ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲခူးမြို့နယ်အတွင်း နွေစပါး ဈေးကောင်းရခြင်းကြောင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း

            ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ ယခုနှစ်တွင် နွေစပါးဧက(၁၃၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိနွေစပါးပေါ်ချိန် စပါးတင်း (၁၀၀)လျှင် ကွင်းဈေး ၇၉၀၀၀ဝိ/- ကျပ်၊ စက်အရောက်ဈေး ၈၂၀၀၀ဝိ/- ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          တောင်သူများအနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် သွင်းအားစုဈေးနှုန်းများ မြင့်မားခြင်း၊ လုပ်သားခများမြင့်တက်ခြင်း၊ သယ်ယူပို့‌ဆောင်ခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်တွင် ကျပ် ၄၀၀၀၀ဝိ/-ခန့် ကုန်ကျခဲ့သော်လည်း တစ်ဧကအထွက်နှုန်း တင်း(၈၀)ခန့် ထွက်ရှိခြင်း၊ ယခငနှစ် နွေစပါးပေါ်ချိန်ထက် ဈေးပိုမိုရရှိခြင်းတို့ကြောင့် အကျိုးအမြတ်ဖြစ်ထွန်းမှုများရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကေတုမတီ စိန်တလုံးသရက်သီး ဈေးကွက်

              တောင်ငူခရိုင်အတွင်းရှိ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များတွင် စိန်တလုံး သရက်သီးများကို အများဆုံး စိုက်ပျိုးကြပါသည်။ တောင်ငူခရိုင်အနေဖြင့် ၇၄၂ ဧက စိုက်ပျိုးသည့် အနက် ၄၄၃ ဧက အသီးခူးနိုင်ခဲ့ပြီး တစ်ဧကလျှင် အလုံးရေ ၁၅၀၀၀ မှ ၃၀၀၀၀ အထိ ထွက်ရှိပါသည်။ တစ်နှစ်လျှင် စိန်တလုံးသရက်သီး တန်ချိန် ၃၁၀၀ ခန့်ထွက်ရှိပါသည်။

              ထွက်ရှိလာသော စိန်တလုံးသရက်သီးများအား ဒေသတွင်းနှင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျှက်ရှိရာ အလုံးသေး တစ်လုံးလျှင် ၂၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၃၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်အထိ ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့သို့ ဝင်ရောက်လာသော ဓညင်းသီးဈေးကွက်

              တောင်ငူမြို့မှ အရှေ့ဘက် မိုင် ၃၀ ခန့် ဝေးသော ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်ကြီး၊ လိပ်သို၊ ဘောဂလိ ဒေသများရှိ ကျေးရွာများမှ ဓညင်းသီးများသည် တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဓညင်းသီးပွဲရုံများသို့ တစ်ရက်လျှင် ပိဿာချိန် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ ဝင်ရောက် လျှက်ရှိပါသည်။

              လက္ကားဈေးအနေဖြင့် သောင်းပြောင်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ဝယ်ယူရပါသည်။ လက်လီအနေဖြင့် ၁၀ လုံးဈေးဖြင့်သာ ရောင်းချပြီး ဓညင်းသီးပေါ်ခါစတွင် အသေး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ် ၁၀ လုံးလျှင် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချရပြီး ယခု အချိန်တွင် ဓညင်းသီးခြံများမှ များများစားစား ထွက်ပေါ်လာသည့်အတွက် ဈေးကွက်အတွင်း၌ ယခု အပတ်အတွင်း အသေးနု ၁၀ လုံးလျှင် ၅၀၀ ကျပ်၊ အလတ် ၁၀ လုံးလျှင် ၁၀၀၀ ကျပ်နှင့် အကြီး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဓညင်းသီးပွဲရုံများမှ ဓညင်းသီးများကို ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏  ပဲမျိုးစုံဈေးနှုန်း

                   ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်သည် ယခုလတွင် ပဲမျိုးစုံရောင်းဝယ်လျှက်ရှိရာ မတ်ပဲဈေးမှာ အနည်းငယ်ကျနေပြီး တခြားပဲများမှာ ဈေးအေးလျှက်ရှိကြောင်း သိရပါသည်။

          ပြည်ကုန်စည်ဒိုင်တွင်  ဧပြီလနောက်ဆုံးပတ် မတ်ပဲတစ်တင်းကို ၄၇၅၀၀-၄၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်ရက်ကို အိတ် ၁၀၀/၁၅၀ ခန့် အဝယ်ရှိပြီး မတ်ပဲဈေး တစ်ဖြည်းဖြည်းကျလာပါသည်။ မေလ ပထမပတ်တွင် ပဲတစ်တင်းကို ၄၇၀၀၀-၄၇၆၀၀ ကျပ်မှ ၄၇၆၀၀-၄၇၅၀၀ ကျပ် ဈေးဖြင့် တစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မေလဒုတိယပတ်တွင်  မတ်ပဲဈေးကျလာပြီး ပဲတစ်တင်းကို ၄၇၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

