ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝဥ စိုက်ပျိုးဝင်ငွေတိုး

              မိုးဦးကျကာလ ဇွန်လ မိုးပွင့်လေးများကျလာပြီးဆိုတာနဲ့ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေ တိုးစေတဲ့ Araceae ( ခေါ် ) ပိန်းမျိုးရင်းတစ်မျိုးဖြစ်တဲ့ “ ဝဥ ” ပင်များကို စီးပွားဖြစ်စိုက်ပျိုးလေ့ ရှိကြပါတယ်။ “ ဝဥ ” အပင်များကို အပူပိုင်းဒေသများနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက်ပေါက်ရောက်ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်း၊ တောင်ပေါ်ဒေသများတွင် စနစ်တကျ စိုက်ပျိုး ဖြစ်ထွန်းမှုရှိသော အပင်တစ်ပျိုးဖြစ်တယ်။ ချင်းပြည်နယ်တောင်တန်းဒေသများတွင် ပေါက်ရောက်မှု ပိုများပြီး ဝင်ငွေကောင်းကာ ကျန်းမာရေးနှင့် သင့်တော်တဲ့ ဥအမျိုးအစားဖြစ်ပါသည်။ ချင်းပြည်နယ်  အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဝဥစိုက်ပျိုးမှုဧကအနေဖြင့် မတူပီမြို့တွင် (၂၆၀၀) ဧကနှင့် မင်းတပ်မြို့တွင် (၄၃၁၀) ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။ 

           “ ဝဥ ” သည် အတွင်းအသားရောင်များအနေဖြင့် အဖြူရောင်၊ အဝါရောင်နှင့် အနီရောင် ဟူ၍ အရောင်အမျိုးမျိုးရှိပါသည်။ “ ဝဥ ” အပင်သည် ရိုးတံရှည်ပြီး ချောမွတ်ကာ အဖြူကွက်လေးများနှင့် ရွက်ပြားကျယ်ပြန့်ပြီး အရွက်မျက်နှာပြင်ပေါ်တွင် ခွဆုံနေရာများတွင် မျိုးစေ့များထုတ်ပေးသော အပင်မျိုးနှင့် ပန်းခိုင်ထွက်ရှိကာ မျိုးစေ့ထုတ်ပေးသော အပင်ဟူ၍ ကွဲပြားမှုရှိပါသည်။ “ ဝဥ ” အဖြူ မျိုးနှင့် အဝါမျိုးများသည် ချက်ချင်းချက်ပြုတ်စားနိုင်ပြီး အနီမျိုးသည် ယားယံတတ်ကြောင်းသိရှိ ရပါသည်။

          “ ဝဥ ” ပင်များကို ဇွန်လတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လတွင် အရွက်ဖားဖားနှင့် အပင်ဖြစ်ထွန်းတတ်ပြီး စက်တင်ဘာလခန့်တွင် ပင်စည်အရင်းဘက် မြေကြီးအတွင်း ဝဥများ ကြီးထွားလာကာ အောက်တိုဘာလပိုင်းတွင် အရွက်များပေါ်တွင် မျိုးဥသီးသည့် အဖြူမျိုးနှင့် ဖူးတံထွက်ကာ အသီးပန်းခိုင်သီးသည့် အဝါမျိုးများ ဖြစ်ပါသည်။ အရွက်များပေါ်မှ ထွက်ရှိသည့် မျိုးဥများကို စနစ်တကျခူးဆွတ်ကာ မျိုးဥများအဖြစ် ပြန်လည်ရောင်းချကြပါသည်။ “ ဝဥ ” အဝါရောင်မှ ထွက်လာသည့် ဖူးတံများတွင် နိုဝင်ဘာနှောင်းပိုင်းတွင် အသီးများရင့်ကာ နီရဲနေသော အသီးများ မြေပေါ်ကြွေကျကာ မိုးဦးကျကာလတွင် အပင်များပေါက်ရောက်တတ်ပြီး မျိုးစက် ပျံ့နှံ့ လွယ်ပါသည်။ “ ဝဥ ” များတူးဖော်ရာတွင် ပင်စည်နှင့် အရွက်များ အဝါရောင်သန်းကာ အရွက်မျိုး ညိုးကာ မြေပေါ်ညိုးခြောက်ချိန် နိုဝင်ဘာလနှောင်းပိုင်း ဒီဇင်ဘာလတွင် စတင်တူးဖော်နိုင်ပြီ ဖြစ်ပါသည်။

