ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဂန္ဓမာဈေးကွက်ကောင်းမွန်သဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

        အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်းသဘောကျနှစ်ခြိုက်သောပန်း ဖြစ်ပါသည်။ ဂန္ဓမာပန်းကို ကမ္ဘာတွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စိုက်ပျိုးသောပန်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဂန္ဓမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူ၊ မင်္ဂလာဆောင် အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း နှစ်ခြိုက်စွာအသုံးပြုကြသောပန်း ဖြစ်ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  ဂန္ဓမာပန်း၊ မေမြို့ပန်းနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။

       ဂန္ဓမာပန်းမျိုးကွဲပေါင်းများစွာရှိသည့်အနက် အဓိကထားစိုက်ပျိုးသော ဂန္ဓမာအမျိုးအစားများမှာ ကြွေဖြူ၊ ကြွေဝါ၊ လက်ကီးဖြူ၊ လက်ကီးနီ၊ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ ရွှေစိမ်း၊ ပုလဲဖြူများ ဖြစ်ပြီး ဂန္ဓမာပျိုးပင်များကို ပြင်ဦးလွင်မြို့နယ်မှမှာယူ စိုက်ပျိုးကြောင်း၊ စိုက်ခင်း တစ်ဧကလျှင် ပန်းပင်(၁၀၀၀၀)ခန့် စိုက်ပျိုးနိုင်ကြောင်း၊ မိမိစိုက်ပျိုးလိုသော ပန်းပွင့်အနေအထား အပေါ်မူတည်၍ ပင်ကြားအကွာအဝေး ၈လက်မှ ၁၈-၂၄ လက်မထား၍ စိုက်ပျိုးပြီးသည်မှ ပထမ တစ်လအတွင်း တစ်ပတ်နှစ်ကြိမ် ရေဝအောင်သွင်းပေးရပြီး၊ စိုက်သား တစ်လကျော်ပါက ရာသီဥတုပေါ်မူတည်၍ တစ်ပတ်တစ်ကြိမ် ရေသွင်းပေးပြီး ပိုးသတ်ဆေးဖျန်းပေးခြင်း၊ ဓာတ်မြေဩဇာ/မြေဆွေးကျွေးကာ (၄)လကျော် အရွယ်ကစပြီး ဈေးကွက်ဝင်ရောင်းပန်းလှတဲ့ ပန်းများခူးဆွတ် ရောင်းချနိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ဂန္ဓာပန်းတစ်စည်းလျှင် အကြီး/အသေးအပေါ်မူတည်၍ ၅၀၀ မှ ၁၀၀၀ကျပ်နှုန်း ဖြင့် မြို့ပေါ်ရှိပန်းဆိုင်များသို့ ပုံမှန်တင်ပို့ ရောင်းချလျက်ရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချကြသည့် လက်လီပန်းရောင်းသူများနှင့် အလှူပွဲ၊ မင်္ဂလာအခမ်းအနား၊ ပန်းအလှဆင်သူများကလည်း ခြံအရောက်လာရောက် ဝယ်ယူမှုများရှိကြောင်း၊ ဂန္ဓမာတစ်ဧက စိုက်ပျိုးထားရှိလျှင် အနည်းဆုံး တစ်လဝင်ငွေ ကျပ်၃၀၀၀၀၀မှ ကျပ်၄၀၀၀၀၀ကြား ပုံမှန်ဝင်ငွေရရှိကာ တွက်ချေကိုက်ကြောင်း ဂန္ဓမာစိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။

        လက်ရှိကာလ ဂန္ဓမာဈေးကွက်ကောင်းမွန်ပြီး တစ်ပင်လျှင်အပွင့် ကိုးပွင့်မှဆယ်ပွင့်အထိ ပွင့်သည့် အပင်နှစ်ပင်စည်း တစ်စည်းလျှင် ငွေကျပ် ၇၀၀ မှ ၁၀၀၀ကျပ်အထိ ပန်းအရည်အသွေးအလိုက် ရောင်းချလျက်ရှိပြီး ပန်းပေါခြင်း ရှားခြင်းအပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကသာဒေသတွင်း မြေပဲ စိုက်ပျိုးမှုနှင့် ဈေးနှုန်း/ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြေပဲစိုက်ဧကမှာ (၅၁၅၄၁)ဧကကျော် စိုက်ပျိုးပြီး မျိုးအနေဖြင့် ဗီယက်နမ် တိုး(အဆံကြီး)နှင့် S1 (အဆံသေး) ပဲအဖြူမျိုးတို့အား အဓိကထား စိုက်ပျိုးကြပါသည်။ စိုက်ပျိုးချိန်အနေဖြင့် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး မေလတွင် မြေပဲများအား စတင်နုတ်ကာ ဇွန်လကုန် တွင် အပြီးသတ်နုတ်ယူကြကြောင်း သိရှိရပါသည်။

          တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုးပဲ တစ်တင်းခန့်စိုက်ပျိုး ပြီး (၉၀၀၀၀) ကျပ်ဝန်းကျင်ကုန်ကျကြောင်း၊ ထွန်စက်ခုတ်ခ တစ်နာရီ (၃၅၀၀၀) ကျပ်၊ ထွန်ရှင်းခ နွားတစ်ရှည်းလျှင်  (၇၀၀၀)ကျပ်နှင့် ပဲစိုက်ခမှာ တစ်ဦးလျှင် (၅၀၀၀)ကျပ် ဖြင့် (၂)ဦးငှားရမ်းရကြောင်း၊ ပေါင်းသင်ပေါင်းရှင်းရာတွင်လည်း တစ်ဦး(၅၀၀၀)ကျပ်နှုန်းဖြင့် ပေါင်းအနည်းအများပေါ် မူတည်၍ (၄)ဦးမှ (၇)ဦးထိ ငှားရမ်းရကြောင်း၊ ဓါတ်မြေဩဇာ အသုံးပြုရာတွင် ကောမက်မြေခံမြေဆီအား (၃)ဧကလျှင် (၈၀)ဂရမ်အသုံးပြုပြီး ဈေးနှုန်းအနေဖြင့် (၉၅၀၀၀) ကျပ်ရှိကြောင်း၊  အာမိုဓါတ်မြေဩဇာအား (၃)ဧက (၁၀၀)ဂရမ်အသုံးပြုရပြီး ဈေးနှုန်းမှာ (၁၂၀၀၀၀)ကျပ် ရှိကြောင်း၊ မြေပဲဥအားဆေး (၂)ဗူး တစ်စုံလျှင် (၁၀)ဧကအသုံးပြုနိုင်ပြီး ဈေးနှုန်းမှာ(၁၀၀၀၀၀)ကျပ်နှင့် ပိုးသတ်ဆေးမှာ မြင်းကျားတံဆိပ်အား အသုံးပြုပြီး တစ်အိတ်လျှင် (၂)ဧက အသုံးပြုရကာ ဈေးနှုန်းမှာ (၆၀၀၀)ကျပ်ရှိကြောင်း၊ စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုအသုံးပြုသည့်အပေါ် မူတည်၍ ကျပ်သုံးသိန်းခန့်မှ ကျပ်ငါးသိန်း ဝန်းကျင်အထိ ကုန်ကျကြောင်း ကသာမြို့ မြေပဲစိုက်ပျိုးသည့် တောင်သူထံမှ သိရှိရပါသည်။

          ပဲစိုက်ရာသီအချိန်တွင် ယခင်က အောက်ပိုင်းဒေသမှ လုပ်သားများ လာရောက်လုပ်ကိုင်ကြပြီး ယခုနောက်ပိုင်းတွင် လာရောက်လုပ်ကိုင်ခြင်း မရှိသောကြောင့် ဒေသတွင်းလုပ်သားများကိုသာ အားထားလုပ်ကိုင်နေရကြောင်း၊ လုပ်အားခအနေဖြင့် အခကြေးငွေယူသူနှင့် မြေပဲဆံယူသူဟူ၍ (၂)မျိုးရှိကြောင်း၊ အခကြေးငွေယူ၍ ပဲနုတ်/ပဲကောက်သူများအား တစ်နေ့လျှင် လုပ်အားခ (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ထိ ပေးရကြောင်း၊ မြေပဲဆံယူ၍ ပဲနုတ်/ပဲကောက်သူများအား ပဲနုတ်ခအနေဖြင့် တစ်ဧက လျှင် လူ(၁၅)ဦး နုတ်ပါက နေ့တစ်ပိုင်းခန့် နုတ်ရပြီး တစ်ဦးလျှင် ပဲအစို တစ်ခွဲ(၆)ပြည်ခန့် ပေးရကြောင်း၊ နုတ်ပုံထားသော မြေပဲများအား ပဲကောက်ခ(ချွေခ)အနေဖြင့် ပဲအစိုကောက်ချိန်ဖြစ်ပါက (၁၈) ပြည်ပါ တင်းတောင်း (၇)တောင်းကောက်ပါက (၁)တောင်းပေးရပြီး ပဲအခြောက်ဖြစ်ပါက (၈)တောင်းလျှင် (၁)တောင်းပေးရကြောင်း ပဲစိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရှိရသည်။

