ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုင်းတုံဈေးကွက်တွင် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ဖြစ်

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ မိတ္ထီလာမြို့နယ်မှ စိန်တလုံးသရက်သီးများ သင်္ကြန်ကာလပြီးနောက်ပိုင်း စတင်ဝင်ရောက်လာခဲ့ပြီး ယခုမေလတွင် အများဆုံးဝင်ရောက်ကာ တစ်ရက်လျှင် ခြင်းပေါင်း (၁၂၀) မှ (၁၅၀)ထိ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ သရက်သီးတစ်ခြင်းလျှင် ပိဿာ (၃၀)ခန့်ရှိပြီး မိတ္ထီလာမြို့မှ ကျိုင်းတုံမြို့သို့ သရက်သီး (၁)ခြင်း သယ်ယူပို့ဆောင်ခ ကျပ် (၁) သောင်းကျော်ခန့်ရှိပါသည်။ သရက်သီး (၁)ခြင်းတွင် အလုံးရေအလိုက် ပျမ်းမျှ (၁၂၀)လုံးမှ (၁၈၀)လုံးခန့် ပါဝင်ပြီး အသီးအရွယ်အစားပေါ်မူတည်၍ ဆိုဒ် (၄)မျိုးခွဲကာ ရောင်းချရကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။

       စိန်တလုံးသရက်သီးဈေးနှုန်းမှာ အသီးအရွယ်အစားပေါ်မူတည်၍ အကြီး (၆၀၀)ကျပ်၊ အလတ် (၅၀၀)ကျပ်၊ အသေး (၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။   ဈေးကွက်အတွင်း ရာသီ အစားအစာဖြစ်သော စိန်တလုံးသရက်သီးများသည် ကျိုင်းတုံမြို့ပေါ်တွင် အရောင်းအဝယ်သွက် လျက်ရှိသည့်အပြင် ကျိုင်းတုံမြို့နယ်အနီးတဝိုက်  ပတ်ဝန်းကျင်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

        ကျိုင်းတုံမြို့၏ မြေလွတ်မြေရိုင်းများပေါ်တွင် ဒေသခံတောင်သူဦးကြီးများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းအကြံဉာဏ်များရယူ၍ စိန်တလုံးသရက်သီးများကို နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးပါက နှစ်ရှည်သီးနှံဖြစ်သောကြောင့် တောင်သူဦးကြီးများ နှစ်စဉ်အကျိုးအမြတ် ခံစားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူများလည်း ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

            အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၅.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁၁.၅.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းစမုံနက်မှာ ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ် (၁၇၅၀၀ဝိ/-) (၅၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံ(နီ)  ယခင်အပတ် (၄၂၈၀ဝိ/-) ယခုအပတ်(၄၂၅၀ဝိ/-) (၃၀ဝိ/-)ဈေးလျော့၊ မတ်ပဲယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ် (၄၅၅၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၀၀ဝိ/-) ယခုအပတ်(၃၉၅ဝိ/-) (၅ဝိ/-) ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၄၄၃၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၁၇၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၅၃၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၇၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၆၅၀ဝဝိ/-) (၁၀၀ဝိ/-)ဈေးမြင့်ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းပြာ(2၂၀)အိတ်၊ နှမ်းနက်(စမုံ) (၄၃၀)အိတ်၊ နှမ်းဖြူ(၉၅)အိတ်၊ နှမ်းနီ(၂၀၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၄၅၀)အိတ်၊ ကုလားပဲ(HL) (၁၃၅၀) အိတ်၊ ကုလားပဲ (မြကြေး)(၉၅၀)အိတ်၊ ပဲကြီး(၇၃၀) အိတ်၊ မတ်ပဲ (၃၉၀)အိတ်၊ မြေပဲလုံးဆံဖြူ (၇၂၀) အိတ်တို့ ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၅.၅.၂၀၂၂) ယခုအပတ် (၁၁.၅.၂၀၂၂) နေ့အတွင်း အရောင်းအဝယ်မရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အလားအလာကောင်းတဲ့ အမယ်သစ် ပို့ကုန် Hass ထောပတ်