           “ ဝဥ ” ပင်များသည် မြေမွကာ ရေမဝပ်စေရန် သတိပြုပြီး စိုက်ပျိုးရပါသည်။ အရိပ်ကြိုက် သောအပင်မျိုးဖြစ်သောလည်း အရိပ်ထူလျင် အလင်းရရှိသည့်ဘက်သို့ အပင်များယိုင်သွားတတ် ပါသည်။ “ ဝဥ ” အရွယ်အစားမတူညီကြဘဲ အကြီးဆုံးအရွယ်အစားများမှာ ( ၁ ) ပိဿာခန့်ရှိသော ဥများလည်း ရရှိတတ်ပါသည်။ ရရှိသော “ ဝဥ ” များကို တူးဖော်ပြီး အရိပ်ရပြီး လေသလပ်ရာတွင် ထားရှိရပါသည်။ “ ဝဥ ” အစိုးများကို အခြောက်လှမ်းရန်အတွက် ပါးပါးလှီးရပါသည်။ လှီးဖြတ်ရာ တွင် လက်များယားယံတတ်သောကြောင့် လက်အိတ်ဆွတ်ကာ လှီးဖြတ်ရပါသည်။ “ ဝဥ ” များကို အပြားညီအောင် ပါးပါးလှီးပြီး နေခြောက်လှမ်းပေးရပါသည်။ နေခြောက်လှမ်းရာတွင် နှစ်ရက်ခန့် လှမ်းရပါတယ်။ “ ဝဥ ” အစို ( ၇ ) ပိဿာခန့် အခြောက်လှမ်းရာတွင် အခြောက် ( ၁ ) ပိဿာခန့်သာ ထွက်ရှိပါသည်။ “ ဝဥ ” ဈေးနှုန်းများအနေဖြင့် အစိုတစ်ပိဿာလျှင် ယခင်ပေါက်ဈေးနှုန်းများ အနေဖြင့် ( ၁၀၀၀ - ၂၀၀၀ ) ကျပ် ရရှိသော်လည်း ယခုနှစ်တွင် ( ၅၀၀ - ၇၀၀ ) ကျပ်သာ ပေါက်ဈေးနှုန်းရရှိပြီး အခြောက်တစ်ပိဿာလျှင် ယခင်ဈေး ( ၉၀၀၀ - ၁၂၀၀၀ ) ကျပ် ရရှိသော် လည်း ယခုနှစ်တွင် ( ၅၀၀၀ - ၆၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများသာ ရရှိပါကြောင်း ဈေးကွက်များ အတွင်းမှ လေ့လာသိရှိရပါသည်။

             မျိုးစေ့ဈေးနှုန်းများအနေဖြင့် ( ၇၀၀ - ၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများသာရှိပါသည်။ ဈေးကွက်များအနေဖြင့် ပွဲစားများမှတဆင့် ရောင်းချရပြီး ချင်းပြည်နယ်မှ ထွက်ရှိသော  “ ဝဥ ” များကို ပိုမိုကြိုက်နှစ်သက်ကြောင်း သိရှိရပါသည်။ ယခင်က တောတောင်များအတွင်း သဘာဝ ပေါက်ပင်များသာရှိပြီး ယခုအခါတွင် စိုက်ပျိုးရလွယ်ကူပြီး နိုင်ငံခြားဝင်ငွေတိုးစေသည့်အပင် ဖြစ်သောကြောင့် မိမိ၏အိမ်ဝန်းများအတွင်းတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများ ပိုမိုများ လာကြပြီ ဖြစ်ပါသည်။

            “ ဝဥ ” စိုက်ပျိုးရာတွင် ပန်းခိုင်မှရရှိသော မျိုးဥများကိုလည်းကောင်း၊ မြေအောက်ရှိ ဥပွားများကို ခွဲယူ၍လည်းကောင်း၊ တစ်ပိဿာခန့်ရှိသော ဥများကို ခွဲခြမ်း၍လည်းကောင်း၊ အရွက်မှ သီးသော မျိုးဥသီးများကို လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

           “ ဝဥ ” စားသုံးခြင်းအား ကျန်းမာရေးရှု့ထောင်မှ ကြည့်ရှုမည်ဆိုပါက အမျှင်ဓါတ်ပါဝင်မှု များသောကြောင့် အစောခြေဖျက်မှုအားကောင်းခြင်း၊ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါသည်။ မျက်စိကျန်းမာရေးကို အထောက်အကူပြုကာ ဆီးချိုရောဂါသည်များအနေဖြင့်လည်း စားသုံးနိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါသည်။ အရေပြားချောမွတ်စေကာ ကိုယ်အလေးချိန်လျော့ကျ စေသည့်အပြင် အမျိုးသမီးများ ဓမ္မတာလာစဉ် ခံစားရတတ်သည့် ဝေဒနာများကို လျော့ကျစေသည့် အတွက် စားသုံးရန်သင့်တော်ပြီး ကျန်းမာရေးကောင်းကျိုးများကိုသာ ရရှိသည့် ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။

           “ ဝဥ ” သည် စားသောက်ကုန်များ၊ စက်မှုကုန်ကြမ်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါး ထုတ်လုပ်ရာတွင်လည်းကောင်း တိရိစ္ဆာန်အစာအဖြစ်လည်းကောင်း အသုံးပြုကြပြီး မုန့်ပဲသားရည် စာများဖြစ်သည့် ဂျယ်လီများ၊ ခေါက်ဆွဲများအဖြစ်လည်း ထုတ်လုပ်ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၊ မျက်နှာပေါင်းတင်ဆေးများ၊ ဆီးချိုရောဂါ ကုသဆေးများ၊ ဝမ်းရောဂါဆေးများ၊ သွေးတိုးရောဂါကု ဆေးဝါးများ ထုတ်လုပ်ရာတွင်လည်း ပါဝင်ပစ္စည်းများအဖြစ် အသုံးဝင်သော အပင်မျိုးဖြစ်ပါသည်။

