ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရန်ကုန် ဘုရင့်နောင် ဈေးကွက်တွင် မအူပင် လုံးတီး ဆန်များ ဈေးကောင်းရ

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) နေ့တွင် မအူပင်မြို့နယ် ဆန်စက်ပိုင်ရှင်အသင်းမှ ဒု-ဥက္ကဌ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုးနှင့် တွေ့ဆုံ၍ ဆန်စက်အသင်း၏ ရှေ့ဆက်မည့် လုပ်ငန်းအစီအမံများ ဆန်၊ စပါး၊ ဈေးကွက် အခြေအနေများနှင့် ဆန်စပါး အရည်အသွေးကောင်းမွန်ရန် ဈေးကောင်းရရှိနိုင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြပါသည်။

          ထို့အပြင် ယခုရက်ပိုင်းအတွင်း မအူပင်မြို့နယ်ရှိ ဆန်စက်များတွင် ဧည့်မထဆန် လုံးတီးများ ရန်ကုန် ဘုရင့်နောင် ဈေးကွက်တွင် ဝယ်လိုအားရရှိသဖြင့် တစ်အိပ်လျှင် (၂၆၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ကျန်းမာရေးအတွက်များစွာ အကျိုးပြုသည့် ဒန့်သလွန်စေ့ဆီ”

           မကွေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝေယံမြင့်အောင်(ဒုကြီးကြပ်ရေးမှူး)က ၂၂.၅.၂၀၂၂ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မကွေးမြို့၊ ရန်ဝေးရပ်၊ ခွါညိုလမ်း၊ အမှတ်(၈၆)တွင် MYANMAR ORGAINC MORINGA OIL (MOM)အမှတ်တံဆိပ်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသော ဒန်သလွန်စေ့ဆီ ထုတ်လုပ်မှုအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာ့ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရောင်းချနေသည့် တွေ့ဆုံမေးမြန်းရာ ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရာတွင် အိန္ဒိယမျိုးများဖြစ်သော Momax 3 နှင့် ODC 3 မျိုးများမှာ ဆီကြိတ်ရန် အထူး ကောင်းမွန်ပြီး ဆီကြိတ်ရန်အတွက် အဆိုပါ ဒန့်သလွန်စေ့ ကုန်ကြမ်းများရရှိစေရန် မိမိကိုယ်တိုင် (၁၀)ဧကခန့် စိုက်ပျိုးထားကြောင်းနှင့် ဘေးပါတ်ဝန်းကျင် မှစိတ်ပါဝင်စားသော မြေပိုင်ရှင်များအား ဒန့်သလွန်မျိုးစေ့ထုတ်ပေး၍ ဓါတ်မြေဩဇာ လုံး၀မသုံးစွဲစေဘဲ ဇီဝနှင့်သဘာဝ မြေဩဇာများကိုသာ ‌ပေါင်းစပ်စိုက်ပျိုးစေပြီး ထွက်ရှိသော ဒန့်သလွန်စေ့များအား ပြင်ပပေါက် ဈေးအတိုင်း ပြန်လည်ဝယ်ယူကာ ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရာတွင် အသုံးပြုကြောင်း သိရှိရပါသည်။

