ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့နယ် ပက်တန်းကျေးရွာမှ တပိုင်တနိုင် ထန်းလျက်လုပ်ငန်းများ

         တောင်ငူမြို့ ပတ်ဝန်းကျင်သည် ထန်းပင်ထန်းတောများပေါများပါသည်။ အထူးသဖြင့် မြို့အနောက်ဘက်နှင့်အနောက်မြောက်ဘက်တို့တွင် ထန်းတောများစွာရှိပြီး ဘုရင်တပင်ရွှေထီး ထန်းရည်သောက်ခဲ့ရာ ထန်းတောများဖြစ်သည်ဟု ရာဇဝင်ရှိခဲ့သည်။ တပင်ရွှေထီး ထန်းတောဟု လည်း ဒေသခံခေါ်ကြပါသည်။

        ထန်းပင်ထန်းတောများပေါများသဖြင့် မိရိုးဖလာဖြစ်သောထန်းလျက်လုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသူများရှိပါသည်။ တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအုပ်စု ပက်တန်း ကျေးရွာရှိ တပိုင်တနိုင် ထန်းလျက်လုပ်ငန်းသို့ သွားရောက်လေ့လာရာတွင် ထန်းလျက်ကို ထန်းရည်အချိုဖြင့် ချက်ရကြောင်း သိရှိရပါသည်။

          ထန်းပင်ပေါ်မှ ချချချင်းတွင်ထန်းရည်အိုး ၇ အိုးမှ ၈ အိုးခန့် ထန်းရည်အချိုများကို သန့်စင်ပြီး မိုးဗြဲဒယ် တစ်လုံးတွင်ထည့်၍ မီးပြင်းပြင်းနှင့် ပွက်လာသည့်အထိ ကျိုပေးပြီး သမအောင် မွှေပေးရ ပါသည်။ တစ်ပြိုင်တည်းတွင် မိုးဗြဲဒယ် သုံးလုံး(သို့)လေးလုံး ကျိုချက်ပါသည်။ အရည်ပျစ်လာ၍ ထန်းလျက်သားကျသည့်အခါ မီးဖိုပေါ်မှချပြီး ယောက်မကြီးနှင့်ကော်၍ ဓားဖြင့် သုံးမြှောင့်ပုံ အတုံးချွန်ချွန်ပုံစံ ခုတ်ပေးရပါသည်။

         တောင်ငူထန်းလျက်၏ ထူးခြားချက်မှာ အခြားဒေသထွက် ထန်းလျက်များကဲ့သို့ အလုံး မဟုတ်ဘဲ သုံးမြှောင့်ပုံအတုံးချွန်ချွန်လေးများ ဖြစ်ပါသည်။ တစ်ဒယ်လျှင် ထန်းလျက် တစ်ပိဿာခွဲ ခန့်ရကြောင်း ၊သုံးမြှောင့်ပုံ အတုံးချွန်ချွန်ပုံစံ အတုံးလေးများ ခုတ်ထားပြီးသော ထန်းလျက်များကို အအေးခံပြီး တစ်ပိဿာလျှင် ၄၅၀၀ ကျပ် ရောင်းချရကြောင်း သိရှိရပါသည်။

        ထန်းလျက်ကို ရေနွေးကြမ်းနှင့်အချိုတည်းကြသည့်အပြင် မြန်မာ့ရိုးရာမုန့်များကိုလည်း ထန်းလျက်ဖြင့် ပြုလုပ်ကြပါသည်။ တောင်ငူထန်းလျက်သည်သဘာဝအချိုဓါတ်တစ်မျိုးဖြစ်သော ထန်းရည်ချိုဖြင့် ပြုလုပ်ထားပြီး ဓာတုဆေးများလုံးဝမပါရှိပါသဖြင့် အဟာရဖြစ်ပြီးခွန်အားပြည့်စေ သည့် မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(Bago)

 

                                               

ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ(ကြူကုတ်)သာ ပုံမှန်အရောင်းအဝယ်ဖြစ်

