်တစ်ခါမှ အကျိုးအမြတ်ရရှိမှုမရှိခဲ့ပါကြောင်း  ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတနှင့် မြန်အောင်ခရိုင်၏ ငရုတ်စိုက်ပျိုးထုတ်လုပ်ခြင်း

      ငရုတ်သီးသည် အိမ်ရှင်မများဟင်းချက်ရာတွင် မပါမဖြစ်အသုံးပြုရသော စားဖိုဆောင်သီးနှံဖြစ်ပါသည်။ ဗီတာမင်စီကြွယ်ဝပြီး၊ ဗီတာမင် (အေ၊ ဘီ၊ အီး)၊ ကယ်လ်စီယမ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သော ာအသီးလည်းဖြစ်ပါသည်။ ကြိုက်နှစ်သက်သူများအနေဖြင့် အသုပ်များကို သုပ်စားသည့်အခါတိုင်းတွင် ငရုတ်သီးစိမ်းနှင့်တွဲစားတတ်ကြပြီး မကြိုက်သူများမှာ အစပ်ကိုကြောက်သောကြောင့် သေချာရွေးဖယ်၍ စားတတ်ကြပါသည်။ “တန်ဆေး လွန်ဘေး”ဆိုသကဲ့သို့ ချင့်ချိန်စားသုံးနိုင်မည်ဆိုပါက လူတို့အတွက် ကျန်းမာရေးနှင့်သင့်လျော်သည့် သီးနှံဖြစ်ပါသည်။

      ဟင်္သာတခရိုင်၌ ငရုတ်သီးနှံကို ရှေးဘိုးစဉ်ဘောင်ဆက်တည်းက မိမိတို့အိမ်၌သာ စားသုံးဖို့စိုက်ပျိုးလာခဲ့ရာမှ ယခုအခါ ဒေသတွင်းရောင်းချရန်နှင့် ပြည်ပတင်ပို့ရန်အတွက်ပါ စိုက်ပျိုးလာကြပါသည်။ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြေနုကျွန်းများသည် ကျောက်ရဲ၊သဲရိုး၊ ဘိုးလင်းကျွန်း၊ ပဲကြီးကျွန်း၊ သက္ကယ်ပြင်၊ အေးရွာ၊ ကြွက်ကျွန်း၊ နန်းတော်ကျွန်း၊ သာယာစု၊ သူဌေးကုန်း၊ လက်ပံလှ၊ သဲတော စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ညောင်ကျိုးအုပ်စုထဲတွင်ပါဝင်သော ချင်းကုန်း၊ ညောင်ကုန်း၊ ကျောင်းကုန်း၊ ရဲဘော်ကျွန်း၊ စံပြ၊ ဘုရားကျွန်း၊ လက်ကြားကုန်းရွာများတွင် အများဆုံးစိုက်ပျိုးကြလေ့ရှိပါသည်။

   ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ အတွင်းရေးမှူးဖြစ်ပြီး ဟင်္သာတမြို့နယ်၊ ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးကိုကိုအား (၂၈-၂-၂၀၂၃) နေ့တွင် တွေ့ဆုံပြီး ငရုတ်စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ရာ ယခုနှစ်တွင် ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် စုစုပေါင်း ဧက ၁၀၀၀၀ခန့်ရှိကြောင်း၊ ယခုနှစ်ထူးခြားချက်အနေဖြင့် ကိုင်းစိုက်တောင်သူများအားလုံးမှာ ငရုတ်စိုက်ကြကြောင်း၊ သို့သော် ယခင် ၃ဧကစိုက်သူက ၂ဧကသာစိုက်ပျိုးကြောင်း၊ ယခင် ၁ဧကစိုက်သူက ယခုတွင် ဧကတစ်ဝက်သာလျှင် ပဲစိုက်ပါကြောင်းနှင့် ဈေးကောင်းသည့်ပဲတီစိမ်း(အနီ)နှင့် ပဲယင်းအနီများကို စိုက်ပျိုုးလာကြ၍ ငရုတ်စိုက်ဧကနည်းသွားပါကြောင်း ပြောကြားချက်အရ သိရှိရပါသည်။

