ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ ယခင်လနှင့်ယခုလ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးကွက်အခြေအနေ

          ပြည်ခရိုင်၊ ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်သီးနှံများ၏ ဈေးနှုန်းများကို ယခင်လဈေးနှင့် ယခုလဈေးနှုန်းများကို နှိုင်းယှဉ် လေ့လာသိရှိရပါသည်။

မတ်ပဲ

        မတ်လပထမပတ်တွင် မတ်ပဲတစ်တင်းကို ၄၄၀၀၀ကျပ်၊ ဒုတိယပတ်တွင် ၄၅၅၀၀-၄၆၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်သွက်ခဲ့ပြီး တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပိဿာ(၂၀)ဝင် တစ်တင်းကို ၄၆၇၀၀-၄၇၀၀၀ကျပ်ဈေးဖြင့် အဝယ်ရှိခဲ့ပြီး နောက်ဆုံးပတ်တွင် မတ်လအတွင်း မတ်ပဲဈေးအမြင့်ဆုံး ၄၉၀၀၀-၄၉၅၀၀ကျပ်ဖြင့် အရောင်း အဝယ်ရှိခဲ့ပြီး တစ်ရက်လျှင်အိတ် ၄၀၀-၅၀၀ခန့် လှောင်သမားနှင့် ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။ ဧပြီလပထမပတ်တွင် ပဲတစ်တင်းကို ၄၆၀၀၀-၄၆၅၀၀-၄၇၀၀၀ကျပ်ထိ ဈေးကျခဲ့ပါသည်။ ဈေးကျခဲ့ သော်လည်း ရောင်းဝယ်မှုမှာ တစ်ရက်လျှင် အိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ သင်္ကြန်ပြီး ကာလတွင် မတ်ပဲဈေးပြန်တက်လာပြီး ၄၈၅၀၀-၄၉၀၀၀ကျပ်ထိ ဈေးတက်လာခဲ့ရာ တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဧပြီလနောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ၄၈၀၀၀-၄၈၅၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပြီးတစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့်သာ အဝယ်ဖြစ်ခဲ့ပါသည်။

ပဲစင်းငုံ

        မတ်လပထမပတ်တွင် ပဲစင်းငုံသီးနှံဈေးတက်လာပြီး ပိဿာ(၂၀)ဝင် တစ်တင်းကို ၃၈၀၀၀ မှ ၄၄၀၀၀ကျပ်ထိ၊ ဒုတိယပတ်တွင် ၄၄၅၀၀-၄၅၀၀၀ကျပ်ထိ ဈေးတက်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကိုအိတ် ၆၀၀/၇၀၀ခန့် အဝယ်ရှိခဲ့ပြီး တတိယပတ်တွင် ပဲတစ်တင်းကို ၄၄၅၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၄၅၀၀၀ကျပ် ဈေးဖြင့် တစ်ရက်လျှင်အိတ် ၇၀၀/၈၀၀ခန့် ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။ ဧပြီလအစတွင် ပဲစင်းငုံတစ်တင်းကို ၄၅၀၀၀ကျပ်မှ ၄၃၅၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရန်ကုန် အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၄၂၅၀၀ကျပ်ဈေးသာရှိပြီး အရောင်းအဝယ်အနည်းငယ်သာဖြစ်ခဲ့ပါသည်။ တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့်သာအဝယ်ရှိပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဧပြီနောက်ဆုံးပတ်တွင် ပဲစင်းငုံတစ်တင်းကို ၄၄၀၀၀ ကျပ်ဈေးဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပြီး တစ်ရက်ကို အိတ် ၂၀၀ခန့်သာ တင်ပို့မှုရှိပါသည်။

ကုလားပဲ

        မတ်လပထမပတ်တွင် ကုလားပဲသီးနှံဈေးမှာ မြင့်လာပြီး တစ်တင်းကို ၄၂၅၀၀-၄၄၀၀၀ ကျပ်ဈေးဖြစ်ပြီး ဒုတိယပတ်တွင် ပဲစင်းငုံဈေးမြင့်လာပြီး တစ်တင်းကို ၄၅၀၀၀-၄၅၅၀၀-၄၆၀၀၀ ကျပ်ဖြင့် အရောင်းသွက်နေခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းကို ၄၅၀၀၀-၄၅၅၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး တစ်ရက်ကိုအိတ် ၈၀၀/၉၀၀ခန့် မြို့တွင်းနှင့် ရန်ကုန် အဝယ်ရှိခဲ့ ပါသည်။ မတ်လ နောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၄၃၀၀၀-၄၃၅၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဧပြီ တတိယပတ်တွင် ကုလားပဲ ဈေးပြန်မြင့်လာပြီး ပဲတစ်တင်းကို ၄၅၀၀၀-၄၅၅၀၀-၄၆၀၀၀ကျပ်ဖြစ်ခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၄၅၃၀၀-၄၅၅၀၀ကျပ်ဖြင့် တစ်ရက်အိတ် ၃၀၀/၄၀၀ခန့် မြို့တွင်း ခွဲစက်သမားများ အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