              ကယားပြည်နယ်တွင် စပါး ၊ ပြောင်းသီးနှံများကို အဓိက စိုက်ပျိုးလျှက်ရှိပြီး နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သည့် ထောပတ်သီးနှံကိုလည်း တိုးချဲ့ စိုက်ပျိုးလာရာ လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာတွင် Hass ထောပတ်မျိုး စိုက်ဧက (၁၀၀) ခန့် ရှိပြီး အဆိုပါ Hass ထောပတ်မျိုးသည် နယူးဇီလန်မျိုး ဖြစ်ပြီး ပျိုးပင် (၁) ပင် လျှင် (၁၅၀၀၀) ကျပ်နှုန်း ရှိ၍ စတင် စိုက်ပျိုးချိန်မှ (၃)နှစ် ရှိလျှင် အသီးစသီးကြောင်း၊ တစ်ဧကလျှင် အပင် (၁၀၀) ခန့် စိုက်ပျိုးနိုင်ပြီး တစ်ဧက ကုန်ကျစရိတ်မှာ (၂၂) သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ထောပတ်ဈေးနှုန်းမှာ ယခင်နှစ် တစ်ကီလို လျှင်(၆၀၀၀) ကျပ်ဈေးရှိပြီး ၊ ထိုင်းသို့ ကီလို(၅၀၀)ခန့် တစ်နိုင်တစ်ပိုင် တင်ပို့နိုင်ခဲ့ကြောင်း ၊ ယခုနှစ် ဈေးနှုန်းမှာလည်း တစ်ကီလိုလျှင် (၆၀၀၀) ကျပ်ဈေးရှိကြောင်း ၊ ယခုနှစ် ထောပတ်သီး ရာသီချိန်တွင် အမေရိကန်မှ တစ်ကီလို (၈) ဒေါ်လာရသဖြင့် အမေရိကန်သို့လည်း ကီလို (၂၀၀၀)ခန့် တင်ပို့မည့် အစီအစဉ်ရှိကြောင်း ၊ ထောပတ် စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

 

လက်ပံတန်းမြို့နယ်တွင် နွေစပါးများ လှိုင်လှိုင်ပေါပြီ

             ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရီုင် ၊ လက်ပံတန်းမြို့နယ်တွင် ယခုအခါ နွေစပါးများ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်ပါသည်။ လက်ပံတန်းမြို့နယ်အနေဖြင့် နွေစပါးစိုက်ဧက (၁၂၇၉၄)ရှိပြီး ရတနာတိုး ၊ သုခစပါးမျိုးများ အစိုက်အများဆုံး ပျှမ်းမျှ အထွက်နှုန်း (၈၅)တင်းနှုန်းခန့် ထွက်ရှိကြောင်း ၊ တစ်ဧက ကုန်ကျစရိတ်မှာ (၄၀၀၀၀၀/-) ကျပ်ကျော်ခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ကျော် ရရှိကြောင်း ၊ နွေစပါး ပေါင်(၅) တင်း (၁၀၀)လျှင် (၇၇၀၀၀၀/-) ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်းနှင့် နွေ ဆန်သစ်ပေါက်စျေးနှုန်းမှာ တစ်အိတ်လျှင် (၂၉၀၀၀/-) ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ နွေစပါးဈေးကွက်

               ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် နိုင်ငံတော်၏ဝမ်းစာ မဟာဗျူဟာကျသော စပါးသီးနှံကို မိုးစပါးနှင့် နွေစပါး နှစ်ရာသီစိုက်ပျိုးကြပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တောင်ငူမြို့နယ်၏ နွေစပါးစိုက်ပျိုးမှုဧက ၁၆၅၃၇ စိုက်ပျိုးထားရာ တစ်ဧက ပျမ်းမျှ ၈၅ တင်း ထွက် ရှိပါက စပါးတင်း တစ်ဆယ့်လေးသိန်းခန့် ထွက်ရှိလာနိုင်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် နေ့တွင် နွေစပါးစိုက်ပျိုးရန် ခပေါင်းဆည်၊ ပသိဆည်၊ ကမ်းနီဆည်နှင့် ကရင်ချောင်းမြစ်ရေတင် စီမံကိန်းများမှ စိုက်ပျိုးရေစတင်လွှတ်ပေးခဲ့ပြီး နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ဧပြီလ ၂၅ ရက်နေ့အထိ ၉၇၉ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။

              နွေစပါးစိုက်ပျိုးထားသော စပါးများမှာ ထိုင်းနှံကောက်၊ ရတနာတိုး၊ နယူးဧရာ၊ ရက် ၉၀ စပါးများဖြစ်ပါသည်။ နွေရာသီတွင် ထိုင်းနှံကောက်စပါးသည် ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်ကောင်းသောကြောင့် အများဆုံးစိုက်ပျိုးကြသည်ဟု သိရပါသည်။ ထိုင်းနှံကောက် အထွက်နှုန်းမှာ တစ်ဧကလျှင် ၈၅ တင်းခန့်အနည်းဆုံးရှိပြီး မြေကောင်း၊ သွင်းအားစုကောင်းသောနေရာများတွင် ၉၅ တင်းမှ တင်း ၁၀၀ အထိ ထွက်ရှိကြောင်း သိရပါသည်။