     ဟင်္သာတနှင့် အင်္ဂပူဒေသများ၌ ငရုတ်သီးကို စိုက်ပျိုးချိန်သည် မြေနုကျွန်းများတွင် မြစ်ရေကျချိန်ဖြစ်၍ စက်တင်ဘာလ၌ စတင်စိုက်ပျိုးပြီး နိုဝင်ဘာကုန်၌ စတင်ပေါ်ပါကြောင်း၊ မြေနုကျွန်းအား ရေပြန်မမြုပ်မချင်း အမြဲမပြတ်ခူးနိုင်ပါကြောင်း၊ စိုက်ပျိုးသည့်အမျိုးအစားမှာ သီးသည့်အခါတွင် အညှာမှစတင်၍ မိုးပေါ်သို့ထောင်သီးသော မိုးထောင်မျိုးနှင့် အညှာမှစတင်၍ အောက်သို့တွဲလဲသီးသည့် အောက်ဆွဲမျိုးများကို စိုက်ပျိုးကြပါကြောင်း၊ ယခင်က ဒေသမျိုးများကို စိုက်ပျိုးလာခဲ့ရာမှ ယခုအခါ Hybrid မျိုးများကိုပါ စိုက်ပျိုးလာကြပါကြောင်း၊ အောက်ဆွဲအမျိုးအစားတွင် မြှားနီပဒေသာ၊ သာမို ၁၅၊ အင်ဒီယမ်၊  စူပါရက် -၂ မျိုးများကို စိုက်ပျိုးပါကြောင်းနှင့် မိုးထောင်အမျိုးအစားတွင် 777၊ Sun Shine၊ Star Horse၊ 004၊ Spark မျိုးများကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

       ထုတ်လုပ်ရောင်းချသူများအနေဖြင့် အောက်ဆွဲငရုတ်မျိုးကို ငရုတ်သီးခြောက်အဖြစ်သာ ထုတ်လုပ်ရောင်းချပြီး၊ မိုးထောင်ငရုတ်မျိုးကို  အစိမ်း၊ အမှည့်စို၊ ငရုတ်သီးခြောက်ဟူ၍ သုံးမျိုးထုတ်လုပ်ရောင်းချကြပါကြောင်း၊ မိုးထောင်စိုက်တောင်သူများသည် အစိမ်းဈေးကောင်းချိန်၌ အစိမ်းခူးရောင်းပြီး၊ အစိမ်းဈေးကျလာပါက အမှည့်စိုအဖြစ် ထုတ်လုပ်ရောင်းချကြပြီး၊ အမှည့်စိုဈေးကိုမကြိုက်ပါက အမှည့်ခြောက်အဖြစ် ထုတ်လုပ်ရောင်းချကြပါကြောင်း၊ ငရုတ်သည် စတင်စိုက်ပျိုးပြီး ရက်(၉၀) ခန့်တွင် စတင်သီးပါကြောင်း၊ အစိမ်းကို စတင်သီးပြီး ရက် ၃၀ မှ ၄၅ ရက်အတွင်း ရက်ပတ်အလိုက် ခူးပြီးရောင်းချပါကြောင်း၊ အမှည့်စိုကို စတင်မှည့်ချိန်၏ ၄၅ ရက်သားတွင် ခူး၍ရောင်းချကြပါကြောင်းနှင့် အမှည့်ခြောက်ကိုမူ စတင်မှည့်ချိန်၏ ၄၅ ရက် သားမှစတင်ခူးပြီး နေလှန်း၍ အသီးခြောက်အဖြစ် ရောင်းချကြပါကြောင်း သိရှိရပါသည်။