                  ပဲစင်းငုံသီးနှံဈေးမှာ ဧပြီလနောက်ဆုံးပတ်မှစ၍ ဈေးအေးနေပြီး ပဲတစ်တင်းကို ၄၄၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်အနည်းသာရှိခဲ့ပါသည်။ မေလဆန်းတွင်  ပဲစင်းငုံတစ်တင်းကို ၄၃၀၀၀ ကျပ်ဖြင့် တစ်ခါတစ်ရံမှသာအဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်လျှင် အိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။

                 ပြည်ကုန်စည်ဒိုင်တွင် ကုလားပဲဈေးမှာ ဧပြီလ စတုတ္ထပတ်တွင် ကုလားပဲ (ဟော်လန်) တစ်တင်းကို ၄၄၈၀၀-၄၅၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၄၅၈၀၀-၄၆၀၀၀ ကျပ် ဖြစ်ခဲ့ပြီး မေလပထမပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၄၅၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၄၆၀၀၀ကျပ်ဈေးဖြင့် ဈေးအေးနေပြီး အရောင်းအဝယ်ဖြစ်မှုမှာ ခွဲစက်သမားများနှင့် ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ကုလားပဲ ခွဲခြမ်းများကိုလည်း နယ်စုံသို့ တင်ပို့မှုရှိပါသည်။ ကုလားပဲသီးနှံဈေးမှာ မေလ ဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၄၅၀၀၀-၄၅၅၀၀-၄၆၀၀၀၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၇၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ အဝယ်ရှိပါသည်။

             ပဲကြီးသီးနှံဈေးမှာ ဧပြီလ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)ပဲတစ်တင်းကို ၅၅၀၀၀ကျပ် မှ ဈေးတက်လာပြီး ပဲတစ်တင်းကို ၆၀၀၀၀-၆၃၀၀၀ကျပ်ဖြင့် ပဲကြော်သမားများ၊ မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ မေလဆန်းတွင် ပဲကြီးဈေးအေးပြီး တစ်တင်းကို ၆၀၀၀၀-၆၃၀၀၀ကျပ်ဖြင့်သာ အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မေလ ဒုတိယပတ်တွင် ပဲကြီးတစ်တင်းကို ၆၀၀၀၀-၆၃၀၀၀ ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။

               ဘိုကိတ်သီးနှံဈေးမှာ ဧပြီလနောက်ဆုံးပတ်တွင်  ပဲတစ်တင်းကို ၃၄၀၀၀ကျပ်ဖြင့် လက်လီ/ လက်ကားအဝယ်ရှိပြီး မေလဆန်းမှာတွင် ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်ကို အိတ် ၅၀/၁၀၀ခန့် ဖြစ်ခဲ့ပါသည်။

             စားတော်ပဲ (ကျွန်း)သီးနှံဈေးမှာ ဧပြီလနောက်ဆုံးပတ် ပဲတစ်တင်းကို ၈၃၀၀၀ မှ ၈၅၀၀၀ ကျပ်ထိ ဈေးမြင့်လာပြီး မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၄၀/၅၀သာ အဝယ်ရှိပါသည်။ မေလ ပထမပတ်နှင့် ဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် ဈေးအေးနေကြောင်း သိရပါသည်။

                ပြည်ကုန်စည်ဒိုင်တွင် သင်္ကြန်ပြီးစကာလမှာ အရောင်းအဝယ်အေးခဲ့ပြီး ယခုရက်များတွင် အရောင်းအဝယ်ဖြစ်မှုမှာ ပုံမှန်ရောင်းဝယ်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့ရှိ သီဟိုဠ်စေ့ ဈေးနှုန်းဈေးကွက်

       ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြိုနယ်တွင် သီဟိုဠ်စိုက်ဧက (၃၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပါသည်။ သီဟိုဠ် တစ်ဧကလျှင် အပင်(၆၀) အထိစိုက်ပျိုးနိုင်ပြီး အထွက်မှာ ပိဿာ(၃၀) ခန့် ထွက်ရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင် သီဟိုဠ်အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ(၆၀) ခန့်ထွက်ရှိသဖြင့် ယခင်နှစ်ထက်စာရင် ယခုနှစ်မှာ ထက်ဝက်ခန့် အထွက်နှုန်း ကျဆင်းကြောင်း သိရပါသည်။ ထိုသိုအထွက်နှုန်းကျဆင်းရခြင်းမှာ သီဟိုဠ်ပင် အပွင့်ပွင့်ချိန်၌ မိုးများစွာရွာသွန်းသဖြင့် အထွက်နှုန်းကျဆင်းရခြင်းဖြစ်ပါသည်။  ယခုနှစ်တွင် သီဟိုဠ်စေ့အထွက်နှုန်းကျဆင်းပေမယ့် ရန်ကုန်မှအဝယ်ရှိသဖြင့် ဈေးမှာ ယခင်နှစ်ကထက်စာရင် ဈေးမြင့်လာပါသည်။

        အစိမ်းသီဟိုဠ်စေ့ ဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင် ၁၀၀၀-၁၅၀၀ကျပ်ဖြင့် ဈေးဖြစ်ခဲ့ပြီး ယခုနှစ်မှာ တစ်ပိဿာလျှင် ၃၀၀၀-၃၃၀၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ပါသည်။ သီဟိုဠ်စေ့ကို ရန်ကုန်မြို့နှင့် ဒေသတွင်းဈေးများတွင် ရောင်းချပါသည်။    သီဟိုဠ်စေ့အား ခူးဆွတ်ပြီး နေလှမ်း၍ ရောင်းချသလို အချို့မှာ အဆန်များထုတ်ယူပြီး လှော်၍ရောင်းချသည်များလည်း ရှိပါသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် သီဟိုဠ်စေ့ အဆန်များကို မုန်ဖုတ်ခြင်း၊ အစားအသောက်ဟင်းလျာများတွင် ထည့်သွင်း၍လည်း သုံးစွဲခြင်းများရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

