ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကသာမြို့တွင်း ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လာ

            ကသာမြို့၊ ဒေသတွင်းခရမ်းချဉ်သီး သီးနှံစိုက်ပျိုးသူများအနေဖြင့် ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းပေါ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် အသီးများ စတင်ခူးဆွတ်ကြကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်းသီးစတင် ထွက်ရှိချိန်တွင် တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးကောင်းရရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ပေါက်ချိန်တွင် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၂၅၀ကျပ်ထိသာ ရရှိကြောင်း ကသာမြို့ ဒေသတွင်း ခရမ်းချဉ်းသီးစိုက်ပျိုးသူထံမှ သိရသည်။

          ဧပြီလနှင့် မေလမှစ၍ ဈေးကွက်အတွင်းတွင် ဒေသတွင်းစိုက်ပျိုးသည့် ခရမ်းချဉ်သီးများ နည်းပါးလာသည့်အတွက် မန္တလေး၊ မုံရွာဘက်မှ ခရမ်းချဉ်သီးများ စတင်ဝင်ရောက်လာပြီး တစ်ပတ်လျှင် ပိဿာ(၂၀)ပါ သေတ္တာအလုံး (၅၀)ခန့် ကသာမြို့နယ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်လီတစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ ကျပ်ခန့်ထိ တစ်ဖြည်းဖြည်း ဈေးနှုန်း မြင့်တက်လာရာမှ ယခု ဇွန်လပထမပတ်တွင် ကသာမြို့တွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် အလုံးသေး (၁၅၀၀)ကျပ်နှင့် အလုံးကြီး ကျပ် (၂၀၀၀) ထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးကွက်အတွင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တစ်ပိုင်တစ်နိုင် လက်ရက်ကန်းလုပ်ငန်းသို့ ကွင်ဆင်းလေ့လာ

          စစ်ကိုင်းမြို့နယ်တွင် မိရိုးဖလာ လက်ဆင့်ကမ်းအမွေအဖြစ် ဆွေစဉ်မျိုးဆက် ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းမြို့နယ်တွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့်  ကျေးရွာ (၃၃) ရွာကျော်တွင် တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူပေါင်း(၂၀၀၀) ကျော်ခန့်ရှိသဖြင့် ၂၀၁၄ ခုနှစ်က ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ  ဦးဆောင်၍ စစ်ကိုင်းမြို့နယ်ရက်ကန်းအသင်းကို အလုပ်အမှုဆောင်(၂၅)ဦး၊ အသင်းသား(၂၂၆၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ စစ်ကိုင်းမြို့ပေါ်၌ လက်ရက်ကန်းလုပ်ကိုင်သူ (၃၀)ဦးနှင့် စက်ရက်ကန်းလုပ်ကိုင်သူ (၅)ဦး၊ ပေါင်း(၃၅)ဦးခန့် ရှိရာ  စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ ဒေါ်ဇာဇာစိုး၏ တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားဖြစ် လုပ်ကိုင်သော လက်ရက်ကန်းလုပ်ငန်းသို့ ဇွန်လ ၂ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦး သွားရောက်တွေ့ဆုံခဲ့ပါသည်။