          ဒေသတွင်း အချို့သော ပဲစိုက်တောင်သူများမှာ ဆီစက်လုပ်ငန်းရှင်များထံသို့ ပဲဆံပေး၍ ဆီဖြင့် လဲလှယ်ကြကြောင်း၊ လုံးဆံမလှသော မြေပဲအား ဆီဖြင့် လဲလှယ်ပါက မြေပဲဆံတစ်ပြည်လျှင် ဆီ (၃၅) ကျပ်သားရရှိပြီး လုံးဆံလှသော မြေပဲဆံဖြင့် လဲလှယ်ပါက တစ်ပြည်လျှင် ဆီ(၄၀)ကျပ်သားခန့် ရရှိ ကြောင်း၊ မန္တလေးပွဲရုံများသို့ ရောင်းချပါက ရောင်းဈေးအနေဖြင့် မြေပဲအတောင့် (အခြောက်) တစ်တင်း လျှင် (၁၃၀၀၀)ကျပ်နှင့် မြေပဲ အတောင့်(အစို)တစ်တင်းလျှင် (၁၀၀၀၀)ကျပ်ရှိပြီး မြေပဲဆံဈေးနှုန်းအနေဖြင့် မြေပဲဆံ လုံးဆံမလှသောပဲဆံအား ပိဿာ(၁၀၀)လျှင် မန္တလေးပွဲရုံအရောက်(၃၈၀၀၀၀)ကျပ် ခန့်ရရှိပြီး လုံးဆံအလှဖြစ်ပါက ပိဿာ(၁၀၀)လျှင် (၄၂၀၀၀၀)ကျပ်ရရှိကြောင်း ဒေသတွင်း ပဲစိုက်ပျိုးသူ တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ ဒုတိယပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၄၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၇၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၇၅၀၀၊ တန်အားဖြင့် ၃၈၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၈၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၆၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၉၁၀၀၀ ၊ တန်အားဖြင့် ၄၅၅၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခု အပတ်အတွင်း အိတ်ရေ ၁၃၅၀၀၊ တန်အားဖြင့် ၆၇၅တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇွန်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၀၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဇီးကုန်းဒေသမှ ဆီထွက်သီးနှံကြိတ်ခွဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုဈေးကွက်

         ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံကြိတ်ခွဲထုတ်လုပ် ရောင်းချသော ဆီစက်လုပ်ငန်းရှင်( ၂) ဦးရှိပြီး လုပ်ငန်းရှင်တစ်ဦးမှ နဝတီကြိတ်ခွဲ ထုတ်လုပ်မှုများအား ဦးစားပေးလုပ်ကိုင်ပြီး အခြားလုပ်ငန်းရှင်တစ်ဦးမှ တစ်ပိုင်တစ်နိုင် ဖြန့်ဖြူးကြိတ်ခွဲ ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

          တစ်ပိုင်တစ်နိုင် ကြိတ်ခွဲထုတ်လုပ်ရောင်းချနေသော ဆီစက်လုပ်ငန်းရှင်မှ တစ်လလျှင် နှမ်းဆီ၊ ပဲဆီ ၂ မျိုးပေါင်း ပိဿာ ၄၀ မှ ၅၀ အထိသာ ရောင်းချရကြောင်း၊ ကုန်ကြမ်းရရှိမှုအပေါ် မူတည်၍ ကြိတ်ခွဲရပြီး ၂၀၂၂ ခုနှစ်၊ မတ်လလောက်တွင် ကုန်ကြမ်းဖြစ်သော နှမ်းများ မရရှိသဖြင့် နှမ်းဆီ မကြိတ်ခွဲနိုင်ကြောင်း၊ နေကြာကုန်ကြမ်း မရရှိ၍ နေကြာဆီ ကြိတ်ခွဲမှုမရှိကြောင်း သိရှိရပါသည်။ ယခင်နှစ် မြေပဲဆီ ၁ ပိဿာလျှင် ၈၀၀၀/ကျပ် မှ ယခုနှစ်တွင် ၁၀၄၀၀/ကျပ်ဖြစ်ပြီး ၊ ယခင်နှစ် နှမ်းဆီဈေးမှာ ၈၅၀၀/ ကျပ်မှ ၉၀၀၀/ကျပ်ရှိပြီး ယခုနှစ်တွင်  ၁၁၀၀၀/ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

          နဝလီ ကြိတ်ခွဲ ဆောင်ရွက်နေသော ဆီစက်လုပ်ငန်းရှင်မှလည်း တစ်ပိုင်တစ်နိုင် စက်ငယ်ဖြစ်၍ တစ်နေ့လျှင် ၇ တင်းမှ ၈တင်းခန့် ကြိတ်ခွဲနိုင်ပြီး မြေပဲတောင့် ၁ တင်းလျှင် ဆီ ၂ ပိဿာ၊ နှမ်း ၁ တင်းလျှင် ၆.၅၀ ပိဿာနှင့် နေကြာ ၁ တင်းလျှင် ၂.၅၀ ပိဿာမှ ၃ ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