                                               

“ ရွှေဘိုပေါ်ဆန်းနှင့်အပြိုင် ဈေးကောင်းရနေပြီး ပြည်တွင်းစားသုံးမှုမြင့်မားသည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ကုန်းဇောင်းဧရာပဒေသာဆန်”

       ပွင့်ဖြူမြို့သည် မင်းဘူးခရိုင်၊ မုန်းမြစ်လက်ျာဘက်ကမ်းပေါ်တွင် တည်ရှိပြီး မင်းဘူး-ဆိပ်ဖြူ ကားလမ်းပေါ်၊ မင်းဘူးမြို့၏မြောက်ဘက် (၂၄)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသည်။မြို့၏ အကျယ် အဝန်းမှာ အရှေ့မှအနောက်သို့ (၄)ဖာလုံ၊ တောင်မှမြောက်သို့ (၃)ဖာလုံခန့်ရှိသည်။ပွင့်ဖြူမြို့နယ်၏ လူဦးရေမှာ ၂၀၁၉ စက်တင်ဘာလကုန်ထိ ကျေးလက်နေအိမ်ခြေ (၃၉၃၇၇)၊ ကျေးလက်နေလူဦးရေ (၁၇၄၉၁၄ )ခန့်ရှိပြီး  မြို့နေအိမ်ခြေ (၁၃၂၇)ခန့်ရှိပြီး မြို့နေလူဦးရေ(၆၄၇၆)ဦးခန့်ရှိသည်။ ကချင်၊ ချင်း၊ ဗမာ၊ ရခိုင် လူမျိုးများနေထိုင်ပြီး အများအားဖြင့် ဗမာလူမျိုးများနေထိုင်သည်။ မြို့နယ်၏ အဓိက လုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးဖြစ်၍ မုန်းချောင်းမှ ဆည်မြောင်းများသွယ်ဖောက်ရေသွင်း၍ စိုက်ပျိုးကြပါသည်။ လယ်ဧကပေါင်း (၈၃၀၀) ကျော်ကို ရေပေးသွင်းစိုက်ပျိုးလျှက်ရှိပြီး လယ်မြေများမှ စပါးအများဆုံးထွက်ရှိပါသည်။ ဆည်ရေမရသောမြေများကို ယာအဖြစ်အသုံးပြု၍ နှမ်း၊ ပဲ၊ ပြောင်း၊ တို့ကိုစိုက်ပျိုးကြသည်။

       ပွင့်ဖြူမြို့ဟုခေါ်တွင်ရခြင်းမှာ ဤမြို့နေရာ၌ ဖိုခနောက်ဆိုင်တည်ရှိခဲ့သော ကွေ့ရွာ၊ သရက် ကျင်း နှင့် သနပ်ကုန်း စသောရွာကြီးသုံးရွာ ပေါင်းစပ်ပြီးနောက် မြို့ဖြစ်လာရာတွင် ယင်းဒေသ၌ ရှိသော လက်ပံပင်ကြီးတစ်ပင်သည် အဖြူပွင့်များသာဖူးပွင့်သည်ကို အစွဲပြု၍ ခေါ်ဆိုကြကြောင်း သိရှိရပါ သည်။ပွင့်ဖြူမြို့သည် မုန်းမြစ်မှရေကို အလွယ်တကူရရှိသည့်အတွက် မြို့မှာသစ်ပင်/ဝါးပင်တို့ဖြင့် စိမ်းလန်းစိုပြေလျှက်ရှိသည်။ မင်းဘူးခရိုင်အတွင်းရှိ အခြားမြို့နယ်များနှင့်နှိုင်းယှဉ်လျှင် ပွင့်ဖြူမြို့သည် မြို့ငယ်လေး တစ်မြို့သာဖြစ်သော်လည်း ဆန်စပါးအများဆုံးထွက်ရှိ၍ လူဦးရေလည်း အများဆုံးဖြစ် သည်။

      စပါးစိုက်ပျိုးမှုနှင့်ပက်သက်၍ ဧရာဝတီမြစ်၏ အနောက်ဖက်ခြမ်းဒေသဖြစ်သော မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဆည်ရေသောက်ဧရိယာရှိခြင်း၊ စပါးစိုက်ပျိုးရန် မြေဆီ မြေနှစ်ရှိသော လယ်မြေများ အသင့်အတင့်ရှိခြင်းတို့ကြောင့် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက စကုဒေသထွက်ဗျတ်စပါးမှာ နန်းတွင်းသုံးစပါးအဖြစ် စိုက်ပျိုးထွက်ရှိခဲ့ရာ “ မယားတခုလပ်၊ စပါး စကုဗျတ်” ဟူ၍ စာဆိုရှိခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းဒေသမှ ထွက်ရှိသည့် ဧရာပဒေသာ ဆန်အမျိုးအစားမှာ အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် လူကြိုက်များလာသဖြင့်  ဒေသတွင်းစားသုံးမှုအပြင် မန္တလေးတိုင်း၊ နေပြည်တော်၊ တပ်ကုန်းဒေသများအထိပါ ဈေးကွက်ရောက်ရှိလာပြီး လူကြိုက်များသောဆန်အဖြစ် ဈေးကောင်းရလျှက်ရှိကြောင်း သိရှိရပါသည်။

        မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်(ကုန်းဇောင်း) ဒေသထွက်ဧရာပဒေသာဆန် (ဧရာမင်း) ဆန်ကို ဈေးကွက်တွင် (၂၀၁၁) မှစ၍ ဈေးကွက်ထိုးဖောက်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် အရည်အသွေး မြှင့်တက်လာခဲ့သည်။ အထွက်စပါး/ ဆန် ဈေးနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ်မြင့် တက်လာပြီး ဆီးချို/သွေးချိုရှိသူများမှလည်း ပေါ်ဆန်းနေရာတွင် အစားထိုးသုံးလာသည့်အတွက် စားသုံးမှုမြင့် တက်လာကာ ယခု၂၀၂၂ ခုနှစ်၊ မေလတွင် ပွင့်ဖြူကုန်းဇောင်း ဧရာပဒေသာ(မိုးစပါး) တင်း(၁၀၀)လျှင် (၁၅)သိန်း၊ ဆန်သစ်(၁)အိတ်(၆၃၀၀ဝိ/-)ခန့် ပေါက်ဈေးရှိကြောင်းလည်း သိရှိရ ပါသည်။

        မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဧရာပဒေသာစပါးကို (GI) ရရှိရေးဆောင်ရွက်မည်ဆိုပါက ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းဒေသထွက် ဧရာပဒေသာဆန်မှာ အရည်အသွေးအကောင်းဆုံးဟု လူသိများ သော်လည်း ကုန်းဇောင်းဒေသတစ်ခုတည်းနယ်မြေသတ်မှတ်ပါက နယ်မြေဧရိယာကျဉ်းပြီး စိုက်ဧက အနေဖြင့်လည်း (၁၅၉၀၀)ဧကခန့်သာရှိသည့်အတွက် ကုန်းဇောင်းဒေသထွက်စပါးကဲ့သို့ အရည်အသွေး လက်ခံနိုင်သည့် ဧရာပဒေသာစပါးစိုက်ပျိုးသော ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်နှင့် မင်းဘူး(စကု) မြို့နယ်များရှိ အိုင်းမဆည်၊ မဲဇလီရေလွှဲဆည်နှင့် လင်းဇင်းရေလွှဲဆည်ရေသောက် ဧရိယာများရှိ ဧရာပဒေသာစပါးစိုက်ဧကများကို ပေါင်းစည်းလျှင် ဧရာပဒေသာစပါးစိုက်မြို့နယ် (၃)မြို့နယ်ကို အခြေခံ၍ စိုက်ဧက(၁၁၀၀၀) ကျော်စုစည်းနိုင်မည်ဖြစ်၍ “ကုန်းဇောင်း ဧရာပဒေသာ” ဟူသော နာမည်ထက် မြို့နယ်(၃)ခုကို အခြေခံသည့် ဒေသကိုယ်စားပြုနိုင်မည်ဖြစ်ပြီး (GI) ရရှိရေး ဆောင်ရွက် သင့်ပါသည်။ သို့မှသာ ရွှေဘိုပေါ်ဆန်းမွှေးကဲ့သို့ အရည်အသွေးထိန်းသိမ်းနိုင်မှု/ စိုက်နည်း ပျိုးစနစ်၊ မျိုးစေ့ထုတ်လုပ်မှု၊ ကြိတ်ခွဲထုတ်လုပ်မှု၊ ဈေးကွက်ထိုးဖောက်နိုင်မှုတို့ဖြင့် အရည်အသွေး ကောင်းမွန်ပြီး ဈေးကွက်ခိုင်မာရေးကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။

         မကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီး၊ မြို့သစ်၊ မင်းဘူး(စကု)၊ စလင်း၊ ပွင့်ဖြူမြို့နယ် များတွင် ဧရာပဒေသာ(ဧရာမင်း)စပါးကို စိုက်ပျိုးကြသော်လည်း ပွင့်ဖြူဒေသမှ ထွက်ရှိသည့် စပါး/ ဆန်၏ အရည်အသွေးမှာ အကောင်းဆုံးဖြစ်ကြောင်းလည်း လေ့လာ သိရှိရပါသည်။

         မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးသည့် ဆင်းသုခ၊ မနောသုခ၊ ပေါ်ဆန်းယဉ်နှင့် ဧရာပဒေသာမျိုးများကို မျိုးယှဉ်ပြိုင်စိုက်ပျိုးခဲ့ရာတွင် ပေါ်ဆန်းယဉ်နှင့် ဧရာပဒေသာစပါးမျိုးမှာအလေအလွင့်နည်းပြီး ဆန်အရည်အသွေးကောင်းမွန်ကြောင်း၊ ဧရာပဒေသာစပါးမှာ ပေါ်ဆန်းယဉ်နှင့် ယှဉ်ပါက  Eating Quality ပိုမိုကောင်းမွန်သော်လည်း ရာသီဥတု ဖောက်ပြန်၍ မိုးရွာခြင်း၊ လေတိုက်ခြင်းများ ဖြစ်ပေါ်ပါကအပင်ယိုင်လဲမှုရှိ၍ ကောက်ရိတ်စက်ဖြင့်ရိတ် သိမ်းရာတွင် အလေအလွင့် ရှိကြောင်း လေ့လာသိရှိရပါသည်။ ထို့ပြင် ပွင့်ဖြူ၊ကုန်းဇောင်းနယ်မှ တောင်သူအများစုသည် ထွက်ရှိသောစပါးများမှ မျိုးချန်၍ မစိုက်ပျိုးကြဘဲ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မှော်ဘီတို့မှ RS မျိုးများကိုဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ မင်းဘူးခရိုင်တွင် ဧရာပဒေသာ(ဧရာမင်း) စပါးမျိုး ရောင်းချ သည့် ကုမ္ပဏီ၊ မျိုးစေ့အရောင်းဆိုင် အများအပြားရှိသော်လည်း တာဝန်ခံမှုရှိသည့် မျိုးစေ့ကုမ္ပဏီများမှ စပါးမျိုးစေ့များကိုသာ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

           (၂၀၁၁) ခုနှစ်တွင် ဧရာပဒေသာဆန်ကို ဈေးကွက်စတင်ထိုးဖောက်ချိန်က ဆန်ကုန်သည် အများစုမှာ ဧရာပဒေသာဆန်၏ Eating Quality မှာ ဈေးကွက်အတွင်းရှိ အခြား စပါး/ ဆန်များ၏ အရည်အသွေးနှင့်မကွာကြောင်း၊ ကုန်းဇောင်းဒေသထွက် ဧရာပဒေသာဆန်၏ အရည်အသွေးကို ထိန်းနိုင်ရန်မှာ စပါးအရည်အသွေးအဓိကကျ၍ ဧရာပဒေသာစပါးမျိုးသန့်ရရှိရေးအတွက် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဌာနနှင့် ချိတ်ဆက်ခဲ့ကြောင်း၊ မိုးစပါးအဖြစ် ဧရာမင်းကို စိုက်ပျိုးပြီး နွေစပါးကို ရတနာတိုးနှင့် သီးထပ်ရင်တို့ကို စိုက်ပျိုးကြသည့်အတွက် တောင်သူထွက်ရှိသည့်စပါးကို မျိုးချန်ပါကမျိုးမသန့်နိုင်သည့်အပြင် အထွက်နှုန်းကျဆင်းနိုင်သည်ကို တောင်သူများသိရှိလာသည့်အတွက် RS စပါး မျိုးကိုသာ ဝယ်ယူစိုက်ပျိုးလာကြကြောင်း၊ မျိုးစေ့ဈေးနှုန်းမှာ ပြင်ပစပါးပေါက်ဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်းသိရှိရပါသည်။ ကုန်းဇောင်းဧရာပဒေသာဆန်ကို ဆီးချို၊ သွေးချို သမားများ စားသုံးမှုများလာသည့်အတွက် ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပါသည်။

          မင်းဘူးခရိုင် ပွင့်ဖြူ၊ စလင်းမှ ထွက်ရှိသည့် ဧရာပဒေသာဆန်မှာ ပြည်တွင်းစားသုံးမှု တစ်စ တစ်စများလာပြီး အခြားဒေသများသို့ တင်ပို့ရောင်းချနေရသည်ဖြစ်ရာ ယခုနှစ် တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှုအောက် ဈေးနှုန်းကျဆင်းခဲ့၍ ပဲခူး၊ ဧရာ၀တီ၊ ရန်ကုန်တိုင်းတို့တွင် အခြေခံစပါးနှုန်း ငါးသိန်းသတ်မှတ်၍ ဝယ်ယူရသည့် အခြေအနေ၌ပင် မကွေးတိုင်းဒေသကြီးထွက် ဧရာပဒေသာစပါးမှာ (၈)သိန်းခွဲမှ (၁၅)သိန်းအထိ ဈေးနှုန်းများ ဖြစ်ပေါ်လျှက်ရှိပါသည်။ ပွင့်ဖြူမြို့ ကုန်းဇောင်းထွက် ဧရာပဒေသာစပါးမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း(၁၁၀၀ဝိ/)၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း(၁၁၀၀ဝိ/-)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း(၁၀၅၀ဝိ/-)၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း(၁၂၀၀ဝိ/-)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စပါး တစ်တင်း(၁၄၀၀ဝိ/-)၊ ယခု ၂၀၂၂ ခု၊ မေလတွင် စပါးတစ်တင်း(၁၅၀၀ဝိ/-) ဖြင့် ဈေးကောင်း ရလျှက်ရှိပါသည်။