     ရက်ကန်းလုပ်ငန်းရှင် ဒေါ်ဇာဇာစိုးသည် လွန်ခဲ့သည့် နှစ်(၂၀)ခန့်က လက်ရက်ကန်းစင် (၅) စင် အား အရင်းအနှီးငွေကျပ် တစ်သိန်းဖြင့်မတည်၍ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ လက်ရက်ကန်းစင် (၅)စင်တွင် အမျိုးသမီးလုပ်သား(၈)ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်ပါကြောင်း၊ လက်ရက်ကန်းအတွက် လိုအပ်သော ကုန်ကြမ်း ရိုးရိုးချည်( စီလွန်ချည်) ကို စစ်ကိုင်းမြို့၊ ချမ်းသာ ပိုးထည်တိုက်မှ ဝယ်ယူကြောင်း၊ လက်ရက်ကန်းစင်(၁)စင်၊ လုံချည်(၁)ကွင်းလျှင် (၅/၆) ရက် ရက်လုပ်ရပြီး လက်ခ (၂၅၀၀ဝိ/-)ရကြောင်း၊ လုံချည် (၁)ကွင်းလျှင် ရင်းနှီးငွေအနေဖြင့် ချည်ဘိုး (၁၅၀၀ဝိ/-)နှင့် လုပ်အားခ (၂၅၀၀ဝိ/-)၊ ပေါင်း(၄၀၀၀ဝိ/-) ရှိပြီး (၄၅၀၀ဝိ/-) ဖြင့် ကုန်ကြမ်း ဝယ်ယူသော စစ်ကိုင်းမြို့ရှိ ချမ်းသာပိုးထည်တိုက်သို့ ပြန်သွင်းကြောင်း၊ လက်ကန်းစင်(၁)စင်လျှင် ပျမ်းမျှ လုံချည်(၅)ကွင်းနှုန်းဖြင့် (၅)စင်လျှင် လုံချည်(၂၅)ကွင်း ထွက်ရှိပြီး အလုပ်ရှင်တစ်ဦးအနေဖြင့် အမြတ်များစွာမယူဘဲ အလုပ်သမားအား သင့်လျော်သော လုပ်ခများပေး၍ လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင် ဒေါ်ဇာဇာစိုးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သုံးပုံတစ်ပုံနီးပါးတက်လာတဲ့ ကားဈေးနှုန်းနဲ့  မုံရွာကားဈေးကွက်

              လက်ရှိကာလတွင် ပြည်တွင်းကားဈေးနှုန်းတွေဟာ ငွေကျပ် သိန်းဆယ်ဂဏန်းဝန်းကျင်အထိ မြင့်တက်လာပြီး ‌မော်ဒယ်မြင့်ကားများထက် Use ကားများသာ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မုံရွာကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

              ယခုလို ပြည်တွင်းကားဈေးနှုန်းတွေ အမြင့်တန်းမှာ ရောက်ရှိနေတာဟာ ဒေါ်လာဈေးနှင့် စက်သုံးဆီ ဂယက်ကြောင့်  ဖြစ်တယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

             “ပြည်တွင်းကားဈေးက မူလပေါက်ဈေးထက် ဈေးတွေတက်နေတာပေါ့။ ကားအမျိုးအစားပေါ် မူတည်ပြီး ၁၅ သိန်းကျော်၊ ၃၀ သိန်းလောက်ထိ မြင့်တက်လာတယ်။ ဈေးကွက်အနေအထားကလဲ အေးတယ်။ အရင်ကဆို အခုလို ရာသီအချိန်မျိုးဆို ကားတွေရောင်းနေရပြီး ဒီနှစ်ကျ အတော်လေး ပါးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်အနည်းငယ်လောက်ပဲရှိတယ်။ ဒီနှစ် တစ်နှစ်လုံးတော့ ဒီလိုပုံစံနဲ့ပဲ သွားနေအုံးမယ်ထင်ပါတယ်။ ဈေးကွက်က ထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမျိုးတော့ မရှိနိုင်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကားမူဝါဒတွေက မပြောင်းလဲဘူး၊ အဲ့တော့ ကားဈေးကွက် ဒီအတိုင်းပဲ ဆက်ရှိနေမယ်။ ကြိုက်ဝယ်၊ ကြိုက်ရောင်း ဒီသဘောမျိုးလေးပဲပေါ့” လို့ မုံရွာမြို့ရှိ ကားဝယ်ရောင်းတစ်ဦးက ပြောပြခဲ့ပါတယ်။

               ဒါ့အပြင် ယခုနှစ်အတွင်း ပြည်တွင်းကားဈေးနှုန်းတွေဟာ အမြင့်ပိုင်းသာရှိနေနိုင်မယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ခန့်မှန်းထားကြပါတယ်။

