ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တလင်းမြို့နယ်ရှိ ယောက်ျားကြီး ငါးငပိလုပ်ငန်း

              ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၅.၂၀၂၂) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ယောကျ်ားကြီး ငါးငပိလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ယောက်ျားကြီး ငါးငပိလုပ်ငန်းသည် (၁၉၇၄) ခုနှစ် ဘိုးဘွားမိဘများ လက်ထက်ကပင် စတင်လုပ်ကိုင်ခဲ့သော လုပ်ငန်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ပြောင်း သွားခဲ့သော်လည်း ရှေးလူကြီးများ၏ နည်းလမ်းများအတိုင်း ငါးငပိကို သိပ်ကြောင်း သိရပါသည်။ ခေတ်မှီဆေးဝါးများကြောင့် အသီးအပွင့်များ ဖွံ့ဖွံ့ထွားထွားနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လှပနေသော်လည်း ဘေးထွက်ဆိုးကျိုးအနေဖြင့် စားသုံးမိသူများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့် ယောက်ျားကြီး ငါးငပိသည် ခေတ်မီ ဆေးဝါးများ မသုံးစွဲ၊  ယင်မနား ဆေးများမသုံး ၊ လောက်သေဆေး မသုံးစွဲသည့်အတွက် “ငပိနဲ့လောက် စိန်နဲ့ ကျောက်” ဆိုသည့် ဆိုရိုးစကားရှိသည့်အတိုင်း သိပ်ထားသော ငပိဖြစ်သဖြင့် ဂရုစိုက်၍ လုပ်‌ဆောင်နေသည့်ကြား၌ပင် တစ်ခါတစ်ရံတွင် ပိုးဉလေးများ ပါသွားတတ်ပါသည်။ ယင်မနားဆေးများ မသုံးထားပဲ ငါးပိအိုး သိပ်သည့်အခါ အပေါ်ယံဂုတ်ထိုးထားသည့်အပေါ်တွင် ပိုးဉလေးများ တွေ့ရှိရပါသော်လည်း ငပိအသားထဲ ပိုးကောင်ရောက်သွားခြင်းမရှိပါ။ ဆေးဝါးမသုံးထားသည့် သဘာဝပစ္စည်းဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါကြောင်း သိရှိရပါသည်။ စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သွေးမတိုးအောင် ဆားလျော့ထည့်ပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ငါးငပိပြုလုပ်ရာတွင် ငါးတစ်မျိုးတည်းကို သီးသန့်ထုတ်လုပ်ထားခြင်းမရှိ ၊ ငါးမျိုးစုံ ဆားဖြူငါး ၊ ငါးဇင်ရိုင်း၊ ငါးနှပ်၊ ငါးဖျင်းစလက်ကို ရန်ကုန်၊ မော်လမြိုင်၊ ဘိုကလေးဒေသများမှ ငါးပြား၊ ငါးဘူးအစုံငါးများ ဝယ်ယူပြီး ငါးမျိုးစပ် (၃) (၄) မျိုးရောနှောထုတ်လုပ်ရောင်းချကြောင်း၊ ငါးဇင်ရိုင်းသည် ငပိရည်လှအောင် ထည့်ရပီး ငါးနှပ်သည် ငပိရည်ကို ချိုမြိန်စေပါသည်။ ငါးဖျင်းစလက်ငါးများသည် ငပိရည်အနံကို မွှေးကြိုင်စေပါသည်။ ငါးရံ့ငပိကို သီးသန့်ထုတ်လုပ်ရောင်းချပြီး ငပိရည်အရောင်လှအောင် အငံပေါ့အောင် မွှေးနေအောင် စသည့် ငါးတစ်မျိုးခြင်းစီ၏ ဂုဏ်သတ္တိများ ပေါင်းစပ်ပြီး ထုတ်လုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ငပိရည်ကျိုလျှင် ကျဲမနေအောင် ဆန်ကျိုပြီး ရောစပ်ကာ စဉ့်အိုးကြီးများထဲ (၃)လမှ (၆)လအထိ အနည်းဆုံးသိပ်ထည့်ကာ ပြုလုပ်ပြီးမှ ရောင်းချရကြောင်း သိရှိရပါသည်။ ယောက်ျားကြီးငါးငပိ ထုတ်လုပ်ရာတွင် ဈေးကွက်သို့အရောက် လုပ်သားခ တစ်ဦးလျှင် (၅၀၀၀) ကျပ်ဖြင့် လုပ်သား(၆)ဦး ငှားရမ်းသုံးစွဲရပါသည်။တစ်နေ့လျှင် ငါးငပိ ပိဿာ(၁၀၀)ကျော်ခန့် ရောင်းချရကြောင်း သိရှိရသည်။