              ယခုနှစ် နွေစပါးစိုက်ပျိုးချိန်တွင် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ လုပ်သားခနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ် မြင့်တက်လာကြောင်း၊ ယခင်နှစ် က စက်ရိတ်ခမှာ တစ်ဧက ၅၀၀၀၀ ကျပ်ပေးရပြီး ယခုနှစ်တွင် ၇၅၀၀၀ ကျပ်ပေးရကြောင်း၊ ဧပြီလ ၂၈ ရက်နေ့က စပါးဈေးမှာ ကွင်းဈေး ၈၀၀၀၀၀ ကျပ်ရှိကြောင်း၊ အစိုဓါတ် ၂၂ ရာခိုင်နှုန်း ကျော်လွန်နေသည့်အတွက် တစ်တင်းကို ၁၅ ပိဿာသတ်မှတ်၍ ဝယ်ယူကြောင်း၊ ယခင်နှစ်က စပါးတင်း ၁၀၀ လျှင် ၅၆၀၀၀၀ ကျပ်သာရှိရာ ယခုနှစ်တွင် လက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် ၈၀၀၀၀၀ ကျပ်အတိုင်း ဖြစ်နေပါက အရှုံးမရှိပါကြောင်း နွေစပါးစိုက်ပျိုးသူ ကြံတောကျေးရွာမှ တောင်သူ ဦးသက်လွင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

 

ဖြူးမြို့ ဝါးနှင့် ဆက်စပ်ပစ္စည်းဈေးကွက်

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၊ တာခြားရပ်ရှိ ဝါး၊ ဝါးနှင့် ဆက်စပ်ပစ္စည်းများ ၊ တောင်ထန်းရောင်းဝယ်ရေးဆိုင်တွင် ဝါးဈေးကွက်အနေဖြင့် ကြက်သောင်းဝါး ၁ လုံးလျှင် ၁၂၀၀ကျပ်နှုန်း၊ တင်းဝါး (ဝါးလတ်) ၁လုံးလျှင် ၆၀၀ ကျပ်နှုန်းနှင့် အရှင်ဝါး ၁ လုံးလျှင် ၂၃၀၀ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ဝါးဖြင့်ပြုလုပ်ရသော ဝါး၏ဆက်စပ်ပစ္စည်းများဖြစ်သည့် မြက်ခြင်း ၁ ခြင်းလျှင် ၁၅၀၀ ကျပ်နှုန်းနှင့် ဝါးထရံမှာ ၁ တောင်ပတ်လည်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

              ဈေးကွက်ကွာဟမှုအနေဖြင့် ယခင် လနှင့်ယခုလ ဝါး ၁ လုံးလျှင် အမျိုးအစား အလိုက် ၂၀၀ ကျပ်နှင့် ၃၀၀ ကျပ်ကြားကွာဟလျှက် ရှိပါသည်။ ထိုသို့ဈေးနှုန်း ကွာဟရခြင်းမှာ စက်သုံးဆီဈေးကြီးမြင့်ခြင်းနှင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

           တောင်ထန်းရောင်းဝယ်မှုအနေဖြင့် တောင်ထန်းအပျစ်အကြီး ၁၀၀ ပျစ်လျှင် ၃၄၀၀၀ ကျပ်နှင့် အသေးအပျစ် ၁၀၀လျှင် ၂၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။ တောင်ထန်းဈေးနှုန်း ကွာခြားချက်အနေဖြင့် ယခင်ရာသီချိန်ကာလတွင် တောင်ထန်းအပျစ် အကြီး ၁၀၀ လျှင် ၂၅၀၀၀ ကျပ်နှုန်းနှင့်  အသေး ၁၀၀ လျှင် ၁၂၀၀၀ ကျပ်နှုန်းသာ ရောင်းချရပါသည်။ ယခင်နှစ်နှင့် ယခုနှစ် ရာသီချိန် ဈေးနှုန်းကွာခြားရခြင်းမှာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ဖြစ်ပါသည်။