          သို့ဖြစ်ပါ၍ စားသုံးသူများ ပိုမိုးကြိုက်နှစ်သက်သည့် ဧရာပဒေသာစပါးကို ဒေသဆိုင်ရာအညွှန်း (GI)ရရှိရေး အလွှာစုံပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်၍ စပါးအရည်အသွေးထိန်းပြီး ပြည်တွင်း၌သာမက ပြည်ပသို့ပါ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ပါက တောင်သူများဝင်ငွေတိုးတက်လာပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူ(ကုန်းဇောင်း)ထွက် ဧရာပဒေသာ စပါး/ဆန် အရည်အသွေးကို ထိန်းသိမ်းနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပြည်တွင်းစားသုံးမှု သာမက ပြည်ပ ဈေးကွက်သို့ ထိုးဖောက်နိုင်သော ဈေးကွက်ခိုင်မာသည့် ဒေသတစ်ခုဖြစ်ပေါ်လာစေရေး ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

         အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၁၂.၅.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၁၈.၅.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းပြာ၊ ဘိုကိတ်ပြာ၊ ပဲကြီးတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းစမုံနက် (၄၅)ပိဿာဝင် (၁)အိတ် ယခင်အပတ် (၁၇၅၀၀ဝိ/-) ယခုအပတ် (၁၇၀၀၀ဝိ/-) (၅၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံ(နီ)(၂၀)ပိဿာဝင် (၁)တင်း ယခင်အပတ် (၄၂၅၀ဝိ/-) ယခုအပတ်(၄၁၇၀ဝိ/-) (၈၀ဝိ/-) ဈေးလျော့၊ မတ်ပဲယခင်အပတ်(၄၅၅၀ဝိ/-) ယခုအပတ် (၄၅၀၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၄၆၀၀ဝိ/-) ယခုအပတ်(၄၅၅၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၆၀၀ဝိ/-) ယခုအပတ်(၄၇၀၀ဝိ/-) (၁၀၀ဝိ/-) ဈေးမြင့်၊ မြေပဲလုံးဆံဖြူ ယခင်အပတ် (၃၉၅ဝိ/-) ယခုအပတ်(၄၀၅ဝိ/-) (၁၀ဝိ/-) ဈေးမြင့်ကာ အရောင်းအဝယ် ပမာဏအနေဖြင့် နှမ်းပြာ (၁၃၀)အိတ်၊ နှမ်းနက်(စမုံ) (၄၈၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၃၃၀)အိတ်၊ ကုလားပဲ(HL)(၉၃၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၂၀)အိတ်၊ ပဲကြီး(၃၃၀)အိတ်၊ မတ်ပဲ(၂၃၀)အိတ်၊ မြေပဲလုံးဆံဖြူ(၄၃၀)အိတ်၊ ဘိုကိတ်ပြာ(၁၃၀)အိတ် တို့ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၁၂.၅.၂၀၂၂) ယခုအပတ် (၁၈.၅.၂၀၂၂) နေ့အတွင်း အရောင်းအဝယ်မရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ နှမ်းတို့၏ ဈေးနှုန်းဈေးကွက် အခြေအနေ

         မုံရွာကုန်စည်ဒိုင်တွင် မေလ ၄ ရက်နေ့မှ ၁၅ ရက်အတွင်း ပဲမျိုးစုံဈေးကွက်တွင် ပဲတီစိမ်း ၁၉ ပိဿာ တစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၆၅၀၀၊ ယခုတစ်ပတ် ၄၈၅၀၀၊ ကုလားပဲအနီ(၉၂၉) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်၄၁၃၀၀၊ ယခုတစ်ပတ် ကျပ် ၄၂၇၀၀၊ ကုလားပဲ(ထိုင်ဝမ်) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၀၀၀၀၊ ယခုတစ်ပတ် ကျပ်၄၁၃၀၀၊ ကုလားပဲအဖြူ(v7,v3) ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၅၀၀၀၊ ယခုတစ်ပတ် ကျပ် ၄၉၀၀၀၊ မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၇၀၀၀၊ ယခုတစ်ပတ် ၄၅၅၀၀၊ ပဲပုတ်(ဗမာ) ၁၈ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၈၃၀၀၊ ယခုတစ်ပတ် ကျပ် ၄၉၅၀၀၊ ပုဂံပဲ ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်  ၅၉၃၀၀၊ ယခုတစ်ပတ် ကျပ် ၅၈၀၀၀၊ ထောပတ်ပဲ ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၃၃၀၀၊ ယခုတစ်ပတ် ကျပ် ၄၁၀၀၀၊ မြေထောက်ပဲ ၁၈ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၄၈၀၀၀၊ ယခုတစ်ပတ် ကျပ် ၄၉၀၀၀၊ မြေပဲလုံးဆံနီ  ၁ ပိဿာလျှင် ယခင်တစ်ပတ် ကျပ်  ၃၈၅၀၊ ယခုတစ်ပတ် ကျပ် ၃၆၀၀၊ မြေပဲလုံးဆံဖြူ ၁ ပိဿာလျှင် ယခင်တစ်ပတ် ကျပ် ၃၉၀၀၊ ယခုတစ်ပတ် ကျပ် ၃၇၀၀၊ ပဲစဉ်းငုံ(နီ) ၂၀ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ်  ၄၂၆၀၀၊ ယခုတစ်ပတ် ကျပ် ၄၂၁၀၀၊ ပဲနီလုံးကြား ၁၉ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၅၃၃၀၀၊ ယခုတစ်ပတ် ကျပ် ၅၀၀၀၀၊ ပဲလွန်းပြာ ၁၈ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၊ ယခုတစ်ပတ် ကျပ် ၃၀၀၀၀၊ နှမ်းညို ၁၅ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၅၀၀၀၀၊ ယခုတစ်ပတ် ကျပ် ၅၂၀၀၀၊ နှမ်းနီ ၁၅ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၅၅၀၀၀၊ ယခုတစ်ပတ် ကျပ် ၅၂၀၀၀၊ နှမ်းနက်(စမုန်) ၁၅ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၇၁၀၀၀၊ ယခုတစ်ပတ် ကျပ် ၆၅၀၀၀၊ ပန်းနှမ်း ၁၅ ပိဿာတစ်တင်းလျှင် ယခင်တစ်ပတ် ကျပ် ၃၅၀၀၀၊ ယခုတစ်ပတ် ကျပ် ၃၃၃၀၀ ဖြစ်ခဲ့သည်။