          ယောက်ျားကြီး ငါးငပိကို(၃ပိဿာ-၂ပိဿာ-၁ပိဿာ-၈၀ကျပ်သား-၅၀ကျပ်သား-၃၀ကျပ်သား-၂၅ကျပ်သား) စသည့် ငပိဗူးပုံစံ အမျိုးမျိူးဖြင့် ထည့်သွင်းရောင်းချကြောင်း သိရှိရပြီး  ယောက်ျားကြီးငါးပိ တစ်ပိဿာ ရောင်းဈေးနှုန်းမှာ (၂၅၀၀/)ကျပ် ရောင်းချရ၍ အမြတ်အစွန်းအနေဖြင့် ၁ပိဿာလျှင် (၃၀၀/)ကျပ် ရရှိကြောင်း သိရှိရပါသည်။ ယောက်ျားးကြီး ငါးငပိကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများစားသုံးစေချင်၍ ပြန်လည်ရောင်းချမည်ဆိုပါလျှင်လည်း ကိုယ်စားလှယ်များဖိတ်ခေါ်ပါကြောင်း၊ တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားခြင်းမရှိဘဲ မည်သူမဆိုလက်ကားဈေးဖြင့် ဝယ်ယူရောင်းချနိုင်ကြောင်း၊ စားသုံးသူပြည်သူများကို အမြဲလေးစား စေတနာထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာ အစားအစာ ငပိရည်ကို တန်ဖိုးထားပြီး စားသုံးစေချင်ကြောင်း ၊ယောက်ျားကြီး ငါးငပိသည် စားသုံးသူများကြိုက်နှစ်သက်ပြီး ဈေးကွက်အတွင်း နာမည်ရနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

          ယောက်ျားကြီးငါးငပိကို မြန်မာတစ်နိုင်ငံလုံးအပြင် နိုင်ငံရပ်ခြားသို့လည်း ပို့ဆောင်ပေးပြီးနတ်တလင်း မြို့ဈေးကွက်အနေဖြင့် ရန်ကုန်-ပြည်ကားလမ်းဘေးတွင် တစ်ဆင့် ရောင်းချသည့်ဆိုင်(၂)ဆိုင်နှင့် မိမိအိမ်ဆိုင်တွင်လည်း ရောင်းချလျှက်ရှိရာ ခရီးသွားပြည်သူများ ဝယ်ယူစားသုံးနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်အာလူးပုံမှန် အရောင်းအဝယ်ဖြစ်