       ပြည်ကြက်သွန်ဖြူ ပွဲရုံများတွင် မန္တလေးဘက်မှ ဝင်ရောက်လာသော ကြူကုတ်များဖြင့်သာ အရောင်းအဝယ်ဖြစ်ပြီး ရှမ်းပြည်ဘက်မှအဝင်ရှိသော ရှမ်းစများမှာ လက်ကျန်နည်း၍ အနည်းငယ်သာရှိကြောင်း သိရှိရပါသည်။ ရှမ်းစများထွက်ရှိရာ ရှမ်းပြည်နယ်ရှိမြို့နယ်များ၌ပင် လက်ကျန် နည်းနေသည့်အတွက် အဝင်မရှိတော့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကြူကုတ်များကို မန္တလေး ဘက်မှ တစ်ပတ်လျှင် အိတ် (၂၀၀-၃၀၀)အတွင်း အဝင်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်တွင် ရှမ်းစများလက်ကျန်အနည်းငယ်သာရှိသောကြောင့် (ပွဲရုံ)လက်ကားဈေး တစ်ပိဿာလျှင် (၆၀၀၀-၆၅၀၀)ကျပ် ဈေးရှိသည့်အတွက် လက်လီအနေဖြင့် တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၈၀၀၀)ဈေးရှိပြီး အဝယ်ပါးကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာ (ပွဲရုံ)လက်ကားဈေးတစ်ပိဿာလျှင် ကျပ် (၃၈၀၀-၄၀၀၀)ဈေးရှိပြီး လက်လီတစ်ပိဿာလျှင် ကျပ် (၄၅၀၀-၅၀၀၀)ဖြင့် ပုံမှန် ဝယ်ယူသူ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် ဒေသတွင်း လက်လီဝယ်ယူသူများဖြင့်သာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်တွင် အာလူးအရောင်းအဝယ်အေး

      ပြည်မီးဖိုချောင်သုံးသီးနှံဈေးကွက်တွင် အာလူးဈေးမှာ ငြိမ်နေဆဲဖြစ်ပါသည်။ ပွဲရုံ (လက်ကား ဈေး) တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဈေးရှိပြီး လက်လီဈေး တစ်ပိဿာလျှင် ကျပ် (၂၄၀၀-၂၈၀၀)ဖြင့် ဈေးငြိမ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ မန္တလေးဘက်မှ တရုတ်အာလူးများ တစ်ပတ်လျှင်အိတ် (၂၀၀/၃၀၀)အတွင်း အပတ်စဉ်အဝင်ရှိနေပြီး ရှမ်းအာလူးများ အဝင်နည်းနေသေးကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းလုပ်ငန်းရှင်များ၊ လက်လီဝယ်ယူသူများနှင့် ခရိုင်အတွင်း အခြားမြို့နယ်များသို့ တင်ပို့ရောင်းချနေပြီး ယခုတစ်ပတ်အတွင်း အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် နှမ်းအရောင်းအဝယ်ပုံမှန်ဖြစ်

    ပြည်ဈေးကွက်သို့ နှမ်းများဝင်ရောက်မှုမရှိ၍ ယခင်လှောင်နှမ်းလက်ကျန်များဖြင့်သာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းနီမှာဈေးကွက်တွင် ပစ္စည်းလက်ကျန်ရှားပြီး ဆီစက်သမားများက ဆီကြိတ်ရန်ဝယ်ယူမှုရှိသဖြင့် ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရှိရပါသည်။ စမုံနက်နှမ်းနှင့် နှမ်းနက်ကို မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်သော်လည်း ဈေးငြိမ်နေကြောင်း  တွေ့ရှိရပါသည်။ ပြည်ဈေးကွက်ရှိနှမ်းများကို အညာဒေသများမှ ဆင်း၍ဝယ်ယူမှုရှိသဖြင့် ယခင်လှောင်နှမ်းလက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအပတ် ပြည်ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသောနှမ်းဈေးများမှာ နှမ်းနီ (၃)တင်း တစ်အိတ်လျှင် (၂၅၀၀၀၀)ကျပ်ဖြင့် ယခင်အပတ်ကထက်စာလျှင် ကျပ် (၄၅၀၀၀)ခန့် ဈေးများမြင့်တက်လာခဲ့ပါသည်။ နှမ်းနက်ဈေးမှာ (၃)တင်းတစ်အိတ်လျှင် (၂၈၀၀၀၀)ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် (၃၀၀၀၀၀)ကျပ်ဖြင့် ယခင်အပတ်ကတိုင်း ဈေးငြိမ်နေခဲ့ပါသည်။ နှမ်းဆီ ဈေးမှာ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် ဈေးအတက်အကျမရှိဘဲ ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေပါကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