               ယခင်က သိန်း ၁၅၀ လောက်ဖြင့် ဝယ်ယူလို့ရတဲ့ ဟွန်ဒါဖစ်ဟာ ယခုကာလမှာတော့ ကျပ်သိန်း ၂၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

               ထို့အပြင် မုံရွာမှာ မော်ဒယ်မြင့်ကားများထက် တပတ်နွမ်း ဂျပန်ကျ ယခင်တင်သွင်းပြီး (Use) ကားများသာ  ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ ပိုမိုအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

DOCA(စစ်ကိုင်း)

ကသာခရိုင်အတွင်းရှိ စိန်တလုံးသရက် ဈေးနှုန်း/ဈေးကွက် အခြေအနေ

            ကသာခရိုင်အတွင်းတွင် စိန်တလုံးသရက်သီးစိုက်ဧကအနေဖြင့် (၁၀၄၇)ဧကကျော် စိုက်ပျိုးပြီး ကသာမြို့နှင့် ထီးချိုင့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် ပေ (၂၀) ပတ်လည် စိုက်ပျိုးပါက အပင်(၁၀၀)ဝန်းကျင်ခန့် စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းအနေဖြင့် အပင်(၃)နှစ် သားမှ(၄)နှစ်သား တစ်ပင်လျှင် သရက်သီးအလုံးရေ (၂၀၀)ဝန်းကျင်ခန့် သီးပြီး (၅/၆)နှစ်သားတွင် သရက်သီးအလုံးရေ (၃၀၀/၄၀၀) ခန့် သီးကြောင်း သိရှိရပါသည်။

          ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ကသာခရိုင်အတွင်းတွင်ရှိသော စိန်တလုံးသရက်သီးအား ကသာခရိုင်တွင်းရှိ ခြံပိုင်ရှင်များမှ စုစည်း၍ ကားငှားကာ မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် မူဆယ်ပွဲရုံသို့ အလုံး(၄၀)ခန့်ပါ သရက်သီးအလုံးအကြီး တစ်ခြင်းတွင် ယွမ်(၁၂၀ မှ ၁၅၀)ခန့်ကြား ရရှိပြီး အလုံး(၄၅)လုံးပါ အလုံးသေးတစ်ခြင်းလျှင် ယွမ် (၁၂၀ မှ ၁၃၀) ကြား ရရှိကြောင်း သိရှိရပါသည်။

          ယခင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် တရုတ်သို့ ကားအဝင်များပိတ်ထားသဖြင့် ကသာခရိုင်တွင်း သရက်သီးစိုက်ပျိုးသူများအနေဖြင့် အရှုံးပေါ်ခဲ့ကြောင်း သိရှိရပြီး ယခုနှစ်တွင် ကားလမ်းကြောင်းများ ပုံမှန်ပြန်လည်ဖွင့်လာသဖြင့် ကသာခရိုင်အတွင်း သရက်စိုက်ပျိုးသူများ အနေဖြင့် ဈေးကောင်းရရှိလျက်ရှိကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘဲဥများဈေးကောင်းရခြင်းကြောင့် ပဲခူးခရိုင်အတွင်းမှ ဘဲမွေးမြူသူများ အဆင်ပြေလျှက်ရှိ

            မြန်မာနိုင်ငံ၌ ဘဲမွေးမြူခြင်းကို ပဲခူးတိုင်းဒေသကြီး၌ အများဆုံးမွေးမြူလျှက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းဒေသကြီးတွင် တတိယအများဆုံး မွေးမြူလျှက်ရှိကြောင်း သိရပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ္ပင်မြို့နယ်မှ ဘဲမွေးမြူသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းချက်အရ ယခုနှစ်တွင် 18 kg ဘဲဥတစ်လုံးလျှင် ၁၇၉ ကျပ်ဖြင့်လည်းကောင်း၊ 19 kg ဘဲဥတစ်လုံးလျှင် ၁၈၇ ကျပ်ဖြင့်လည်းကောင်း၊ 20 kg ဘဲဥတစ်လုံးလျှင် ၁၉၅ ကျပ်ဖြင့်လည်းကောင်း၊ 21 kg ဘဲဥတစ်လုံးလျှင် ၂၀၅ ကျပ်ဖြင့်လည်းကောင်း၊ 22 kg ဘဲဥတစ်လုံးလျှင် ၂၁၅ ကျပ်ဖြင့်လည်းကောင်း၊ 23 kg ဘဲဥတစ်လုံးလျှင် ၂၂၀ ကျပ်ဖြင့်လည်းကောင်း လက်ကားဈေးအနေဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး လက်လီ ဈေးကွက်၌  ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ ဘဲဥအရွယ်အစားအလိုက် ဈေးနှုန်းသတ်မှတ် ရောင်းချလျှက်ရှိကြောင်း သိရသည်။