              ဝါး၊ ဝါးနှင့်ဆက်စပ်ပစ္စည်း၊ တောင်ထန်းများ ဈေးနှုန်းအနည်းငယ် မြင့်တက်မှုရှိသော်လည်း မကြာမီ မိုးဦးကာလ ကျရောက်တော့မည်ဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း ဝါးဆိုင်ပိုင်ရှင် ဦးသီဟ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူဒေသ နွေစပါးကြိတ်ခွဲထုတ်လုပ်မှုနှင့် ဆန်ဈေးကွက်အခြေအနေ

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် နွေစပါးစိုက်တောင်သူများ နွေစပါးများရိတ်သိမ်းနေကြပြီ ဖြစ်ပါသည်။ဒေသတွင်း  စိုက်ပျိုးမှုအများဆုံးဖြစ်သည့် ထိုင်းနှံကောက် အထွက်နှုန်းမှာ တစ်ဧက ၆၀ တင်းမှ ၉၅ တင်းအထိရှိကြောင်း သိရှိရပါသည်။ ထိုင်းနှံကောက်စပါးသည် နွေစပါးစိုက်ပျိုးရာတွင် ရာသီဥတု နှင့် ကိုက်ညီခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ အထွက်ကောင်းခြင်းကြောင့် အများဆုံးစိုက်ပျိုးခြင်း ဖြစ်ပါ သည်။ သွင်းအားစုအနည်းငယ်အသုံးပြုသည့် တောင်သူများသည် တစ်ဧကလျှင် တင်း ၆၀ ခန့်၊ သွင်းအားစု ပြည့်မီအောင် သုံးစွဲသူ၊ မြေကောင်းသူများသည် တစ်ဧကလျှင် ၉၅ တင်းမှ တင်း ၁၀၀ အထိထွက်ရှိကြောင်း သိရှိရပါသည်။

              ရိတ်သိမ်းစက်ဖြင့်ရိတ်ပြီး လယ်ကွင်းထဲဝယ်ယူသည့် ပွဲစားရှိခြင်းကြောင့် စပါးရောင်းရသည်မှာ လွယ်ကူမှုရှိကြောင်း၊ စပါးအစိုဓါတ် ၂၀ ရာခိုင်နှုန်း ကျော်လွန်နေသည့်အတွက် မီးဆောင်း ပေးရသဖြင့် စပါးတစ်တင်း ၁၅ ပိဿာ၊ ပေါင်အားဖြင့် ၅၄ ပေါင်ဖြင့် ရောင်းချပေးရပါသည်။ ယနေ့ပေါက်ဈေးမှာ နွေစပါးကွင်းဈေး ၇၇၀၀၀၀ ကျပ်၊ စက်အရောက်ဈေး ၈၀၀၀၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း သိရပါသည်။ လက်ရှိဈေးနှုန်းအရ စပါးစိုက်တောင်သူများလည်း အကျိုးခံစားခွင့်ရရှိနေကြပါသည်။

             ဆန်စက်များလည်း နွေစပါးလှိုင်လှိုင်ထွက်လာသည့်အတွက် စက်များကြိတ်ခွဲလည်ပတ် ရလျှက်ရှိပါသည်။ လျှပ်စစ်မီးရရှိသည့်အချိန် နည်းပါးသည့်အတွက် မီးစက်များဖြင့် မောင်းနှင်လည်ပတ်နေကြရပါသည်။ စက်ရုံသို့ ရောက်ရှိလာသည့် စပါးများ ချက်ချင်းကြိတ်ခွဲ၍ မရသည့်အတွက်  အစိုဓါတ် ၂၃ ရာခိုင်နှုန်းရှိစပါးများအား အခြောက်ခံစက်ဖြင့် အစိုဓါတ် ၁၄ ရာခိုင်နှုန်းရောက်အောင် ဆောင်ရွက်ရပါသည်။

