ရာသီမရွေးဝတ်ဆင်နိုင်သည့် မြင်းခြံဈေးကွက်ရှိမြန်မာ့ချည်ထည်
မြန်မာနိုင်ငံအထက်ပိုင်း၊ အထက်အညာဒေသများသည် ပူပြင်းခြောက်သွေ့သဖြင့် ဒေသခံအများစုမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ မြန်မာ့ချည်ထည်များကို အများဆုံးဝတ်ဆင်လေ့ရှိကြပါသည်။ မြန်မာ့ချည်ထည်များသည် ခန္ဓာကိုယ်နှင့်အင်္ကျီကြားမှာ ဖြစ်ပေါ်တတ်တဲ့စိုထိုင်းမှုများကို ဖယ်ရှားပေးသည့်အတွက် ချွေးအအေးပတ်ခြင်းကိုမဖြစ်ပေါ်စေကြောင်း၊ မတူညီတဲ့ရာသီဥတု အခြေအနေအလိုက် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးဝတ်ဆင်နိုင်ကြောင်းနှင့် နွေရာသီမှာ အသင့်လျော်ဆုံးဖြစ်ပြီး အေးသည့်အချိန်အခါများမှာလည်း လေအေးများခန္ဓာကိုယ်ကိုမထိအောင်ကာကွယ်ပေးနိုင်ကြောင်း၊ ထို့အပြင် မြန်မာချည်ထည်များသည် ခန္ဓာကိုယ်အရေပြားနှင့် ဓာတ်မတည့် ခြင်းဖြစ်ပေါ်နိုင်မှုမှာ အလွန်နည်းပါးသည့်အတွက် အရေပြားအထူးကုဆရာဝန်များသည် ဓာတ်မတည့်ဖြစ်လေ့ရှိသော အရေပြားပိုင်ရှင်များအား မြန်မာချည်ထည်များကို ဝတ်ဆင်ဖို့အကြံပြုလေ့ရှိကြောင်း ဖတ်ရှုမှတ်သားဖူးပါသည်။ မြင်းခြံဒေသထွက်မြန်မာချည်ထည်များကိုတောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာတွင် အများဆုံးယက်လုပ်ကြပြီး ဒေသအခေါ် နဖျင်းထည်ဟုခေါ်ဆိုကြလေ့ရှိသဖြင့်ခရီးသွားပြည်သူများအနေဖြင့် နဖျင်းထည်ဟုသိရှိမှုများကြပါသည်။ အညာဒေသထွက် မြန်မာချည်ထည်အဝတ်အထည်များသည် ရောင်းပန်းဝယ်ပန်းလှပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့်ခရီးသွားများမှာ ဒေသထွက်ချည်ထည်များကို မိသားစုဆွေမျိုးသားချင်းအတွက်သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများကို အညာဒေသပြန် လက်ဆောင်အဖြစ်ပေးရန်အတွက်သော်လည်းကောင်း၊ ပြန်လည်ရောင်းချရန်အတွက်သော်လည်းကောင်းဝယ်ယူလေ့ရှိကြပြီး၊ လက်ဆောင်ရရှိသူများအနေဖြင့်လည်းအညာဒေသချည်ထည်များကို နှစ်သက်မြတ်နိုးစွာတန်ဖိုးထားဝတ်ဆင်လေ့ရှိကြပါသည်။ ထို့အပြင်ချည်ထည်ဖြင့်ယက်လုပ်ထားသော လက်သုတ်ပဝါများသည် ဆွေးမြေ့မလွယ်ပဲခိုင်ခန့်မှုရှိ၍ ယခုအခါမှာ တစ်သျှူးဈေးနှုန်းသည် မြင့်မားလာသည့်အတွက် တစ်သျှူးအစား ပြန်လည်သန့်ဇင်လျှော်ဖွတ်နိုင်သည့် ချည်ထည်လက်သုတ်ပဝါများကို သုံးစွဲခြင်းဖြင့် ပြည်တွင်းဖြစ်ကိုလည်းအားပေးရာရောက်ပါသည်။ ယခုနောက်ပိုင်းတွင် သုံးစွဲမှုများပြားလာပြီး SUPER MARKET တွေမှာလည်း ဈေးကွက်ဝင်လာကြောင်းသိရှိရပါသည်။