          အဆိုပါ ဘဲမွေးမြူသူ၏ ပြောကြားချက်အရ ဘဲဥမှာ တစ်နှစ်ပတ်လုံးဥပါကြောင်း၊ အစာကောင်းကောင်းကျွေးနိုင်ပါက(၃)လခွဲတွင် စဥပြီး အစာမကောင်းပါက (၇)လမှ စဥ ပါကြောင်း၊ အမွှေးအတောင်ပြင်သည့် (၅)ပတ် (၆)ပတ် ဝန်းကျင်သာ ဥ ဥနှုန်း ကျဆင်းတတ်ပါကြောင်းနှင့် လက်ရှိဈေးကွက်ဈေးနှုန်းများအရ  အစာဈေးမြင့်မားသော်လည်း မိမိတို့ ဘဲမွေးမြူသူများအတွက် အကျိုးအမြတ်ရရှိလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

ဒိုက်ဦးမြို့နယ် ဆန်စက်နှင့် ပဲမျိုးစုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ

           စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ တိုင်းရုံးမှ တာဝန်ရှိဝန်ထမ်းများနှင့် ဒိုက်ဦးမြို့နယ်တာဝန်ခံတို့သည် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၁.၆.၂၀၂၂ ရက်နေ့၊  (၁၃:၀၀) နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်ရှိ ဆင်ဖြူတော်ဆန်စက်နှင့် ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းသို့ သွားရောက်ပြီး ပိုင်ရှင် ဦးသိန်းဝင်းနှင့်  တွေ့ဆုံ၍ ယခုလက်ရှိ ဆန်စပါးဈေးနှုန်း အခြေအနေ၊ အရောင်းအဝယ်ဖြစ်မှုအခြေအနေများ ၊ တင်ပို့နေမှုအခြေအနေများ    ၊ သယ်ယူပို့ဆောင်ခနှုန်းထားများ ၊ လုပ်သားတင်ချခများ၊ ပဲလက်ကျန်အခြေအနေ၊ စက်သုံးဆီဝယ်ယူရရှိမှု အခြေအနေများ နှင့် ဆန်စပါး လက်ကျန်အခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထို့သို့တွေ့ဆုံမေးမြန်းရာတွင် ယခုအချိန် နွေစပါး တင်း(၁၀၀) လျှင် ၇၇၀၀၀၀/-ကျပ်နှုန်း၊ မိုးစပါး တင်း (၁၀၀) လျှင် ၈၄၀၀၀၀/-မှ ၈၅၀၀၀၀/- ကျပ်အထိ ဝယ်ယူရပါကြောင်း၊ ဆန်ဈေးအားဖြင့် ဒေသဆန် တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပါကြောင်း၊ မန္တလေးသို့ တင်ပို့ရာတွင် ကားခအနေဖြင့် ဆန်တစ်တင်းခွဲ တစ်အိတ်လျှင် (၁၃၀၀) ကျပ်ရှိပြီး ၊ ရန်ကုန်သို့ တင်ပို့ရာတွင် ဆန်တစ်တင်းခွဲတစ်အိတ်လျှင် (၈၅၀) ကျပ်နှုန်း ပေးရပါကြောင်း ၊ ပဲလက်ကျန်အနေဖြင့် အနည်းငယ်သာ ကျန်ရှိပါကြောင်း၊ ယခုချိန် ပဲတီစိမ်း တစ်တင်းလျှင် ၅၀၀၀၀/- ကျပ်၊  ပဲလွန်းဖြူ တစ်တင်းလျှင် ၄၅၀၀၀/- ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်းနှင့် တင်ပို့မှုအနေဖြင့် မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