မိုးညိုမြို့နယ်တွင် မိုးစပါးများ စတင်စိုက်ပျိုး

                 ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် စပါးသည် အဓိထားစိုက်ပျိုးသော သီးနှံအမျိုးအစားတွင် ပါဝင်ပြီး နှစ်စဉ် မိုးစပါး စိုက်ဧက (၄၈၆၉၂) ဧကကျော် စိုက်ပျိုးလျှက်ရှိပါသည်။ တောင်သူများမှ မတ်လတွင်စတင်၍ မိုးစပါး ကြဲခင်းမြေယာများ စတင်ပြုပြင်ခဲ့ပြီး ယခင်နှစ်ထက် စောလျင်စွာ စိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုနှစ်တွင် ဧပြီလမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သူများအနေဖြင့် မိုးစပါးကြဲခင်းများကို တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးစိုက်ဧက (၃၀%)နှုန်းခန့် စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

             ယခုနှစ်တွင် မျိုးစပါးဈေးနှုန်း မြင့်တက်ခြင်း၊ စက်သုံးဆီဈေးမြင့်မားခြင်း၊ ဓါတ်မြေဩဇာ မြင့်တက်ခြင်း၊ လုပ်သားငှားရမ်းခ မြင့်တက်ခြင်း၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်မှုတို့ကို တောင်သူများအနေဖြင့် ကြုံတွေ့နေရခြင်းကြောင့် မျိုးစပါး ပျိုးထောင်ပြီး လယ်စိုက်စနစ်ထက် ကြဲခင်းစနစ်ကိုသာ ပိုမိုအသုံးပြုစိုက်ပျိုးနေလျှက်ရှိသည်ကို ကွင်းဆင်းလေ့လာတွေ့ရှိရပါသည်။

              မိုးညိုမြို့နယ်တွင် စိုက်ပျိုးသော စပါးမျိုးများမှာ (မနောသုခ၊ ဆင်းသုခ၊ ကျော်ဇေယျ၊ သီးထပ်ရင်၊ ဆင်းနွယ်ရင်၊ ဧရာမင်း၊ ကောက်ညှင်း၊ အင်းမရဲဘော်၊ တစ်တောင်ပို၊ ကရင်မ) စပါးမျိုးများ ဖြစ်ပါသည်။ ၎င်းမျိုးများထဲမှ မိမိမြို့နယ်၏ ရေမြေသဘာဝနှင့် ကိုက်ညီသော ကရင်မ စပါးမျိုးများနှင့် ဆင်းသုခစပါးမျိုးများကိုသာ အများဆုံးစိုက်ပျိုးထားရှိသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဧပြီလနှင့် မေလ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှု နှင့် ဈေးနှုန်းဈေးကွက်

                ပဲခူးတိုင်းဒေသကြီး ၊ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးနှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

              မတ်ပဲနှင့်ပတ်သတ်၍ ပြည်ကုန်စည်ဒိုင်တွင် ဧပြီလအစတွင် မတ်ပဲတစ်တင်းကို ၄၆၀၀၀-၄၆၅၀၀-၄၇၀၀၀ကျပ် ဈေးဖြင့် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ သင်္ကြန်ပြီးကာလမှာတော့ မတ်ပဲဈေးပြန်မြင့်လာပြီး ပဲတစ်တင်းကို ၄၈၅၀၀-၄၉၀၀၀ကျပ်ဖြစ်လာပြီး အရောင်းအဝယ်မှာ အနည်းငယ်သာရှိခဲ့ပါသည်။ နောက်ဆုံးပတ်မှာတော့ ပဲတစ်တင်းကို ၄၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်အနည်းငယ်ရှိခဲ့ပါသည်။ ပြည်ကုန်စည်ဒိုင်တွင် မေလပထမပတ်တွင် မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၄၇၆၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဒုတိယပတ်မှာတော့ ပဲဈေးမှာ ၄၈၀၀၀-၄၈၅၀၀ကျပ်ဖြင့် ဈေးပြန်တက်ခဲ့ပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့်သာအဝယ်ရှိခဲ့ပါသည်။ တတိယပတ်မှာတော့ ပဲတစ်တင်းကို ၄၆၇၀၀-၄၇၀၀၀ကျပ်ဖြင့် ဈေးပြန်ကျခဲ့ပြီး နောက်ဆုံးပတ်မှာတော့ ပဲတစ်တင်းကို ၄၆၂၀၀-၄၇၂၀၀-၄၇၃၀၀-၄၇၅၀၀ကျပ်ဖြင့် ဈေးပြန်တက်ခဲ့ပြီး အရောင်းအဝယ်မှုမှာ လှောင်သမားများအဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိနေပါသည်။