              မူလစပါးဝယ်ယူစဉ်က ၁၅ ပိဿာတစ်တင်းလျှင် အစိုဓါတ် ၁၄ ရာခိုင်နှုန်း ရောက်အောင် အခြောက်ခံပြီး အလေးချိန် ၁၃ ပိဿာဖြင့် ပြန်လည်ချိန်တွယ်သည့်အခါ ၉၄ တင်းသာ အသားတင် ရရှိကြောင်း၊ နွေစပါး ထိုင်းနှံကောက် ၉၄ တင်းကြိတ်ခွဲလျှင် ဆန် ၂၈ အိတ်၊ ဆန်ကွဲ ၂ အိတ်၊ ဖွဲနု ၄ အိတ် ထွက်ရှိကြောင်း၊ နွေစပါးမှ ထွက်ရှိသော ဆန်ဈေးနှုန်းမှာ ဧည့်မထ ၂၅% အဆင့် ၁၀၈ ပေါင် အိတ်တစ်အိတ်လျှင် ၂၇၅၀၀ ကျပ်၊ ဆန်ကွဲ တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ပိဿာ ၂၀ ဖွဲနုအိတ် တစ်အိတ်လျှင် ၁၃၅၀၀ ကျပ် ရောင်းချရကြောင်း၊ အစိုဓါတ်ရှိသည့်စပါး အခြောက်ခံရာတွင် ၉၄ တင်း အသားတင်ရှိသော်လည်း ဆန်ထွက်ကောင်းသည့်စပါးနှင့် ဆန်ဈေးနှုန်းကောင်းသည့်အတွက် အရှုံးမရှိပါကြောင်း၊ ဆန်စက်များတွင် လုပ်သားခ၊ မီးစက်နှင့်မောင်းနှင်ရသည့်အတွက် ဒီဇယ်ဆီဖိုးသာရှိကြောင်း၊ ဆန်စက်များလည်း လည်ပတ်နိုင်သည့်အနေအထားရှိပါကြောင်း ဆန်စက်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

ဆီထွက်သီးနှံကဏ္ဍအတွက် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး

           ဆီထွက်သီးနှံ နေကြာသည် အခြားသောသီးနှံများထက် စိုက်ပျိုးစရိတ် အကုန်အကျသက်သာသည့်အပြင် အပျက်အဆီးနည်းခြင်း၊ အထွက်နှုန်းနှင့် တစ်ဧကလျှင် ဆီထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့် သီးနှံလည်းဖြစ်သည့်အပြင်  ဈေးကွက်ဝင်သည့် သီးနှံဖြစ်၍ သီးနှံဝင်ငွေတွက်ခြေကိုက်သည့်အတွက် အားထားစိုက်ပျိုးသင့်သော သီးနှံလည်းဖြစ်ပါသည်။

             နေကြာသီးနှံသည် ဆီကြိတ်၍လည်းရသလို အစေ့၊ အဆံစား၍လည်းရသည့်သီးနှံဖြစ်သည်။ နေကြာ တွင် အရိုင်းနှင့်အယဉ်မျိုးဟူ၍ရှိပြီး အရိုင်းပင်သည် နှစ်ရှည်ခံသီးနှံဖြစ်ပြီး အယဉ်မှာ တစ်နှစ်ခံ အပင်ဖြစ် သည်။ တစ်နှစ်ခံနေကြာ အယဉ်မျိုးတွင် ဆီစားနေကြာနှင့် အစေ့စားနေကြာဟု နှစ်မျိုးရှိပါသည်။ နေကြာပန်းပင်သည် ကိုင်းများထွက်လေ့မရှိဘဲ တစ်ပင်ကို ပန်းပွင့်တစ်ပွင့်သာပွင့်လေ့ရှိပါသည်။ ထို့ကြောင့် နေကြာ တစ်ဧက အထွက်နှုန်းသည် နေကြာပန်းပင်နှင့် အောင်မြင်ဖြစ်ထွန်းသည့် ပန်းပွင့်ကအဓိကကျပါသည်။ တစ်ဧကလုံးအတွက် အထွက်နှုန်းကောင်းရန်၊ ပန်းပွင့်ရန်သည် အရေးကြီးပြီး အပင်သန်မာမှသာ ထွက်ရှိလာမည့် နေကြာစေ့များမှာ အောင်မြင်သည့် အစေ့၊ အဆံများ ရရှိနိုင်မှာဖြစ်ပါသည်။ နေကြာသည် မြေဩဇာကို ကြိုက်နှစ်သက်ပြီး ရေဝပ်ခြင်းကို မနှစ်သက်ပါ။ နှုန်းမြေ၊ သဲနှုန်းမြေ၊ နှုန်းမြေဆွေးတို့တွင် ကောင်းစွာဖြစ်ထွန်းပြီး မိုးခေါင်သည့်ဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ မိုးများပြီး ရေဝပ်သည့်ဒဏ်ကို မခံနိုင်သည့် အတွက် မိုးများသည့် ဒေသများတွင် မိုးလယ်နှင့် ဆောင်းရာသီများတွင် စိုက်ပျိုးသင့်ပါသည်။ အကောင်းဆုံး စိုက်ပျိုးချိန်မှာ မိုးနှောင်းပိုင်းတွင် စိုက်ပျိုးခြင်းဖြစ်ပါသည်။ နေကြာစိုက်ပျိုးရာတွင် သုံးသွားထယ်နှင့် မြေကို ထိုးပေးပြီး (၁၆သွား)ထွန်နှင့် (၂)စပ်(၃)စပ် မွှေပေးရမှာဖြစ်ပါသည်။ စိုက်ဘောင်များဖော်၍ မျိုးစေ့များကို မြေအနက် (၂)လက်မအထက် ပို၍ မနက်စေဘဲ တစ်ကျင်းလျှင် အစေ့(၄/၅)စေ့ ချပေးရမှာဖြစ်ပါသည်။ အပင်သက်တမ်းတစ်လျှောက် ရေလိုအပ်မှုမရှိစေရန် ရေပေးသွင်းနိုင်ပြီး ရေပေးသွင်ချိန်တွင် ရေမဝပ်စေရန် အလွန်အရေးကြီးပါသည်။ (၄ရက်မှ ၅ရက်)အတွင်း အပင်ပေါက်လေးများ ထွက်လာပြီး အရွက်များထွက်လာလျှင် အကောင်းဆုံးအပင်များကိုချန်၍ ကျန်သေးလှီသော အပင်များကို နှုတ်ပေးရပါမည်။ ရက်(၃၀)မှ (၃၅)ရက်တွင် အဖူးအကင်းလေးများ စတင်ထွက်ရှိလာပြီး ပေါင်းလိုက်ခြင်း၊ ဘောင်တင်ခြင်းများ ပြုလုပ် ပေးရပါမည်။ ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန် အစောပိုင်းကာလမှာ ပြုလုပ်နိုင်ပြီး ပိုးသတ်ဆေးဖြန်းခြင်းကို ပန်းပွင့်ပွင့်ချိန်တွင် မပြုလုပ်သင့်ပါ။