သနပ္ပင်မြို့နယ်အတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

              ဈေးကွက်အတွင်း   ကြက်သားနှင့် ကြက်ဉဈေးနှုန်းများ ကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ် အတွင်း အသားတိုးကြက်နှင့် ဉစားကြက်မွေးမြူလျက်ရှိကြောင်း သိရှိရပါသည်။ ထိုသို့ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုး ကြက်မွေးမြူရေး လုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သဖြင့် ဉစားကြက်မွေးမြူရေးလုပ်ငန်းထက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းကို  ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လာကြောင်းသိရှိရပါသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တနိုင်တပိုင် အကောင်ရေ ၅၀၀/၁၀၀၀ မွေးမြူသူများရှိသလို အကောင်ရေ ၃၀၀၀/ ၅၀၀၀/၁၀၀၀၀ထိ စီးပွားဖြစ် မွေးမြူသူ များလည်း ရှိကြောင်းသိရှိရပါသည်။ အသားတိုးကြက်အနေဖြင့် သားပေါက်မှ ရောင်းချရသည့်အထိ ၄၅ ရက်သာ ကြာမြင့်သောကြောင့် အချိန်တိုတိုနှင့် အမြတ်အစွန်း များများ ရရှိကြောင်း၊ ၄၅ ရက်သား ကြက်တကောင်လျှင် ပိဿာချိန် ၁ ပိဿာ ၅၀ ကျပ်သားဝန်းကျင်ရရှိပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခ အပါအဝင် ၄၅၀၀ ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။  လက်ရှိပေါက်ဈေးအနေဖြင့် ကြက်သားဈေးကောင်းရရှိနေ၍ တစ်ပိဿာလျှင် ၆၀၀၀ကျပ် ခန့်ရရှိနေပြီး မွေးမြူရေး လုပ်ငန်းများအနေဖြင့် အချိန်တိုအတွင်း အကျိုးအမြတ် ရရှိမှုကောင်းမွန်သည့် လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးတိုင်းမှ တန်ဖိုးမြှင့်ထုတ်ကုန် ရှောက်ပျားရည်

              ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန် ရှောက်သီးမှ ထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဒေသထွက် အိမ်ပြန်လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြေးဖြေးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ကပ်လျက်မြို့ဖြစ်သော ရွှေကျင်ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်ရင် လိုအပ်သလောက် ဝယ်ယူရပြီး ရှောက်သီး တစ်လုံးလျှင် (၇၀) ကျပ်မှ (၁၀၀) ကျပ်ထိ ဝယ်ယူရကြောင်း  သိရှိရပါသည်။