           ပဲခူးတိုင်းဒေသကြီး၊ပြည်ဈေးကွက်သို့ ရှမ်းပြည်ဘက်မှ ရှမ်းအာလူးနှင့် မန္တလေးဘက်မှ တရုတ်အာလူးများ မေလတတိယပတ်အတွင်း အိတ် ၁၀၀-၁၅၀ ခန့်သာ အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်း အဝယ်အနေဖြင့် ပြည်ခရိုင်ရှိ မြို့နယ်များမှ ဝယ်ယူသူများ၊ ပြည်မြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် လက်လီဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ဈေးနှုန်းအနေဖြင့် ယခင်ရှမ်းအာလူးနှင့် တရုတ်အာလူးဈေးနှုန်း ကွာခြားမှုရှိသော်လည်း ယခုတစ်ပတ်တွင်  ဈေးနှုန်းကွာဟမှုမရှိသည်ကို တွေ့ရှိရပြီး အရည်အသွေးနှင့် ဆိုဒ်အကြီး အသေး ပေါ်မူတည်၍ ဈေးပြောင်းလဲခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်တွင် အာလူးလက်ကား (ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၂၀၀၀-၂၁၀၀၊ လက်လီဈေး ကျပ် ၂၂၀၀-၂၈၀၀ ဈေးရှိကြောင်း သိရှိရပြီး မေလပထမပတ် ဈေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာကို ကျပ် ၃၀၀-၄၀၀ ဈေးမြင့်လာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရောင်းအားကောင်းနေသောဒေသထွက်  အာလူးကြော်နှင့် အသားတုကြော်လုပ်ငန်းသို့ သွားရောက် ကွင်းဆင်းစစ်‌ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (25.5.2022) ရက်နေ့တွင် ကျောက်မဲမြို့၊ ရပ်ကွက်(7)၊ မြောက်ကုန်းရပ်ရှိ ရောင်းအားကောင်းနေသော "ရွက်နုဝေ” အမှတ်တံဆိပ် အာလူးကြော်နှင့် အသားတုကြော်လုပ်ငန်းသို့ သွားရောက်၍ စားသောက်ကုန်လုပ်ငန်းရှင်ဖြစ်သည့် မပိုးအိမ်စည်နှင့် တွေ့ဆုံပြီး ထုတ်လုပ်ရောင်းချ နေမှုများကို လေ့လာကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          “ရွက်နုဝေ” အမှတ်တံဆိပ်အာလူးကြော်၊ အသားတုကြော်များ ရောင်းအားကောင်းနေခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် လုပ်ငန်းရှင်က ထုတ်လုပ်သည့် အာလူး၊ အသားတုများကို ဓာတုဆိုးဆေးပစ္စည်းနှင့် ပွဆေးပစ္စည်းများ သုံးစွဲခြင်း မရှိဘဲ လက်ဆတ်သန့်ရှင်းကြွပ်ရွအောင် ဆီကိုသာအများဆုံး အသုံးပြုကြော်လှော်ခြင်း၊ ဆီကို တစ်ရက်လျှင် တစ်ရက်အကျန်မထားဘဲ ကွက်တိချိန်ဆ ကြော်လှော်ပြီး ဈေးနူန်းအမြတ်အများ ကြီးမစားဘဲ စားသုံးသူများ သင့်တင့်စွာ စားသုံးနိုင်သော ဈေးနူန်းများဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

          ၎င်းအာလူးကြော်နှင့် အသားတုကြော်များကို ကျောက်မဲမြို့အတွင်းတွင် သာမက သီပေါ၊ နောင်ချို၊ လောက်ကိုင်၊ နမ့်ဆန်မြို့များနှင့် အခြားသောကျေးရွာများသို့ ထုတ်လုပ်ဖြန့်ဖြူး တင်ပို့ရောင်းချနေကြောင်း  နှင့် မှာယူသည့်အပေါ်မူတည်၍ မြို့နယ်များအလိုက် ရောင်းအား တူညီမှုမရှိကြောင်း သိရှိရပါသည်။ ကျောက်မဲမြို့ပေါ်၌ ၎င်းအာလူးကြော်ကို ပိဿာအလိုက် မှာယူ၍ တစ်ရက်လျှင် (10)ပိဿာရောင်းချရပြီး (1)ပိဿာကို (800ဝိ/-)ကျပ်ရရှိကြောင်း၊ အခြားမြို့များကို အထုတ်ရေဖြင့် ရောင်းချလျက်ရှိပြီး သီပေါမြို့သို့ တစ်ရက်လျှင် အာလူးကြော်၊ အသားတုကြော် (150)ထုပ်အား နေ့စဉ် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ နောင်ချိုမြို့သို့ (5)ရက်တစ်ကြိမ် နှစ်မျိုးပေါင်း အထုပ်ရေ (400မှ500)ထိ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လောက်ကိုင်မြို့များနှင့် နမ့်ဆန်မြို့များသို့ မှာယူသည့်အချိန်ပေါ်မူတည်၍ အထုပ်ရေ (200 မှ 300)အထိ တင်ပို့ရောင်းချရပြီး အခြားကျေးရွာများတွင် (5)ရက် (1)ပတ် ဈေးနေ့တိုင်း အကြော် နှစ်မျိုး ထုပ်ရေ (900 မှ 1000)ထုပ်စီ တင်ပို့ရောင်းချရကြောင်းနှင့် ဈေးနူန်းမှာ လက်လီ/ လက်ကား ခွဲခြားမူမရှိဘဲ ပုံမှန် တစ်ထုပ်လျှင် (40ဝိ/-)ကျပ်နူန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ပြည်ကြက်သွန်ဈေး အနည်းငယ်မြင့်တက်

