ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်နှမ်းနီ ဆီစက်သမားများကြောင့် အရောင်းအဝယ်ဖြစ်

            ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံမှာ ဇွန်လနောက်ဆုံးပတ်တွင် အရောင်း အဝယ်ရက်ခြားသာ ဖြစ်လျှက်ရှိပါသည်။ ဒေသတွင်းဆီစက်သမားများက ဆီကြိတ်ရန် အဝယ်ရှိ သဖြင့် ရက်ခြားအရောင်းအဝယ်ဖြစ်လျှင် အိတ် ၁၀၀/၂၀၀ခန့်ဖြစ်ကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရပါသည်။ မိုးကြိုနှမ်းများလည်း နောက်လတွင် ထွက်ပေါ်နိုင်ပြီး ယခုအချိန်တွင် ဈေးကွက်သို့ နှမ်းများ  ဝင်ရောက်မှုမရှိပေမယ့် လှောင်နှမ်းများဖြင့်သာ ရက်ခြားအရောင်းအဝယ်ဖြစ်သည်ဟု  သိရပါသည်။ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဇွန်လတတိယ ပတ်ကအတိုင်း ဝယ်ယူမှုရှိနေပေမယ့် ဈေးငြိမ်နေခဲ့ပါသည်။ နှမ်းနက်မှာ (၃)တင်းတစ်အိတ်လျှင် ၁၈၀၀၀၀ကျပ်ဖြင့် ဇွန်လတတိယပတ်ထက်စာလျှင်  ဈေး ၁၀၀၀၀ကျပ်ခန့် မြင့်လာသော်လည်း အရောင်းအဝယ်မဖြစ်သလို စမုံနက်နှမ်းမှာလည်း (၃)တင်းတစ်အိတ်လျှင် ၂၁၀၀၀၀ ကျပ်ဖြင့် ဇွန်လတတိယပတ်ထက် ဈေး ၁၀၀၀၀ကျပ်ခန့် ကျလာခဲ့ပါသည်။ ပြည်ဈေးကွက်ရှိ နှမ်းဈေးများမှာ အရောင်းအဝယ်ဖြစ်လျှင်ဖြစ်သလို အတက်အကျရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆန်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်

           ပြည်ဈေးကွက်သို့ ဇွန်လနောက်ဆုံးပတ်တွင် မြေပဲဆန်များဝင်ရောက်မှုမရှိဘဲ လှောင်မြေပဲ ဆန်များဖြင့်သာ နေ့စဉ်အရောင်းအဝယ်ဖြစ်၍ အိတ် ၂၀၀/၃၀၀ခန့် ရောင်းဝယ်မှု ဖြစ်ကြောင်း သိရပါ သည်။ မြေပဲဆန် လုံးဆန်(အဖြူ)ကို မြဝတီဘက်သို့ တင်ပို့ရန်အဝယ်ရှိသလို၊ မြေပဲဆန်လုံး ဆန်(အနီ)ကို ဒေသတွင်းမြေပဲလှော်ဖိုသမားများက ဝယ်ယူမှုရှိပါသည်။ ဆီကြိတ် မြေပဲဆန်ဖြစ်သော ရွေးဆန်များကို မြေပဲဆီကြိတ်သော ဆီစက်များက အဝယ်ရှိသလို မလောက်ငှပါက မကွေးမြို့နှင့် ပခုက္ကူ ဘက်မှဝယ်ယူ၍ ကြိတ်ခွဲရပါသည်။ ယခုဇွန်လနောက်ဆုံးပတ်ရှိ မြေပဲဆန်ဈေးနှုန်းများမှာ ဆီကြိတ်မြေပဲဆန် (အဖြူ၊ အနီ) ၂မျိုးစလုံးမှာ ဈေးတူနေပြီး တစ်ပိဿာလျှင် ၄၂၀၀ကျပ်၊ လုံးဆန်(အဖြူ၊ အနီ) တစ်ပိဿာလျှင် ၄၄၀၀ကျပ်ဖြင့် ဇွန်လ တတိယပတ်ကအတိုင်း ဈေးငြိမ်သည်ကို တွေ့ရှိရပါသည်။ ဇွန်လနောက်ဆုံးပတ်ရှိ မြေပဲဆီ တစ်ပိဿာလျှင် ၉၅၀၀ကျပ်၊ ဆုံဆီ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ တပိုင်တနိုင်မြေပဲဆုံဆီလုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

            ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးနိုင်လင်းထွန်း နှင့် ဝန်ထမ်းအဖွဲ့သည် (၅.၇.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀:၃၀) အချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ တပိုင်တနိုင် မြေပဲဆုံဆီလုပ်ငန်း လုပ်ကိုင်ရောင်းချ လျှက်ရှိသော လုပ်ငန်းနေရာသို့ ကွင်းဆင်း လေ့လာခဲ့ပါသည်။

          ပြည်မြို့နယ်၊ မူယာပင်ရပ်၊ ရတနာမာန်အောင်လမ်းမပေါ်ရှိ အိမ်တွင်းစီးပွားဖြစ် ရောင်းချနေသော ရွှေဝါသင်း ဆုံဆီလုပ်ငန်းလုပ်ကိုင်လျှက်ရှိသော ဆီဆိုင်သို့ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ မြေပဲဆုံဆီကြိတ်ခွဲရာတွင် မြေပဲလုံးဆန်တစ်မျိုးတည်းကိုသာ ဝယ်ယူကြိတ်ခွဲသည်ဟု သိရပါသည်။ ဆီကြိတ်ရန်အတွက် မြေပဲဆန်ကို မကွေးမြို့နှင့် ပခုက္ကူမြို့များသို့ ကိုယ်တိုင်သွားရောက်၍ ဝယ်ယူ လျှက်ရှိကြောင်း သိရပါသည်။ မြေပဲဆုံဆီကြိတ်ခွဲရာတွင် မြေပဲဆန်လုံးဆန် (၄)ပြည်ကို ဆီကြိတ်လျှင် မြေပဲဆီတစ်ပိဿာခန့်ထွက်ရှိပြီး မြေပဲဖတ် (၃)ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။ မြေပဲဆီ ကို တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့်ရောင်းချပြီး မြေပဲဖတ်တစ်ပိဿာလျှင် ၂၁၀၀ကျပ်ဖြင့် ရောင်းချပါသည်။ တပိုင်တနိုင် မြေပဲဆီကြိတ်ခွဲရာတွင် တစ်နေ့လျှင် ဆီ (၂၁)ပိဿာခန့်ထွက်ရှိပြီး ထွက်ရှိလာသောဆီများကို ပြည်မြို့နယ် ဒေသတွင်းနှင့် အခြားမြို့နယ်များသို့ လက်လီ/လက်ကား ရောင်းချ ကြောင်း သိရပါသည်။ အသားတင် အကျိုးအမြတ်အနေဖြင့် ပဲဆီတစ်ပိဿာရောင်းရလျှင် အနည်းဆုံး ၅၀၀၀-၆၀၀၀ကျပ် ခန့် ရရှိသည်ဟု လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့အတွင်းရှိနွေစပါးရိတ်သိမ်းထွက်ရှိမှု အခြေအနေ

            ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တွင် မိုးစပါး(၁၆)သိန်းကျော်နှင့် နွေစပါး (၁)သိန်း(၇)သောင်းကျော် စိုက်ပျိုးခဲ့ပြီး စပါးအမျိုးအစားအနေဖြင့် တောင်ငူခရိုင်တွင် ဗျော့ထွန်း ၊ သုခ(၂) ၊ ဆင်းသုခ၊ ဧရာမင်း ၊ ထိုင်းနှံကောက်စပါးမျိုးများကို စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း အနည်းအများအနေဖြင့် ဗျော့ထွန်း(၆၅-၁၀၀)တင်းခန့် ၊ သုခ-၂(၇၀-၈၀)တင်းခန့် ၊ ဧရာမင်း(၆၀-၈၀) တင်းခန့်၊ ဆင်းသုခ(၇၀-၈၀)တင်းခန့် ၊ထိုင်းနှံကောက်(၆၅-၁၁၀) တင်းခန့်ထွက်ရှိကြောင်း၊ တောင်သူ များအနေဖြင့် ဗျော့ထွန်း၊ သုခ(၂)၊ ဆင်းသုခ၊ ဧရာမင်း၊ ထိုင်းနှံကောက် စပါးမျိုးများကို စိုက်ပျိုးရခြင်းမှာ မျိုးလုံလောက်စွာရရှိခြင်း အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်တွင်လည်းဝယ်လိုအား ကောင်းသောကြောင့် စိုက်ပျိုးလိုခြင်းဖြစ်ကြောင်း သိရှိရပါသည်။ နွေစပါးများကို ဧပြီလဆန်းပိုင်းမှ စတင်စိုက်ပျိုး ကြပြီး ဇွန်လဆန်းပိုင်းတွင် စတင်ရိတ်သိမ်း၍ လက်ရှိမြေပြင်ပေါက်ဈေးမှာ စပါးတစ်တင်းလျှင်(၈၄၀၀၀/-)ကျပ်အထိ ရှိကြောင်းနှင့် စိုက်ပျိုးသည့်နေရာများအနေဖြင့်  နွေစပါးများကို ဆည်ဘောင်ရိုး၊ ရေလှောင်တမံတည်ရှိရာတွင်  အများစုစိုက်ပျိုးကြပြီး ဆည်ရေသောက်ဧရိယာများအပြင် သဘာဝရေနှင့်လည်း စိုက်ပျိုးကြပါသည်။ယခုအခါတွင် နွေစပါးစိုက်ဧက (၇၀၁၆၁)ဧကရှိပြီး၊ ရိတ်ဧက (၇၀၁၆၁)ရှိသောကြောင့် တစ်ဧကလျှင် အထွက်နှုန်း (၇၉.၀၇)ဧကခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းဇယားများအရ သိရှိရပါသည်။နွေစပါးတစ်ဧက ကုန်ကျစရိတ်အနေဖြင့်  ပျိုးခင်း မြေပြုပြင်ခ (၈၀၀၀၀/-)ကျပ်၊ စိုက်ပျိုးခြင်းနှင့် ပြုပြင်ခ(၅၅၀၀၀/-)ကျပ်၊ ရိတ်သိမ်း/သယ်ယူ/ချွေလှေ့ခ (၅၈၀၀၀/-)ကျပ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအတွက် (၁၇၈၇၂၅/-)ကျပ်၊ စုစုပေါင်း ကုန်ကျငွေ (၃၇၁၇၂၅/-)ကျပ်ဝန်းကျင် ကုန်ကျကြောင်း သိရှိရပါသည်။ယခုနှစ်တွင် သွင်းအားစု ဓာတ်မြေဩဇာ ဈေးကြီးသော်လည်း အထွက်နှုန်းကောင်း၍ ဈေးကောင်း ရရှိသဖြင့်တောင်သူများ တွက်ချေကိုက်လျှက်ရှိပြီး ယခုဈေးအတိုင်း ဆက်လက် ရောင်းချနိုင်ရေး မျှော်လင့်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း ဒေသထွက်ဂျင်းဈေးနှုန်း မြှင့်တက်လျက်ရှိ

              ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ဆောင်ပြောင်း၊ ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ဂျင်းကို ဟင်းခတ်အမွေးအကြိုင်အဖြစ်ရိုးရာ အစားအစာများ၊ ဟင်းလျာများတွင် အသုံးများသဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခုဇူလိုင်လ ပထမပတ်တွင် ဈေးကွက်အတွင်း ဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဇွန်လပထမပတ်တွင် ဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်သာရှိခဲ့ပြီး ယခင်ဇွန်လပထမပတ်နှင့် ယခုဇူလိုင်လပထမပတ် နှိုင်းယှဉ်လျှင် ဒေသထွက်ဂျင်းတစ်ပိဿာလျှင် (၇၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ ဂျင်းစိုက်တောင်သူများမှာ စိုက်ဧက အနည်းငယ်သာစိုက်ပျိုးနိုင်ပြီး အချို့နေရာများတွင် အချိန်မီတူးဖော်နိုင်မှုမရှိခြင်း၊ ထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သီရိမင်္လာဈေး ဒေသထွက်ဂျင်းရောင်းချသူ တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ကြက်သွန်နီဈေးနှုန်း မြှင့်တက်လျက်ရှိ

