ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း နွေစပါးလှိုင်လှိုင်ပေါ်

သန်လျင်၊ မေလ ၄ ရက်

          ရန်ကုန်တောင်ပိုင်းခရိုင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးအား သန်လျင်၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များတွင် ဧက(၆၉,၀၀၀)ကျော် စိုက်ပျိုးခဲ့ရာ ယခုအခါ လှိုင်လှိုင်ပေါ်ထွက်နေပြီ ဖြစ်ကြောင်း တောင်သူများထံမှသိရှိရသည်။

          သန်လျင်၊ ကျောက်တန်း၊ ခရမ်းမြို့နယ်များတွင် နွေစပါး ဧကအနည်းငယ်သာ စိုက်ပျိုးပြီး တွံတေးမြို့နယ်တွင် ကျေးရွာအုပ်စု(၈)စု၊ ကော့မှူးမြို့နယ်တွင် ကျေးရွာ(၁၂)ရွာ၊ ကွမ်းခြံကုန်းမြို့နယ် တွင် ကျေးရွာ (၂၇)ရွာ စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

          ၂၀၂၁-၂၀၂၂ ခုနှစ် မေလဆန်းတွင် နွေစပါး (၄၆)ပေါင် စပါးတင်း (၁၀၀)လျှင် ကျပ် (၇၃၀,၀၀၀) ဝန်းကျင်ခန့် ပေါက်ဈေးရှိနေကြောင်း တောင်သူများထံမှ သိရရှိပါသည်။

DOCA(ရန်ကုန်)

အရှေ့ပိုင်းခရိုင်အတွင်းရှိ အခြေခံစားသုံးကုန်ဈေးနှုန်း

               ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များ၏ အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများသည် မြို့နယ်ဒေသအလိုက် ဈေးနှုန်းများ မတူညီသော်လည်း မြို့နယ်တစ်ခုနှင့် တစ်ခုကွာဟမှုအနည်းငယ်မျှသာ ရှိပါသည်။

             အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် အရှေ့ပိုင်းခရိုင်အတွင်းရှိ အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများကို နေ့စဉ်ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့လျက်ရှိရာ (၂.၅.၂၀၂၂)ရက်နေ့ရှိ ဈေးနှုန်းစုံစမ်းကောက်ယူရရှိမှုအရ ပုဇွန်တောင်မြို့နယ်ရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် (၆၄၅၀၀/-)ကျပ်၊ ဧည့်မထ ဆန်တစ်အိတ် (၃၈၀၀၀/-)ကျပ်၊ ငစိန် ဆန်တစ်အိတ် (၃၁၀၀၀/-)ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၆၃၀၀/-)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၉၅၀၀/-)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၈၀၀/ ၁၃၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ (၇၀၀၀/-)ကျပ်၊ အာလူး တစ်ပိဿာ (၂၀၀၀/ ၂၅၀၀)ကျပ်၊ ဂျင်း တစ်ပိဿာ (၂၀၀၀/ ၂၅၀၀)ကျပ်၊ ကုလားပဲ ပဲခြမ်း တစ်ပိဿာ (၃၅၀၀/-)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၅၅၀၀/ ၆၀၀၀)ကျပ်၊ ပဲဝါလေး တစ်ပိဿာ (၃၇၀၀/-)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ (၁၀၀၀/-)၊ ဂေါ်ဖီထုပ် တစ်ထုပ် (၇၀၀/-)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြေပဲဆံနှင့် မြေပဲဆီဈေးနှုန်း မြှင့်တက်လျက်ရှိ

           ကယားပြည်နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကိုလည်းအဓိကထား စိုက်ပျိုးလျှက်ရှိပြီး မိုးမြေပဲကို မေလနှင့်ဇွန်လမှာ စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ထွက်ရှိကြောင်း၊ ဆောင်းမြေပဲကို အောက်တိုဘာလမှာ စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင်ထွက်ရှိပြီး မြေပဲကို လွိုင်ကော် ခရိုင် လွိုင်ကော်မြို့နယ်၊ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ် မြေပဲစိုက်ဧက (၉၈၀၆)ဧကစိုက်ပျိုးပြီး ထွက်ရှိနှုန်းမှာ(၄၄၁၅၃၂)တင်းထွက်ရှိပြီး ဆီထွက်နှုန်းမှာ(၆၇၇၀၈၄)ပိဿထွက်ရှိကြောင်း စိုက်ပျိုးရေးစာရင်းအရသိရှိရပြီး မတ်လမှမေလ အတွင်း မြေပဲဆံဈေးနှုန်းတစ်ပိသာလျှင် (၄၀၀၀)ကျပ်နှုန်း၊ မြေပဲဆီ တစ်ပိသာလျှင် (၁၀၀၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း မြေပဲဆံ တစ်ပိသာလျှင် (၃၁၀၀) ကျပ်နှုန်း၊ မြေပဲဆီ တစ်ပိသာလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ယခင်လများနှင့်နှိုင်းယှဉ်လျှင် မြေပဲဆံတစ်ပိသာလျှင် (၉၀၀) ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လျှက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ကြက်သွန်နီဈေးကွက် အခြေအနေ