        မတ်လပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၂၅၀၀ကျပ်မှ ၃၅၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး ဒုတိယပတ်တွင် ပဲတစ်တင်းကို ၃၄၀၀၀ကျပ်ဈေးဖြစ်လာခဲ့ပါသည်။ တစ်ရက်လျှင် အိတ်၅၀/၁၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲဈေးပြန်တက်လာခဲ့ပြီး တစ်တင်းကို ၃၅၀၀၀-၃၅၅၀၀ကျပ်ဖြင့် အဝယ်ရှိခဲ့ပြီး စတုတ္ထပတ်တွင် ပဲတစ်တင်းကို ၃၆၀၀၀ကျပ် ဈေးထိ မြင့်လာကာ တစ်ရက်ကိုအိတ် ၄၀/၅၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဧပြီလပထမပတ်တွင် ပဲတစ်တင်းကို ၃၅၀၀၀-၃၅၅၀၀ ကျပ်ဈေးဖြစ်ပြီး ဒုတိယပတ်တွင် ဘိုကိတ်ပဲဈေး တစ်တင်းလျှင် ၃၅၀၀၀-၃၅၅၀၀ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းကို ၃၅၅၀၀ကျပ်ဖြင့် တစ်ရက်လျှင် အိတ်၄၀/၅၀ခန့် အဝယ်ရှိပြီး နောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၃၄၀၀၀ကျပ်ဖြင့် ဈေးကျလာခဲ့ကြောင်းသိရှိရပါသည်။

        ပြည်ကုန်စည်ဒိုင်တွင် ယခင်လဈေးနှုန်းနှင့် ယခုလဈေးနှုန်းမှာ သိပ်မကွာခြားဘဲ အရောင်းအဝယ်ဖြစ်မှုမှာ ယခုလ သင်္ကြန်ပိတ်ရက်များကြောင့် အရောင်းအဝယ်နည်းနေပြီး ယခင်လကလောက် အရောင်းအဝယ်မဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ရေသန့်လုပ်ငန်းရှင်များအသင်းနှင့် ကွင်းဆင်းမေးမြန်းမှုအခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးဆောင်သော ဝန်ထမ်းများနှင့်အဖွဲ့သည် မေလ (၂)ရက်နေ့တွင် ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ  ကလေးခရိုင်ရေသန့်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးကျင့်ရှန်းမုန်နှင့် တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