          ရှောက်ပျားရည် ထုတ်လုပ်ရာတွင် ရှေးဦးစွာ ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ထက်ခြမ်းခွဲပြီး စက်ဖြင့်ရှောက်ရည်ကို ညှစ်ထုတ်သန့်စင်ရပြီး ရှောက်ပျားရည်ပြုလုပ်ရန်အတွက် သကြား၊ ပျားရည်၊ ရှောက်ချည်ရည်တို့ဖြင့် အချိုးအစားညီမျှစွာ ရောစပ်ပြီး အပူချိန် ( 90°C ) အတွင်း ကျိုချက်၍ ထုတ်လုပ်ရကြောင်း သိရှိရသည်။ ရှောက်ပျားရည် တစ်ပုလင်းအတွက် ရှောက်သီး ( အနု၊ အရင့်၊ အကြီး၊ အသေး) ပေါ်မူတည်၍ ရှောက်သီး (၇ လုံးမှ ၁၀ လုံး) ခန့်အသုံးပြုရကြောင်း သိရှိရသည်။ ရှောက်ရည်ညစ်ပြီး သန့်စင်ရာ၌ ကျန်ရှိသော ရှောက်သီးဖက်များအား ရှောက်သီးဆေးပြားထုတ်လုပ်ရန် အသုံးပြုပြီး  ပုံသဏ္ဍာန်အမျိုးမျိုးအနေဖြင့် ပျားရည်ဖြင့် နှပ်ထားသော (ရှောက်သီးဆေးပြားဗူး၊ ရှောက်ချိုမွှေး၊ ရှောက်ချိုပေါင်း၊ ရှောက်သီးဆေးပြားအမျှင်) စသည်ဖြင့် ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံအပြားသို့ တင်ပို့ရောင်းချလျက်ရှိပြီး လူကြိုက်များကြောင်းလည်း သိရှိရသည်။

              ထိုကဲ့သို ဒေသထွက်ကုန်ရှောက်သီးအား နည်းအမျိုးမျိုးဖြင့် လေလွင့်မှုနည်းပါးအောင်  ထုတ်လုပ်ရောင်းချနိုင်ခြင်းအားဖြင့်  အကျိုးအမြတ်အနေဖြင့်လည်း အတော်အသင့် ကောင်းမွန်သည့်အပြင် ဒေသခံလုပ်သားများအနေဖြင့်လည်း အလုပ်အကိုင်ရရှိသောကြောင့် စီးပွားဖြစ်လုပ်ငန်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

 

တောင်ငူမြို့၌ ဒူးရင်းသီး အရောင်းအဝယ်ကောင်း

                   ယခုအခါတွင် တောင်ငူမြို့ အရှေ့ဘက် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီးများ လှိုင်လှိုင်ပေါ်သော ကာလဖြစ်သဖြင့် တောင်ငူမြို့၌ ဒူးရင်းသီးများ အရောင်းအဝယ်ကောင်းလျှက်ရှိပါသည်။ တောင်ငူမြို့တွင် ဒူးရင်းသီးကို ရာသီပေါ်သီးနှံအဖြစ် ဒေသတွင်း စားသုံးသည်သာမကဘဲ ရပ်ဝေးဒေသမှ ဆွေမျိုးမိတ်ဆွေသင်္ဂဟများအား ဒေသထွက်လက်ဆောင်အဖြစ် ပေးကြပါသေးသည်။ တောင်ငူမြို့မှ ထွက်သောကားတိုင်းလိုလို ဒူးရင်းသီးအနံ့မွှေးနေသလို တောင်ငူမြို့ကို ဖြတ်သန်းသွားလာကြသည့် အိမ်စီးမော်တော်ယာဉ်များလည်း ဒူးရင်းသီးဆိုင်ရောက်လျှင် ဆင်းဝယ် ကြသည်ကို တွေ့ရှိရပါသည်။

              သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီးကားများ တောင်ငူမြို့သို့ ရောက်ရှိလာကြရာ ပွဲရုံများ၌ ဒူးရင်းသီးတစ်လုံးလျှင ၂၅၀၀ ကျပ်၊ ၄၀၀၀ ကျပ်၊ ၆၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဟူ၍ အမျိုးအစား ၅ မျိုးခွဲခြားရောင်းချလျှက်ရှိကြောင်း၊ ဈေးနှုန်းမှာ ယခင်အပတ်အတိုင်းဖြစ်၍ အတက်အကျမရှိဘဲ တည်ငြိမ်လျှက်ရှိကြောင်း၊ ဒေသထွက်လက်ဆောင်ပေးသူများအနေဖြင့် အလုံးလှ၍ ဈေးနှုန်းမြင့်သည့် အသီးများကို ဝယ်ယူကြသဖြင့် ရောင်းအားကောင်းလျှက်ရှိကြောင်း တောင်ငူမြို့ ဘုရင့်နောင်ဈေးမှ ဒူးရင်းသီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