           ကယားပြည်နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို ပြည်နယ်အတွင်း စိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိတ္ထီလာမှအများဆုံး ဝင်ရောက်ပြီး ဧပြီလမှ မေလပထမပတ်အတွင်း ကြက်သွန်နီ(၄၃၉၅)အိတ်၊ (၁၃၁၈၅၀)ပိဿ ဝင်ရောက်လျှက်ရှိပြီး ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿလျှင်(၁၂၀၀) ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင်(၁၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။

DOCA(ကယား)

ဧပြီလအတွင်း ပဲခူးမြို့ရှိစားအုန်းဆီဈေးကွက်အခြေအနေ

           ပဲခူးတိုင်းဒေသကြီး ၊ပဲခူးခရိုင်၊ ပဲခူးမြို့တွင်စားအုန်းဆီဈေးများ ဆက်လက်မြင့်တက်လျက် ရှိပါသည်။ သင်္ကြန်မတိုင်မီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀- ၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်တွင်းကာလစားအုန်းဆီ  တစ်ပိဿာလျှင် ၆၀၀၀-၆၂၀၀ ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်ခဲ့၍ သင်္ကြန်ပြီးကာလတွင်၆၃၀၀-၆၆၀၀ ကျပ်ထိ ဈေးနှုန်းမြင့်မားလာပြီး ယခုဧပြီလနောက်ဆုံးပတ် ဈေးနှုန်းအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင်၆၉၀၀-၇၀၀၀ ကျပ်ထိ ဆက်လက်မြင့်တက်လျက်ရှိပါသည်။

            စားအုန်းဆီ ဈေးမြင့်တက်လာရခြင်းမှာ ပြည်ပစားအုန်းဆီဈေးနှုန်းမြင့်တင်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

            ၂၀၂၂ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံဆီကုန်သည်လုပ်ငန်းရှင်များအသင်းမှလည်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့်  စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့်ဆီပိဿာချိန်၁၂၆၅၀ကို ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးခရိုင်၊    ကဝမြို့နယ်အတွင်း တနိုင်တပိုင်စိုက်ပျိုးသည့် ဆီနေကြာများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ

                 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိဒေသခံတောင်သူများသည် ဆောင်းသီးနှံအဖြစ် ပဲအမျိုးမျိုးနှင့်နေ့စဉ် ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး ယင်းသီးနှံများ ရိတ်သိမ်းပြီးနောက် ဆီစားသုံးမှုဖူလုံစေရန် သီးထပ်စနစ်ဖြင့် တနိုင်တပိုင်ဆီ နေကြာများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

                 သီးထပ်စနစ်ဖြင့် စိုက်ပျိုးကြရာတွင် မြေ၏ ပကတိ အစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြပြီး  မြေအစိုဓာတ်လျော့နည်းခြင်းမရှိစေရန် အတန်းလိုက် အစေ့ချ စိုက်ပျိုး မည်ဆိုပါက အပင်ခြား ခြောက်လက်မမှကိုးလက်မခန့်၊ အတန်းခြား နှစ်ပေခန့်ခြား၍ မြောင်းပေးစိုက်ပျိုးကြောင်း၊ ပတ်ကြဲ၍ စိုက်ပျိုးမည်ဆိုပါက ထယ်ရေးတစ်စပ် ထိုးကာ မျိုးစေ့ပတ်ကျဲပြီး ထွန်ရေးဖြင့် မျိုးစေ့အား ပြန်လည်ဖုံးဖိပေးရကြောင်း သို့မှသာ မျိုးစေ့အပေါက်စုံနိုင်မည်ဖြစ်ကြောင်း သိရသည်။

                အဆိုပါ နေကြာစိုက်ပျိုးသည့်သက်တမ်းမှာ  သုံးလခွဲခန့် ရှိကြောင်းနှင့် ၎င်းမျိုးစေ့များကို  နီးစပ်ရာစိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြပြီး တစ်ဧကလျှင် ၃ကီလိုပါ ရှိသည့် မျိုးစေ့ထုပ်၃ထုပ်စိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ တင်း၂၀မှ၂၅ တင်းအထိ ထွက်ရှိကြောင်း ၊ လာမည့်နှစ်အတွက် မျိုးစေ့များအားလည်း ပြန်လည်ရယူထားနိုင်ကြောင်း နေကြာတနိုင်တပိုင် စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