      စိုက်ပျိုးထွက်ရှိမှုအနေဖြင့် အောက်ဆွဲငရုတ်တစ်ဧကလျှင် တစ်ရာသီ၌ အသီးခြောက်ပိဿာ ၇၀၀ မှ ၁၀၀၀ ကြား ထွက်ရှိပါကြောင်း၊ မိုးထောင်ငရုတ်မှာ အစိမ်းခူး၊ အမှည့်စိုနှင့် အသီးခြောက်တို့ကို ဈေးအးပေါ်လိုက်၍ ခူးဆွတ်ကြသည့်အတွက် အထွက်နှုန်းမှန်းချေပျမ်းမျှပိဿာမှာ ၇၀၀ မှ ၉၀၀ ကြားထွက်ရှိပါကြောင်း၊ ငရုတ်တစ်ဧကစိုက်ပျိုးရန်အတွက် မျိုးစေ့ ၅ ဂရမ် အထုပ် ၂၀ ခန့်ပျိုးရပြီး တစ်ထုပ်လျှင် ၁၂၀၀၀ ကျပ်ခန့်ရှိသည့်အတွက် မျိုးတန်ဖိုးမှာ ၂၄၀၀၀၀ ကျပ်ခန့်၊ မြေပြင်ရန်အတွက် ထယ် ၂ထပ် ၊ ဒါးကြမ်း ၁ထပ်ထွန်ပါက မြေပြင်ခမှာ တစ်ဧကလျှင် ၄၀၀၀၀၀ ကျပ်ခန့်၊ စိုက်ခအတွက်တစ်ဧကလျှင် လူ ၁၉ ယောက်ကို တစ်ယောက် ၆၀၀၀ ကျပ်နှုန်းဖြင့် ၁၁၄၀၀၀ ကျပ်ခန့်ရှိပါကြောင်း၊ ရေတင်ရန်အတွက် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် တစ်လလျှင် တစ်ကြိမ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများတွင် တစ်လလျှင် သုံးကြိမ်ခန့်ရေတင်ရပါကြောင်း၊ တစ်ဧကအတွက် ဓာတ်ဆီဂါလံ ၅၀ ဖိုးမှာ ၅၀၀၀၀၀ ကျပ်ခန့်၊  တစ်ဧကလျှင် ကွန်းပေါင်းမြေဩဇာ ၂အိတ်နှင့် ပုလဲ ၃အိတ်ခန့် သုံးရပါကြောင်းနှင့် သွင်းအားစုအတွက် ၄၀၀၀၀၀ကျပ်ခန့်၊ ခူးခနှင့်ပိုးသတ်ဆေး၊ အပင်ရောဂါကာကွယ်ဆေးဖိုးများကိုထည့်တွက်ပါက ငရုတ်တစ်ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ်သိန်းနှစ်ဆယ်ခန့်ကုန်ကျပါကြောင်း သိရှိရပါသည်။

      ယခု ငရုတ်သီးအခြောက်တစ်ပိဿာဈေးမှာ ပျမ်းမျှအားဖြင့် ၁သောင်းကျပ်ခန့်ရှိသည့်အတွက် တစ်ဧကအထွက်နှုန်းတွင် ငရုတ်သီးခြောက်ပိဿာ ၇၀၀ ခန့်ဖြင့်တွက်ပါက ငရုတ်တစ်ဧကလျှင် ကျပ်သိန်း ၇၀ခန့်ရရှိပြီး တစ်ဧကကုန်ကျစရိတ်မှ ကျပ်သိန်း၂၀ကို နုတ်ပါက ကျပ်သိန်း၅၀ခန့် အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပါသည်။ သို့သော် စတင်စိုက်ပျိုးချိန် စက်တင်ဘာလမှ နောက်ဆုံးခူးဆွတ်ချိန် ဧပြီလကုန်အထိ ရှစ်လအတွင်း ပြုစုဂရုစိုက်ရသည့် သီးနှံဖြစ်သည့်အပြင် ပိုးကျခြင်း၊ ဈေးကျခြင်းတို့ဖြင့် တွေ့ကြုံရပါက တောင်သူတို့အရှုံးပေါ်ခဲ့သော နှစ်များလည်းရှိပါကြောင်း အတွင်းရေးမှူး ဦးကိုကိုက ပြောကြားပါသည်။

      အောက်ဆွဲငရုတ်မှာ ပြည်တွင်းသုံးစွဲမှုများပြားပြီး မိုးထောင်ငရုတ်မှာ ပြည်ပအဝယ်ရှိသောအမျိုးအစားဖြစ်ကာ  ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချရကြောင်း၊ အထူးသဖြင့် ထိုင်း- မြန်မာ နယ်စပ်မြို့ဖြစ်သော မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချကြပါကြောင်း၊ မြဝတီတွင် ငရုတ်ဒိုင်နှင့် အအေးခန်းများရှိကာ အစိမ်းနှင့်အမှည့်ခြောက်များကို အအေးခန်းကွန်တိန်နာများဖြင့် တင်ပို့ရောင်းချရပြီး  ပြီးခဲ့သည့်နှစ်များက  ဟင်္သာတခရိုင်မှထွက်ရှိသော မိုးထောင်ငရုတ်၏ ၇၅ ရာခိုင်နှုန်းခန့်ကို တင်ပို့ရောင်းချရပါကြောင်းနှင့် ယခုနှစ်များတွင် ၂၅ ရာခိုင်နှုန်းခန့်သာ တင်ပို့ရပါတော့ကြောင်းလည်း ပြောကြားပါသည်။ ဟင်္သာတခရိုင်မှ မိုးထောင်ငရုတ်များကို ညောင်းတုန်းမြို့နယ်၊ ဆားမလောက်ရှိ အ‌အေးခန်များတွင်လည်း တစ်ဆင့်သိုလှောင်၍ ခြင်းသွပ်ပြီး မြဝတီသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ပြည်ပအဝယ်များသောနှစ်များတွင် ငရုတ်ဈေးပိုကောင်းပြီး တောင်သူတို့အတွက် ပိုမိုအကျိုးရှိပါကြောင်းလည်း သိရှိရပါသည်။

       ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ ငရုတ်စိုက်တောင်သူများအနေနှင့် ငရုတ်စတင်ပျိုးကတည်းက ကျတတ်သောစုပ်စားပိုးများဖြစ်သည့် ယင်ဖြူ၊ ပြ၊ မွှားပင့်ကူ၊ လှေး စသည့်ပိုးများကို စနစ်တကျနှိမ်နင်း၍ အပင်ရောဂါမကျစေရန် စနစ်တကျပုံမှန်ဂရုစိုက်ပြုပြင်ပြီး ကောင်းမွန်သောစိုက်ပျိုးရေးနည်းစနစ် (GAP) နည်းစဉ်များဖြင့် စိုက်ပျိုးနိုင်ပါက ဈေးကောင်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းရှိ City Mart များမှာ (GAP) စနစ်ဖြင့် စိုက်ပျိုးသော ငရုတ်သီးအမှည့်စိုများကို တင်ရောင်းလာကြသည့်အတွက် ငရုတ်စိုက်တောင်သူများအတွက် ဈေးကွက်ပိုမိုကျယ်ပြန့်လာပါကြောင်း၊ ပြည်ပသို့တင်ပို့ပါကလည်း (GAP) စနစ်သုံးသီးနှံများအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ပြီး ဈေးကောင်းရနိုင်မည်ဖြစ်ပါကြောင်းတို့ကို ငရုတ်စိုက်တောင်သူလည်းဖြစ်၊ ဧရာဝတီ တိုင်းဒေသကြီး၏ ငရုတ်အသင်းအတွင်းရေးမှူးလည်းဖြစ်သူ ဦးကိုကို၏ပြောကြားချက်အရ ရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)

သရက်မြို့၊ စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော ကုန်ဈေးနှုန်းအခြေအနေ

        သရက်မြို့၊ စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော ကြက်သွန်ဖြူ၊ အာလူးတို့မှာ ရှမ်းပြည်နယ် ကလောမြို့နှင့် အောင်ပန်းမြို့တို့မှတဆင့် ဝယ်ယူရောင်းချလျက်ရှိပြီး ငရုတ်သီး(အစို)/ (အခြောက်)နှင့် မန်ကျည်းသီးတို့မှာ သရက်မြို့အနီးရှိ ကျေးရွာများဖြစ်သော စမ်းအိုင့်ရွာ၊ ကိုးပင်ရွာနှင့်အခြားစားဖိုဆောင်စားသောက်ကုန်များကို အောင်လံမြို့နှင့် ပြည်မြို့တို့မှ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။

      မတ်လ(ဒုတိယ)ပတ်တွင် သရက်မြို့၊ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသည့် ဈေးနှုန်းများမှာ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငရုတ်သီး(အစို) (၁) ပိဿာလျှင် ကျပ်(၃၅၀၀)၊ ငရုတ်သီး(ခြောက်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ မန်ကျည်းသီးမှည့်(၁) ပိဿာလျှင် ကျပ်(၂၈၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၃၅၀)၊ ကြက်ဥ (၁)လုံး လျှင် ကျပ်(၂၃၀)နှင့် ဘဲဥ(၁)လုံး လျှင် ကျပ်(၃၀၀)၊ ကြက်သား(CP) (၁)ပိဿာလျင် ကျပ်(၁၃၅၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)နှင့် ငါးကြင်း(၁) ပိဿာလျှင် ကျပ်(၁၃၅၀၀)ဖြစ်၍ (ပထမ)ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါကြောင်း၊ စားသုံးဆီဈေးနှုန်းများအနေဖြင့်လည်း စားအုန်းဆီ (၁)ပိဿာလျှင် ကျပ် (၇၁၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၆၁၀၀)ဖြစ်၍ (ပထမ)ပတ်နှင့် နှိုင်းယှဉ်ပါက စားအုန်းဆီနှင့် ပဲဆီတို့မှာ ကျပ်(၅၀၀)ဝန်းကျင်ဈေးလျော့ကျခဲ့ကြောင်း စည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များ ထံမှသိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း