             ကုလားပဲနှင့်ပတ်သတ်၍ ဧပြီလအစတွင် ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ကုလားပဲ ဟော်လန်တစ်တင်းကို ၄၃၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၄၄၅၀၀ကျပ်ဖြင့် ခွဲစက် သမားနှင့် ရန်ကုန်အဝယ်ရှိပြီး အရောင်းအဝယ်မှာ သွက်ခဲ့ပါသည်။ ဒုတိယပတ်မှာ ကုလားပဲ ဟော်လန်တစ်တင်းကို ၄၄၀၀၀ကျပ် ၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၄၅၀၀၀ကျပ်ဖြင့် အရောင်း အဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၆၀၀/၇၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ တတိယပတ်မှာတော့ ကုလားပဲ ဈေးတက်လာပြီး ကုလားပဲဟော်လန်တစ်တင်းကို ၄၅၅၀၀-၄၆၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၄၆၂၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပါသည်။ နောက်ဆုံးပတ်မှာတော့ ကုလားပဲ ဟော်လန်တစ်တင်းကို ၄၄၈၀၀-၄၅၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို တစ်တင်းကို ၄၅၇၀၀-၄၅၈၀၀ကျပ်ဖြင့် ဈေးကျလာပြီး မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မေလပထမပတ်မှာ ကုလားပဲဟော်လန်တစ်တင်းကို ၄၅၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ ဈေးအနည်းငယ်တက်လာပြီး မြို့တွင်းအဝယ်နှင့် ရန်ကုန် အဝယ်တစ်ရက်အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်မှာ ကုလားပဲဈေး ထပ်တက်လာပြီး ကုလားပဲ (ဟော်လန်) တစ်တင်းကို ၄၆၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၀၀၀-၄၈၅၀၀ ကျပ်ဖြင့် ဈေးတက်ခဲ့ပြီး အဝယ်လည်းသွက်ခဲ့ပါသည်။ တတိယပတ်မှာတော့ ကုလားပဲ ဈေးထပ်တက်လာပြီး ကုလားပဲဟော်လန်တစ်တင်းကို ၄၇၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၅၀၀-၄၈၈၀၀-၄၉၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၄၀၀/၅၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ မေလနောက်ဆုံးပတ်မှာ ကုလားပဲ(ဟော်လန်)တစ်တင်းကို ၄၈၃၀၀-၄၈၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၄၉၅၀၀ကျပ် ထိဈေးတက်လာခဲ့ပြီး ခွဲစက်သမားများ မြို့တွင်းရောင်းဝယ်မှုနှင့် လှောင်သမားများအဝယ်ရှိခဲ့ပါသည်။

          ပဲစင်းငုံနှင့်ပတ်သတ်၍ ပဲစင်းငုံသီးနှံမှာ ဧပြီလ၏ ပထမပတ်မှာ ပဲတစ်တင်းကို ၄၅၀၀၀ကျပ်ဖြစ်ပြီး ဒုတိယပတ်မှာတော့ ပဲစင်းငုံဈေးကျပြီး ပဲတစ်တင်းကို ၄၃၅၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ တတိယပတ်မှာ ပဲဈေးထပ်ကျပြီး ၄၂၅၀၀ကျပ်ဖြင့် အနည်းငယ်သာ အရောင်း အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၁၅၀ခန့်သာ အဝယ်ရှိခဲ့ပါသည်။ ဧပြီနောက်ဆုံးပတ်မှာတော့ ပဲတစ်တင်းကို ၄၃၀၀၀ကျပ်ဖြင့် တစ်ခါတစ်ရံမှသာအဝယ်ရှိပြီး အဝယ်ဖြစ်လျှင် အိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မေလအစမှာ ပဲစင်းငုံတစ်တင်းကို ၄၄၀၀၀ကျပ်ဖြင့် ဈေးတက်ခဲ့ပြီး အရောင်းအဝယ်လည်း အနည်းငယ်သာရှိခဲ့ပါသည်။ မေလဒုတိယပတ်မှာတော့ ပဲဈေးမှာအေးနေပြီး တစ်တင်းကို ၄၄၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မေလနောက်ဆုံးပတ်မှာ ပဲစင်းငုံဈေး အေးနေပြီး ပဲတစ်တင်းကို ၄၄၀၀၀-၄၄၅၀၀ကျပ်ဖြင့် တခါတရံမှသာ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