           ချင်းပြည်နယ်မင်းတပ်မြို့၊ ထင်းချောင်းအနီးတွင် ချင်းပြည်နယ်၏ အကြီးမားဆုံးသော “ ဝဥ ” အခြောက်ခံစက် စက်ရုံကြီးကို ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ မင်းတပ်မြို့၊ မတူပီ မြို့နှင့် ကန်ပက်လက်မြို့များတွင် ဝဥ စိုက်ပျိုးတောင်သူ ( ၈၀၀ ) ကျော် ရှိပြီး အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိသည်ကိုလည်း လေ့လာသိရှိရပါသည်။

             “ ဝဥ ” များ တင်ပို့ရောင်းချမည်ဆိုပါက အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းမှာ အားသာချက် တစ်ခုဖြစ်ပြီး ရောင်းချရာတွင်လည်း ရောင်းလိုသူများအနေဖြင့် လိုက်လံရောင်းချရခြင်းမျိုးမဟုတ်ဘဲ ဝယ်ယူသူများက အိမ်တိုင်ရာအရောက် ဝယ်ယူကြသဖြင့် မျက်နှာပန်းလှလှ ရောင်းပန်းဝင်သည့် အပင်မျိုးဖြစ်ပါသည်။

           “ ဝဥ ” ပင်သည် စိုက်ပျိုးချိန်မှ တူးဖော်ရသည့်အချိန်ထိ ( ၆ ) လခန့်သာ ကြာမြင့်ပြီး ကာလတို အပင်မျိုးဖြစ်သောကြောင့် မိသားစုအပိုဝင်ငွေအနေဖြင့် တစ်ဖက်တစ်လှမ်းမှ အထောက် အကူပြုသည့် အပင်ဖြစ်ခြင်းကြောင့် စနစ်တကျစိုက်ပျိုးလျင် အကျိုးဖြစ်ထွန်းမှု ပိုမိုများပြားကာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးနိုင်ပါက ပိုမိုသင့်တော်သောကြောင့် “ ဝဥ ” စိုက်ပျိုး ဝင်ငွေတိုးဆိုသည့် အမည်နှင့်လိုက်ဖက်အောင် ဝင်ငွေရရှိသော အပင်မျိုးဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့တွင် ရာသီပေါ်မျှစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ 

             စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်တွင် စည်ပင်သာယာဈေး၊ ကုန်းဘောင်ဈေး၊ အောင်ဇေယျဈေးနှင့် အခွန်လွတ်ဈေးဟူ၍ ဈေး(၄)ခုရှိပြီး ဈေးတိုင်းတွင် မိုးဦးကျကာလဖြစ်ပြီး မျှစ်ပေါ်ချိန် ဖြစ်၍ ရာသီပေါ်မျှစ်များ ရောင်းချလျက်ရှိပါသည်။ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းတွင် မျှစ်မျိုးစုံ လက်လီ၊ လက်ကားရောင်းချသည့် ဆိုင်ကြီး(၅)ဆိုင်ရှိပြီး လက်လီရောင်းချသည့် ဆိုင်များစွာရှိပါသည်။ မျှစ်ရောင်းချရာတွင် မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ဆေးဆိုးမျှစ်နှင့် မျှစ်ချဉ်များကို အဖူးလိုက်သော်လည်းကောင်း၊ စိတ်၍သော်လည်းကောင်း စားသုံးသူများ ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ရန် အမျိုးမျိုးပြုလုပ်၍ ရောင်းချကြပါသည်။

          အဆိုပါရောင်းချသည့်မျှစ်အမျိုးမျိုးကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့၊ ရွှေဘိုခရိုင်အတွင်းရှိ ကျောက်မြောင်းမြို့၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဘိုးတော်တောကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်သို့ မှာယူ၍ရောင်းချကြကြောင်းသိရှိရပါသည်။ ရွှေဘိုမြို့သို့ နေ့စဉ်မျှစ်အချိန်ပိဿာ(၁၀၀၀)မှ (၁၅၀၀)ခန့်အထိဝင်ရောက်လျက်ရှိပြီး ကျန်ကာလများတွင် မျှစ်ငံ၊ မျှစ်ပြုတ်နှင့် မျှစ်ချဉ်များကို ရောင်းချလျက်ရှိသော်လည်း ယခုအချိန်တွင် မျှစ်ပေါ်သည့်ရာသီချိန်ဖြစ်သောကြောင့်  စားသုံးသူများအနေဖြင့် လတ်ဆတ်သည့် မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ဆေးဆိုးမျှစ်နှင့် မျှစ်ချဉ်များကို ပိုမို၍ ဝယ်ယူစားသုံးကြကြောင်းသိရှိရပါသည်။ မျှစ်အမျိုးအစားအလိုက် လက်လီရောင်းချရသည့် ဈေးနှုန်းများမှာ ကျောက်မြောင်းဒေသထွက် မျှစ်စိမ်းတစ်ပိဿာလျှင်(၂၂၀ဝိ/-)၊ ဘိုးတော်တောဒေသထွက် မျှစ်ပြုတ် တစ်ပိဿာလျှင်(၂၂၀ဝိ/-)၊ အထက်မှလာသော မျှစ်စိမ်း၊ ဆေးဆိုးမျှစ်နှင့် မိုးကုတ်ဒေသထွက် မျှစ်စိမ်း တစ်ပိဿာလျှင်(၁၅၀ဝိ/-)နှင့် မျှစ်ပြုတ် တစ်ပိဿာလျှင် (၁၆၀ဝိ/-)ပေါက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