စိုက်ပျိုးသူများ တွက်ခြေကိုက်သည့် ဖြူးမြို့နယ်မှ စံပယ်စိုက်ပျိုးရေး

                 တောင်ငူခရိုင်၊ ဖြူးမြို့တွင် တပိုင်တနိုင် စံပယ်ပန်းစိုက်ပျိုးသူများ များပြားလာလျှက်ရှိပါသည်။ စံပယ်ပန်းတွင် ရန်ကုန်စံပယ်၊ ပဲခူးစံပယ်၊ ကြက်ရုံးစံပယ်နှင့် စံပယ်ကြီးဟူ၍ အမျိုးအစား ကွဲပြားလျှက်ရှိပါသည်။ ယင်းတို့ထဲမှ ရန်ကုန်စံပယ်သည် ပြုစုမှုကောင်းလျှင် ကောင်းသလို ရာသီမရွေးပွင့်သော စံပယ်အမျိုးအစားဖြစ်ပါသည်။ ကျန်စံပယ်များဖြစ်သော ပဲခူးစံပယ်၊ ကြက်ရုံးစံပယ်နှင့် စံပယ်ကြီးအမျိုးအစားများမှာ ရာသီချိန်ဖြစ်သော ဧပြီလမှ ဇွန်လအတွင်းသာ မြိုင်မြိုင်ပွင့်ပြီး ကျန်ရာသီများတွင် စီးပွားမဖြစ်ထွန်းပါ။

              ပန်းစိုက်ပျိုးသူများအနေဖြင့် ရန်ကုန်စံပယ်အား စီးပွားဖြစ်ရွေးချယ်စိုက်ပျိုးကြပါသည်။ ရန်ကုန်စံပယ်သည် မိုးအကုန် အောက်တိုဘာလမှ နောက်မိုးမကူးခင် ဧပြီလအထိ များပြားစွာပွင့်သဖြင့် မိသားစုအပိုဝင်ငွေ တိုးလျှက်ရှိပါသည်။ ကျန်ကာလများတွင်လည်း ပုံမှန်ပွင့်လျှက်ရှိပါသည်။ ရန်ကုန်စံပယ် ရုံ ၇၀ ရှိ ခြံတစ်ခြံမှ ရန်ကုန်စံပယ် ဖြိုင်ဖြိုင်ပေါ်သော ရာသီတွင် တစ်နေ့လျှင် စံပယ်ပန်းအဖူး ၅၀၀၀ မှ ၁၀၀၀၀ အထိထွက်ရှိပြီး၊ ကျန်ကာလများတွင် အဖူး ၁၀၀၀ မှ ၂၀၀၀ အထိထွက်ရှိကြောင်း သိရပါသည်။

              စံပယ်ဈေးကွက်အနေဖြင့် စံပယ်ပန်းလှိုင်လှိုင်ပေါ်သော ရာသီတွင် စံပယ်တစ်ဖူးလျှင် ၁ ကျပ် ၅၀ ပြားနှုန်းရရှိပြီး စံပယ်ပန်းရှားပါးသောရာသီတွင် စံပယ်တစ်ဖူးလျှင် ၂ ကျပ်မှ ၂ ကျပ် ၅၀ ပြား အထိရရှိပါသည်။ စံပယ်စိုက်ပျိုးသူများအနေဖြင့် ကိုယ်တိုင်သီကုံးပြီး ဖောက်သည်ပေးလျှင် အတန်တစ်တန်လျှင် စံပယ်ဖူး ၅ ဖူးပါပြီး ၁၀ တန်တစ်စီးအား ကျပ် ၂၀၀ နှုန်းဖြင့် ရောင်းချပါသည်။ စံပယ်စိုက်ပျိုးသူများအနေဖြင့် တစ်နေ့လျှင် ဝင်ငွေ ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ဝင်ငွေရရှိလျှက်ရှိကြောင်း စံပယ်ခြံပိုင်ရှင် ကိုနိုင်လင်းအောင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း