ပြည်ခရိုင်ရှိ စပါး/ဆန်ဈေးကွက်

       ပြည်ခရိုင်တွင် မိုးစိုက်ဧက (၂၂၆၄၉၆)ဧကစိုက်ပျိုးရိတ်သိမ်းပြီး ဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၇၆)တင်းခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့နယ်ရှိ စပါးဈေးနှုန်းများမှာ (၄၆)ပေါင် စပါးတင်း(၁၀၀)လျှင် (၁၂၅၀၀၀၀)ကျပ်၊ ဆန်တစ်အိတ်လျှင် (၄၄၀၀၀)ကျပ်ဖြစ်ပြီး၊ ပေါက်ခေါင်းမြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင်လည်း ယင်းဈေးအတိုင်း ရောင်းချလျက်ရှိပါသည်။ ရွှေတောင်မြို့နယ်တွင် စပါးတင်း(၁၀၀)လျှင် (၁၂၀၀၀၀၀)ကျပ်ဈေးနှုန်းရှိပြီး ဆန်တစ်အိတ်လျှင် (၄၈၀၀၀)ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ရွှေတောင်မြို့နယ်အနေဖြင့် ဆန်အရည်အသွေးကောင်း သဖြင့် ဆန်ဈေးအနည်းငယ်မြင့်တက်ခြင်းဖြစ်ပါသည်။ စပါး/ဆန် အရောင်းအဝယ်အနေဖြင့် အခြားဒေသများမှလာရောက်ဝယ်ယူလျက်ရှိသလို ဒေသတွင်းလည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

ပြည်ဒေသထွက် ငရုတ်သီးစိမ်းဈေးနှုန်းဈေးကွက်

   မြန်မာလူမျိုးများအနေဖြင့် မီးဖိုချောင်သုံးကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးစိမ်းနှင့် ငရုတ်သီးခြောက်မှာ ဟင်းချက်ရာတွင်မပါမဖြစ်ပါဝင်သော အမယ်တစ်မျိုးတစ်မျိုးဖြစ်ပါသည်။ ငရုတ်သီးခြောက်ကို ဟင်းများအရောင်လှစေရန်အတွက် အရောင်တင်မှုန့်ပြုလုပ်၍လည်းကောင်း၊ ငရုတ်သီးအကြမ်းမှုန့်၊ ငရုတ်သီးအလှော်မှုန့်များပြုလုပ်၍လည်းကောင်း အသုံးပြုကြသလို ငရုတ်သီးစိမ်းကို ငပိနှင့်ထောင်း၍ ငပိထောင်းများလုပ်ကာစားသောက်ခြင်း၊ သနပ်များ ၊ အသုပ်စုံများတွင် ထည့်သွင်းအသုံးပြုကြသဖြင့် စားသုံးမှုများသော ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် ငရုတ်ပင်ကို နေရာအနှံ့အပြားတွင်စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးလည်း ထွက်ရှိပါသည်။ နေရာဒေသကိုလိုက်၍ ငရုတ်သီးထွက်ပေါ်ချိန်နှင့် အထွက်နှုန်းသာကွာခြားပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်စိုကိုဦးစားပေး၍ စိုက်ပျိုးကြသဖြင့် ငရုတ်သီးစိမ်းစိုက်ဧကမှာ (၇၆၃)ဧက ရှိပြီး တစ်ဧကအထွက်နှုန်းမှာ ပျမ်းမျှပိဿာ(၁၃၀၀)ကျော်ထွက်ရှိကြောင်း သိရှိရပါသည်။ ငရုတ်သီးခြောက်စိုက်ဧကမှာ (၄၅၀)ဧကရှိကြောင်း သိရှိရပါသည်။ ငရုတ်ပင်စိုက်ပျိုးရာတွင် အကောင်းဆုံးမြေမှာ သဲနုန်းမြေဖြစ်ပါသည်။ ရာသီဥတုပူနွေးမှုနှင့် စိုစွတ်မှုကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်လျှင် မကြိုက်သဖြင့် မိုးများသော မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးရာသီတွင်မစိုက်ပဲ ဆောင်းရာသီမှသာစိုက်ပျိုးကြပါသည်။ မိုးကြိုငရုတ်ကို ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ပျိုးထောင်၍ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၂-၃)လအကြာတွင် ငရုတ်သီး များ စတင်ခူးဆွတ်ရပါသည်။ ငရုတ်သီးခူးဆွတ်ရာတွင် တစ်ဧကလျှင် ငါးရက်တစ်ကြိမ် ခူးဆွတ်ရပါသည်။ ကျောက်စိမ်းငရုတ်၊ ပီနန်ငရုတ်၊ ပီနန်ယောက်ဖ၊ ကုလားအော်သီး၊ မိုးမျှော်ငရုတ်သီးဟူ၍ အမျိုးအစားပေါင်းများစွာရှိပါသည်။ ငရုတ်သီးစိမ်း အရောင် မှာလည်းကွဲပြားပါသည်။ အဖြူရောင်၊ ဆင်စွယ်ရောင်၊ အဝါနုရောင်၊ အဝါရင့်ရောင်၊ အစိမ်းရောင်ဆိုပြီး အရောင်အမျိုးမျိုးရှိပြီး ရင့်မှည့်လျှင် အနီရောင်နှင့် အဝါဖျော့ဖျော့ အရောင်များလည်းရှိပါသည်။