          ဒန့်သလွန်စေ့ဆီတွင် ကျန်းမာရေးအတွက် အကျိုးပြုဓါတ်များဖြစ်သည့်  Oleic Acid ရာခိုင်နှုန်းများစွာ ပါဝင်သည့်အတွက် ဟင်းချက်ဆီ၊ အလှကုန်၊ ချောဆီ၊ အသားအရေချောမွေ့ စိုပြေစေဖို့ ခန္ဓာကိုယ်အလှပြုပြင်ရေးနှင့် ရေမွှေးအခြေခံဆီအဖြစ် အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။ဒန့်သလွန်စေ့ဆီတွင် မြင့်မားစွာပါရှိသော Oleic Acid သည် သံလွင်ဆီထက်များစွာ သာလွန်သည့်အတွက် ဟင်းချက်ဆီအဖြစ် အသုံးပြုလိုသော်လည်း အစေ့ထုတ်လုပ်မှုမှာ အနည်းငယ်သာရရှိနိုင်ပြီး ဈေးနှုန်းမြင့်မားသည့်အတွက် အလှကုန်လုပ်ငန်းနှင့် ရေမွှေးလုပ်ငန်းများမှသာ အသုံးပြုသူပိုမိုများပြားလာကြောင်း၊ ဗီတာမင်A,Cနှင့်အခြား မပြည့်ဝဆီများစွာ ပါဝင်ကာ ကပ်ပါးပိုးမွှားများကို နှိမ်နင်းနိုင်သည့်အပြင် အသားအရေဆိုင်ရာဒဏ်ရာ၊ အင်းစက်ကိုက်ခြင်း၊ ပြည်တည်နာ၊ ခြေဖဝါးအက်ကွဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဂေါက်ရောဂါဖြစ်ခြင်းတို့ကို လိမ်းပေးနိုင်ကြောင်း၊ ဒန့်သလွန်စေ့ဆီသည် အဆီထုတ်ပြီး (၅)နှစ်ကျော်သည် အထိ ဆီချေးစော်နံခြင်း လုံးဝမဖြစ်ပေါ်သည့်အတွက် ဆံပင်အလှပြုပြင်ရေးနှင့် ဆံပင် ပျော့ပြောင်းနူးညံ့စေသည့် ခေါင်းလျှော်ရည်အဖြစ်အသုံးပြုကြကြောင်း၊ ဦးခေါင်းဆံပင်မှာရှိတဲ့  အညစ်အကြေးများကို ဖယ်ထုတ်ပေးသည့်အပြင် ထိရောက်သည့် သဘာဝသန့်စင်ပစ္စည်းဖြစ်သည့်အတွက် ဆံပင်ကိုအမြဲတန်းစိုပြေပျော့ပြောင်းစေပါကြောင်း၊ စေးကပ်မှုမရှိသည့်အတွက် ခေါင်းလိမ်းဆီအဖြစ် အသုံးပြုကြကြောင်း၊ ဒန့်သလွန်စေ့ဆီတွင်ပါရှိသည့် များပြားလှတဲ့ Antioxidantအပြင် အသားအရေကို ပြန်လည်နုပျိုစေသည့် အရည်အသွေးရှိနေ သောကြောင့် အသားအရေတွန့်ခြင်းများကို ပြန်ကောင်းစေခြင်း၊ အသားအရေဝင်းဝါ တောက်ပြောင်စေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ ဒန့်သလွန်စေ့ဆီတွင်ပါဝင်သည့် Oleic Acidဟာ အသားအရေထဲစိမ့်ဝင်သွားတဲ့အခါမှာ အသားအရေနှင့်ဆံပင်ကို အာဟာရများစွာပေးစွမ်းပြီး အစိုဓါတ်ကို ကြာရှည်စွာထိန်းပေးနိုင်သည့်အတွက် ဆံပင်သန်စွမ်းပြီး နူးညံ့ပျော့ပြောင်းစေကြောင်း၊ အမွှေးနံ့ကို ကြာရှည်စွာ ထိန်းပေးထားနိုင်သည့်အတွက် ရေမွှေးနှင့်အလှကုန်ပစ္စည်း ထုတ်လုပ်ရာတွင် များစွာအထောက်ကူပြုကြောင်း၊ ကြိုက်နှစ်သက်သည့်ရနံ့တစ်ခုခုနှင့် ဒန့်သလွန်စေ့ဆီကို ရောနှောအသုံးပြုပါက ရနံ့ပြယ်သွားခြင်းမျိုးမဖြစ်ဘဲ မွှေးရနံ့ကို ကြာရှည်စွာ ထိန်းထားနိုင်ပါကြောင်း၊ ဒန့်သလွန်စေ့ဆီကို မိတ်ကပ်တွင် ထည့်သွင်းအသုံးပြုပါက အခြားသော အခြေခံဆီများနှင့်မတူဘဲ ဝက်ခြံများကို ရှင်းလင်းဖယ်ရှားပေးခြင်း၊ ပြန်မဖြစ်အောင် ကာကွယ်ပေးခြင်း၊ နေလောင်ဒဏ်ကိုကာကွယ်ပေးခြင်း၊ ချောင်းဆိုး၊ အအေးမိ၊ ရင်ကြပ်၊ လည်ချောင်းနာ၊ အာသီးယောင်၊ ထိပ်ကပ်နာ၊ အစာအိမ်ယောင်ခြင်း၊ အစာချေခြင်း ပြဿနာ၊ ဝက်ခြံ၊ တင်းတိတ်၊ အမဲစက်၊ မှဲ့ခြောက်၊ အမာရွတ်များ၊ အရေပြားပိုးဝင်ခြင်း၊ မှို၊ နှင်းခူ၊ ပွေး၊ ဒက်၊ အရေပြား ယောင်ရမ်းခြင်း၊ အရေပြားပေါ်တွင် ဓါတုကြောင့်ဖြစ်သော ရောဂါအမျိုးမျိုးနှင့် နှုတ်ခမ်းကွဲ၊ ခြေဖနှောင့်ကွဲ၊ ဆီပူလောင်၊ မီးပူလောင် ဝေဒနာများတွင် လိမ်းပေးခြင်း၊ ခန္ဓာကိုယ် နာကျင်ကိုက်ခဲသော နေရာများအား လိမ်း၍ နှိပ်နယ်ပေးခြင်းဖြင့် သက်သာပျေက်ကင်းစေကြောင်း၊ သွေးတိုးနေပါက လက်ဖက်စားဇွန်း(၁)ဇွန်းခန့် သောက်သုံးပေးခြင်းဖြင့် သွေးတိုးခြင်း ဝေဒနာကိုသက်သာ ပျောက်ကင်းစေကြောင်း သိရှိရပါသည်။

          ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရာတွင် ဒန့်သလွန်စေ့ဆီ(၁ လီတာ) တစ်ဗူး ရရှိရန်အတွက် ဒန့်သလွန်စေ့ခြောက် ၅ ပိဿာ/ ၆ ပိဿာ ခန့်ကြိတ်ရကြောင်းနှင့် ဒန့်သလွန်စေ့ ၁ပိဿာလျှင် အစေ့၏ကောင်းမွန်မှုပေါ်မူတည်၍ (၁၅၀၀ဝိ/-)ကျပ်မှ (၃၀၀၀ဝိ/-)ကျပ် အတွင်း ဈေးပေးဝယ်ယူရပြီး ဒန့်သလွန်စေ့ဆီ(၁ လီတာ) တစ်ဗူးလျှင် (၂၂၀၀၀ဝိ/-)ကျပ်၊ (၀.၅ လီတာ) တစ်ဗူးလျှင် (၁၁၀၀၀ဝိ/-)ကျပ်၊ (၂၀ မီလီ) တစ်ဗူးလျှင် (၁၀၀၀ဝိ/-)ကျပ်ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချရကြောင်းနှင့် လက်ရှိတွင် အဆိုပါ ဒန့်သလွန်စေ့ဆီအား မကွေးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ မှာယူမှုများရှိ၍ ရောင်းချရကြောင်းနှင့် ဆီကြိတ်ပြီး ထွက်ရှိလာသော အဖတ်များအား  တိရစ္ဆာန်အစားအစာနှင့် ဓါတ်မြေဩဇာအဖြစ် သုံးစွဲရန်အတွက် ပြန်လည်ရောင်းချရကြောင်း သိရှိရပါသည်။