သရက်သီးမှည့်ရာသီချိန်အရောင်းအဝယ်လိုက်

             ပဲခူးတိုင်းဒေသကြီးအတွင်း သရက်သီးမှည့်များလှိုင်လှိုင်ပေါ်လာပြီဖြစ်ပြီး ရောင်းလိုအား ဝယ်လိုအား လိုက်နေကြောင်း ပဲခူးမြို့နယ်မှ သရက်သီးမှည့်‌ရောင်းဝယ်သူထံမှသိရပါသည်။ ယခုနှစ် သစ်သီးဝလံ ဈေးကွက်တွင် သရက်သီးမှည့်များဝင်ရောက်မှုပေါများပြီး ဈေးနှုန်းမှာလည်း ယခင်နှစ်နဲ့မတူပဲ ဈေးသက်သာလာသည်ကို တွေ့ရပါသည်။ မိုးလည်းရွာသွန်းနေပြီမို့ သရက်သီးမှည့်များသည် ချိုလဲချို အရောင်အသွေးမှာလဲ ကောင်းပြီး ဈေးနှုန်းသက်သာလာသောကြောင့် ဒေသတွင်းရော / နယ် တင်ပို့မှုပါ အရောင်းအဝယ် သွက်လျက်ရှိနေပါသည်။

           ပဲခူးတိုင်းဒေသမှ မြကျောက်၊ စိန်တစ်လုံးသရက်များမှာ ဉယျာဉ်၊ ခြံများမှထွက်ရှိ၍ မချစ်စုနှင့် မန္တလေးသရက်များမှာ အိမ်ခြံများမှ အများဆုံးထွက်ရှိပြီး ဒေသတွင်းမှ သရက်သီး မျိုးစုံ စားသုံးကြသဖြင့် ဒေသတွင်းဈေးကွက်လည်းရရှိပါကြောင်း မြကျောက်နှင့်စိန်တစ်လုံးကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့ပြီးရောင်းချရကြောင်း မချစ်စုနှင့် မန္တလေးသရက်ကို ရန်ကုန်နဲ့ ဒေသတွင်းဈေးကွက်တွင်သာ ရောင်းဝယ်ကြောင်းသိရပါသည်။ သရက်သီးဈေးနှုန်းများ အနေဖြင့် ယခုမေ (ပထမပတ်)အတွင်း မြကျောက်တစ်လုံးဈေး (ရှယ်) ကျပ် ၁၅၀ နှင့်  (လုံးသန့်) ၂၀၀ ကျပ်ဖြစ်ပြီး၊ စိန်တစ်လုံးစျေးသည်   (ရှယ်) ကျပ် ၂၀၀နဲ့ (လုံးသန့်) ၃၅၀ ကျပ် ဖြစ်ပေါ်နေပါသည်။

         စိုက်ပျိုးသူ အများအပြားမရှိသည့်အတွက် ထွက်ရှိလာသည့် စိန်တစ်လုံးတွေသည် ဈေးကွက် ဝင်လာသမျှအားလုံး အ‌ရောင်းအဝယ် ဖြစ်လျက်ရှိနေပါသည်။ မချစ်စုနှင့် မန္တလေးသရက်သီးကို သရက်သီးကုန်သည်များက အပင်လိုက်ချုပ်ထားသောကြောင့် ဒေသတွင်းဈေးမှာ တစ်လုံးလျှင် (ရှယ်) ၇၀ကျပ်နှင့် (လုံးသန့်) ၅၀ ကျပ်ရှိကြောင်းသိရှိရပါသည်။  

DOCA(ပဲခူး)

                                    

ရုံးပတီစိုက်ပျိုး ဝင်ငွေတိုး

          ပဲခူးတိုင်း‌ဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်တွင် ရုံးပတီစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိနေကြပြီး ဖြစ်ပါသည်။ ရုံးပတီစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်နှင့် အချိန်ကုန် သက်သာပါသည်။ မျိုးစေ့ချ၍ စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ (၃၀) ရက်ခန့်တွင် ခူးဆွတ်ရောင်းချနိုင်ပါသည်။ စိုက်ခင်းကို ထွန်ယက်၍ မျိုးစေ့ချရန် ကျင်းတူးပြီး တစ်ကျင်းလျှင် အစေ့ ၃စေ့ ၄စေ့ခန့် ထည့်၍ စိုက်ပျိုးကြပါသည်။ အပင်ကောင်း၍ ကြီးထွားပါက တစ်ပင်လျှင် (၁၀-၁၅)ခန့် ခူးဆွတ်ရရှိနိုင်ပါသည်။ မြေကွက်တစ်ကျိုး စိုက်ပျိုးရာတွင် (၃၅၀၀) ပင်အထိ စိုက်ပျိုးနိုင်ပြီး ရုံးပတီသီးတစ်ထောင့်လျှင် ဒေသပေါက်စျေးအရ (၁၅)ကျပ်ခန့်ရှိပြီး ကုန်သည်ဝယ်စျေးမှာ (၁၀)ကျပ်ခန့်ရှိပါသည်။