            ဘိုကိတ်ပဲနှင့်ပတ်သတ်၍ ဧပြီပထမပတ်မှာ ဘိုကိတ်တစ်တင်းကို ၃၅၀၀၀-၃၅၅၀၀ကျပ်ဖြင့် အဝယ်ရှိပြီး ဒုတိယ ပတ်မှာတော့ ဘိုကိတ်တစ်တင်းကို ၃၅၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်နှင့် မြို့တွင်း အဝယ်ရှိခဲ့ ပါသည်။ တတိယပတ်မှာတော့ ပဲဈေးကျပြီး ဘိုကိတ်တစ်တင်းကို ၃၄၀၀၀ကျပ်ဖြင့် ဈေးထပ်ကျလာခဲ့ပြီး နောက်ဆုံးပတ်မှာတော့ တတိယပတ်ဈေးဖြင့် ဈေးအေးနေပြီး အရောင်းအဝယ်မှာ တစ်ရက်ကိုအိတ် ၄၀/၅၀ ခန့် အဝယ်ရှိခဲ့ပါသည်။ မေလပထမပတ်နှင့် ဒုတိယပတ်တွင် ဘိုကိတ်ပဲဈေးအေးနေပြီး ပဲတစ်တင်းကို ၃၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တတိယပတ်မှာတော့ ပဲတစ်တင်းကို ၃၅၅၀၀ကျပ်ဖြစ်ခဲ့ပြီး နောက်ဆုံး ပတ်မှာတော့ ၃၆၀၀၀ကျပ်ဖြင့် ဈေးပြန်တက်ခါ တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)

 

         

ပြည်မြေပဲပင်ပေါက် ဈေးကွက်

          မြေပဲပင်ပေါက်များသည် တစ်နှစ်မှတစ်ခါ စားရခြင်းဖြစ်ပြီး မိုးရွာမှသာ မြေပဲခင်းမှ မြေပဲစို့လေးများထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ မြေပဲပင်စို့များကို နှုတ်ယူရာတွင် တစ်ဧကလျှင် ပိဿာချိန် ၁၀ မှ ၁၅အထိ နှုတ်ယူရရှိကြပြီး မြေပဲနှုတ်ယူစဉ်အချိန်က မြေပဲလက်ကျန် ကျန်ရှိခဲ့မှု့ အနည်း အများပေါ်မူတည်ပြီး ရရှိခြင်းဖြစ်ပါသည်။ ရောင်းချသူများအနေဖြင့် မြေပဲကို မြေပဲပင်ပေါက်အဖြစ် စိုက်ပျိုးရန် အရင်းအနှီးများသောကြောင့် ပြုလုပ်ရောင်းချနိုင်ခြင်းမရှိသော်လည်း မြေပဲပင် နှုတ်ယူခဲ့စဉ်က ကျန်ခဲ့သည့် လက်ကျန်များကြောင့်သာ စားသုံးသူများသို့ ရောင်းချနိုင်ခြင်း ဖြစ်ပါသည်။ မြေပဲပင်ပေါက်ကို ထိပ်၊ အရွက်၊ အညွှန့်ကလေးများကိုဖဲ့ပြီး ကြော်၍သော် လည်းကောင်း၊ ပြုတ်ကြော်လုပ်၍လည်းကောင်း စားသုံးကြပါသည်။ ယခုရက်အတွင်း မိုးကောင်းလာသည်နှင့်အတူ မြေပဲနှုတ်သိမ်းရာတွင် ကျန်ရှိသည့် မြေပဲများမှ မြေပဲအစို့များထွက်လာကြောင်း သိရပါသည်။ ပြည်ဈေးကွက်တွင် မြေပဲပင်ပေါက် တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၂၀၀ကျပ်ထိရှိပြီး မြေပဲဆန် တစ်တင်းလျှင် ၆၀၀၀၀ကျပ်မှ ၆၅၀၀၀ကျပ် အထိရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ချင်းနှင့် မန်ကျည်းမှည့် လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်

           ပဲခူးတိုင်း‌ဒေသကြီး ပြည်ပွဲရုံများသို့ အောင်ပန်းမှ ချင်း ၁၀ပိဿာအိတ် တစ်နေ့လျှင် ၄၀/၅၀ခန့် ပုံမှန် အဝင်ရှိနေသော်လည်း နယ်များတွင် မိုးများဆက်တိုက်ရွာသွန်းနေခြင်းကြောင့် အရောင်းအဝယ် အေးနေတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရပါသည်။ ခရိုင်အတွင်း လက်လီသမားတို့သာ အရောင်းအဝယ် ဖြစ်နေပါသည်။ ယခုတစ်ပတ် ချင်းဈေး(ပွဲရုံဈေး) တစ်ပိဿာလျှင် ၉၀၀-၁၀၀၀ကျပ်ဖြစ်ပြီး (လက်လီ) ဈေးမှာ ၁၅၀၀-၁၈၀၀ကျပ်ဈေးဖြစ်ပါသည်။ ဒါးလှီးချင်းဖတ် တစ်ပိဿာလျှင် ၁၇၀၀ကျပ် ဈေးတို့ဖြင့် ရောင်းချလျှက်ရှိပါသည်။