          အရောင်းအဝယ်ဖြစ်မှုအနေဖြင့် မေလ ပထမအပတ်နှင့် ဒုတိယအပတ်တွင် ကုလားပဲအဖြူ (v7,v3) အိတ်လုံးရေ ၁၀၀၀၀ တန်အားဖြင့် (၅၀၀)တန်၊ ကုလားပဲအနီ အိတ်လုံးရေ ၃၀၀၀ တန်အားဖြင့် (၁၅၀)တန်၊ ပဲတီစိမ်း(အသစ်) အိတ်လုံးရေ ၃၀၀၀ တန်အားဖြင့် (၁၅၀)တန်၊ ပဲကြီး အိတ်လုံးရေ ၅၀၀ တန်အားဖြင့် (၂၅) တန်၊  ပဲစဉ်းငုံ အိတ်လုံးရေး ၂၀၀၀ တန်အားဖြင့် (၁၀၀)တန်၊ မြေပဲ အိတ်လုံးရေ ၅၀၀၀ တန်အားဖြင့် (၂၅၀)တန်၊  ပဲယင်း  အိတ်လုံးရေ ၃၀၀၀ တန်အားဖြင့် (၁၅၀)၊ မတ်ပဲ အိတ်လုံးရေ ၃၀၀၀ တန်အားဖြင့် (၁၅၀)တန်တို့ဖြစ်သည်။ ကုလားပဲအဖြူ(v7,v3) တို့ ကိုရန်ကုန် ကုန်စည်ဒိုင်သို့တင်ပို့ရပြီး ထိုမှတစ်ဆင့် ပါကစ္စတန်နိုင်ငံအပါအဝင် အခြားပြည်ပနိုင်ငံ များသို့တင်ပို့ကြောင်းနှင့် ကုလားပဲအနီကို ပြည်တွင်းမှာပဲအရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲကြီးကိုလည်း ပြည်တွင်းရှိ ပဲကြော်ဖိုများဖြစ်သည့် ချောက်မြို့၊ ကျောက်ပန်းတောင်းမြို့၊ ဆလင်းမြို့စသည့် မြို့ကြီးများသို့တင်ပို့ကြောင်းသိရသည်။

          ပဲကြီးဈေးနှုန်းအနေဖြင့် ပဲကြီးတစ်တင်းလျှင် ကျပ် ၆၅၀၀၀ သင်္ကြန်မတိုင်မီက  ကျပ် ၅၇၀၀၀ သာရ၍ ကျပ် ၈၀၀၀ခန့် ဈေးမြင့်လာကြောင်း နှင့် ပဲစဉ်းငုံမှာ တောင်သူများနှင့် ကုန်သည် များ၏ လက်ဝယ်တွင်ရှိသော်လည်း အရောင်းအဝယ်မဖြစ်သဖြင့် ဈေးကျနေကြောင်း၊ မြေပဲမှာလည်း ပြည်ပတင်ပို့မှု ကန့်သတ်ထားသည့်အတွက် ယခင်လများထက်ဈေးကျနေကြောင်းနှင့် ဧပြီလနှင့် မေလ ဒုတိယအပတ်အတွင်းတွင် ပဲမာများမှာ အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရနေကြောင်း မုံရွာကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

“မကွေးတိုင်းဒေသကြီးအတွင်း စိန်တစ်လုံးသရက်သီး ဈေးကွက်ကောင်းသဖြင့် တိုးချဲ့စိုက်ပျိုးလာ”

             သရက်အမျိုးအစားများထဲမှ အကောင်းဆုံးဟု သတ်မှတ်ခံထားရသော အသီးမှာစိန်တစ်လုံး သရက်သီးဖြစ်ပါသည်။ သရက်သီးတွင် ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကိုအထောက် အကူပြုခြင်း၊ ဝမ်းချုပ်ခြင်းအားကာကွယ်ပေးခြင်း၊ အသားအရေစိုပြေဝင်းလက်စေခြင်း၊ အချို့သော ကင်ဆာရောဂါဖြစ်ပွားမှုများကိုလည်း လျှော့ချပေးနိုင်ပြီး ဗီတာမင်နှင့်သက်စောင့်ဓါတ်မျိုးစုံပါဝင်သောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် လူမျိုးဘာသာမရွေး ဆင်းရဲ/ ချမ်းသာမရွေး၊ လူတန်းစားအလွှာမရွေး ဝယ်ယူစားသုံးနိုင်သည့် ရာသီစာအသီးတစ်မျိုးလည်း ဖြစ်သည်။