            ပြည်ကြက်သွန်နီဈေးကွက်သို့ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်တွင် ပိဿာ(၃၀)ဝင်အိတ် ၄၅၀ခန့် အဝင်ရှိနေပြီး အရောင်းအဝယ်အနေဖြင့် ပြည်ပွဲရုံ ဈေးကွက်အတွင်း ကဆုန်လပြည့်အလှူအတန်းများကြောင့် အရောင်းအဝယ်သွက်ခဲ့ပြီး ယခုလပြည့် ကျော်နောက်ပိုင်းကာလများတွင် အရောင်းအဝယ်အေးလျက်ရှိပြီး ပြည်ဈေးကွက်မှ သာယာဝတီခရိုင်သို့ လည်းကောင်း၊ ပန်းတောင်း ဥသျှစ်ပင်သို့လည်းကောင်း၊ ဧရာဝတီတိုင်း ကြံခင်းဘက် သို့လည်းကောင်း စျေးကွက်စီးဆင်းမှုများလည်းရှိနေပါသည်။ ဈေးနှုန်းမှာ ယခင်အပတ်ကထက် တစ်ပိဿာလျှင် ကျပ် ၁၅၀နှုန်း မြင့်တက်လျက်ရှိပြီး ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် ၁၀၅၀/၉၅၀/၈၅၀ တို့နှင့် လက်လီဈေးအသေးများတွင် တစ်ပိဿာလျှင် ကြီး/လတ်/သေး ၁၃၀၀-၁၂၅၀/၁၂၀၀-၁၁၀၀/၁၀၀၀-၉၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ ချင်းနှင့် မန်ကျည်းမှည့်စျေးကွက်

        ပဲခူးတိုင်းဒေသကြီး၊ပြည်ချင်းပွဲရုံများသို့ မေလပထမပတ်တွင် ချင်းအိတ် ၂၀၀/၃၀၀ ခန့် အဝင်ရှိသည့်အတွက်  ချင်းလှောင်လက်သမားများနှင့်  ပွဲစားများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပြီး ချင်းဈေးများမှာ  (ပွဲရုံဈေး) တစ်ပိဿာလျှင် ၉၀၀/၁၀၀၀ကျပ် ဖြစ်ပြီး လက်လီဈေးများမှာ  ၁၅၀၀/၁၈၀၀ကျပ် ဈေးဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လထက် ချင်းတစ်ပိဿာ ပေါက်စျေးပေါ်  ၂၀၀/၃၀၀ကျပ် ဈေးကျလာသည်ကို တွေ့ရှိရပါသည်။ ဒါးလှီးချင်း(ဖတ်) တစ်ပိဿာလျှင် ၁၇၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိနေပါသည်။

           ပြည်မန်ကျည်းမှည့်ပွဲရုံများမှာ ဒေသတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်လီသမားများ အဝယ်ရှိသောကြောင့် တစ်နေ့လျှင် ပိဿာ ၂၀၀ ကျော်ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း ၊ မေလ တတိယပတ်တွင် မန်ကျည်းမှည့် (ကတုံး) တစ်ပိဿာလျှင် ၁၇၀၀ ကျပ်နှင့် (အသား)ဈေး တစ်ပိဿာလျှင် ၃၂၀၀ကျပ်တို့ဖြင့် လက်ကားရောင်းချနေပြီး လက်လီဈေးများမှာ  မန်ကျည်းမှည့် (အသားဈေး) တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်နှမ်းစျေးငြိမ်၍ စျေးအေးနေသော်လည်း မြေပဲဆန်စျေး ဆက်လက်မြင့်တက်

