ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လူကြိုက်များသည့် ရွှေလံဗိုလ်ငရုတ် စိုက်ပျိုးခြင်းမှ မိသားစုပုံမှန်ဝင်ငွေရရှိ

                  စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရွှေလံဗိုလ်ငရုတ်သီး ( ဒေသအခေါ်  ) စိုက်ပျိုးခြင်းကို မိသားစုတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်းသိရသည်။

                 ရွှေလံဗိုလ် ငရုတ်စိုက်ခင်း စိုက်ပျိုးသူ တောင်သူဦးကျော်သန်းမှ ငရုတ်သီးများကို  တစ်ပတ်လျှင် နှစ်ကြိမ်ကျ ဆွတ်ခူးရောင်းချရပါကြောင်း၊ ထိုသို့ဆွတ်ခူးရောင်းချရာ ယခင်နှစ်များက တစ်ကီလိုလျှင် ( ၆၀၀၀ ) ကျပ် ရရှိပြီး ယခုကာလတွင်  တစ်ကီလိုလျှင် ( ၃၀၀၀ ) ကျပ်  ခန့်သာ    ပေါက်စျေးများ ရရှိပါကြောင်း ပြောကြားခဲ့ပါသည်။

                ယခုနှစ် ဧပြီလနှင့် မေလပိုင်းတွင် တစ်ကီလိုကို ( ၆၀၀၀ ) ကျပ် မှ  ( ၆၅၀၀ ) ကျပ် ထိ  ပေါက်ဈေးများဖြင့် ရောင်းချရပါကြောင်း၊ ဇွန်လတွင် ထက်ဝက်ခန့် ဈေးနှုန်းကျဆင်းသွားကာ တစ်ကီလိုလျှင် ( ၃၀၀၀ ) ကျပ်ခန့်သာ ပေါက်ဈေးနှုန်းများဖြင့် ရောင်းချရပါကြောင်း ငရုတ်စိုက်ပျိုး တောင်သူ ဦးကျော်သန်းကပြောပါသည်။

             ရွှေလံဗိုလ် ငရုတ်သီးများကို အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့သို့ အဓိက တင်ပို့ရောင်းချနေရပြီး ဒေသအတွင်း စားသုံးသူများမှလည်း အခြားငရုတ်မျိုးများထက် ရွှေလှံဗိုလ်ငရုတ်ကို လူကြိုက်များသဖြင့် ရွှေလံဗိုလ်ငရုတ်များကို ပိုမိုစိုက်ပျိုးလာကြပြီး စျေးနှုန်းပိုမိုရရှိသည့်အတွက် စိုက်ပျိုးရေး တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကာ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးကြသည် ဖြစ်ပါကြောင်း တောင်သူ ဦးကျော်သန်းထံမှ မေးမြန်းသိရှိရပါသည်။

DOCA  ( စစ်ကိုင်း )

 

တမူးခရိုင်၊ ခမ်းပတ်မြို့ရှိ နာနတ်သီးများ နှစ်စဉ် ဈေးကောင်းရရှိလျက်ရှိ

              စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် စိုက်ပျိုးသော နာနတ်သီးများ နှစ်စဉ် အခြားမြို့များသို့ တင်ပို့ကာ ဈေးကွက်အတွင်း ဈေးကောင်းရရှိကာ နာနတ်သီးစိုက်ခင်း ပိုင်ရှင်များအနေဖြင့် မိသားစု အပိုဝင်ငွေများ ရရှိနေကြောင်း သိရသည်။

              နာနတ်သီးများကို ခမ်းပတ်မြို့၏ အမှတ် ( ၁ ) ရပ်ကွက်၊ အမှတ် ( ၄ ) ရပ်ကွက်နှင့် ဘုတ်ကန်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး နာနတ်သီးတစ်လုံးကို ငါးရာကျပ်နှုန်းဖြင့် ကလေးမြို့၊ တမူးမြို့ ၊မြို့သစ်မြို့များအထိ ပို့ဆောင်ပေးနေရသည်။

          ယခုနှစ်သည် ယခင်နှစ်များထက် ရာသီဥတုပိုမိုကောင်းမွန်၍ အလုံးပိုလှပါကြောင်း၊ ရောင်းဈေးအနေဖြင့်လည်း ယခင်နှစ်များထက် ဈေးနှုန်းပိုမိုရရှိပါကြောင်း၊ ယခင်နှစ်များက နာနတ်သီး တစ်လုံးလျင် သုံးရာကျပ် ဈေးနှုန်းသာရရှိခဲ့ပြီး  ယခုနှစ်တွင် နာနတ်သီးတစ်လုံးလျင်  ငါးရာကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေ  ပိုမိုရရှိပါကြောင်း ဘုတ်ကန်ကျေးရွာနေ နာနတ်သီးစိုက် တောင်သူတစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။