              ခရိုင်ဦးစီးမှူးမှ ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးရာတွင် အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် စားသုံးဆီကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်ထားပါကြောင်း၊ သောက်ရေသန့်ထုတ်လုပ်ရာတွင် သက်ဆိုင်ရာဌာန စစ်ဆေးထောက်ခံချက်ရရှိရမည် ဖြစ်ပါကြောင်း ၊စားသုံးသူကာကွယ်ရေးဥပေဒေဖြင့် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည်စုံစွာပါရမည်ဖြစ်ကြောင်း၊ ရေသန့်ဗူးများတွင် ကုန်အညွှန်းဖော်ပြချက် အများစု ပြည်စုံသော်လည်း အချို့တွင် ထားသိုသိမ်းဆည်းပုံအညွှန်း ဖော်ပြရန် လိုအပ်နေသည်ကို တွေ့ရကြောင်း၊ “နေပူထဲတွင် မထားရ” “အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ” စသည့်ဖြင့်ဖော်ပြကြပါကြောင်း၊ မိမိတို့ ရေသန့်ကို ဝယ်ယူစားသုံးသည့် စားသုံးသူများအနေဖြင့် ဘေးအန္တရယ်ကင်း ရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေး လုပ်ငန်းရှင်က တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြား ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်က ပြန်လည်ဆွေးနွေးရာတွင် ယခုကာလ၌ မိမိတို့အနေဖြင့် ရေသန့်ဗူးများကို (၀.၅) လီတာဗူးသေး (၁) လီတာ ဗူးနှင့် (၂၀) လီတာဗူး သုံးမျိုးသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိပါကြောင်း စျေးကွက်အနေဖြင့် အခြားမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချနိုင်ခြင်းမရှိဘဲ မြို့နယ်တွင်းသာ ဖြန့်ဖြုးရောင်းချလျှက် ရှိပါသည်။ ယခင်နှစ်များက မြို့နယ်တွင်း ကျေးရွာများဖြစ်သည့် နတ်ချောင်း၊ စခန်းကြီးကျေးရွာများသို့ ဖြန့်ဖြူးရောင်းချမှုများ ရှိသော်လည်း ယခုကာလတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ရောင်းချမှုများ မရှိတော့ပါကြောင်း၊ စက်သုံးဆီများ စျေးနှုန်းမြင့်တက်လာမှုကြောင့် ရောင်းစျေးနှုန်းအနေဖြင့် (၀.၅)လီတာဗူး (၁၂)လုံးပါတစ်ကတ် (၂၀၀၀) ကျပ်၊(၁)လီတာ(၆)လုံး ပါတစ်ကတ် (၁၆၀၀)ကျပ်၊(၂၀)လီတာတစ်ဗူးဖောက်သည်စျေး (၆၀၀) ကျပ်စျေးနှုန်းဖြင့် ရောင်းချပါကြောင်း ထိုသို့ စျေးနှုန်း တိုးမြင့်ရောင်းချရခြင်းမှာ ဗူးခွံ၊ အဖုံး၊ အပိတ်၊ စတစ်ကာများ ဝယ်ယူရာတွင် စျေးနှုန်းမြင့် တက်လာခြင်းကြောင့်ဖြစ်ပါကြောင်း၊ ယခု ကာလသည် နွေရာသီရောက်ရှိ လာပြီဖြစ်သည့်အတွက်     ရောင်းအားကောင်းသော်လည်း ကုန်ကျ စရိတ်များ ပိုမိုများပြားလာပါကြောင်း ၊ လက်ရှိလုပ်ငန်းခွင်တွင်  လုပ်သားအင်အား (၂၇) ဦးဖြင့် လည် ပတ် လုပ်ကိုင်လျှက်ရှိပါကြောင်း၊  ရေသန့်ဗူးများ ရောင်းဝယ်ဖောက်ကားမှုများအနေဖြင့် တစ်ရက်လျှင် ဗူးကြီး (၂၀)လီတာ (၁၀၀၀)ခန့် ရောင်းချရသည့် အတွက်တစ်လလျှင် ပျမ်းမျှဗူးရေ (၃၀၀၀၀) ခန့်ရောင်းချရပါကြောင်း၊ (၁)လီတာဗူးများရောင်းချရမှု အနေဖြင့် ( ၆ ) ဗူးပါကတ် (၅၀၀ ) ခန့်နှင့် (၀.၅)လီတာ (၁၂)ဗူးပါကတ်(၁၅၀၀)ခန့် ရောင်းချလျှက်ရှိပါကြောင်း ရေသန့်လုပ်ငန်းရှင် ဦးကျင့်ရှန်းမုန်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့အတွင်းရှိ ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး (ပိဿာ)ကျပ် ၄၀၀ မှ ၇၀၀ အတွင်း၊ ဂေါ်ဖီထုတ်(တစ်ထုတ်) ကျပ် ၁၀၀၀ မှ ၁၂၀၀ အတွင်း ၊ ပန်းဂေါ်ဖီ ‌သေး(ထုတ်) ၂၀၀ မှ ၃၀၀ အ တွင်း၊ အားလူး (ပိဿာ) ကျပ် ၂၀၀၀ မှ ၂၄၀၀ အတွင်း၊ ငရုတ်ခြောက် (ပိဿာ) ကျပ် ၅၅၀၀ မှ ၆၀၀၀ အတွင်း၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ကျပ် ၃၀၀ မှ ၄၀၀ အတွင်း၊ ကြက်သွန်နီ (ပိဿာ) ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်းစ) (ပိဿာ) ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) (ပိဿာ) ကျပ် ၄၅၀၀ မှ ၅၀၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး) ကျပ် ၁၅၀၀ မှ ၅၀၀၀ အတွင်း ဈေးရှိကြောင်း သိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ခရမ်းချဉ်သီး ဈေးနှုန်းမှာ၁ပိဿာလျှင် ၂၀၀ ကျပ်နီးပါးဈေးတက်လာ၍ အခြားကုန်ဈေးနှုန်းများမှာ ဈေးငြိမ်နေကြောင်းသိရသည်။ ခရမ်းချဉ်သီး အဝင်နည်းပါးလာ၍ ဈေးနှုန်းတက်ရခြင်းဖြစ်ကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ မေလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၇၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၂၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၆၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၁၀၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၁၀၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၄၁၆၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၄၅၃၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