          ပြည်ဈေးကွက်တွင် ၂၀၂၂ ခုနှစ် ၊ မေလတတိယပတ်တွင် နှမ်းသီးနှံဈေးများမှာ မေလ ပထမပတ် ကအတိုင်း နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ် ၊  စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်ဖြင့် စျေးငြိမ်နေခဲ့ပြီး အောင်လံနှင့် မန္တလေးဝယ်လက်များမှ နှမ်းနက်နှင့် စမုံနက် နှမ်းကို တခါတရံအဝယ်ရှိသဖြင့် အရောင်းအဝယ်ဖြစ်ပါက အိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ နှမ်းနီမှာ ဆီကြိတ်သည့် ဆီစက်သမားများက ဒေသတွင်းသာ ဆီကြိတ်၍ ရောင်းချရန်အတွက် အနည်းငယ်သာ အဝယ်ရှိသဖြင့် အိတ် ၄၀/၅၀ခန့်သာ အရောင်းအဝယ် ဖြစ်   လျှက် ရှိပါသည်။ နှမ်းနီဈေးမှာ မေလပထမပတ်ကအတိုင်း (၃)တင်းတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးတန်းသာရှိပြီး တခါတရံမှသာအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ယခု မေလတတိယပတ်တွင် နှမ်းစျေးနှုန်းများငြိမ်၍ စျေးအေးနေသော်လည်း မြေပဲဆန် စျေးမှာ ဆက်လက် မြင့်တက်လျက်ရှိပါသည်။ မင်းတုန်းမြို့နှင့် ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆန်အိတ် တစ်နေ့လျှင် ၆၀၀/၇၀၀ ခန့်အဝင်ရှိပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ လုံးဆန် အဖြူကို ရန်ကုန် ဝယ်လက်နှင့် မြဝတီသို့ တင်ပို့ရန်အဝယ်ရှိသဖြင့်  တစ်ပိဿာလျှင် ၄၁၀၀ကျပ်ထိ ဈေးမြင့်တက်လာခဲ့၍ လုံးဆန်အနီမှာ မြို့တွင်းပဲလှော်ဖိုသမားများနှင့် နယ်ဘက်ရှိ လက်လီသမားများက အဝယ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၉၀၀ကျပ်ဖြင့် မေလပထမပတ်ထက်စာရင် ဈေးဆက်လက် မြင့်တက်လာခဲ့ပါသည်။ မြေပဲဆီကြိတ်ရန် ဝယ်ယူသည့် ဆီဆန်တစ်မျိုးသာ ဆီစက်လုပ်ငန်းရှင်များကဝယ်ယူမှုအားနည်းနေသဖြင့် တစ်ပိဿာလျှင် ၃၇၀၀ ကျပ်ဖြင့် မေလပထမပတ် စျေးအတိုင်း ဈေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မတ်ပဲဈေး အတက်အကျမငြိမ်သော်လည်း ပုံမှန်ရောင်းဝယ်မှုဖြစ်နေ

            ပြည်ပဲဈေးကွက်တွင် ယခုမေလအတွင်း ပြည်ပဝယ်လက်ပဲသီးနှံများထဲမှ ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံများဖြစ်ပြီး ပဲဝင်ရောက်မှု မရှိတော့သလို လက်ကျန်ပဲလည်းမရှိသလောက် ဖြစ်ခဲ့၍ အရောင်းအဝယ်မဖြစ်ဘဲ မတ်ပဲသီးနှံသာ အရောင်းအဝယ်ဖြစ်လျှက်ရှိနေပါသည်။ မတ်ပဲသီးနှံမှာ နေ့စဉ် အဝင်မရှိသော်လည်း လက်ကျန်ပဲ၊ လှောင်ပဲများရှိခဲ့သောကြောင့် ဝယ်လိုအားရှိမှုအပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မေလဆန်းပိုင်းတွင် တစ်တင်းလျှင် ၄၈၀၀၀ကျပ်ကျော်အထိ ရောင်းဝယ်ခဲ့ကြပြီး မေလ(၁၀)ရက်နောက်ပိုင်း တစ်တင်း ၄၆၀၀၀ကျပ်ထိ ဈေးလျော့နည်းခဲ့ကာ ယခုရက်များတွင် တစ်တင်းလျှင် ၄၇၀၀၀ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။ မတ်ပဲသီးနှံမှာ ယခင်နှစ်က တစ်တင်း ၃၁၀၀၀ကျပ်ဖြင့်သာ ရောင်းဝယ်နေကြပြီး ဇွန်၊ ဇူလိုင်လများတွင် တဖြည်းဖြည်း မြင့်တက်လာခဲ့ကာ ဩဂုတ်လတွင် တစ်တင်းလျှင် ကျပ် ၄သောင်းကျော်အထိ မြင့်တက်လာခဲ့ရာမှ သီတင်းကျွတ်ကာလတွင် တစ်တင်းလျှင် ကျပ် ၆သောင်းကျော်အထိ မြင့်တက်လာသောကြောင့် လှောင်ပဲသမားများမှာ ယခုကာလပဲဈေးငြိမ်နေသော်လည်း ယခင်နှစ်ကလို နောက်ပိုင်း ကာလ များတွင် ဈေးမြင့်တက်လာနိုင်သည့် အခြေအနေများကို စောင့်မျှော်ပြီး ထုတ်ရောင်းချမှုမရှိကြောင်း  သိရှိရပါသည်။ ပဲစိုက်တောင်သူများမှာလည်း ငွေလို၍ရောင်းချခဲ့ကြသူများသာ ရှိသော်လည်း အဆင်ပြေသည့် ပဲစိုက်တောင်သူများမှာ လက်ဝယ်ဆက်လက် သိုလှောင်ထားလျှက်ရှိကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကုန်စည်ဒိုင်တွင် ရောင်းချလျှက်ရှိသော ပဲဈေးနှုန်းဈေးကွက် အခြေအနေ

             ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် မတ်ပဲဈေးနှုန်းမှာ မေလပထမပတ်တွင် ပိဿာ (၂၀)ဝင် ပဲတစ်တင်းကို ၄၈၀၀၀ကျပ်မှ ၄၇၆၀၀ ကျပ်ဈေးဖြစ်လာပြီး ဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၈၀၀၀-၄၈၅၀၀ ကျပ်ထိဈေးတက်လာရာမှ ပဲတစ်တင်းကို ၄၆၀၀၀ ကျပ်ထိ ဈေးကျသွားပြီး ဝယ်လက်အနေဖြင့် ရန်ကုန်ဝယ်လက်ရှိသော်လည်း တစ်ရက်ကို အိတ် ၁၀၀/၁၅၀ ခန့်သာ အရောင်းအဝယ်ရှိခဲ့ပါသည်။ မေလတတိယပတ်တွင် ပဲတစ်တင်းကို ၄၆၇၀၀-၄၇၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ် အနည်းငယ်ရှိခဲ့ပြီး မေလစတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၄၇၃၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

          မေလပထမပတ်တွင်  ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၅၀၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၄၆၀၀၀-၄၆၃၀၀ ကျပ်ဈေးဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ခွဲစက်သမားများ အဝယ်ရှိခဲ့ပါသည်။ မေလဒုတိယပတ်တွင် ကုလားပဲဈေး အနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ (ဟော်လန်) တစ်တင်းကို ၄၅၀၀၀-၄၅၅၀၀-၄၆၀၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကုလားပဲဈေးမှာ ပိုကောင်းလာပြီး ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၆၅၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၄၇၈၀၀-၄၈၀၀၀-၄၈၅၀၀ ကျပ်ဈေးထိဈေးတက်ခဲ့ကြောင်း၊ ခွဲစက်သမားများ မြို့တွင်းရောင်းဝယ်မှုနှင့် ရန်ကုန်အဝယ်ရှိခဲ့ကြောင်း၊ မေလတတိယပတ်တွင် ကုလားပဲ(ဟော်လန်) တစ်တင်းကို ၄၇၀၀၀-၄၇၂၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၅၀၀-၄၉၀၀၀ကျပ်ထိ ဈေးမြင့်ခဲ့ကြောင်း၊ ရန်ကုန် အဝယ်ရှိခဲ့ကြောင်း၊  မေလစတုတ္ထပတ်တွင် ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၇၃၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၄၈၇၀၀-၄၈၈၀၀ကျပ်ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

          မေလပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၆၀၀၀၀-၆၃၀၀၀-၆၅၀၀၀ ကျပ်၊ ဒုတိယပတ်တွင်  ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၆၀၀၀၀-၆၃၀၀၀-၆၅၀၀၀ ကျပ်ဖြင့် ဈေးအေးနေပြီး မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ်အနည်းငယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မေလတတိယပတ်တွင် ပဲကြီး ပုံမှန်အရောင်းအဝယ်ဖြစ်သော်လည်း ပဲဈေးမှာ အေးနေကြောင်း သိရပါသည်။ မေလစတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၆၅၀၀၀ - ၆၇၀၀၀ကျပ်ဖြင့် ဈေးမြင့်ခဲ့ပြီး  မြို့တွင်းပဲကြော်သမားများ အဝယ်ရှိခဲ့ပါသည်။