           နယ်များတွင် မိုးများဆက်တိုက်ရွာသွန်းနေသဖြင့် မန်ကျည်းမှည့် အရောင်းအဝယ် သိသိသာသာအေးလာသဖြင့် ပြည်မန်ကျည်းမှည့်ပွဲရုံများတွင် ယခုရက်ပိုင်း အရောင်း အဝယ် သိပ်မဖြစ်ဘူးလို့ ပွဲရုံပိုင်ရှင်တစ်ဦးကဆိုပါတယ်။ မန်ကျည်းမှည့်ဈေးမှာ လက်လီ သမားများက တစ်ခါ ဝယ်လျှင် (၁၀)ပိဿာလောက်သာ အနည်းငယ် အဝယ်ရှိကြပြီး၊ ဈေးနှုန်းမှာ ယခင်အပတ် ဈေးအတိုင်းသာဖြစ်ကြောင်း သိရပါသည်။ ယခုဇွန်လပထမပတ်တွင် မန်ကျည်းမှည့် တစ်ပိဿာ (ပွဲရုံဈေး) ၃၂၀၀ကျပ်တို့ဖြင့် လက်ကားရောင်းချနေပြီး လက်လီဈေးများတွင် တစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် အာလူးဈေးများ အနည်းငယ်ကျသလို ကြက်သွန်ဖြူ( ကြူကုတ်)ဈေးများလည်း ကျဆင်းလာ

       ပဲခူးတိုင်း‌ဒေသကြီး ပြည်အာလူးပွဲရုံများသို့ ရှမ်းပြည်နယ်အောင်ပန်းမှ ၁အိတ် ပိဿာ (၃၀)ဝင်ဆံ့ အိတ် ၅၀/၁၀၀ အဝင်ရှိသလို မန္တလေးဘက်မှ တရုတ်အာလူများ တစ်နေ့လျှင် အိတ် ၂၀၀အတွင်း အဝင်ရှိနေသည့်အတွက် တစ်နေ့ကို အာလူးအိတ် ၃၀၀ဝန်းကျင်ခန့် အဝင်ရှိနေကြောင်း သိရပါသည်။ တစ်ပတ်လျှင် ၄ရက်ခန့်အဝင်ရှိပါသည်။ မိုးဦးကာလဖြစ်နေသည့်အတွက် အရောင်းအေးကာ ပြည်မြို့နယ်အတွင်းရှိ လက်လီဝယ်ယူသူများနှင့် လုပ်ငန်းရှင်များမှလည်း အဝယ်ပါးလျှက်ရှိကြောင်း သိရပါသည်။ ယခု တစ်ပတ်မှာ ယခင်ထက် အာလူးအဝင်များနေခြင်းကြောင့် ပွဲရုံလက်ကျန်များသည့်အတွက် အာလူးဈေး အနည်းငယ်လျော့နည်းနေပါသည်။ ယခင်တစ်ပတ်က ပွဲရုံဈေး တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၁၀၀ ဈေးရှိပြီး ယခုတစ်ပတ်မှာ ကျပ် ၁၈၀၀-၂၀၀၀၊ လက်လီဈေး ယခင်တစ်ပတ်က တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၈၀၀ဈေးရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကျပ် ၂၄၀၀ဈေးရှိပါသည်။

           ကြက်သွန်ဖြူဈေးကွက်မှာ ယခုတစ်ပတ်တွင် အရောင်းအဝယ်အေးလျှက်ရှိပါသည်။ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ လက်လီ/လက်ကားဝယ်ယူသူများသာရှိကြောင်း သိရပါသည်။ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်း ဘက်မှရှမ်းစများနှင့် မန္တလေးဘက်မှ ကြူကုတ်များတစ်နေ့လျှင် (၁၅.၁၆) ပိဿာဝင်ဆံ့ အိတ် ၄၀/၁၀၀အတွင်းအဝင်ရှိပါသည်။ ကြူကုတ်မှာ ပွဲရုံဈေး ယခင်က ၁ပိဿာ ၃၅၀၀-၃၈၀၀ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်မှာ ၃၅၀၀ကျပ်ဈေးတစ်မျိုးသာရှိ၍ လက်လီဈေးမှာ ပွဲရုံဈေး ယခင်က ၁ပိဿာ ၅၀၀၀-၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာ ၃၈၀၀-၄၀၀၀ ကျပ် ဈေးရှိပါသည်။ ရှမ်းစမှာ ပွဲရုံဈေး ၁ပိဿာလျှင် ယခင်တစ်ပတ်က ၂၂၀၀ မှ ၃၅၀၀ကျပ်အတွင်း အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများရှိခဲ့ပြီး ယခုတစ်ပတ်တွင် ၂၅၀၀မှ ၃၂၀၀ကျပ် အတွင်း ဈေးရှိပြီး လက်လီဈေးမှာ ယခင်တစ်ပတ်က ၃၅၀၀-၄၀၀၀ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ရှမ်းစ လက်လီဈေးမှာ အပြောင်းအလဲမရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်တွင် ထောပတ်ပဲနှင့် ပဲနီပြားဈေးအမြင့်ရသလို မတ်ပဲနှင့် ပဲစင်းငုံ ပုံမှန်အရောင်းအဝယ်ဖြစ်