            ဂျုံဖြူသန့်တစ်တင်း ကျပ် ၃၇၆၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၆၂၀၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်း ကျပ် ၄၁၅၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၄၂၅၀၀၊  ပဲပုတ်စေ့ တစ်တင်း ကျပ် ၅၀၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၄၃၀၀၀၊  မြေထောက်ပဲ တစ်တင်းကျပ် ၅၅၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၅၈၅၀၀၊ အစေ့ ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၆၈၀၀၊ ပြောင်းနီ တစ်တင်းကျပ် ၁၂၀၀၀၊ ပြောင်းဖြူတစ်တင်းကျပ် ၁၃၃၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်း များမှာ နှမ်းညိုတစ်တင်းကျပ် ၅၃၃၀၀၊ နှမ်းနက်တစ်တင်းကျပ် ၇၀၀၀၀၊ နှမ်းဖြူ တစ်တင်းကျပ် ၆၀၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၃၇၅၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာကျပ် ၄၀၀၀၊ ပဲဖတ်တစ်ပိဿာကျပ် ၁၆၂၀၊ နှမ်းဖတ် တစ်ပိဿာကျပ် ၁၂၈၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၀၂၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

              ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများနှင့် ဆီထွက်သီးနှံဈေး နှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာလည်း အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆားလင်းကြီးဒေသ၏ ရိုးရာလက်မှုလုပ်ငန်းတစ်မျိုးဖြစ်သည့် သင်ဖြူးဖျာရက်လုပ်ငန်း

            ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့၏ အနောက်ဖက်ကမ်းတွင်တည်ရှိပြီး ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရှိ နတ်ကျွန်း၊ နတ်စက်၊ ပေါင်းဝ၊ ခွန်သာ၊ သံလျှက်ကိုင်းနှင့် ဆားခါးကျေးရွာများမှာ ကိုင်းကျွန်းလယ်ယာလုပ်ငန်းများနှင့် တွဲဖက်၍ ရိုးရာသင်ဖြူးဖျာရက်လုပ်သည့်လုပ်ငန်းကို ရှေးယခင် ကတည်းက မိရိုးဖလာလုပ်ကိုင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိ ရပါသည်။ ကိုင်းကျွန်းသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ဒေသခံအမျိုးသားအများစုမှာ ချင်းတွင်းမြစ်အထက်ပိုင်း ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်းနှင့် ခန္တီးဒေသများသို့တက်ကာ အရောင်းအဝယ်သွားရောက်လုပ်ကိုင်ကြသလို အချို့မှာလည်း သစ်၊ ဝါးကြိမ်နှင့် သင်များကို ဝယ်ယူ၍ ချင်းတွင်းမြစ်အောက်ပိုင်းဒေသများသို့ ပြန်လည်ရောင်းချကြောင်းလည်း သိရှိရပါသည်။

          သင်ဖြူးဖျာရက်လုပ်သည့်သင်ထုံးများကို ချင်းတွင်းမြစ်အထက်ပိုင်းဒေသများဖြစ်သော ကလေးဝ၊ မော်လိုက်၊ ဟုမ္မလင်းနှင့် ခန္တီးဒေသများမှ ထွက်ရှိသည့်သင်ထုံးများကို မှာယူလုပ်ရကြောင်း သိရှိရသည်။ သင်ဖြူးဖျာရက်လုပ်မည့်သင်ထုံးများကို ရေထဲတွင်တစ်ညစိမ်ထားရပြီး ရေစိမ်ပြီးသည့် သင်ထုံးများကို ဓားဖြင့်အလွှာသုံးလွှာထိလွှာယူပြီး ရေစိုအဝတ်ဖြင့်ပတ်ထားရကြောင်း၊ သင်ထုံး၏ အပေါ်ယံ(အချော)ပိုင်း၊ အလယ်(အူ)ပိုင်းနှင့် အောက်(အကြမ်း)ပိုင်းတို့ကို အဆင့်အလိုက်လွှာယူ ပြီးမှရက်လုပ်ရကြောင်း၊ သင်ထုံးအပေါ်ယံ (အချော)ပိုင်းနှင့် အောက်ခံ(အကြမ်း)ပိုင်းတို့ကို သီးခြားစီ ရက်လုပ်ပြီးမှ သင်(အချော)ပိုင်းကိုအပေါ်ကထားပြီး သင်(အကြမ်း)ပိုင်းကိုအောက်ခံအဖြစ် အသုံးပြုကာနှစ်ချပ်တွဲလျှက် ကတ္တီပါအစဖြင့် အနားကွက်ချုပ်လုပ်ပြီးမှသာ သင်ဖြူးဖျာတစ်ချပ်ရရှိကြောင်း လေ့လာသိရှိရပါသည်။