          ဆက်လက်၍ မိမိထုတ်လုပ်ထားသော MYANMAR ORGAINC MORINGA OIL (MOM) အမှတ်တံဆိပ် ဒန့်သလွန်စေ့ဆီအား သုံးစွဲသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် ဒန့်သလွန်စေ့ဆီ နမူနာအား စစ်ဆေးမှုခံယူရာ ထောက်ခံချက်အမှတ် အစ-၈(မက-၀၀၀၃၉၆)ဖြင့် ထောက်ခံချက် ရရှိထားပြီး နိုင်ငံတော်မှ မိမိကဲ့သို့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များအား ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဆိုပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) လက်မှတ်ရရန် အဆင့်မြှင့်တင်ဆောင်ရွက်ပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန်အထိ ဆက်လက်ကြိုးစား ဆောင်ရွက်လိုပါကြောင်း လုပ်ငန်းရှင် ဦးမင်းသက်ဝေမှ ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

 

 

မကွေးမြို့ပေါ်ရှိ အင်ဥဈေးကွက်အခြေအနေ

            မိုးဦးကျကာလများတွင် အင်ဥမှာ ရာသီစာတစ်ခုဖြစ်သော ဟင်းစာတစ်မျိုးဖြစ်ပါသည်။ အင်ဥသည် မိုးဦးကျကာလများတွင် ကြွေကျနေသော အင်ရွက်များမှ မိုးရေနှင့်ထိတွေ့သောအခါ ဖြစ်ပေါ်လာသော မြေဆွေးများမှ ပေါက်လာသော မြေအောင်းမှို အမျိုးအစားတစ်မျိုးဖြစ်ပါသည်။

         မြန်မာနိုင်ငံရှိ ပဲခူးရိုးမတစ်ကြောရှိ အင်တိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥ များပေါများစွာတွေ့ရပါသည်။ မကွေးတိုင်းဒေသကြီးတွင် ရခိုင်ရိုးမတစ်ကြော ဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ ပဒါန်း အနီးပတ်ဝန်းကျင်ရှိရွာများ၌ အလေ့ကျပေါက်ရောက်လေ့ရှိပါသည်။ အင်ဥတွင် Protein ၊ Amino acid ၊ Calcium Antioxidants ၊ Vitamin – B ၊ Vitamin – D ၊ Potassium ၊ Copper နှင့် Selenium တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Fiber နှင့် Iron ဓါတ်လည်း ပါဝင်ကြပါသည်။ အင်ဥ သည် တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာ တွေ့ရှိရပြီး ရက်အတိအကျမသိနိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။ မကွေးမြို့တွင် အင်ဥများကို မင်းတုန်း၊ ငဖဲ၊ ပဒါန်းမြို့များမှ ဝင်ရောက်လျှက်ရှိပြီး မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးများတွင် မိုးရာသီ၌ အင်ဥများရောင်းချလေ့ရှိပါသည်။ ပေါ်ဦးပေါ်ဖျား အင်ဥဈေးနှုန်းမှာ နို့ဆီဗူးတစ်ဗူးလျှင် (၂၅၀ဝိ/-)နှုန်း၊ တစ်ပြည်လျှင်(၂၀၀၀ဝိ/-) နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပြီး ယခုလတ်တလော အင်ဥဈေးနှုန်းမှာ  နို့ဆီဗူးတစ်ဗူးလျှင် (၁၄၀ဝိ/-)နှုန်း၊ တစ်ပြည်လျှင်(၁၁၀၀ဝိ/-)နှုန်းဖြင့် ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးကြက်သွန်နီ ဈေးကွက်အခြေအနေ