            ပဲခူးတိုင်း‌ဒေသကြီး ပြည်ပဲဈေးကွက်တွင် လက်လီရောင်းဝယ်မှုအဖြစ်များသလို ပြည်တွင်းဝယ်လက်များထဲ ပဲသီးနှံ အားလုံးလိုလို ယခုနှစ်ဈေးကောင်းရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဗိုလ်ကိတ်ပဲနှင့် ပဲလွမ်းဖြူ သီးနှံများမှာ ပဲဝင်ရောက်မှု့ အနည်းငယ်ရှိသလို လက်ကျန်ပဲများရှိခဲ့တာကြောင့် တစ်ရက်အိတ် ၂၀/၃၀ ကျော်ရောင်းချခဲ့ကြရပြီး ပဲဈေးနှုန်းများမှာ ဗိုလ်ကိတ်တစ်တင်း ၃၆၀၀၀ကျပ်၊ ပဲလွမ်းဖြူ တစ်တင်း ၃၈၀၀၀ကျပ်တို့ဖြင့် ရောင်းဝယ်နေခဲ့ကြသလို ထောပတ်ပဲနှင့် ပဲနီပြားသီးနှံကတော့ ဈေးကောင်းရလို့ ထောပတ်ပဲတစ်တင်း ၄၆၀၀၀ကျပ်၊ ပဲနီပြားတစ်တင်း ၄၇၀၀၀ကျပ်မှ ၅၀၀၀၀ကျပ် တို့ဖြင့် လက်လီပဲ ဈေးကွက်မှာ ဈေးအမြင့်ဖြင့် ရောင်းဝယ်နေကြတဲ့ ပဲများဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ လက်လီဝယ်ယူမှုပိုများခဲ့ကြောင်း သိရှိရပါသည်။

          ပဲမျိုးစုံဈေးနှုန်းများမှာ ပြည်ပဝယ်လိုအားများသောပဲများထက် ပြည်တွင်းဝယ်လိုအားရှိသော ပဲသီးနှံများဈေးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြည်ပဝယ်လက် အဓိကရှိသောပဲများတွင် ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံမှာ ပဲအဝင်လုံးဝမရှိတော့ဘဲ မတ်ပဲသီးနှံသာ ဝင်ရောက်မှုအနည်းငယ်ရှိနေခဲ့ပါသည်။ ဒါ့ကြောင့် အရောင်းအဝယ်ဖြစ်မှု ပမာဏအနေဖြင့် မတ်ပဲ သီးနှံအိတ်ရေ ၁၀၀/၂၀၀ကျော် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ကာ ပိဿာ(၂၀) တစ်တင်း ၄၇၅၀၀ ကျပ်ဖြင့် ယခင်ရက်များကထက် ဈေးလျော့မသွားသော်လည်း သိသိသာသာ ဈေးမြင့်တက်ခဲ့ခြင်း မျိုးမရှိခဲ့ပါ။ ယခင်နှစ်က ဇွန်လဆန်းတွင် တစ်တင်း ၃၄၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့တဲ့အတွက် ယခုနှစ်ဈေးကတော့ တစ်တင်းကျပ် ၁သောင်းကျော်မြင့်တက်လျှက်ရှိပြီး လှောင်သမားတောင်သူများအနေဖြင့် ငွေလို၍ထုတ်ရောင်းချမှု အနည်းငယ်သာရှိခဲ့ကြတာကိုတွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲအဝင်မရှိပေမယ့် လှောင်ပဲလက်ကျန်ရှိတာကြောင့် ရန်ကုန်ဝယ်လက်ဝယ်ယူမှု ရသည့်ရက်တွင် အိတ် ၁၀၀/၂၀၀ခန့် အရောင်းအဝယ်ဖြစ်ပြီး ပဲစင်းငုံသီးနှံဈေး တစ်တင်း ၄၄၅၀၀ကျပ်ဖြင့် ယခုနှစ်ဈေးထက်ကျပ် ၂သောင်းနီးပါးမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်က ဇွန်လအတွင်း ပဲစင်းငုံဈေးမှာ တစ်တင်း ၂၉၀၀၀ကျပ်ဖြင့် ကျပ် ၃၀၀၀၀ အောက်လျော့နည်းခဲ့တဲ့အတွက် ယခုနှစ် ပဲစင်းငုံသီးနှံ ပဲအသစ်ပေါ်စမှစ၍ ဈေးကောင်းရရှိနေခဲ့တဲ့ သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း