            ရုံးပတီသီး တစ်ဧကကုန်ကျစရိတ် (၇၉၈၄၀၀) ကျပ်ခန့်ကုန်ကျပြီး ဝင်ငွေရရှိမှုမှာ (၁၃၀၀၀၀၀) သိန်းခန့်ရရှိပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၅)သိန်းကျပ်ခန့် ရရှိနိုင်ခြင်း၊ ရက်တိုတိုဖြင့် ဝင်ငွေရရှိနိုင်ခြင်းတို့ကြောင့် စိုက်ပျိုးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့နယ် ပဲယင်းဈေးကွက်

               သာယာဝတီခရိုင် ၊  မိုးညို မြို့နယ်တွင် ဆောင်းသီးနှံ ပဲယင်းစိုက်ဧက (၁၂၆၅) ဧကခန့် စိုက်ပျိုး လျက်ရှိပါသည်။ သာယာဝတီခရိုင်တွင် ပဲယင်းစိုက်ပျိုးမှုအနေဖြင့် အခြားမြို့နယ်များတွင် စိုက်ပျိုးခြင်းမရှိဘဲ မိုးညိုမြို့နယ် တစ်မြို့နယ်တွင်သာ စိုက်ပျိုးထားရှိပါသည်။ ယခင်နှစ် ပဲယင်းတစ်တင်းပေါက်စျေးနှုန်း (၂၀)ပိဿာလျှင် (၄၅၀၀၀) ကျပ်ဝန်းကျင်ခန့်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ပဲယင်းတစ်တင်း (၂၀)ပိဿာလျှင် (၅၈၀၀၀)ကျပ်ခန့်ရှိပါသည်။ ပဲယင်းတစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၃)သိန်းဝန်းကျင်ခန့် ကုန်ကျပြီး တစ်ဧကအထွက်နှုန်း (၁၈)တင်းခန့် ထွက်ရှိပါသည်။  တစ်ဧကဝင်ငွေမှာ (၁၀) သိန်းခန့် ရရှိပြီး အကျိုးအမြတ် အနေဖြင့် (၇၄၄၀၀၀)ကျပ်ခန့် ရရှိနိုင်ပါသည်။

            မိုးညိုမြို့ပေါ်ရှိ ပွဲရုံပေါက်စျေး ပဲယင်းတစ်တင်း (၂၀) ပိဿာ တစ်တင်းလျှင် (၅၈၀၀၀)ကျပ်ရှိပြီး ၊ ပွဲရုံများမှ ရန်ကုန်-လှိုင်သာယာဂိုဒေါင်များနှင့် ‌ရွှေပြည်သာဂိုဒေါင်များသို့ အဓိကတင်ပို့ ရောင်းချကြောင်းနှင့် အိတ်အရေအတွက် တစ်သောင်းကျော်ခန့် တင်ပို့ပြီးစီးကြောင်းနှင့် လက်ရှိ အခြေအနေတွင် ပွဲရုံ ပဲယင်းလက်ကျန် လျော့နည်းနေကြောင်း ကုန်သည်ကြီးများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းကြက်သွန်နီ ဈေးနှုန်းဈေးကွက်အခြေအနေ

             ၂၀၂၂ ခုနှစ် ၊ နှစ်ဆန်းပိုင်းကာလတွင် သာယာဝတီခရိုင်  စျေးကွက်အတွင်းသို့ ကြက်သွန်နီအသစ်များ ပြည်ဘက်မှ မြို့နယ်များသို့ စတင်ဝင်‌ရောက်လာကာ တစ်ခရိုင်လုံးအနေဖြင့် ပိဿာချိန် (၂၀၀၀)ခန့်ထိ ဝင်ရောက်နေပြီး စျေးနှုန်းများမှာ ကြီး/သေး လက်လီတစ်ပိဿာလျှင်  ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ခန့်ထိ ရှိပါသည်။ ယခုအချိန်  မဟာသင်္ကြန်ကာလအပြီး မိုးတွင်းကာလ စားသုံးရန်အတွက် သိုလှောင်ချိန် ရောက်ရှိလာသော်လည်း ကြက်သွန်နီစျေးနှုန်းများမှာ ကြီး/သေး တစ်ပိဿာလျှင် (၈၀၀/၁၀၀၀/၁၂၀၀) ကျပ်ခန့်ရှိိသောကြောင့် ထူးထူးခြားခြားမြင့်တက်မှုမရှိဘဲ စျေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း