            ကြက်သွန်နီသည် နေ့စဉ်ဟင်းလျာများတွင် မပါမပြီး အလွန်အရေးပါသော စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်ပါသည်။ ဟင်းလျာများကို အနံ့၊ အရသာကောင်းမွန်စေရုံသာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးလုပ်ငန်း၏ (၆၀%)မှာ ကြက်သွန်နီရောင်းဝယ်ရေးဖြစ်ပါသည်။ ကြက်သွန်နီ၏ ဇာတိဒေသမှာ တောင်အာရှဒေသ (သို့မဟုတ်) မြေထဲပင်လယ်ဖြစ်မည်ဟု ယူဆကြပါသည်။ ကြက်သွန်နီသည် အပူ၊ အအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မြေအမျိုးအစားမှာ အစိုဓါတ်ရှိသောမြေများတွင် စိုက်ပျိုးနိုင်သည်။ မကွေးတိုင်းဒေသကြီးတွင် မိုးနှင့်ဆောင်းသာ ကြက်သွန်နီစိုက်ပျိုးကြပြီး မိုးကြက်သွန်နီ စတင်စိုက်ပျိုးချိန်သည် ဩဂုတ်လမှ အောက်တိုဘာလအထိဖြစ်ပြီး ရိတ်သိမ်းထွက်ရှိသည့်ကာလမှာ နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ဖြစ်ပါသည်။ ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုးသည့်ကာလမှာ ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ စိုက်ပျိုးကြပြီး ရိတ်သိမ်းထွက်ရှိသည့်ကာလမှာ မတ်လမှဧပြီလအထိ ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီ စိုက်ပျိုးဧကသည် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ( ၃၀၃၇၅ ) စိုက်ဧကရှိပြီး အထွက်နှုန်းမှာ ( ၁၂၂၆၅၁၆၅ ) ပိဿာထွက်ရှိရာ ပခုက္ကူ၊ ဆိပ်ဖြူ၊  မကွေး၊ ရေနံချောင်း၊ စလင်း (ဆင်ဖြူကျွန်း) မြို့နယ်နှင့် မြို့သစ်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး ကုန်းကြက်သွန်နီ၊ ချောင်းကြက်သွန်နီဟူ၍ စိုက်ပျိုးကြပါသည်။ကုန်းကြက်သွန်နီများကို နုန်းဆန်မြေ၊ သဲနုန်းမြေများရှိသည့် လယ်ယာမြေများတွင် စိုက်ပျိုးလျက်ရှိပြီး၊ ချောင်း ကြက်သွန်နီများကို ယင်းချောင်း၊ ပင်းချောင်း၊ ယောချောင်းများ၏ လွင်ပြင်သဲ‌သောင်များတွင် စိုက်ပျိုးကြခြင်းဖြစ်ပြီး ရွှေဖလားထိပ်မောက်(ဒေသမျိုး)ကိုသာ အများဆုံး စိုက်ပျိုးကြပါသည်။ သိုလှောင်နိုင်သည့် ကာလအနေဖြင့် ကိုင်းမြေစိုက်ကြက်သွန်နီကို ( ၂ )လ သိုလှောင်နိုင်ပြီး လယ်မြေစိုက်ကြက်သွန်နီကို ( ၃ )လအထိ သိုလှောင်နိုင်ပါသည်။ လတ်တလော မကွေးမြို့တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကားဈေး (အနိမ့်စ၊ အလတ်စ၊ ထိပ်စ) (၆၀ဝိ၊ ၇၀ဝိ ၊ ၇၅ဝိ/-) ရှိပြီး၊ လက်လီဈေး (အနိမ့်စ၊ အလတ်စ၊ ထိပ်စ) မှာ (၇၀ဝိ၊ ၈၅ဝိ ၊ ၁၀၀ဝိ/-) အထိဈေးရှိကြောင်း၊ တိုင်းအတွင်း အပတ်စဉ် ကြက်သွန်နီ ဝင်ရောက်မှုမှာ ပိဿာချိန် (၆) သိန်း ကျော်ခန့် ဝင်ရောက်လျက်ရှိပြီး မကွေးတိုင်းမှ ထွက်ရှိသော ကြက်သွန်နီများကို ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ ပြည်၊ စစ်တွေ၊ မြဝတီ၊ မော်လမြိုင်စသည့်ဒေသများသို့ ဈေးကွက်အခြေအနေအပေါ် မူတည်ပြီး တင်ပို့ကြောင်းနှင့် ဈေးကွက်သို့ တင်ပို့ရာတွင်လည်း ကြက်သွန်နီအရွယ်အစားအပေါ် မူတည်၍ (အနိမ့်စ၊ အလတ်စ၊ ထိပ်စ)ဟူ၍ ခွဲခြားပြီး တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နှစ်စဉ်ပုံမှန်ဝင်ငွေရရှိနေသော ပွင့်ဖြူမြို့နယ် ငှက်ပျောဈေးကွက် အခြေအနေ

         မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးကြပြီး မြေနုကျွန်းနှင့်ကိုင်းမြေများတွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အချို့သောဒေသခံ တောင်သူများသည် ရေလွှဲဆည်ရေများနှင့် မြေအောက်ရေများကို အမှီပြု၍ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ငှက်ပျောအထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။

         ပွင့်ဖြူမြို့နယ်ရှိ ဒေသခံအချို့မှာ ဥယျာဉ်ခြံမြေများစိုက်ပျိုးကြပြီး ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရသည်။ ပွင့်ဖြူဒေသတွင် အများဆုံးစိုက်ပျိုးသော ငှက်ပျောမှာ ဖီးကြမ်းငှက်ပျောဖြစ်သည်။ ဖီးကြမ်းငှက်ပျောသည် စားသုံးသူများအကြိုက်တွေ့ကာ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး ဝယ်ယူစားသုံးနိုင်သောကြောင့် ရောင်းချသူများအနေဖြင့်လည်း တစ်နှစ်ပတ်လုံး ရောင်းချ၍ အဆင်ပြေသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ စတင်စိုက်ပျိုးစဉ်က မြေတစ်ဧကကို ငှက်ပျောပင်(၃၀၀)လောက် စမ်းသပ်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ငှက်ပျောတစ်ဧကလျှင် အပင်(၈၀၀ မှ ၁၀၀၀)ခန့် စိုက်ပျိုးကြကြောင်း သိရသည်။ ဈေးကွက်အတွင်း ဖီးကြမ်းငှက်ပျောသီး(အဖီးလှလှ)တစ်ဖီးလျှင် ငွေကျပ်(၁၀၀၀ မှ ၁၂၀၀) နှုန်း၊ ဖီးကြမ်းငှက်ပျောသီး (ပုံမှန်အဖီး)တစ်ဖီးလျှင် ငွေကျပ် (၈၀၀ မှ ၁၀၀၀)နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပွင့်ဖြူဒေသထွက်ငှက်ပျောသီးများကို မကွေး၊ မင်းဘူးနှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပြည်မြို့ရှိဈေးမြင့်တက်လာသော ကြက်ဥ/ဘဲဥဈေးကွက်

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် မေလတတိယပတ်တွင် ကြက်ဥ/ဘဲဥဈေးများမှာ မေလပထမပတ်ထက်စာရင် ဈေးသိသိသာသာမြင့်တက်လာကြောင်း သိရှိရပါသည်။ မေလပထမပတ်တွင် ကြက်ဥတစ်လုံးလျှင် လက်လီဈေး ၁၅၀-၁၇၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် လက်လီဈေး ၁၈၀-၂၀၀ကျပ်အထိ ဈေးရှိခဲ့ပါသည်။ မေလတတိယပတ်တွင် ကြက်ဥဈေးမှာ ပုံမှန်ဆိုဒ်တစ်လုံးလျှင် ၁၈၀-၂၀၀ ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၂၀၀-၂၅၀ ကျပ်အထိ ဈေးမြင့်တက်လာခဲ့ပါသည်။ ထိုသို့ ကြက်ဥ/ ဘဲဥများဈေးမြင့်တက်လာရခြင်းမှာ ကြက်မွေးမြူရေးခြံနှင့် ဘဲမွေးမြူရေးခြံများအနေဖြင့် ကြက်စာနှင့်ဘဲစာများ ဈေးမြင့်တက်လာခြင်း၊ ရာသီဥတုပူပြင်းသည့်အတွက် ကြက်ဥဥနှုန်းများ ကျဆင်းခြင်း၊ သယ်ယူပို့ဆောင်စရိတ်များမြင့်တက်လာခြင်းတို့ကြောင့် ကြက်ဥ/ဘဲဥဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူဈေးကွက်ရောက် ပေါ်ဦးပေါ်ဖျား သံတောင်ကြီးဒူးရင်းသီး