   ပြည်မြို့နယ်တွင် ငရုတ်သီးစိမ်းကို ခွေးရဲကျေးရွာ၊ မှော်ဇာကျေးရွာတို့အပြင် အချို့သော ကျေးရွာအတော်များများမှာလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ငရုတ်သီးစိမ်းဈေးကွက်အနေဖြင့် ထွက်ရှိလာသော ငရုတ်သီးစိမ်းများကို ပြည်ဈေးကွက်သို့တင်ပို့ရောင်းချပြီး ပြည်ဈေးကွက်မှ တစ်ဆင့် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်(တောင်ကုတ်)မြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့် ပီနန်ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချသလို ကျောက်စိမ်းငရုတ်သီးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။

    ငရုတ်သီးစိုက်ပျိုးသူတောင်သူများအဖို့ ငရုတ်သီးဈေးမှာ ယခင်နှစ်ထက် ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလာကြသလို အမြတ်အစွန်းများလည်း ပိုမိုရရှိလာမည်ဖြစ်ပါသည်။ ငရုတ်သီး ဝယ်လိုအားများလာလျှင် စိုက်ပျိုးမှုများလာသဖြင့် ဝယ်လိုအားအနည်းအများပေါ်မူတည်၍ နေကြောင်း သိရှိရပါသည်။ ငရုတ်သီးကို မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးပြီး၊ နည်းပညာများဖြင့် မှိုရောဂါကင်းပြီး အရည်အသွေးပြည့်မီလျှင် ပြည်ပဝယ်လိုအားကောင်းလာမည်ဖြစ်ပြီး အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

                                                         

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၄၅၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည်လျှင် ၂၆၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အာလူး တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ချင်း တစ်ပိဿာလျှင် ၂၀၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

    ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင် ၂၃၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၂၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၉၀၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

       ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ဇန်နဝါရီလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဧည့်မထ(ဒေသ)ဆန်၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ခရမ်းချဉ်သီး၊ မန်ကျည်းသီးမှည့်၊ ချင်း၊  အမဲသား၊ ငါးကြင်းနှင့် ငါးမြစ်ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ဈေးနှုန်းမြင့်တက် ရခြင်းမှာ တိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်များကြောင့် မြင့်တက်ရခြင်းဖြစ်ကြောင်း၊ ကြက်သွန်နီ တစ်မျိုးသာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ဈေးနှုန်းကျဆင်းရခြင်းမှာ တောင်ကြီးမြို့မှ အဝင်များခြင်းဖြစ်ကြောင်းနှင့် ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

 

ဖြူးမြို့နယ်မှ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော မတ်ပဲနှင့် ပဲတီစိမ်း

           တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှ တောင်သူလယ်သမားကြီးများသည် မိုးစပါးပြီးလျှင် ဆောင်း သီးနှံအဖြစ် မတ်ပဲနှင့် ပဲတီစိမ်းကို စိုက်ပျိုးကြပါသည်။

            ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ ယခုနှစ်ဆောင်းရာသီတွင် ဖြူး မြို့နယ်၌ မတ်ပဲ ၉၈၂၁၉ ဧကနှင့် ပဲတီစိမ်း ၁၃၅၂၇ ဧက စိုက် ပျိုးထားကြောင်း၊ ဇန်နဝါရီလကုန်အထိ မတ်ပဲ ၂၅၁၈၁ ဧကနှင့် ပဲတီစိမ်း ၈၁၅၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရပါသည်။

             အထွက်နှုန်းအနေဖြင့် မတ်ပဲတစ်ဧကလျှင် ၂၆.၂၅ တင်းထွက်ရှိပြီး ပဲတီစိမ်းမှာ တစ်ဧက လျှင် ၂၃.၂၁ တင်းထွက်ရှိပါသည်။ လက်ရှိဒေသပေါက်ဈေးမှာ မတ်ပဲ တစ်တင်းလျှင် ၅၆၀၀၀ ကျပ် နှင့် ပဲတီစိမ်းမှာ တစ်တင်းလျှင် ၇၂၀၀၀ ကျပ် ရှိပါသည်။