          နှစ်စဉ်နှစ်တိုင်း သရက်သီးရာသီချိန်တွင် ရောင်းအားအကောင်းဆုံးနှင့် ပြည်ပတင်ပို့မှုအများဆုံး သရက်မှာ စိန်တစ်လုံးသရက်မျိုးဖြစ်ပြီး ပေါ်ဦးပေါ်ဖျားကာလများတွင် စိန်တစ်လုံး သရက်သီး (အကြီး)၏ ဈေးနှုန်းမှာ တစ်လုံးလျှင်(၈၀ဝိ/-)ခန့်အထိ ဈေးကောင်းရရှိခဲ့ခြင်း၊ နောက်ပိုင်းတွင် သရက်သီးလှိုင်လှိုင်ပေါ်လာသည်နှင့်အမျှ စိန်တစ်လုံးသရက်သီးမှာ(အကြီး) တစ်လုံးလျှင်(၅၀ဝိ/-) ခန့်သို့ ဈေးလျော့နည်းလာပြီး ယခု မေလလယ်သို့ရောက်ရှိချိန်တွင် စိန်တစ်လုံး(ကြီး) တစ်လုံး(၃၀ဝိ/-) ခန့်သို့ ဈေးကျဆင်းလာသည်များကိုတွေ့ရသည်။ သရက်သီးရာသီချိန်သို့ရောက်ရှိလာချိန်တွင် ဈေးကွက်ဝင် ဈေးကောင်းရသရက်သီးမှာ ယေဘူယျအားဖြင့် စိန်တစ်လုံးသရက်သီးဖြစ်သောကြောင့် မိုးဦးကျစ ကာလများတွင် ပျိုးပင်ပေါက်ရောင်းချသူများမှာလည်း စိန်တစ်လုံးသရက်ပျိုးပင်များကို ပိုမိုရောင်းချရ ကြောင်း လေ့လာသိရှိရပါသည်။ ပျိုးပင်ပေါက်ရောင်းချရာ၌ စိန်တစ်လုံးအပင်ပေါက် တစ်ပင်လျှင် ငွေကျပ်(၁၀၀၀မှ ၁၅၀၀ကျပ်အထိ) ဈေးရှိကြောင်းလည်း သိရသည်။

            မကွေးမြို့ပတ်ဝန်းကျင်ကျေးရွာများမှာ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် ရာသီဥတု ဖောက်ပြန်ခြင်း၊ လယ်ယာလုပ်သားရှားပါးခြင်းနှင့် သွင်းအားစုတန်ဖိုးမြင့်မားခြင်းတို့ကြောင့် နှမ်း၊မြေပဲ စိုက်ပျိုးသည့်ယာခင်းများ၌ပင် စိန်တစ်လုံးသရက်ပင်များကို အနည်းဆုံး(၂)ဧကမှ အများဆုံး (၄/၅)ဧကများအထိ ရောနှောစိုက်ပျိုးလာကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်တွင် ခရမ်းချဉ်သီးဈေးကောင်းရနေ

          မကွေးတိုင်းဒေသကြီး မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ကင်းဈေး၊ ရန်ပယ်ဈေး၊ မင်္ဂလာဈေးများတွင် ဟင်းသီးဟင်းရွက်ကုန်စိမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ရာသီဥတုပူပြင်းသောတန်ခူး၊ကဆုန်းလများတွင် ခရမ်းချဉ်သီးထွက်ရှိမှုနည်းပါးလာသဖြင့် မကွေးမြို့ နယ်အတွင်း အများဆုံးစိုက်ပျိုးထွက်ရှိရာ ကျစ်ဆုံပွေး၊ ဝါးကြီးအိုင်၊ ရေပြည့်၊ လျောင်းတော်ဦး၊ ခွေးတောက်စမ်း၊ ညောင်ပင်ရွာစသော ကျေးရွာများမှပင် အထွက်နည်းလာပြီး ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးနေသော်လည်း  ဝယ်လိုအားမှာများလာသဖြင့် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ် မြင့်တက်လျှက်ရှိကြောင်းသိရှိရပါသည်။

           ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(ဗမာသီး/သီးစို) ဈေးနှုန်းမှာ ယခင်လက်လီဈေး တစ်ပိဿာလျှင်(၇၀ဝိ/-)နှုန်းမှ ယခုလက်လီဈေး တစ်ပိဿာလျှင် (၁၂၀ဝိ/-)နှုန်းဖြင့် တစ်ပိဿာလျှင် (၅၀ဝိ/-)နှုန်း၊ ခရမ်းချဉ်သီး(ရှမ်းသီး/သီးခြောက်)ဈေးနှုန်းမှာ ယခင်လက်လီဈေး တစ်ပိဿာလျှင် (၆၀ဝိ/-) နှုန်းမှ ယခုလက်လီဈေးတစ်ပိဿာလျှင်(၁၀၀ဝိ/-)နှုန်းဖြင့် တစ်ပိဿာလျှင်(၄၀ဝိ/-)နှုန်း အသီးသီး ဈေးနှုန်းပြောင်းလဲမြင့် တက်လျှက်ရှိကြောင်း လေ့လာသိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း