ဖြူးမြို့နယ် ညောင်ကားယားကျေးရွာမှ ဝါးခမောက်လုပ်ငန်း
ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာတွင် နေထိုင်သူအများစုမှာ မိရိုးဖလာ လယ်ယာ လုပ်ငန်းကို လုပ်ကိုင်ကြသည့် တောင်သူလယ်သမားများဖြစ်ကြပြီး လယ်ယာလုပ်ငန်းအပြင် မိသားစု အပိုဝင်ငွေရရှိစေရန် လယ်ယာလုပ်ငန်းမှ အားလပ်ချိန်များတွင် ဝါးခမောက်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ညောင်ကားယားကျေးရွာမှ အိမ်ထောင်စု ၁၅ စုသည် လယ်ယာလုပ်ငန်း အတွက် မအားလပ်သည့် မိုးရာသီမှအပ ကျန်ရာသီများတွင် ယင်းလုပ်ငန်းအား လုပ်ကိုင်ကြပါသည်။
ဝါးခမောက်အတွက် လိုအပ်သော ကုန်ကြမ်းများမှာ ဝါးဖတ်၊ ဝါးခွေ၊ ပျားဖယောင်း၊ အပ်ချည်နှင့် လက်ပံဆူးတို့ဖြစ်ကြပါသည်။ ဝါးခွေအတွက်လိုအပ်သော ကြသောင်းဝါးကို ဒေသ တွင်း ဖြူးမြို့မှ ဝယ်ယူနိုင်သော်လည်း ဝါးဖတ်ကိုမူ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှ မှာယူ ရပါသည်။
ဝါးခမောက်ပြုလုပ်ပုံမှာ ကြသောင်းဝါး ကိုခွဲစိပ်၍ ဝါးခွေပြုလုပ်ပြီး ဝါးဖက်ကိုအဝိုင်း ဆိုဒ်တိုင်း၍ ကပ်ကြေးဖြင့် ညှပ်ရပါသည်။ ပုံဖော်ညှပ်ထားသော ဝါးဖတ်များကို ကွပ်ဝါးတပ်၍ ဝါးညှပ်တံဖြင့်ဖိပြီး ချည်ကြိုးဖြင့်ချုပ်ရပါသည်။ အပေါ်ခွံအုပ်လေး ပြုလုပ်ရန်အတွက် ဝါးဖတ် အတိုအစလေးများကို ညီညာစွာဖြတ်တောက်၍ အလှဆင်ချုပ်လုပ်ရပါသည်။ ထို့နောက် ပျားဖယောင်းဖြင့် ဝါးခမောက်အား အချောကိုင်ပွတ်တိုက်၍ အပေါ်ခွံအုပ် တည့်တည့်တွင် အချော ကိုင်ထားသော လက်ပံဆူး ဘုကလေးတပ်ဆင်ပြီးစီးပါက ရောင်းတန်းဝင်သော ဝါးခမောက်တစ်လုံး ရရှိပါသည်။
ဝါးခမောက်တစ်လုံး ပြုလုပ်မည်ဆိုပါက ဝါး ၂၀၀ ကျပ်၊ ဝါးဖတ် ၂၀၀ ကျပ်၊ ဝါးခွေ ၂၀၀ ကျပ်၊ အပ်ချည် ၁၅၀ ကျပ်၊ ပျားဖယောင်း ၃၀၀ ကျပ်နှင့် လက်ခ ၃၀၀ ကျပ်အပါအဝင်စုစုပေါင်း ၁၄၅၀ ကျပ် ကုန်ကျပြီး ရောင်းဈေးမှာ ၂၀၀၀ ကျပ် ဖြစ်ပါသည်။
ဝါးခမောက် အလုံး ၅၀ လုံးကို အတွဲတစ်တွဲတွဲပြီး ဒေသတွင်းရှိ ဖြူး၊ တောင်ငူ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးမြို့နယ်များအပြင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဈေးသို့ တင်ပို့ ရောင်းချရကြောင်း ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)