တမူးမြို့နယ်၊ ဘုက္ကန်ကျေးရွာမှ ရာသီစာ မျှစ်ပေါင်းရောင်းချခြင်းမှ ပုံမှန်ဝင်ငွေရရှိ

         တမူးမြို့မှ ထွက်ရှိသည့် တမူးမျှစ်ပေါင်းသည် လူကြိုက်များပြီး ခရီးသွားပြည်သူများ ဝယ်ယူ စားသုံးလျက်ရှိပြီး နာမည်အလွန်ရသော ရာသီစာ မျှစ်ပေါင်းတစ်မျိုးဖြစ်ပါသည်။  ကုန်ကြမ်းအနေဖြင့် အိန္ဒိယနိုင်ငံ၊ မွလ်ဆန်ရွာမှ ထွက်ရှိသော ဝါးပါးမျှစ်ကို ဝယ်ယူရပါသည်။ မျှစ်စိမ်းတစ်ချောင်း ဝယ်ယူဈေးအနေဖြင့် တစ်ချောင်းလျင် ( ၂၀၀ ) ကျပ်ဖြင့် ဝယ်ယူရပါသည်။

          တမူးမျှစ်ပေါင်း ပြုလုပ်မည်ဆိုပါက မျှစ်စိမ်းများကို အရင်းဖယ်၍ အခေါင်းထွင်းကာ အရင်ပြုတ်ပြီးနောက် ဆား၊ ဆန်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပုဇွန်ခြောက်နှင့် ငါးပိ၊ ငရုတ်ကြမ်းမှုန့်များများကို သင့်တင့်ရုံမျှထည့်ပြီး ပေါင်းကြရပါသည်။ ရရှိလာသည့် မျှစ်ပေါင်း ( ၁ ) ချောင်းလျင် ( ၅၀၀ ) ကျပ်ဖြင့် ရောင်းချရပါသည်။

          တမူးမျှစ်ပေါင်းသည် ဇူလိုင်လမှ စတင်၍ အောက်တိုဘာလအထိ ရာသီစာ အစားအစာ တစ်မျိုးဖြစ်ပြီး၊ ကလေး၊ တမူးနယ်တစ်ဝိုက်တွင် ဘုက္ကန်မျှစ်ပေါင်းဟာ နာမည် ကျော်ကြားလျက် ရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေးဝမြို့နှင့် ကလေးမြို့များသို့  ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ တမူးမြို့သို့ သွားလာကြသော ခရီးသွားများအနေဖြင့် ဒေသထွက်အစားအစာအဖြစ် အမြတ်တနိုး ဝယ်ယူစားသောက်လျှက်ရှိကြပြီး ယခုအချိန်တွင် မျှစ်ထွက်ပေါ်ချိန်ဖြစ်၍ ဒေသခံရောင်းချသူများ အနေဖြင့် ပုံမှန် ဝင်ငွေရရှိသော ရာသီစာ တစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

               အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၃၀.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၆.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ)မှာ ယခင်အပတ်(၁၇၀၀၀ဝိ/-) ရှိခဲ့ရာမှ ယခုအပတ်(၁၇၀၀၀ဝိ/-)၊ နှမ်းပြာယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ်(၁၆၀၀၀ဝိ/-)၊ နှမ်းဖြူ ယခင်အပတ်(၁၆၅၀၀ဝိ/-)  ယခုအပတ်(၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ် (၁၆၅၀၀ဝိ/-) ယခုအပတ် (၁၆၅၀၀ဝိ/-)အသီးသီးဖြစ်ခဲ့၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