          မေလအစတွင် စားတော်ပဲ (ကျွန်း) တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်း ရောင်းဝယ်မှု ရှိခဲ့ပြီး၊ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၈၅၀၀၀-၈၇၀၀၀ကျပ် ဈေးဖြင့် အနည်းငယ်ဈေးတက်ခဲ့၍ တစ်ရက်ကို အိတ် ၂၀/ ၂၅ခန့် အဝယ်ရှိခဲ့ပါသည်။ မေလတတိယပတ်တွင် ပဲတစ်တင်းကို ၈၃၀၀၀-၈၅၀၀၀ကျပ်ဈေးဖြင့် ဈေးအေးနေခဲ့ပြီး  မေလစတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၈၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ဘိုကိတ်သီးနှံဈေးမှာ မေလပထမပတ်တွင် ပဲတစ်တင်းကို ၃၄၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး၊ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၃၄၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး တစ်ရက်လျှင်အိတ်ရေ ၄၀/၅၀ခန့် ရန်ကုန်မှ အဝယ်ရှိခဲ့ပါသည်။ မေလ တတိယပတ်မှာတော့ ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် ပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မေလစတုတ္ထပတ်တွင် ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် ဈေးငြိမ်ပြီး တစ်ရက်ကို အိတ်၄၀/၅၀ခန့် အဝယ်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မေလတွင် မတ်ပဲဈေးအတက်အကျ အနည်းငယ်သာရှိနေပြီး ကုလားပဲနှင့် ပဲကြီးသီးနှံမှာ ဈေးအနည်းငယ်မြင့်လာပြီး ကျန် စားတော်ပဲ၊ ဘိုကိတ် သီးနှံမှာတော့ ဈေးအေးနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ဖျာပုံခရိုင်ရှိနွေစပါး ဈေးနှုန်းဈေးကွက်

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်သည် နွေစပါးကို ဧက (၄)  သိန်းနီးပါးခန့်စိုက်ပျိုးပြီး ခရိုင်(၆)ခရိုင်တွင် နွေစပါးအများဆုံးစိုက်ပျိုးသည့်ခရိုင် ဖြစ်ပါသည်။ မြစ်ချောင်းအင်းအိုင် ပေါများသည့်ဒေသဖြစ်သဖြင့် နုံးတင်မြေနုများသည့် စိုက်ပျိုးဧရိယာရှိသဖြင့် စပါးစိုက်ပျိုးရာတွင် သွင်းအားစု အနည်းဆုံးနှင့် ကောင်းမွန်သည့် စပါးထွက်ရှိမှုကြောင့် ဆန်၊ စပါးကိုအများဆုံး စိုက်ပျိုးသည့်ခရိုင်တစ်ခု ဖြစ်ပါသည်။

          ဖျာပုံခရိုင်တွင် နွေစပါးအနေဖြင့် သီးထပ်ရင်နှင့်ရက်(၉၀)စပါးမျိုးများစိုက်ပျိုးပြီး  ထွက်ရှိသည့် နွေစပါးသည် မတ်လတွင် စတင်ထွက်ပေါ်ကာ မတ်လကုန်နှင့်ဧပြီလဆန်းတွင် ဈေးကွက်ထဲသို့ ရောက်ရှိပြီး အရည်အသွေးကောင်းမွန်၍ အကျိုးအကြေနည်းသဖြင့် ရောင်းဝယ်မှု သွက်လက်ကာ နေ့စဉ် ကုန်းလမ်းမှ ရန်ကုန်မြို့သို့ ပျှမ်းမျှအိတ်ရေ (၅၀၀ မှ ၁၀၀၀) ခန့်နှင့် ရေလမ်းခရီးမှ ဘိတ်မြို့သို့ (၁)ပတ်လျှင် အိတ်ရေ (၁၀၀၀၀)ခန့် တင်ပို့ရောင်းချလျှက်ရှိပါသည်။ ယခုနှစ်နွေစပါးပေါ်ချိန်တွင် (၄၆)ပေါင်ကိုက် နွေစပါးတင်း(၁၀၀)လျှင် ၇၄၅၀၀၀ကျပ် မှ ၇၆၃၀၀၀၀ကျပ်ထိ၊ ဆန်တစ်အိတ်လျှင် ၂၇၀၀၀ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဧပြီလလယ်တွင် စပါးတင်း (၁၀၀) လျှင် ၇၀၈၀၀၀ ကျပ် မှ ၇၄၅၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၂၇၀၀၀ကျပ်  ဈေးရှိခဲ့ပြီး မေလဆန်းတွင် ၇၅၄၀၀၀ကျပ် မှ ၇၆၃၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၂၈၀၀၀ကျပ်၊ မေလလယ်တွင် စပါးဈေးတင်း(၁၀၀)လျှင် ၇၇၂၀၀၀ကျပ် မှ ၇၈၂၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးများ စတင်ရိတ်သိမ်း

