ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

     ဖေဖော်ဝါရီလ တတိယပတ်တွင် မင်းဘူးမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသောကြက်သွန်နီ(သစ်)ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၃၀၀)ဖြစ်ပြီး စတုတ္ထပတ်တွင် ကျပ်(၁၂၀၀)ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျလာပါကြောင်း၊ ကြက်သွန်နီများကို မဲဇလီ(ပွင့်ဖြူ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့၊ ပင်းချောင်း (ရေနံချောင်း) မြို့နယ်များမှ ဝယ်ယူရောင်းချလျက်ရှိပါကြောင်းနှင့် စားဖိုဆောင်သီးနှံများအနေဖြင့် ကြက်သွန်ဖြူ(ကြူကုတ်) ၁ ပိဿာလျှင် ကျပ်(၄၂၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ် (၆၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၂၃၀၀ မှ ၂၄၀၀)၊ ငရုတ်ခြောက်ရှည်(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ ဆားကြမ်း(၁)ပိဿာလျှင် ကျပ် (၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၅၀)ဖြစ်ပြီး ဈေးနှုန်းအနည်းငယ်တက်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရပါသည်။

     စားသုံးဆီများအနေဖြင့် နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၁၅၀၀) စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၇၀၀၀) ဖြစ်၍ စားသုံးဆီဈေးနှုန်းများမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

      

 

 

မိတ္ထီလာစျေးကွက်တွင် မြဝတီအဝယ်လိုက်၍ကြက်သွန်နီစျေးမြင့်လာ

           ဖေဖော်ဝါရီလတတိယပတ်အတွင်း မိတ္ထီလာဈေးကွက်မှ မြဝတီသို့ ကြက်သွန်နီတင်ပို့ခြင်းကြောင့် ယခင်တစ်ပတ်ဈေးမြင့်လာပါသည်။ ယခုတစ်ပတ်အတွင်း မိတ္ထီလာမှရန်ကုန်သို့ တစ်ရက်(၁၂) ဘီးကား (၁)စီးဖြင့် အခြားကုန်များရောက်၍ ကား(၁)စီးလျှင် ပိဿာ(၅၀၀၀)ခန့်  ၊ ပဲခူးသို့ (၆)ဘီး ကားဖြင့်တစ်ရက်လျှင် (၂) စီးခန့်ကို အခြားကုန်များနှင့်ရော၍ ကား(၁) စီးလျှင် (၃၀၀၀)ဝန်းကျင်ဖြင့် ပုံမှန်တင်ပို့ပါသည်။ ယခင်တစ်ပတ်က မြဝတီဝယ်လက်မှ အဝယ်ရှိခဲ့သော်လည်း ယခုတစ်ပတ်အတွင်း(၁၂) ဘီးကား၊ တွဲကားတို့ဖြင့် တစ်ပတ်အတွင်း (၅) စီးတင်ပို့ခဲ့ပါသည်။ ကုန်တင်ခမှ တစ်ပိဿာလျှင် မိတ္ထီလာ-ရန်ကုန် (၁၁၀)ကျပ်၊ မိတ္ထီလာ-ပဲခူး(၁၀၀)ကျပ်ဖြင့် စျေးငြိမ်နေပြီး မိတ္ထီလာ-မြဝတီမှာ (၁၆၀) ကျပ်စျေးရှိပါသည်။ စျေးနှုန်းအနေနှင့်ယခင်တစ်ပတ်က တစ်ပိဿာ (၈၀၀-၈၅၀) ကျပ်မှ ယခုတစ်ပတ် တစ်ပိဿာ (၉၀၀) ကျပ် စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း စျေးကွက်မှသိရှိရပါသည်။

DOCA(မန္တလေး)

 

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းသိသိသာသာကျဆင်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်းနှင့် ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

  ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပြီး ကွမ်းပျိုးပင် တစ်ပင်လျှင် ကျပ်(၄၀၀-၅၀၀)ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး လေးလခန့်အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိကာ တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ ၁၀၀၀ ခန့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်မှာ ကျပ် ၁၅ သိန်းခန့် ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုပေါ်မူတည်၍ ကွမ်းသက်တမ်း ( သုံးနှစ်မှ ခုနှစ်နှစ်အထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ နှင့်အထက်ရရှိကြောင်း သိရှိရပါသည်။

  မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ဇန်နဝါရီ စတုတ္ထအပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၁၀၀၀) ဈေးရရှိပြီး ယခု ဖေဖော်ဝါရီ စတုတ္ထအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၅၀၀၀)ဖြင့်သာ ရောင်းချရမှုမှာ ဆောင်းအကုန်နွေအကူးတွင် အထွက်နှုန်းပိုမိုများလာခြင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများပြားခြင်းကြောင့် ဈေးနှုန်း သိသိသာသာကျဆင်းခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများ တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                      

အညာဒေသထွက် သရက်သီးစိမ်း(ခေါ်)သရက်ကင်းများ စတင်ခူးဆွတ်ရောင်းချလျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ သရက်သီးစိမ်း(ခေါ်) သရက်ကင်းများ စတင်ပေါ်နေပြီဖြစ်ရာ ရာသီစာအဖြစ်စားသုံးသောကြောင့် သရက်ကင်းဈေးကောင်းရရှိကာ  ဝင်ငွေတိုးနေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရသည်။    

    ယခုချိန်တွင် ကုန်စိမ်းဈေးကွက်အတွင်း သရက်သီးစိမ်း(ခေါ်)သရက်ကင်းဈေးမှာ အသီးအနေ အထားပေါ် မူတည်၍ သရက်သီး (၁၀)လုံးလျှင် အနိမ့်ဆုံးငွေကျပ် ၅၀ဝ မှ ကျပ် ၁၀ဝ၀ ဈေးအထိ လက်လီရောင်းချရကြောင်း၊ သရက်ကင်း(၁)ပိဿာလျှင် ကျပ် (၉၀၀၀-၁၀၀၀၀) နှုန်းဖြင့် ပွဲစားများ က ခြံအရောက် လာရောက်ဝယ်ယူမှုများလည်းရှိကြောင်း၊ မိသားစုလုပ်အား၊ လုပ်သားအင်အား အချိန်မပေးနိုင်သည့် သရက်ခြံပိုင်ရှင်များအနေဖြင့် သရက်သီးပွဲစားများထံ အပင်ပြတ်၊ ခြံပြတ်၊ ရောင်းချကာ ခြံကို ပြုစုကြကြောင်း ၊အသီးရရှိမှု၊ အပင်သက်တမ်း၊ အရွယ်စားပေါ်မူတည်၍ သရက်ပင် တစ်ပင်လျှင် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းအထိ ဝင်ငွေရရှိကြောင်းနှင့်  စိုက်ပျိုးသော သရက်မျိုးများမှာ ဟင်္သာ၊ ရွှေပို၊ လက်ခုတ်၊ ဝါဆို၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ မချစ်စု၊ ပန်းဆွဲ သရက်အမျိုးခွဲအစုံ စိုက်ပျိုးကြကြောင်း သိရသည်။

   "ယခင်နှစ်ထက် ဒီနှစ်က အသီးပေါ်ချိန်နောက်ကျတယ်၊ အချို့သရက်ပင်တွေက ယခုမှ အပွင့်လှိုင်လှိုင်ပွင့်ကာ သီးကင်းတွေနဲ့ရှိသေးတယ်၊ ဈေးကွက်အတွင်း  လှိုင်လှိုင်မပေါ်သေးတဲ့အတွက် သရက်သီးစိမ်းဈေးက ဈေးကောင်းနေတာပါ"ဟု လက်ကားရောင်းဝယ်သူ သရက်ပွဲစား တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက် လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

       ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဖေဖော်ဝါရီလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၄၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျှင် (၆၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၅၀၀)ကျပ်ဖြင့် အသီးသီး ဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိပြီး နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မူဆယ်မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းအခြေအနေ