              ဘုတ်ကန်မှ ထွက်ရှိသည့် နာနတ်သီးများ ကလေးမြို့နှင့် တမူးမြို့တို့တွင် နာနတ်သီးတစ်လုံးကို တစ်ထောင်ကျပ် ဈေးနှုန်းဖြင့် လက်လီပြန်လည်ရောင်းချလျက်ရှိပါကြောင်း သိရသည်။   

DOCA  ( စစ်ကိုင်း )

 ကသာမြို့တွင် ကြက်သွန်နီဈေးနှုန်း တည်ငြိမ်လျက်ရှိ

           ကသာခရိုင်အတွင်းသို့ ယခုတစ်ပတ်အတွင်း ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် မန္တလေး၊ မုံရွာ ဘက်မှ (၃၅)ပိဿာပါ အိတ် (၁၀၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ် (၁၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း ကြက်သွန်နီရောင်းချသူကုန်သည်များထံမှ သိရှိရသည်။

          ယခုတစ်ပတ် ကသာမြို့အတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊အလတ်၊ အသေးပေါ်မူတည်၍ (၂၀၀၀၊ ၁၇၀၀၊ ၁၅၀၀)ကျပ်ခန့်ရှိပြီး လက်လီ တစ်ပိဿာလျှင် အကြီး (၂၃၀၀) ကျပ် ၊အလတ်( ၂၀၀၀)နှင့် ၊ အသေး (၁၇၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကာ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းမှာ ပြောင်းလဲမှု မရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  ( စစ်ကိုင်း )

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

           ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်း အနည်းငယ်မြင့်တက်၍ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၅၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၃၀၀၀၊ တန်အားဖြင့် ၅၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၆၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၉၀၀၀ ၊ တန်အားဖြင့် ၅၄၅၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၄၀၀၀၊ တန်အားဖြင့် ၂၀၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇွန်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင်ကျပ်၁၀၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၆၅၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၉၀၀၀၊ ၇၄၇စပါး တင်း ၁၀၀လျှင် ကျပ် ၇၅၀၀၀၀၊ ၇၄၇ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၉၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA  ( စစ်ကိုင်း )

 

ဈေးကွက်တည်ငြိမ် ကြက်/ဘဲဈေးဒိုင်ဈေးကွက်

             ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများ လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းများသို့ ကြက်/ ဘဲများကို နေ့စဉ် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၂၇.၆.၂၀၂၂ ရက်နေ့ တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲ‌ဈေးဒိုင်သို့သွားရောက်၍ ဈေးကွက်/ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးမှလည်း ကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှလည်းကောင်း၊ ရန်ကုန်ကြက်/ဘဲဈေးဒိုင်သို့ အဆက်မပြတ်ဝင် ရောက်နေခြင်းကြောင့် ယခင်လများနည်းတူ ဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။

          ထိုသို့ ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ ပိဿာလျှင် (၉၅၀ဝိ-၁၀၀၀ဝိ) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၄၈၀ဝိ-၄၉၀ဝိ) ကျပ်၊ မွေးမြူရေးကြက် (အထီး/အမ) ၁ ပိဿာလျှင် (၄၂၀ဝိ-၄၈၀ဝိ) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (၄၀၀ဝိ-၅၅၀ဝိ) ကျပ်တို့ဖြင့် အသီးသီးရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၂၁) ရက်နေ့မှ ဇွန်လ (၂၇) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သဲတော၊ တပ်ကုန်း၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၇၀၀၊ အလုံးလတ် ကျပ် ၁၂၀၀၊ အလုံးသေး ကျပ် ၈၀၀ ၊ မော်လမြိုင်၊ ဘီးလင်းမှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံး သေး ကျပ် ၁၀၀၀ မှ ၈၀၀၊၅၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး(အနီ) ဂျပ်ဖာ အလုံးကြီး ၁၆ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် ၁၈ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၂၄ လုံးပါ ကျပ် ၈၀၀၀ ၊၃၂ လုံးပါ ကျပ် ၆၀၀၀၊ ရေး မှ ဒူးရင်းသီး အလုံးကြီးတစ်လုံး  ကျပ် ၇၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံး သေး ကျပ် ၃၀၀၀ မှ ၂၀၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ ၊ အလုံးသေး ကျပ် ၅၀၀ မှ ၄၀၀၊ မှော်ဘီ၊ တိုက်ကြီး၊ ပုပ္ပါး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀၊ မန္တလေး၊ ကသာ၊ ရတနာပုံ မှ သရက်သီး (ရင်ကွဲ) အလုံးကြီး သေတ္တာ အလုံးကြီး ၉၀ လုံးပါ ကျပ် ၁၄၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၁၂၀ ပါကျပ် ၁၁၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၁၄၀ ပါ ကျပ် ၈၀၀၀၊ မန္တလေး၊ ရတနာပုံ မှ သရက် သီး (မချစ်စု) အလုံးကြီး သေတ္တာ အလုံး ၆၅ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ ပါကျပ် ၁၃၀၀၀၊ ရပ်စောက် မှ သရက်သီး(စိန်တလုံး) ခြင်းကြီးတစ်ခြင်း  ၃၅ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ၄၅ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးသေး ၆၀ လုံးပါ ကျပ် ၁၀၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ (၂၄)ရက်နေ့မှ ဇွန်လ (၃၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀၀ မှ ၁၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၆၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀၀ မှ ၆၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၂၀၀ မှ ၁၉၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၁၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၂၆၇၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၆၆၁၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၂၉၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၄၇၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၇၇၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၂၄၁၅၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၄၄၂၅)ကျော်၊ ဖရဲသီးလုံး ပေါင်း (၆၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