                     ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင်သီးနှံကို ပြည်နယ်တွင်းစိုက်ပျိုးမှု လျော့နည်းသဖြင့် စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့်မိထ္ထီလာမှ အများဆုံး တင်သွင်းရပြီး ဇွန်လတွင် ပြည်နယ်အတွင်း ကြက်သွန်နီဝင်ရောက်မှုမှာ (၂၄၂၀)အိတ် (  ၇၂၆၀၀ ) ပိဿာရှိခဲ့ပြီး ယခုလက်ရှိ ဇူလိုင်ပထမပတ်တွင် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဇွန်လပထမပတ်တွင် ကြက်သွန်နီ အလုံးကြီး တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊အလုံးသေး တစ်ပိဿာလျှင် (၁၂၀၀)ကျပ်သာရှိခဲ့ပြီး ယခင်ဇွန်လ ပထမပတ်နှင့် ယခုဇူလိုင်လပထမပတ်နှိုင်းယှဉ်လျှင် ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၈၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှ ပြည်နယ်တွင်း စိုက်ပျိုးထုတ်လုပ်နိုင်မှုလျော့နည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိခြင်း၊ စက်သုံးဆီဈေးနှုန်းများကြီးမြှင့်၍ သယ်ယူစရိတ်များ  မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးရှိ ကြက်သွန်နီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ ပန်းတိမ်ငိုပန်းစိုက်ကွင်းသို့ ကွင်းဆင်းလေ့လာ

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်း များသည် ပန်းတိမ်ငိုပန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေအား သိရှိနိုင်ရန် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာသို့ (၃၀.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။

          တာချီလိတ်မြို့နယ်တွင် ပန်းတိမ်ငိုပန်းစိုက်ပျိုးဧက(၂၀)ခန့်ရှိပြီး ဟောင်လိတ်ကျေးရွာတွင်(၅) ဧကခန့်စိုက်ပျိုးထားပါသည်။ ပန်းတိမ်ငိုပန်းမျိုးကို တောင်ကြီးမြို့မှမှာယူ၍ ပျိုးထောင်စိုက်ပျိုးရ သည်ဟု သိရသည်။ ပန်းတိမ်ငိုပန်းကိုစိုက်ပျိုးရာတွင် မြေကိုနွားချေးနှင့်ရော၍ပြုပြင်ပြီး ပင်ကြား တန်းကြား(၁၅)လက်မခြားကာ စိုက်ပျိုးရသည်။ အပင်အားဆေး(ရွက်ဖြန်းမြေဩဇာ)ကို တစ်ပတ်လျှင် တစ်ကြိမ်ဖြန်းပေးရပြီး ပိုးသတ်ဆေးကိုအပင်အနေအထားကြည့်၍ လိုအပ်သလိုဖြန်းပေးရသည်။ ပန်းတိမ်ငိုပန်းပင်စိုက်ပျိုးရာတွင် မြေအစိုဓာတ်အမြဲရှိနေရန် ရေကိုနေ့စဉ်ဂရုတစိုက်လောင်းပေးရ သကဲ့သို့ နေရောင်ခြည်တိုက်ရိုက်မကျစေရန် စိုက်ပျိုးရေးဇကာကိုမိုးပေးရသည့်အတွက် တစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်(၃၅)သိန်းခန့်ကုန်ကျသည်ဟု သိရပါသည်။ မြေတစ်ဧကလျှင် ပန်းပင် (၁)သိန်းကျော်စိုက်ပျိုးနိုင်ပြီး ရောင်းတန်းဝင်အပင်ရေ(၉)သောင်းခွဲခန့်ရှိပါသည်။ နှစ်စဉ်ဧပြီလတွင် စတင်စိုက်ပျိုးပြီး ဇွန်လမှနိုဝင်ဘာလအတွင်းခူးယူရောင်းချကြသည်။ ပန်းတိမ်ငိုပန်းတစ်ပင်ကို စတင် ပေါ်ချိန်တွင်(၆၀၀)ကျပ်ရရှိပြီး နောက်ပိုင်းတွင်(၄၀၀/၅၀၀)ကျပ်ခန့်သာ ရောင်းချရသည်ဟု သိရပါသည်။