           နေကြာကို မထွန်ယက်မှီ တစ်ဧကကို နွားချေး တင်း(၁၀၀/၂၀၀)ခန့်ချ၍ မြေပြုပြင်ချိန် တစ်ဧကလျှင် ယူရီးယား(၁၅ပိဿာ)၊ တီစူပါ(၁၅ပိဿာ)နှင့် ပိုတက်ရှ်(၁၅ပိဿာ)ထည့်ပေးနိုင် အဖူး စတင်ချိန်တွင် (၁)ဧကလျှင် ယူရီးယား (၁၅ပိဿာ)နှင့် ပန်းစတင်ပွင့်ချိန်တွင် (၁)ဧကလျှင် ယူရီးယား (၁၅ပိဿာ)နှုန်းအသုံးပြုနိုင်ပါသည်။ အပင်(၄၀)ရက်ခန့်ရှိလျှင် အဖူးအကင်းလေးများ စတင်ဝင်ရောက်ချိန်ဖြစ်၍ ပေါင်းလိုက်ခြင်း၊ ဘောင်တင်ခြင်းများကို ပြုလုပ်ပေးနိုင်ပါသည်။ နှစ်လသားအရွယ်တွင် ပန်းခိုင်များပွင့်ပြီး ရက်ပေါင်း(၉၀) သို့မဟုတ် (၁၀၀)ကြားတွင် ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ရက်(၁၀၀)တွင် ပန်းပွင့်များသည် ညိုဝါရောင်သို့ ပြောင်းလာပြီး အစေ့များ အောင်မြင်လာပြီဖြစ်၍ စတင်ရိတ်သိမ်းနိုင်ပါသည်။ ထိုအခါ ပန်းပွင့်အုံ၏ အောက်(၄လက်မ)ခန့်ခွာပြီး ခုတ်သိမ်းရမှာဖြစ်ပါသည်။ ရိတ်သိမ်းပြီးနေကြာပွင့်များအား တစ်ပွင့်နှင့်တစ်ပွင့်မထပ်စေဘဲ နှစ်ရက်၊ သုံးရက်နေလှန်းပြီး အစေ့များခြွေနိုင်ပါသည်။ အစေ့တွင် အစိုဓာတ်(၅.၆%)ထိရရှိရန် နှစ်ရက်၊ သုံးရက်ခန့်နေလှန်း၍ လေလုံအောင်သိုလှောင်ထားရမည်ဖြစ်ပါသည်။ နေကြာပင်တွင် ကျရောက်တတ်သည့် ရောဂါများမှာ နေကြာပင်ရင်းပုပ်ရောဂါ၊ ပင်မဲရွက်ပျောက်ရောဂါ၊ သံချေးတက်ရောဂါ၊ အပွင့်ပုပ်ရောဂါ၊ မှိုရောဂါများ ကျရောက်တတ်ပြီး ဖူးပွင့်ဝေချိန်မှစ၍ မှိုသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