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ (၂၁.၂.၂၀၂၃)ရက်နေ့တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် (၁၀၈,၀၀၀)ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (၇၃,၀၀၀)ကျပ်၊ ရှမ်းဆန်တစ်အိတ်လျှင် (၇၀,၀၀၀)ကျပ်ရှိပြီး စားသုံး ဆီဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်၊ စားသုံးဆီ(ရိုးရိုး)တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ရှိပြီး ကုန်စိမ်းဈေးနှုန်းများမှာ အာလူးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ သခွားသီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကုလားပဲ တစ်ဘူးလျှင် (၁၀၀၀)ကျပ်၊ မုန့်ညှင်းချဉ် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငရုတ်သီးစီမ်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ရှိပြီး အသားငါးဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါး(အာပြဲခြောက်)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း မူဆယ်မြို့ လက်လီဈေးရောင်းချသူများမှတစ်ဆင့် သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

မိတ္ထီလာနယ်တွင် ဆေးဈေးနှုန်းများ ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ( ၂၁ ) ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးဝါးများကိုစျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန်ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားမဝင်ဆေးဝါးများ၊ အတုအပနှင့်အရည်အသွေးနိမ့်ဆေးဝါးများရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ ဆေးပစ္စည်းများနှင့်အထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့်စျေးနှုန်းမှန်ကန်မှုရှိစေ‌ရေးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိခြင်း၊ ဆေးစျေးနှုန်းမှာ အခြားကုန်စည်များနည်းတူ အတိုင်းအတာတစ်ခုထိမြင့်တက်လာသော်လည်း စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်းတွေ့ရှိရ၍ အရောင်းဆိုင်လုပ်ငန်းရှင်များအား ကုန်စည်များကိုစျေးကွက်အတွင်း စျေးနှုန့်မြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုတ်) စျေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၂၁/၂၀၂၀ အရဆေးဝါးများကိုအ‌ရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်သဖြင့် အ‌ရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေ ပုဒ်မ ၅ အရအ‌ရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဒေသတွင်း ဝါသီးနှံလက်ကျန်နည်းလာ

        မိတ္ထီလာခရိုင်အတွင်း ဖေဖော်ဝါရီလ တတိယအပတ်၌ ဝါထွက်ရှိမှု မရှိသလောက်နည်းလာသဖြင့် ဂွမ်းစျေးများမြင့်တက်လာပါသည်။ ဝါသီးနှံကိုခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း စသည့်မြို့နယ်အားလုံးတွင် စိုက်ပျိုးကာ မလှိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးပါသည်။ ဝါသီးနှံကိုအောက်တိုဘာလမှ စတင်ကောက်သိမ်းရာ စတင်ကောက်သိမ်းချိန်မှ သီးနှံလှိုင်ချိန်အထိ ကောက်သိမ်းလုပ်သားခကို တစ်ပိဿာအပေါ် ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၃၀၀ ကျပ်ပေးချေရပါသည်။ ဖေဖော်ဝါရီလအတွင်း ဝါသီးနှံကုန်ဆုံးလုနီးပြီး၊ ဝါလေ(အရည်အသွေး နိမ့်ဝါ)များကိုမူ အချို့သောကျေးရွာရှိ တောင်သူများကလုပ်သားနှင့်တောင်သူလုပ်ငန်းရှင်နှစ်ဦး အချိုးတူအကျိုးအမြတ်ရယူကောက်သိမ်းကြပါသည်။ လုပ်ငန်းကျွမ်းကျင်မှုရှိသော ဒေသခံလုပ်သားများအနေနှင့်သီးနှံထွက်ရှိမှုလှိုင်ချိန်တွင်လည်း တစ်ဦးလျှင်တစ်ရက် ပိဿာ (၃၀) ကျော် ကောက်သိမ်းနိုင်ခြင်းကြောင့် လုပ်ငန်းရှင်များအတွက် အားထားရသဖြင့်သီးနှံ ထွက်ရှိမှု ရှားပါးချိန်တွင်လည်း အကျိုးတူမျှတခံစားကြခြင်းဖြစ်ပါသည်။ ဝါစျေးမှာ သီးနှံထွက်ရှိရာသီကုန်ပြီဖြစ်၍ ဝါ (အညံ့စ) တစ်ပိဿာလျှင် (၂၇၀၀ကျပ် မှ ၃၃၀၀ ကျပ်)အထိ စျေးမြင့်လာကာ ဝါသည်များလက်ဝယ်တွင်လည်း ဝါလက်ကျန်မရှိသလောက်နည်းလာပြီး ဂွမ်းလက်ကျန်များပြားလာကာ ဝါစျေးမြင့်သဖြင့်ဂွမ်းစျေးမှာ တစ်ပိဿာ (၇၅၀၀) ကျပ်ရှိသောကြောင့် ယခင်တစ်ပတ်ထက် (၂၀၀) ကျပ် မြင့်တက်လာကြောင်း စျေးကွက်မှသိရှိရပါသည်။