              ပဲစိုက်တောင်သူများအနေဖြင့် ထွက်ရှိလာသော မတ်ပဲနှင့် ပဲတီစိမ်းများကို မြို့ပေါ်ရှိ ပွဲရုံ များသို့ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(Bago)

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

       ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၅၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၈၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၉၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၄၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ် ဖြစ်ပါသည်။

     ကျိုင်းတုံမြို့ရှိ ဖေဖော်ဝါရီလ ဒုတိယအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၇၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၉၁၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၉၁၀၀)ကျပ် ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင် ဇန်နဝါရီလ ဒုတိယပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဘတ်ငွေဈေး မြင့်တက်ခြင်းကြောင့်ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

ရေတာရှည်မြို့မှ အောင်မြင်လျက်ရှိသော ဒေါ်စိန်ဝက်အူချောင်းလုပ်ငန်း

           ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ ဒေါ်စိန် ဝက်အူ ချောင်းလုပ်ငန်းသည် အောင်မြင်လျက်ရှိသည့် အသေးစားအိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ် ပါသည်။ ဝက်အူချောင်းအတွက် လိုအပ်သော ပစ္စည်းများမှာ ဆိတ်အူ၊ ဝက်သား၊ အချိုမှုန့်၊ သကြား၊ ဆားနှင့် ယမ်းစိမ်းတို့ဖြစ်ပါသည်။ ဆိတ်အူကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရပြီး ဝက်သားနှင့်  အခြားပါဝင်ပစ္စည်းများကို ရေတာရှည်မြို့မှ ဝယ်ယူပါသည်။

         ဝက်အူချောင်းထုတ်လုပ်ပုံမှာ ဝက်သားပိဿာချိန် (၂၀)ပိဿာကို အရိုးများဖယ်ထုတ်၍ ဓားဖြင့်နုတ်နုတ်စင်းရပါသည်။ ၎င်းဝက်သားများကြေမွသွားစေရန် အသားကြိတ်စက်ဖြင့် ထပ်မံ ကြိတ်ရပါသေးသည်။ ထို့နောက်ကြိတ်ထားသော ဝက်သားများထဲသို့ အချိုမှုန့်၊ ဆား၊သကြား၊ ယမ်းစိမ်းတို့အား အချိုးကျထည့်နယ်ပြီး ဆားရည်စိမ်ထားသော ဆိတ်အူထဲသို့ အသားညှစ်စက်ဖြင့် သွပ်သွင်းကာ မီးလင်းဖိုကြီးထဲတွင် အခြောက်ခံအပူပေးခြင်းအားဖြင့် လိုအပ်သော ဝက်အူချောင်း များကို ရရှိပါသည်။

       တစ်ကြိမ်ထုတ်လျှင် ဝက်အူချောင်း ၉ ပိဿာရပြီး တစ်လလျှင် ၆ ကြိမ်ထုတ်လုပ်ရ ကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဝက်သား(၂၀)ပိဿာလျှင် (၂၀၀၀၀၀)ကျပ်၊ အချိုမှုန့်ကြီး (၁)ထုပ်လျှင် (၅၃၀၀)ကျပ်၊ သကြား ၁ ပိဿာ လျှင်၅၀ ကျပ်သား(၃၉၀၀) ကျပ်၊ ယမ်းစိမ်း အနည်းငယ်လျှင် (၈၀၀)ကျပ်၊ ဆား ၂၅ ကျပ်သားလျှင် (၂၀၀)ကျပ်၊ ဆိတ်အူ ၁ ပိဿာ လျှင်၅၀ ကျပ်သား (၁၈၀၀၀) ကျပ်၊ စက္ကူ/ပလတ်စတစ်အိတ်ဖိုး(၁၅၆၀၀)ကျပ်၊ လုပ်သားခ(၂)ဦး (၁၂၀၀၀)ကျပ်အပါအဝင် စုစုပေါင်း (၂၅၅၈၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

       ထုတ်လုပ်ရရှိသော ဝက်အူချောင်းများကို ၁၀ ကျပ်သားထုပ်နှင့် ၂၅ ကျပ်သားထုပ်ဟူ၍ နှစ်မျိုးနှစ်စားထုပ်ပိုးပြီး ၁၀ ကျပ်သားထုပ်လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ၂၅ ကျပ်သားထုပ်လျှင်၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့များတွင် လက်လီဈေး နှုန်းဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်း၊ အော်ဒါမှာယူပါကလည်း လက်ခံဆောင်ရွက်ပေးကြောင်း “ဒေါ်စိန်” အမှတ်တံဆိပ် ဝက်အူချောင်းထုတ်လုပ်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCAJ(Bago)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း