တနင်္သာရီတိုင်းဒေသကြီး ပုဇွန်ခြောက်စျေးအတက်/အကျ

             မြန်မာဟင်းလျာများချက်ရာတွင် အသုံးတည့်လှသောအိမ်ရှင်မများအကြိုက် ပုဇွန်ခြောက်များကို ထားဝယ်၊မြိတ်၊ပုလောမြို့တို့တွင် အများအပြားထွက်ရှိပါသည်။ ပုဇွန်ခြောက်ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်း(၂)မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ နေပူလှန်းအခြောက်ခံပြီး  ဒုတိယတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ ပုဇွန်ကင်သည့်စင်(ဖို)ပေါ်တင်ပြီး မီးအပူငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရပါသည်။

              နွေဦးကာလဆိုလျှင်ပုဇွန်ခြောက်စျေးနှုန်းက ပုံမှန်စျေးပေး၍ဝယ်ယူရပြီး မိုးတွင်းကာလ ဆိုလျှင် ပုဇွန်လှန်းရန် ခက်ခဲသောကြောင့် စျေးပိုပေး၍ ဝယ်ယူရကြောင်းစုံစမ်း သိရှိရပါသည်။ လတ်တလော ထားဝယ်မြို့တွင်ဖြစ်ပေါ်နေသော စျေးနှုန်းမှာ ရေချို(ရှယ်) တစ်ပိဿာလျှင် ၄၂၀၀၀ ကျပ်၊ ရေချို(အလတ်စား) တစ်ပိဿာလျှင် ၃၇၀၀၀ကျပ်၊ ရိုးရိုးပုံမှန် တစ်ပိဿာလျှင် (၃၃ဝဝဝ-၃၂ဝဝဝ)နှုန်းရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ဒူးရင်းသီးစျေးကွက်

              မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် ဒူးရင်းသီးကို  စိုက်ပျိုးလျက်ရှိပြီး  ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ဒူးရင်းသီးကို ဇွန်လ အစော ပိုင်းတွင် စိုက်ပျိုးလျက်ရှိပြီး ရေရလျှင်တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည့် နှစ်ရှည်ခံသီးပင်ဖြစ် ပါသည်။  နိုဝင်ဘာလတွင်ပန်းစပွင့်ပြီး ဧပြီလတွင်အသီးများကို ဆွတ်ခူးနိုင်ပါသည်။ အသီးများ ကောင်းမွန်စွာ မှည့်မှသာ ဆွတ်ခူးရောင်းချရပြီး အပင်မှည့်ကြွေကျသီးက အရသာပိုမိုကောင်းမွန် ကြောင်းသိရှိရပါ သည်။ ဒူးရင်းသီးတွင် မြန်မာမျိုးနှင့် ထိုင်းမျိုး ဟူ၍ (၂)မျိုးရှိပြီး မြန်မာမျိုးက ချို၊ ဆိမ့်၊ ခါး အရသာ (၃)မျိုးလုံးနှင့် ပြည့်စုံသောကြောင့် မြန်မာမျိုးကိုသာ အများဆုံး ဝယ်ယူစားသောက်ကြပါသည်။  ဒူးရင်းတောင်သူများအနေဖြင့် ဒူးရင်းစျေးနှုန်းမှာတောင်သူများအတွက် တွက်ခြေကိုက်သောကြောင့် ယခင်နှစ်ထက် ယခုနှစ် ပို၍စိုက်ပျိုးလာကြပြီး ယခုနှစ်က စျေးကောင်းပိုရလျက်ရှိကြောင်း စုံစမ်း သိရှိရပါသည်။ ယခုကာလသည် ဒူးရင်းသီးများ လှိုင်လှိုင်ပေါများနေပြီဖြစ်၍ ထားဝယ်တွင် ဖြစ်ပေါ် နေသောစျေးမှာ အလုံးကြီးတစ်လုံးလျှင် (၄၅ဝဝိ/-)ကျပ်နှုန်းနှင့် အလုံးငယ်တစ်လုံးလျှင် (၂၂၀၀-၂၀၀၀) ကျပ်နှုန်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် 5100 ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဇူလိုင် ၁

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ 1 ရက်နေ့မှ 10 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် 5100 ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါသည်။

          ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း