            ပဲမျိုးစုံဈေးကွက်တွင် ဘိုကိတ်ပြာ(၂၀)ပိဿာ (၁)အိတ်လျှင် ယခင်အပတ်(၃၂၀၀ဝိ/-) ဖြစ်ပြီး ယခုအပတ် (၃၂၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပဲတီစိမ်းမှာ ယခင်အပတ်(၄၀၀၀ဝိ/-) ဖြစ်ပြီး ယခုအပတ် (၅၀၅၀ဝိ/-) ဖြစ်၍ (၁၀၅၀ဝိ/-)ဈေးမြင့်တက်လာခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ်(၄၄၅၀ဝိ/-) ဖြစ်ပြီး ယခုအပတ်(၄၅၇၀ဝိ/-)ဖြစ်၍ (၁၂၀ဝိ/-) ဈေးမြင့်တက်လာခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်(၅၂၀၀ဝိ/-) ဖြစ်ပြီး ယခုအပတ် (၅၃၅၀ဝိ/-) ဖြစ်၍ (၁၅၀ဝိ/-)ဈေးမြင့်တက်လာခဲ့ကြောင်း၊ ကုလားပဲ(H.L) ယခင်အပတ်(၄၉၅၀ဝိ/-) ဖြစ်ပြီး ယခုအပတ်(၅၀၀၀ဝိ/-)ဖြစ်၍(၅၀ဝိ/-)ဈေးမြင့်တက်လာခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၅၀၀၀ဝိ/-) ဖြစ်ပြီး ယခုအပတ်(၅၀၅၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်တက်လာခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်(၇၀၀၀ဝိ/-) ဖြစ်ပြီး ယခုအပတ် (၇၁၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်တက်လာခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)မှာ (၁)ပိဿာလျှင် ယခင်အပတ်(၄၅၀ဝိ/-) ဖြစ်ပြီး ယခုအပတ်(၄၅၅ဝိ/-)ဖြစ်၍ (၅ဝိ/-)ဈေးမြင့်တက်လာခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၅၀ဝိ/-) ဖြစ်ပြီး ယခုအပတ်(၄၅၅ဝိ/-) ဖြစ်၍ (၅ဝိ/-)ဈေးမြင့်တက်လာခဲ့ကာ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ)(၂၃၀)အိတ်၊ နှမ်းပြာ(၁၅၀) အိတ်၊ နှမ်းဖြူ(၈၀) အိတ်၊ နှမ်းနီ(၉၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၅၅၀)အိတ်၊ မတ်ပဲ(၁၂၅)အိတ်၊ ကုလားပဲ(HL) (၃၆၀)အိတ်၊ ကုလားပဲ(မြကြေး)(၃၀၀)အိတ်၊ ဘိုကိတ်ပြာ(၂၈၀)အိတ်၊ ပဲကြီး(၄၅၀)အိတ်၊ မြေပဲလုံးဆံနီ (၃၀၀)အိတ်၊ မြေပဲလုံးဆံဖြူ(၂၈၀)အိတ်၊ ပဲတီစိမ်း(၅၇၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

            ဝါဈေးကွက်အနေဖြင့် ယခင်အပတ် (၁)ပိဿာလျှင် (၂၄၀ဝိ/-)ဖြစ်ပြီး ယခုအပတ်(၂၃၀ဝိ/-)ဖြစ်၍ (၁၀ဝိ/-)ဈေးလျော့နည်းလာကာ ပိဿာချိန်(၁၃၅၀ဝ)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

 

သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းဈေးကောင်းရလျှက်ရှိ

        သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်းများ နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျှက်ရှိရာ ဇွန်လကုန်အပတ်တွင် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တင်းလျှင်(၄၀၀၀ဝိ/-)ဖြင့် စတင်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

       သရက်မြို့နယ်မှ ထွက်ရှိသည့် ပဲမျိုးစုံကို မြစ်တစ်ဖက်ကမ်း အောင်လံမြို့ရှိ ဝယ်လက်သမားများမှ နေ့စဉ်ဝယ်ယူလျှက်ရှိရာ ယခုဇူလိုင်လ လဆန်းပိုင်းတွင် လက်ရှိဈေးနှုန်းအနေဖြင့် (၈၅၀ဝိ/-) ဈေးမြင့်လာပါကြောင်း၊ (၁)တင်းလျှင်(၄၈၅၀ဝိ/-)ဖြင့် တစ်နေ့လျှင် အိတ်(၂၀-၂၅)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြည့်ဖြိုးကြွယ်ဆန်စက်၏ စပါးခွံလောင်စာတောင့်လုပ်ငန်း ဈေးကွက်ရ

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၇.၂၀၂၂)နေ့တွင် မအူပင်မြို့နယ် လှေဆိပ်တာကောက်ရှိ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုး၏ စပါးခွံ လောင်စာတောင့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပြည့်ဖြိုးကြွယ်ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုးက ဆန်စက် လုပ်ငန်းမှ ထွက်ရှိလာသော စပါးခွံများသည် စွန့်ပစ်ပစ္စည်း မဖြစ်စေရန်အတွက် ရန်ကုန်ဘုရင့်နောင် ရှိ မျိုးမြတ်မွန် ကုမ္ပဏီလီမီတက် (ပြည်တွင်းပြည်ပ) မှထုတ်လုပ်သော စက်တစ်လုံးလျှင် သိန်း(၅၀) ခန့်ရှိသည့် စပါးခွံလောင်စာတောင့်စက်ဖြင့် စပါးခွံ (၂)တင်း တစ်အိတ် လောင်းထည့်လျှင် စပါးခွံ လောင်စာတောင့် (၄)ပိဿာခန့်ထွက်ရှိသည်။ စက်(၄)လုံးဖြင့် (၂၄)နာရီ တစ်ရက်လျှင် အချိန်ပိဿာ (၂၀)၊ အိတ်(၃၀၀)ခန့် ထွက်ရှိပြီး ပိဿာချိန်(၂၀) တစ်အိတ်လျှင် (၃၀၀၀)ကျပ်ဖြင့် ဖျာပုံမြို့၊ ပင်လယ်ရေလမ်းကြောင်းနှင့် မြန်အောင်မြို့ရှိ ရေနံချက်ဖိုများသို့ တင်ပို့ရောင်းချရပြီး ဈေးကွက် ဝယ်လိုအား ရရှိနေသော လုပ်ငန်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပဲခူးတိုင်း၏ မေလနှင့် ဇွန်လ ဘိလပ်မြေစျေးနှုန်း အခြေအနေ