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့်အဖွဲ့သည် (၂၀.၅.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပေါက်ခေါင်း မြို့နယ်၊ ကင်ပွန်းခြုံကျေးရွာအုပ်စု၊ ရေဖြူကျေးရွာသို့သွားရောက်၍ နွေစပါးစိုက်ပျိုးလျှင်ရရှိနိုင်သည့် တောင်သူအကျိုးအမြတ်၊ စပါးဈေးနှုန်းဈေးကွက် အခြေအနေများအား သိရှိနိုင်ပါရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ပြည်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ဧကမှာ (၆၁၀၀၀)ခန့် စိုက်ပျိုးပြီး ပေါက်ခေါင်း မြို့နယ်အနေဖြင့် ဧက (၁၀၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပါသည်။ နွေစပါးများစိုက်ပျိုးသော ရေဖြူ ကျေးရွာရှိ တောင်သူ ဦးဝင်းမောင် နှင့် တွေ့ဆုံမေးမြန်းရာ နွေစပါးစိုက်ဧက (၇)ဧက စိုက်ပျိုး ထား ရှိပြီး ယခုအချိန်တွင် စပါးများရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ စိုက်ပျိုးသည့်  စပါးမျိုးများမှာ GW-11 မျိုးဖြစ်ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၈၅)တင်းခန့်ထွက်ရှိကြောင်း၊ နွေစပါးတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ကျပ်(၃)သိန်းကျော်ကုန်ကျကြောင်း၊ ရိတ်သိမ်းခြွေလှေ့ခ အနေဖြင့် တစ်ဧကလျှင် (၇၀၀၀၀)ကျပ်ခန့် ကုန်ကျသဖြင့် စုစုပေါင်း ကုန်ကျစရိတ်မှာ (၃၇၀၀၀၀) ကျပ် ခန့်ကုန်ကျကြောင်း သိရပါသည်။ နွေစပါးဈေးအနေဖြင့် ပေါင် (၅၀)တင်း (၁၀၀)လျှင် ကွင်းဈေး (၇၁၀၀၀၀)ကျပ်ခန့်ရှိပြီး စက်အရောက်ဈေးမှာ ပေါင်(၅၀)တင်း (၁၀၀)လျှင် ကျပ်(၈)သိန်း ကျော်ရှိသည်ဟုသိရပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၃)သိန်းခန့် ရရှိသည်ဟု သိရပါသည်။

          ယခုနှစ်အနေဖြင့် စက်သုံးဆီဈေးများမြင့်တက်လာမှုကြောင့် ထွန်ယက်ရိတ်သိမ်း ခြွေလှေ့ခ ဈေးများ မြင့်တက်လာခြင်း၊ သွင်းအားစုဈေးနှုန်းများ ဈေးမြင့်လာခြင်းတို့ကြောင့် တစ်ဧကစိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ယခင်နှစ်ကထက် ပိုမိုကုန်ကျသော်လည်း စပါးဈေးမှာ ယခင်နှစ်က ထက် ပိုမိုရရှိသည့်အတွက် စပါးစိုက်တောင်သူများ အကျိုးအမြတ်ရရှိသော်လည်း သွင်းအားစုဈေးနှုန်းများ ဈေးသက်သာစွာရရှိမည်ဆိုပါက ယခုထက်ပိုမို၍ တောင်သူများအကျိုးအမြတ် ပိုမိုရရှိလာမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း