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အရှေ့ဘက်ရှိ ကရင်ပြည်နယ် သံတောင်ကြီးဒေသမှ ဒူးရင်းသီးများ ပေါ်နေပြီဖြစ်ရာ တောင်ငူမြို့သို့ ဒူးရင်းသီးများ ဝင်ရောက်လာပြီဖြစ်ပါသည်။ ဒူးရင်းသီးရာသီဖြစ်ပြီး လူကြိုက်များသောကြောင့် တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးများတွင် ဒူးရင်းသီးရောင်းဝယ်ဖောက်ကားသူများဖြင့် စည်ကားလျက်ရှိပါသည်။

              ယခု အချိန်ကာလသည် ဒူးရင်းသီး ပေါ်ဦးကာလဖြစ်သောကြောင့် ဒူးရင်းသီးများ ဈေးကောင်းရလျက်ရှိပြီး ဈေးနှုန်းလည်း မြင့်နေသည်ကို တွေ့ရပါသည်။ ဒူးရင်းသီး ဈေးနှုန်းအနေဖြင့် အသေး (၁) လုံးလျှင် ၂၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ အလတ် (၁)  လုံးလျှင် ၅၀၀၀ မှ ၆၅၀၀ ကျပ်နှင့် အကြီး (၁) လုံးလျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဝန်းကျင်ထိဈေးကောင်းရလျှက် ရှိပါသည်။ တောင်ငူမြို့ ဒူးရင်းသီးပွဲရုံများသို့ ရောက်ရှိလာသော ဒူးရင်းသီးများကို ဒေသတွင်းအပြင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့လည်း တင်ပို့ရောင်းချရပါသည်။ ရှေ့လ ဒူးရင်းသီး လှိုင်လှိုင်ပေါ်မည့် ကာလတွင် ဒူးရင်းသီးဈေးနှုန်းများ ကျဆင်းသွားမည်ဖြစ်ကြောင်း တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် ဒူးရင်းသီးရောင်းချနေသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရဲ့ ရာသီစာအင်ဥ

             ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မိုးရာသီဖြစ်သော မေလနှင့်ဇွန်လများတွင် ရာသီစာအင်ဥများ ထွက်ပေါ်လာပြီဖြစ်ပါသည်။ ပေါ်ခါစဖြစ်သည့်အတွက် စားသုံးသူများက ဝယ်ယူစားသုံးကြသည့်အတွက် ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။ အင်ဥကို ပဲခူးရိုးမတကြော အင်တိုင်းတောများတွင် အင်ဥပင်များအောက်ခြေရှိသဲများကို ဂေါ်ပြားများဖြင့်တူးဆွရာမှ ရရှိပါသည်။ အင်ဥကို ကန်စွန်းရိုးနီဖြင့်ကြော်စားခြင်း၊ သံပုရာသီးများဖြင့်သုတ်စားခြင်းများဖြင့် စားသုံးကြပါသည်။ အင်ဥသည်များများစားလျှင်တောက်တက်၍ အဆိပ်အတောက်ဖြစ်တတ်သဖြင့် ကန်စွန်းရိုးနီများဖြင့် တွဲဖက်စားလျှင် သင့်တော်ပါသည်။ အင်ဥမှာ ဗီတာမင်ဘီ၊ဒီ၊ ကော့ပါး စသည့်ဓါတ်တို့ ပါဝင်သည့်အတွက် အာဟာရဖြစ်စေပါသည်။ သွေးတိုးနှလုံးရောဂါများရှိသူများမစားသင့်ဘဲ ရှောင်သင့်ပါသည်။ အင်ဥသည် ပေါ်ခါစတွင်ဈေးကောင်းပြီး နို့ဆီဗူးတစ်ဗူးလျှင် ၁၅၀၀-၂၀၀၀ ကျပ်ဈေးရှိပြီး အင်ဥလှိုင်လှိုင်ပေါ်ချိန်တွင် နို့ဆီဗူးတစ်ဗူးလျှင် ၅၀၀-၆၀၀ ကျပ်ထိ ဈေးကျသွားသဖြင့် စားသုံးသူများ ပိုမိုဝယ်ယူစားနိုင်ကြကြောင် းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း စတင်ဝင်ရောက်နေပြီဖြစ်သည့် ကြက်မောက်သီး