         ပဲခူးတိုင်းရှိ  ဘိလပ်မြေ ဈေးနှုန်းများအနေဖြင့်  မေလတွင် ကြံနှစ်ကောင် (နီ) တစ်အိတ်လျှင် ၉၀၀၀ကျပ်၊ ကြံနှစ်ကောင် (စိမ်း) တစ်အိတ်လျှင် ၈၃၀၀ကျပ်၊ ထိုင်းဆင် တစ်အိတ်လျှင် ၇၆၀၀ ကျပ်၊ မြန်မာဆင် တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်၊ ALPHA တစ်အိတ်လျှင်  ၈၇၀၀ ကျပ်၊ Apache တစ်အိတ်လျှင်  ၈၇၀၀ ကျပ်၊ Blue Diamond  တစ်အိတ်လျှင်  ၉၈၀၀ ကျပ်၊ Rhino  တစ်အိတ်လျှင်  ၇၈၀၀ ကျပ်၊ Max  တစ်အိတ်လျှင်  ၇၀၀၀ ကျပ် ဖြစ်ပြီး ဇွန်လတွင် ကြံနှစ်ကောင် (နီ) တစ်အိတ်လျှင် ၇၈၀၀ကျပ်၊ ကြံနှစ်ကောင် (စိမ်း) တစ်အိတ်လျှင် ၇၆၀၀ကျပ်၊ ထိုင်းဆင် တစ်အိတ်လျှင် ၇၅၀၀ ကျပ်၊ မြန်မာဆင် တစ်အိတ်လျှင် ၉၆၀၀ ကျပ်၊ ALPHA တစ်အိတ်လျှင်  ၈၉၀၀ ကျပ်၊ Apache တစ်အိတ်လျှင်  ၇၅၀၀ ကျပ်၊ Blue Diamond  တစ်အိတ်လျှင်  ၇၅၀၀ ကျပ်၊ Rhino  တစ်အိတ်လျှင်  ၇၆၀၀ ကျပ်၊ Max  တစ်အိတ်လျှင်  ၈၀၀၀ ကျပ် ဖြစ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး မေလနှင့် ဇွန်လစျေးနှုန်းများ နှိုင်းယှဉ်ပါက အတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

ရွှေကျင်နှင့်ညောင်လေးပင်မြို့နယ်ရှိ ဓာတ်မြေသြဇာ ဈေးနှုန်းဈေးကွက် အခြေအနေ

            ရွှေကျင်မြို့ရှိ  ဓာတ်မြေသြဇာဈေးနှုန်းများအနေဖြင့်  ယခုဇူလိုင်လဆန်းပိုင်းတွင် ပုလဲ ဓာတ်မြေသြဇာ (ကောမတ်)  50 kg တစ်အိတ်လျှင် ၈၇၅၀၀ ကျပ်၊ ပုလဲ ဓာတ်မြေသြဇာ (ရွှေလယ်တော)  50kg  တစ်အိတ်လျှင် ၈၇၅၀၀ ကျပ်၊ ကွန်ပေါင်း ဓာတ်မြေသြဇာ (ကျွဲမင်း) 50kg တစ်အိတ်လျှင်  ၇၅၀၀၀ ကျပ်၊ ပိုတက်ဓာတ်မြေသြဇာ ( GBS  ပိုတက်)   50kg တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ပိုးသတ်ဆေး (အဆီဖိတ်)  1kg တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ပိုးသတ်ဆေး (ပန်ဒန်)      250g တစ်အိတ်လျှင် ၁၆၀၀၀ ကျပ် ၊ ပိုးသတ် ဆေး (ဂလန်း)      250g တစ်အိတ်လျှင် ၁၅၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇွန်လ စတုတ္ထပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများအတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

          ထို့အတူ ညောင်လေးပင်မြို့နယ်တွင် ယခုဇူလိုင်လဆန်းပိုင်းတွင် ကွန်ပေါင်း (ရွှေနဂါး)   50kg တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ပုလဲသာ (ရွှေနဂါး)   50kg  တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ)  50kg တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်၊ ဖျူရာဒါန် (သြဘာ)  500g တစ်ထုပ်လျှင် ၆၀၀၀ ကျပ်၊ သြဘာနွယ်စုံ (သြဘာ) ၁ လီတာ ၁ ဘူးလျှင် ၃၀၉၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇွန်လ စတုတ္ထပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများ အတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်၏ စပါး၊ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေ

               သနပ်ပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် ဇွန်စတုတ္ထပတ်တွင် နွေစပါး ပေါင်(၅၀)တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀ ကျပ်၊ မိုးစပါးပေါင် (၅၀) တင်း ၁၀၀ လျှင် ၁၀၀၀၀၀ကျပ် ဖြစ်ပြီး၊ ဆန်(၁၀၈) ပေါင် တစ်အိတ်လျှင် ၃၃၅၀၀ ကျပ်၊ ဆန်ကွဲ (၁၀၈) ပေါင် တစ်အိတ်လျှင် ၂၉၀၀၀ ကျပ် ၊ ဖွဲနုပေါင် (၆၀) တစ်အိတ်လျှင် ၁၅၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အရောင်းအဝယ် ဖြစ်မှုအနေဖြင့် သနပ်ပင်မှ ရန်ကုန်သို့ နေ့စဉ် တင်ပို့မှုရှိနေကြောင်း သိရှိရပါသည်။

          ထို့အတူ ဒိုက်ဦးမြို့နယ်အနေဖြင့် ဇွန်စတုတ္ထပတ်တွင်  နွေစပါး (ဆင်းသုခ) ပေါင် (၅၀) စပါး တင်း ၁၀၀ လျှင် ၈၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၃၂၀၀၀ ကျပ်၊ ဆန်ကွဲကြီး ၁ အိတ်လျှင် ၂၉၀၀၀ ကျပ်၊ ဆန်ကွဲသေး ၁ အိတ်လျှင် ၂၈၀၀၀ ကျပ်၊ ဖွဲနု ၁ အိတ်လျှင် ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေ

             မြန်မာနိုင်ငံသည်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သောနိုင်ငံတစ်နိုင်ငံဖြစ်သည် နှင့်အညီ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့်ဟင်းသီးဟင်းရွက်သစ်သီးဝလံတို့ကိုစိုက်ပျိုးကြပါသည်။ ယင်းအပြင် တောင်သူများသည် ပြည်ပပို့ကုန်တစ်မျိုးဖြစ်သော အစေ့ထုတ်ပြောင်းများကိုလည်း တစ်နှစ်လျှင်နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးလာကြသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ ပြောင်း စိုက်ပျိုးထုတ်လုပ်သော တောင်သူများသည်လည်း ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဝယ်လိုအား မြင့်တက်နေသော အစေ့ထုတ်ပြောင်းများကို နှစ်စဉ်တိုးတက်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်းဝင်များအား GACC ကုမ္ပဏီနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် အစေ့ထုတ်ပြောင်းများကို နယ်စပ်ကုန်သွယ်ရေးစခန်း များရှိရာ လမ်းကြောင်းမှ တရားဝင်တင်ပို့နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

               ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အစေ့ထုတ်ပြောင်းများကို နေရာအနှံ့အပြားစိုက်ပျိုးကြပြီး မိုင်း ယန်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့်မိုင်းယောင်းမြို့နယ်တို့တွင် ဧကအများအပြားစိုက်ပျိုးကြသည်ကို တွေ့ရပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် အစေ့ထုတ်ပြောင်းများကို မိုးပြောင်းနှင့်ဆောင်း ပြောင်းနှစ်သီးစိုက်ပျိုးပြီး နှစ်အလိုက်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ အောက်ဖော်ပြပါဇယား အတိုင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်-

စဉ်

ခုနှစ်

မိုးပြောင်း(ဧက)

ဆောင်းပြောင်း(ဧက)

ဧကပေါင်း

အထွက်(တင်း)

၂၀၁၉-၂၀၂၀

၃၁၀၃၀

၆၅၁၃

၃၇၅၄၃

၂၂၃၄၅၇၂

၂၀၂၀-၂၀၂၁

၃၁၂၅၂

၆၄၅၅

၃၇၇၀၇

၂၂၄၉၁၀၀

၂၀၂၁-၂၀၂၂

၃၁၄၁၀

၆၄၉၄

၃၇၉၀၄

၂၂၈၂၂၂၃

          အစေ့ထုတ်ပြောင်းများကိုစိုက်ပျိုးရာတွင် ရှေးဦးစွာမြေကိုပြုပြင်ပြီး မျိုးစေ့ချစိုက်ပျိုးရသည်။ ပင်ကြားတန်းကြား ၁ပေမှ ၂ပေအကွာကြား စိုက်ပျိုးပြီး (၇)ရက်ခန့်အတွင်း အပင်စုံ၍ ရက်(၂၀)ခန့် တွင် တစ်ကြိမ်၊ (၄၅)ရက်ခန့်တွင်တစ်ကြိမ် ပေါင်းသတ်ဆေးဖြန်းရသည်။ အပင်အားဆေး (ရွက်ဖြန်း မြေဩဇာ)ကို (၃၀)ရက်သားခန့်တွင် တစ်ကြိမ်(၆၀)ရက်သားခန့်တွင်တစ်ကြိမ် ဖြန်းပေးရသည်။ စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၁၂၀)ခန့်တွင် ရိတ်သိမ်းနိုင်ပါသည်။ ထိုင်းနိုင်ငံမှတင်သွင်းသော စပ်မျိုး များကို မှာယူစိုက်ပျိုးပြီး မျိုးစေ့(၁၀)ကီလိုတစ်အိတ်လျှင် ကျပ်၃၀၀၀၀ဖြင့် ဝယ်ယူစိုက်ပျိုးသည်ဟု သိရပါသည်။ ထိုင်းနိုင်ငံမှတင်သွင်းသော အစေ့ထုတ်ပြောင်းမျိုးစေ့များမှာ အပင်ပေါက်အားကောင်း ပြီး ပြောင်းပင်တစ်ပင်လျှင် အဖူး နှစ်ဖူးမှသုံးဖူးထိ ထွက်ရှိကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် အများဆုံးအသုံးပြုသော အစေ့ထုတ်ပြောင်းမျိုးများမှာ ထိုင်းနိုင်ငံမှတင်သွင်းသော F888(အနီ)၊ F888(အပြာ)တံဆိပ်တို့ ဖြစ်ပါသည်။