          ပန်းတိမ်ငိုပန်းပေါ်ချိန်တွင် တာချီလိတ်မြို့နယ်အတွင်းမှဈေးများတွင် လက်လီ/လက်ကား ဖြန့်ချိရောင်းချသကဲ့သို့  ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်နှင့် ထိုင်းနိုင်ငံသို့လည်း တစ်ပိုင်တစ်နိုင်တင်ပို့ရောင်းချသည်ဟု ဟောင်လိတ်ကျေးရွာရှိ ပန်းတိမ်ငိုပန်းပင်(၂)ဧက ခန့်စိုက်ပျိုးထားသော ဦးသိန်းလွင်ထံမှ သိရှိရပါသည်။

          သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ပန်းစိုက်တောင်သူများ သည် နှစ်စဉ်ပန်းတိမ်ငိုပန်းစိုက်ပျိုးခြင်းကို မိသားစုစီးပွားရေးလုပ်ငန်းအနေအဖြင့် အဓိကထားလုပ် ကိုင်ကြကာအဆင်ပြေနေသကဲ့သို့ အခြားမြို့နယ်များတွင်လည်း ပန်းတိမ်ငိုပန်းကို မိသားစုတစ်ပိုင် တစ်နိုင် ဝင်ငွေရရှိရန်စိုက်ပျိုးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

ဧရာ၀တီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေဒေသထွက် စျေးကွက်၀င် အုန်းသားစိတ်လုပ်ငန်း

           ဧရာ၀တီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေတစ်လျှောက် အောင်မြင်ဖြစ်ထွန်း လျှက်ရှိသော အပင်အများစုမှာ အုန်းပင်ဖြစ်ပြီး ရေငံပိုင်းနှင့် ရေငံစပ်ဒေသတွင် အုန်းပင်ဖြစ်ထွန်း မှု အားကောင်း၍ ရေချိုပိုင်းတွင် ရေငံပိုင်းလောက် အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်း ပင်လယ်နှင့် နီးကပ်လျှက်ရှိသော ချောင်းသာ၊ ငွေဆောင်မှ မော်တင်စွန်း ကမ်းခြေအပြင် ရေငံပိုင်းဒေသ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဆက်စပ်နေသော ကျေးရွာများ သည်လည်း အုန်းသီးအဓိက ထွက်ရှိရာ ဒေသများဖြစ်ကြောင်း သိရသည်။

          ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံ ဒေါ်မြင့်မြင့်စန်းနှင့် ၀န်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်တွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာရှိ ဦးဌေးအောင် မိသားစုမှ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသည့် ဒေသထွက်အုန်းသီးမှ ပြုလုပ်သော အုန်းသားစိတ် လုပ်ငန်းသို့ “ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး” အတွက် သွားရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံခဲ့ရာတွင် မြို့နယ်တာ၀န်ခံ ဒေါ်မြင့်မြင့်စန်းမှ မေးမြန်းခဲ့ရာ အုန်းသားစိတ် လုပ်ငန်းအတွက် အဓိကကုန်ပစ္စည်းမှာ အုန်းသီးဖြစ်ပြီး အုန်းသီး၀ယ်ယူရာတွင် အုန်းသီးတစ်လုံး တန်ဖိုး(၂၀၀) ကျပ် အပင်တက်ခ၊ အုန်းသီးသယ်ခ၊ အုန်းခွံစုတ်ခ၊ အုန်းသီးခွဲခနှင့် အုန်းဆံထွက်ခ အပါ လုပ်သားခနှင့် ကုန်ကျစရိတ်မှာ အုန်းသီးတစ်လုံးကို (၃၂၀) ကျပ်ကုန်ကျ၍ အုန်းသီးမှ အဆံထုတ်ပြီးသား အုန်းသားကို အစိပ်စိပ်နေပူလျှင် ၃၊ ၄ ရက် နေလှမ်းရပြီး မိုးရွာလျှင် မီးဖိုမှာ အပူပေးကြပ်တိုက်ခြင်းဖြင့် ရာသီမရွေး လုပ်ကိုင်နိုင်ကြောင်း အုန်းသီးအလုံး (၈၀)ကို အုန်းသား စိတ် (၁၀)ပိဿာခန့် ရရှိပြီး အုန်းသားစိတ် (၁)အိတ်ကို ပိဿာချိန် (၅၀)ရှိ၍ အုန်းသား စိတ် တစ်အိတ်အတွက် ကုန်ကျစရိတ် မှာ ကျပ် (၁၃၁၅၀၀) သယ်ယူစရိတ် တစ်အိတ် (၇၅၀၀) ကျပ်အပါအ၀င် တစ်အိတ်ရောင်းချရငွေမှာ ကျပ် (၁၆၅၀၀၀) ဖြစ်သောကြောင့် တစ်အိတ်ကို အကျိုးအမြတ် (၂၀၀၀၀) ကျပ် ၀န်းကျင်ရရှိပြီး ရန်ကုန်ပွဲရုံသို့ တစ်လလျှင် အိတ်ရေ (၂၀)ခန့် တင်ပို့ရောင်းချလျှက်ရှိကြောင်း အုန်းသားစိတ်ကို အုန်းဆီပြုလုပ်၍ စျေးကွက်အတွင်း ရောင်းချလျှက်ရှိကြောင်း အုန်းသားစိတ် လုပ်ငန်းရှင် ဦးဌေးအောင်က ပြောပါသည်။

          ၄င်းအပြင် ဘေးထွက်ပစ္စည်းအုန်းခွံကို အကြောတက်သူ၊ အညောင်းထိုင်သူ၊ ၀သော သူများမှာ အုန်းမာလာခွံကို နင်းပေးခြင်းဖြင့် ကျန်းမာရေးအတွက် အသုံးပြုလျှက် ရှိကြောင်း၊ အုန်းအမာခွံ ဘေးထွက်ပစ္စည်းကို လူသုံးကုန်ပစ္စည်းများဖြစ်သော အမျိုးသမီးသုံး ဆံညှပ်၊ ရင်ထိုး အလှတင် အရုပ်များ ပြုလုပ်ပြီး ကျေးရွာတစ်ရွာထွက် ကုန်တစ်မျိုးအဖြစ် ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများတွင် ပြည်တွင်းပြည်ပ ဧည့်ခရီးသွားများကို ပြုလုပ်ရောင်းချလျှက်ရှိကြောင်း အုန်းမာလာခွံကို မီးဖုတ်ခြင်းဖြင့် အုန်းမီးသွေး ရရှိပြီး ရိုးရိုးမီးသွေးထက် မီးပြင်းအား ပိုမိုကောင်းမွန်သော အုန်းခွံမီးသွေးအဖြစ်လည်း အသုံးပြုလျှက်ရှိကြောင်း အုန်းခွံခွာရာတွင် ရရှိသော အုန်းဆံဖတ်များကို တံမြက်စည်းနှင့် ခြေသုတ်ခုံတို့ ပြုလုပ်ပြီး ဆိုက္ကားကူရှင်မှာလည်း ပြုလုပ်သုံးစွဲလျှက်ရှိကြောင်း၊ အုန်းသီးတစ်လုံးတွင် စွန့်ပစ်စရာမရှိဘဲ အားလုံး အသုံး၀င်လျှက်ရှိကြောင်း လုပ်ငန်းရှင် ဦးဌေးအောင် က ဆက်လက် ပြောကြားပါသည်။

          စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ၀န်ခံ ဒေါ်မြင့်မြင့်စန်းကလည်း အုန်းသားစိတ် လုပ်ငန်းအတွက် အုန်းသီး၀ယ်ယူရာတွင် အုန်းသားစိတ် ရရှိသလို ညှစ်ပြီးသား အုန်းဖတ် များကိုလည်း မွေးမြူရေး အစာအဖြစ် အသုံးနိုင်ကြောင်း၊ ကျန်သည့် ဘေးထွက် ပစ္စည်းများ မှာလည်း စွန့်ပစ်စရာ မလိုဘဲ ပြည်တွင်းစျေးကွက်မှာ ပြန်လည်အသုံးပြုနိုင်သည့် အတွက် လုပ်ငန်းရှင်မှာ အပို၀င်ငွေရရှိမှာ ဖြစ်သလို လုပ်ငန်းထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး မိမိတို့ ဒေသထွက်ကုန်များ စျေးကွက်ပိုမို ကျယ်ပြန့်လာစေရန်အတွက်သာမက “ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး” အတွက် မိမိတို့ဌာနမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါကလည်း ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ ဒုတိယပတ်တွင်  ဖြစ် ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် ကျပ်၄၆၅၀၀၊ ပဲတီစိမ်း(သေး) တစ်တင်းလျှင် ကျပ် ၃၆၀၀၀၊ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် ၄၄၇၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၄၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၇၅၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၄၈၇၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၅၁၇၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၅၁၇၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

                 ဂျုံဖြူသန့်တစ်တင်းလျှင် ကျပ် ၄၄၅၀၀၊ ဂျုံနီတစ်တင်းလျှင် ကျပ် ၄၂၅၀၀၊ ပဲကြီး(သစ်) တစ်တင်းလျှင် ကျပ် ၇၀၀၀၀-၇၂၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ကျပ် ၄၃၀၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင် ကျပ် ၄၅၅၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်းလျှင် ကျပ် ၆၂၀၀၀၊ ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၄၃၅၀၀၊  မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၅၄၀၀၀-၅၈၅၀၀၊ ပုဂံပဲ တစ်တင်းလျှင် ကျပ် ၆၃၅၀၀၊ ပဲလွန်းဖြူတစ်တင်းလျှင် ကျပ် ၃၂၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၃၁၀၀၀၊ ပဲယင်းဝါတစ်တင်းလျှင် ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၁၅၅၀၀၊ ပြောင်းနီ တစ်တင်းလျှင် ကျပ် ၁၄၅၀၀၊ ပြောင်းဖြူ တစ်တင်းလျှင် ကျပ် ၁၅၅၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၀၀၀-၅၅၀၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၅၀၀၀ -၇၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၆၂၅၀၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၅၂၀၀၀-၅၅၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် ၄၄၀၀-၄၅၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၄၀၀-၄၅၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်၁၈၆၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၁၂၇၀၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၁၀၈၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

               ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းနှင့် ဆီထွက်သီးနှံဈေးနှုန်း များဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ်‌ ဈေးတတ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီးသည်ဇူလိုင်လ(ဒုတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ရွှေဘိုခရိုင်နှင့် ကသာခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး၊ မုံရွာခရိုင်တွင် စပါးဈေး အနည်း ငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဇူလိုင်လ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသောအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ပါ တစ်အိတ် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

            ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၂၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

             မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၈၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၃၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

              ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၉၅၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၃၇၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၄၈၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ(ပထမ)ပတ် တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ် ရေ ၅၄၃၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၇၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၇၃၀၀)အိတ်၊ တန်အားဖြင့် (၅၈၆၅) စီးထွက်ခဲ့ပြီး၊ ယခု ဇူလိုင်လ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး များသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၁၃၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၁၃၀၀) အိတ်၊ တန်အားဖြင့် (၅၅၆၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၆၀၀၀) တန်အားဖြင့် (၃၀၀) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

 

                                                                                                                                            

                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း