မြင်းခြံဈေးကွက်တွင်လက်ရှိဖြစ်ပေါ်နေသော မြန်မာချည်ထည်ဈေးနှုန်းများအနေဖြင့် (၁၀) ကိုက် တစ်အုပ်ဈေးမှာ (၁၈၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်ထိ ရှိကြောင်းသိရှိရပါသည်။ အင်္ကျီဈေးများအနေဖြင့် သင်္ဘောသား ကျား/မ ဝတ် S-size တိုရှည်မှာ(၅၅၀၀၊ ၆၀၀၀)ကျပ်၊ M-size တိုရှည်မှာ (၆၅၀၀၊ ၇၀၀၀)ကျပ်၊ L-size တိုရှည်မှာ (၇၅၀၀၊ ၈၀၀၀)ကျပ်၊ ဂါဝန်(M-size) မှာ (၄၁၀၀၊ ၄၅၀၀)ကျပ်၊ L-size မှာ(၄၃၀၀၊ ၄၈၀၀)ကျပ်၊ ကလေးဝတ်စုံကျားမ Zero-size မှာ(၂၀၀၀၊ ၂၃၀၀)ကျပ်၊ SS-size မှာ (၂၆၀၀၊ ၂၉၀၀)ကျပ်၊ S-size မှာ(၂၉၀၀၊ ၃၁၀၀)ကျပ်၊ M-size မှာ(၃၄၀၀၊ ၃၇၀၀)ကျပ်၊ L-size မှာ(၄၀၀၀၊ ၄၃၀၀)ကျပ်၊ ကလေးဂါဝန် S -size မှာ(၂၀၀၀)ကျပ်၊ S size မှာ(၂၅၀၀)ကျပ်၊ M- size မှာ (၂၈၀၀)ကျပ်၊ L-size မှာ (၃၂၀၀)ကျပ်၊ ဘောင်ဘီတစ် ထည်ချင်းဈေးမှာ S-size မှာ(၃၂၀၀)ကျပ်၊ M -size မှာ (၃၄၀၀)ကျပ်၊ L-size မှာ(၃၆၀၀)ကျပ်၊ မျက်နှာသုတ်ပဝါ တစ်ထည်ဈေးနှုန်းမှာ (၂၀၀၀)ကျပ်၊ လက်သုတ်ပဝါ(၁၀)ထည်ဈေးနှုန်းမှာ (၅၀၀၀)ကျပ်၊ အမျိုးသားဝတ်ချည်ချောလုံချည်တစ်ကွင်းဈေးနှုန်းမှာ(၅၅၀၀၊ ၆၀၀၀)ကျပ်၊ (၁၀) ကွင်းဈေးနှုန်းမှာ(၄၆၀၀)ကျပ်၊ ရာချီဈေးနှုန်းမှာ (၄၃၅၀)ကျပ် များရှိကြောင်း သိရှိရပါသည်။
မြင်းခြံခရိုင်အတွင်း မြန်မာချည်ထည်များယက်လုပ်မှုအနေဖြင့် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာနှင့် မိထ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ရွာတန်းရှည်ကျေးရွာမှလည်း လက်ယက်ကန်း၊ စက်ယက်ကန်းများဖြင့် မြန်မာချည်ထည်များ ယက်လုပ်ကြကြောင်း သိရှိရပြီး မြင်းခြံမြို့ပေါ်ရှိရပ်ကွက်များအတွင်း တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းများလုပ်ကိုင်ကြကြောင်းနှင့် အိမ်ယူ၍လည်း လက်ခစားဖြင့် ချုပ်လုပ်ပေးကြောင်း သိရှိရပါသည်။ စက်ယက်ကန်း၊ လက်ယက်ကန်းများဖြင့် ဒေသထွက်ချည်ထည်များ၊ ချုပ်လုပ်နေ ရသဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်များရရှိ၍ အဆင်ပြေလျက်ရှိပါသည်။ ဒေသတစ်ခုအနေဖြင့် ဒေသထွက်ကုန်များလူသိများပြီး အသိအမှတ်ပြုလာပါက ဒေသခံပြည်သူများနှင့်ဒေသအတွက်လည်း အကျိုးများစွာဖြစ်ထွန်းစေပါသည်။ မြင်းခြံ၊ မိတ္ထီလာ၊ ဝမ်းတွင်းထွက်(Organic) ချည်ထည်များကို ဂျပန်နိုင်ငံသို့လည်းတင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ချုပ်ခဈေးနှုန်းများမှာ ကိုက်ပြီး အထည်အား တွဲခ/ချုပ်ခ ဘောင်းဘီတစ်ထည်လျှင်(၇၀၊ ၇၅)ကျပ်၊ သင်္ဘောသားတစ်ထည်ချုပ်ခ (၂၅၀)ကျပ်၊ ဂါဝန်တစ်ထည်ချုပ်ခ(၃၀၀)ကျပ် ကျသင့်ပြီး တစ်ဦးလျှင် တစ်ရက်ကိုစွဲမြဲစွာ ချုပ်လုပ်ပါက အထည်(၅၀)ခန့်ချုပ်လုပ်နိုင်ကြောင်းနှင့် မြန်မာချည်ထည်များကို ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ်ပေါင်း (၁၀၀)ကျော်ကို ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မြင်းခြံမြို့တွင် ဒေသထွက်နဖျင်းထည်များကို အရောင်အသွေးစုံ၊ ဆိုဒ်စုံ၊ ဒီဇိုင်းစုံစွာနှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် လက်လီလက်ကားဝယ်ယူနိုင်ပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)