         မကွေးတိုင်းဒေသကြီးတွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအပြင် ပြည်ပပို့ကုန်တိုးမြှင့်ရေးကို မျှော်မှန်း၍ လာမည့်စိုက်ပျိုးရာသီမှ စတင်၍ အထူးဇုန်များ၊ သီးထပ်/သီးညှပ်ဧရိယာများ ပိုင်းခြားသတ်မှတ်ပြီး မိုးနေကြာဧက(၁သိန်းကျော်)၊ ဆောင်းနေကြာဧက(၃သိန်းခန့်) စုစုပေါင်းနေကြာဧက(၄သိန်းကျော်) တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

DOCA(မကွေး)

 

 

မင်းဘူးမြို့နယ်၏ ပြောင်းစေ့အရွကြော်လုပ်ငန်းသို့ ကွင်းဆင်းခြင်း

               မြန်မာနိုင်ငံတွင် ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်းများကို နိုင်ငံတဝှမ်း စိုက်ပျိုးလျက်ရှိပြီး ဖူးစားပြောင်းကို အဖူးလိုက်ပြုတ်၍လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း စားသုံးကြပြီး အစေ့ထုတ်ပြောင်းကို တိရိစ္ဆာန်အစာနှင့် ကုန်ကြမ်းအတိုင်း ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ပိုမိုတွက်ခြေကိုက်မည်ဖြစ်ပြီး ဝင်ငွေလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၂)နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၁) နယ်မြေ၊ သိမ်ကုန်းရပ်ကွက်ရှိ ဦးကျော်ကျော်၏ “ရှိုင်း” ပြောင်းစေ့အရွကြော်လုပ်ငန်းသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

             လုပ်ငန်းရှင်၏ ပြောကြားချက်အရ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ကြောင်း ပြောင်းစေ့အရွကြော် ပြုလုပ်ပုံအဆင့်ဆင့်အနေဖြင့် ပထမဦးစွာ ပြောင်းစေ့အား ထုံးရေကြည်ဖြင့်စိမ်ပြီး မီးဖြင့်ထပ်၍ ပြုတ်ရပါကြောင်း၊ ပြုတ်ပြီးသားပြောင်းစေ့များအား ထုံးရေများ ကုန်စင်အောင်ရေဖြင့် စင်ကြယ်စွာ ဆေးရပါကြောင်း၊ ၎င်းဆေးပြီးသား ပြောင်းစေ့များအား တစ်ခါမီးဖြင့်ထပ်၍ ပြုတ်ရပြီး ပြောင်းစေ့များအား (၂)ရက်ခန့် နေလှန်းထားရပါကြောင်း၊ နေလှန်းပြီးပြောင်းစေ့များအား ဆား၊ ဂျင်း၊ ကြက်သွန်ဖြူများ ထည့်၍ကြော်ရပါကြောင်း၊ ကြော်ပြီးသား ပြောင်းစေ့ကြော်များအား (၂၀၀)တန် (၃၀၀)တန် အထုပ်များထုတ်၍ ဈေးကွက်အတွင်း ဖောက်သည်ပေး၍ ရောင်းချရကြောင်း၊ ပြောင်းစေ့(၁)တင်းပြုတ်လျှင် ပြောင်းစေ့ကြော် (၈)ပိဿာ/(၉)ပိဿာရကြောင်း၊ ပြောင်းစေ့ကြော်  (၁)ပိဿာလျှင် (၆၀၀ဝ/၆၅၀၀)ကျပ် ရောင်းရပါကြောင်း၊ ပြောင်းစေ့(၁)တင်းလျှင် (၃၀၀၀၀)ကျပ် ဝယ်ရပြီး ဆီဖိုး၊ ထင်းဖိုး နှုတ်ပါက ပြောင်းစေ့(၁)တင်းလျှင် (၁၄၀၀၀)ကျပ်ခန့် အမြတ်ကျန်ရှိကြောင်း သိရှိရပါသည်။