DOCA(မန္တလေး)

 

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာနှင့် သီဟိုဠ်စျေးကွက်အခြေအနေ

    တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာနှင့်  သီဟိုဠ်များကို အဓိကထား စိုက်ပျိုးလျက်ရှိရာ  ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၂၀.၂၁)ပေါင်နှင့် တစ်နှစ်စာပျှမ်းမျှ အထွက်နှုန်းမှာ (၄၇၈၃၄) မက်ထရစ်တန် ရှိပါသည်။

    မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုးရှိရာ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5ဟူ၍ ( ၂ ) မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ယခုအပတ်   ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၅၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၅၀ နှုန်း ပေါက်ဈေး ရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာ ဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။ သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး ယခု ​ဖေဖော်ဝါရီလတွင် သီဟိုဠ်စေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ရှိပြီး သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြစ်ကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

  တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရော်ဘာစျေးနှုန်းအနေဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိပြီး သီဟိုဠ်စေ့စျေးနှုန်းမြင့်တက်လျက်ရှိရာ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံး တင်ပို့လျက်ရှိကြောင်းနှင့်  ယခုအခါ  သယ်ယူပို့ဆောင်ခ ထားဝယ်မှ ကော့သောင်းသို့ (ကားခ) တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀)ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)

“ ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိ ”

       ကျောက်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနက ကျောက်မဲမြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆန်ဆိုင်များသို့သွားရောက်၍ ဆန်ပေါက်ဈေးနှုန်းများအား (၂၀.၂.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်း မေးမြန်းခဲ့ပါသည်။

       ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအနေဖြင့်  ငါးနီအမှတ်တံဆိပ် ပေါ်ဆန်းမွှေး တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ မဂျမ်းတော တစ်ပြည်လျှင် (၃၂၀၀)ကျပ်၊ စူပါ၀% တစ်ပြည်လျှင် (၂၇၀၀)ကျပ်၊ ပေါ်ဆန်းဆလပ် တစ်ပြည်လျှင် (၂၅၀၀)ကျပ်ဖြစ်ပြီး ဇန်နဝါရီလနောက်ဆုံးပတ် ဈေးနှုန်းများထက် ခန့်မှန်းခြေ (၂၀၀)ကျပ် မြင့်တက်သွားကြောင်း သိရှိရပါသည်။

      ဆန်ဈေးနှုန်းများတည်ငြိမ်မှုမရှိဘဲ မြင့်တက်ချိန်တွင် ဒေသထွက်ကြိတ်ဆီ ပဲဆီဈေးနှုန်းများနှင့် အခြားမြို့များမှထွက်ရှိသော ပဲဆီဈေးနှုန်းများမှာ မြင့်တက်မှုမရှိဘဲတည်ငြိမ်မှုရှိကြောင်းနှင့် လက်ရှိပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း