             ယခုအချိန်ရာသီကာလသည် ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ပဲခူးဈေးကွက်အတွင်းသို့ ကြက်မောက်သီးများ စတင်ဝင်ရောက်လျက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါကြက်မောက်သီးများအား မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို ၊ဘီးလင်း၊ သထုံ ၊ မော်လမြိုင်မြို့များမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

             ကြက်မောက်သီးခြံများမှ တိုက်ရိုက်ဝယ်ယူသည့် ပဲခူးမြို့ဈေးကြီးမှ ကုန်သည်ကြီးများအနေဖြင့် အလုံး(၁၀၀)လျှင် ၈၀၀၀-၁၃၀၀၀ကျပ်နှုန်းရှိကြောင်း သိရပြီး လက်လီဈေးကွက်တွင် ကြက်မောက်သီးသည် လူကြိုက်များသည့်သီးနှံဖြစ်သောကြောင့် အလုံး(၁၀၀)လျှင်၁၀၀၀၀-၁၅၀၀၀ကျပ် နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ တစ်နေ့လျှင်အရေအတွက်အားဖြင့် အလုံး(၃၀၀)မှ(၅၀၀)ကျော်အထိ ရောင်းချရကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်ရှိနွေစပါးဈေးနှုန်းဈေးကွက်

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ၊ ပြည်မြို့နယ်တွင် နွေစပါးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင်နွေစပါးစိုက်ဧကပေါင်း ၆၁၂၂၂ ဧက စိုက်ပျိုးပြီး ဆည်ရေရရှိသောမြို့နယ်များမှသာ နွေစပါးကိုစိုက်ပျိုးနိုင်သော်လည်း ပြည်မြို့နယ်တွင် နွေစပါးကို(၁၅၄၅၄)    ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ပြည်ခရိုင် (၆)မြို့နယ်တွင် အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုးစပါး၊ ရက်(၁၀၀)စပါး၊ ထိုင်းနှံကောက်စပါးမျိုးတို့ဖြစ်ပြီး  ပြည်မြို့နယ်အတွင်းရှိ ပေါင်းတလည်နှင့် ဝက်ထီးကန်မြို့များတွင် နွေစပါးများ မေလဒုတိယပတ်တွင် စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယခုနှစ်နွေစပါးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း (၈၀)ခန့် ထွက်ရှိကြောင်း သိရပါသည်။

            ပြည်မြို့နယ်အတွင်းရှိ ထွက်ရှိလာသည့် နွေစပါးများကို ပေါက်ခေါင်းမြို့နယ်သို့ တစ်နေ့လျှင် အိတ် ၁၅၀၀ခန့် တင်ပို့ရောင်းချကြောင်းသိရပါသည်။ နွေစပါးမှာ ဆန်ကြိတ်ခွဲရာတွင် အကျိုးအကြေနည်းသည့်အတွက် ဝယ်လက်အကြိုက်တွေ့သဖြင့် အရောင်းအဝယ်သွက်လျှက်ရှိပါသည်။  နွေစပါးဈေးနှုန်းများမှာ ပေါင်(၅၀)တင်း ၁၀၀လျှင် ၇၅၀၀၀၀-၈၀၀၀၀၀ ကျပ်ဈေးရှိပြီး နွေဆန်ဈေးမှာ (၂၄)ပြည် တစ်အိတ်လျှင် ၂၇၀၀၀-၂၈၀၀၀ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

  (DOCA)ပဲခူး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း