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် မိုးပြောင်းများကို ဧပြီလမှဇွန်လထိ မြေအစိုဓာတ်စတင် ရရှိချိန်တွင် စိုက်ပျိုးကြပြီး ဆောင်းပြောင်းများကို စက်တင်ဘာလမှနိုဝင်ဘာလအတွင်း မြေအစိုဓာတ် မကုန်ခင်စတင်စိုက်ပျိုးကြသည်ဟု သိရပါသည်။ အစေ့ထုတ်ပြောင်းတစ်ဧကစိုက်ပျိုးကုန်ကျ စရိတ် မှာ ၄၅၀၀၀၀ကျပ်ခန့်ရှိပြီး အထွက်နှုန်းမှာ တင်း၆၀ကျော်ထွက်ကာ အကျိုးအမြတ်အနေဖြင့် ၄၀၀၀၀၀ကျပ်ခန့်ရရှိကြောင်း၊ ယခင်နှစ်ကအစေ့ထုတ်ပြောင်း ၅၀ကီလိုဝင်တစ်အိတ်လျှင် (၂၄၀၀၀) ကျပ်ရရှိပြီး ယခုနှစ်တွင်၅၀ကီလိုဝင်တစ်အိတ်လျှင်(၂၈၀၀၀)ကျပ်ရရှိသည်ဟု မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ယခုနှစ်မိုးပြောင်းများကို စိုက်ပျိုးပြီးစီး ပြီဖြစ်သော်လည်း လုပ်သားခ၊ မျိုးစေ့ဖိုးနှင့် သွင်းအားစုဈေးနှုန်းများ မြင့်တက်လာသောကြောင့် အစေ့ထုတ်ပြောင်းပေါ်ချိန်တွင် ဈေးကောင်းရရှိမှ အကျိုးအမြတ်ကျန်မည်ဖြစ်ကြောင်းကိုလည်း ပြောင်းစိုက်တောင်သူများထံမှ သိရပါသည်။

           ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသများမှထွက်ရှိသော ပြောင်းများကို တာချီလိတ်မြို့နယ်၊ ဟောင်လိတ်စက်မှုရပ်ကွက်ရှိ ရွှေကောင်းကင်တိရိစာ္ဆန်အစားအစာစက်ရုံမှ ဝယ်ယူသကဲ့သို့ ဒေသ တွင်းကြက်၊ ဝက်တစ်ပိုင်တစ်နိုင် မွေးမြူသူများမှာလည်း ဝယ်ယူအသုံးပြုကြသည်။ ကုန်သွယ်မှု အနေနှင့် ရှမ်းပြည်နယ်မှထွက်ရှိသော အစေ့ထုတ်ပြောင်းများကို တာချီလိတ်မြို့၊ နယ်စပ်ကုန်သွယ် ရေးစခန်း (မယ်ယန်း)မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)မှ တင်ပို့ သကဲ့သို့ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချကြ သည်ဟု သိရပါသည်။ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တာချီလိတ်(မယ်ယန်း)ကုန်သွယ်ရေး စခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ ၃၄၄၀၅၈.၈တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁၆.၅၄သန်း ရှိပြီး မိုင်းခတ်-မိုင်းယန်း-မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ ၁၁၉၃၁.၅တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၅၂သန်းရှိခဲ့သည်။ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မေလထိ တာချီလိတ်(မယ်ယန်း)ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့မှုမှာ ၁၅၅၆၂၀တန်၊ တန်ဖိုး ၃၆.၈သန်းရှိခဲ့သည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါသည်။

          သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ ပြောင်းစိုက်တောင်သူများသည် အစေ့ထုတ် ပြောင်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိနေပြီး နိုင်ငံတော်အတွက်လည်း ပြည်ပပို့ကုန် တိုးတက်ပို့ဆောင်နိုင်ကာ နိုင်ငံခြားဝင်ငွေရရှိနေပါကြောင်းနှင့် မိုးပြောင်းရိတ်သိမ်းချိန်တွင်လည်း ပြောင်းစိုက်တောင်သူများ ပြောင်းဈေးကောင်းရရှိရန်မျှော်လင့်နေပါကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသ၏ အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့ကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်းပြည်နယ်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း