             ကိုဗစ်ကာလ ကျန်းမာရေးအခြေအနေများအရ မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပနိုင်ခြင်းမရှိ၍ ဒေသတွင်းသာ ရောင်းချရ၍ အရောင်းအဝယ်နည်းပါးသည့်အတွက်  မိသားစုတစ်ပိုင်တစ်နိုင် သာလုပ်ကိုင်ဆောင်ရွက်ကြောင်း၊ ယခင်နှစ်များက မန်းရွှေစက်တော်ရာဘုရားပွဲတော် ဖွင့်ရက် များတွင် အများဆုံးရောင်းချရပြီး လုပ်သားငှားရမ်း ဆောင်ရွက်ရသည့်အတွက် ဒေသတွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း၊ အရောင်းအဝယ်ပါးနေစဉ်ကာလအတွင်း သက်ဆိုင်ရာဌာန (အသေးစားစက်မှု လုပ်ငန်းဦးစီး/ စားသုံးသူရေးရာဦးစီးဌာန)များ၏ ထောက်ခံချက်များရရှိရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းရှင် ဦးကျော်ကျော်၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ငဖဲမြို့နယ်မှ တစ်နိုင်တစ်ပိုင်ပန်းစိုက်တောင်သူများ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိ

                 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ချင်းစုရပ်ကွက်နှင့် အိုးမြေတွင်းကျေးရွာ၏ မြောက်ဘက် ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ဂန္ဓမာပန်းနှင့် မေမြို့ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချကာ ဝင်ငွေကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

             အိုးမြေတွင်းကျေးရွာတွင် စိုက်ပျိုးသောဂန္ဓမာပန်းမျိုးများမှာ လပ်ကီး၊ ရွှေကြယ်၊ ဆန်းမား မျိုးများဖြစ်ပြီး ပျိုးပင်ပေါက်များကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှတဆင့် မှာယူစိုက်ပျိုး ကြပါသည်။ ပျိုးပင်တစ်ပင်ကို (၁၂)ကျပ်မှ(၁၈)ကျပ်နှုန်းပေး၍ ဝယ်ယူရပြီး စိုက်ပျိုးမည့်မြေကိုလည်း သီးသန့်ထားကာကြိုတင်၍ မြေပြုပြင်ထွန်ယက်ထားရပါသည်။ စိုက်ပျိုးရာတွင် ပျိုးပင်ပေါက်များကို (၅ʺ) ပတ်လည်ကြား ချပြီးစိုက်ပျိုးပါသည်။ အပင်ရက်သား (၂၀) အရောက်တွင် ပေါင်းလိုက်၊ ပိုးသတ်ဆေး၊အားဆေး၊မှိုဆေးများ ဖြန်းပေးရပါသည်။ ပြာသိုလ်လတွင် စိုက်ပျိုးပြီး (၃)လကျော်လျှင် ပန်းများစတင်ရောင်းချကြပါသည်။ စိုက်ပျိုးမြေ(၀.၂၅)ဧကလျှင် ပန်းပင်(၃၀၀၀) စိုက်ပျိုးထား ရှိပါသည်။ ဈေးကွက်အနေဖြင့် ပန်းပင်တစ်ပင်ကို ပျမ်းမျှ(၂၅၀)ကျပ်နှုန်းဖြင့် ငဖဲမြို့မဈေးတွင် ရောင်းချပြီး ရပ်ကွက်အတွင်းမှ ဘုရားပန်းလှူကြသူများနှင့် မင်္ဂလာအခမ်းအနား အလှဆင်ခြင်း အတွက်လည်း အမြတ်တနိုးတန်ဖိုးထား သုံးစွဲကြောင်း သိရှိရပါသည်။ စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် (၀.၂၅) ဧကလျှင် (၁၂၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ တစ်ရက်လျှင်(၁၅၀၀၀)ကျပ် ရောင်းချရပြီး တစ်လ(၄၅၀၀၀၀)ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။ အရင်းအနှီးနည်းပြီး အမြတ် များများကျန်သည့်အတွက် မိသားစုအပိုဝင်ငွေတိုးလျက်ရှိကြောင်း ကွင်းဆင်းလေ့လာချက်အရ ပန်းစိုက်တောင်သူ ဦးတင်ဝင်းထံမှ သိရှိရပါသည်။

             ငဖဲမြို့နယ်၊ ချင်းစုရပ်ကွက်နှင့် အိုးမြေတွင်းကျေးရွာများသည် မြေအောက်ရေ၊ မန်းချောင်းရေကို အသုံးပြု၍ ဂန္ဓမာပန်းနှင့် မေမြို့ပန်းများကို တစ်နိုင်တစ်ပိုင်ရာသီအလိုက် စိုက်ပျိုးရောင်းချပြီး ဝင်ငွေကောင်းလျက်ရှိကြကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း