          နတ်ကျွန်း၊ ပေါင်းဝနှင့် သံလျှက်ကိုင်းကျေးရွာများတွင် သင်ဖြူးဖျာရက်လုပ်ငန်းကို အိမ်တိုင်းနီးပါးရက်လုပ်ကြပြီး တစ်ယောက်အိပ်၊ နှစ်ယောက်အိပ်၊ မိသားစုအိပ်၊ တန်းလျားခင်းနှင့် နေကထိုင်ဆိုဒ်သင်ဖြူးဖျာများကို အဓိကရက်လုပ်ကြောင်း သိရှိရပါသည်။ သင်ဖြူးဖျာရက်လုပ်ရန် အတွက် သုံးတောင်သင်တစ်ထုံးကို (၂၅၀၀၀) ကျပ်နှင့် ငါးတောင်သင်တစ်ထုံးကို (၅၀၀၀၀)ကျပ်ပေး၍ ဝယ်ယူရက်လုပ်ရကြောင်း၊ သုံးတောင်သင်တစ်ထုံးကို တစ်ယောက်အိပ်သင်ဖျာ (အလျား(၄)တောင်၊ အနံ(၂)တောင်)ရက်လုပ်ပါက သင်ဖြူးဖျာ(၄) ချပ်ရရှိကြောင်း၊ မိသားစုအိပ်သင်ဖျာ (အလျား (၇)တောင်၊ အနံ (၆)တောင်) ရက်လုပ်ပါက သင်ဖြူးဖျာ (၄) ချပ်ရရှိကြောင်း၊ နှစ်ယောက်အိပ်သင်ဖျာ (အလျား(၄)တောင်၊ အနံ (၃)တောင်ရက်လုပ်ပါက (၅) ချပ်ရရှိကြောင်း၊ သင်ဖြူးဖျာတစ်ချပ်ကို (၃) ရက်မျှ ရက်လုပ်ရကြောင်း လေ့လာသိရှိရပါသည်။

          လက်ရှိဒေသတွင်း၌ တစ်ယောက်အိပ်သင်ဖြူးဖျာတစ်ချပ်ကို(၁၀၀၀၀)ကျပ်၊ နှစ်ယောက်အိပ် သင်ဖြူးဖျာတစ်ချပ်ကို(၂၅၀၀၀)ကျပ်၊ မိသားစုအိပ်သင်ဖြူးဖျာတစ်ချပ်ကို (၃၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်း ဒေသတွင်းအော်ဒါအမှာနှင့် မုံရွာမြို့ရှိသင်ဖြူးဖျာ လက်က္ကားဆိုင်များသို့ အဓိကတင်ပို့နေရကြောင်း သိရှိရပါသည်။

          လက်ရှိအချိန်တွင် သင်ဖြူးဖျာရက်လုပ်ငန်းများမှာ ယခင်နှစ်များကကဲ့သို့ အရောင်းအဝယ် ဖြစ်မှုနည်းပါးကြောင်း၊  ဒေသတွင်း(၁၂)ရာသီပွဲတော်များမကျင်းပနိုင်ခြင်းကလည်း သင်ဖြူးဖျာရက် လုပ်ငန်းများကိုများစွာထိခိုက်ကြောင်း၊ ဒေသတွင်းအော်ဒါမှာသူများနှင့် မုံရွာမြို့ရှိ သင်ဖြူးဖျာ အရောင်းဆိုင်များကိုသာ မှီခိုနေရကြောင်း၊ သင်ဖြူးဖျာရက်လုပ်သည့်လုပ်ငန်းရှင်များထံမှ သိရှိရသည်။ ဆားလင်းကြီးဒေသတွင်းရှိ သင်ဖြူးဖျာရက်လုပ်သည့်လုပ်ငန်းများမှာ မိရိုးဖလာလုပ်ငန်းဖြစ်သည့် အလျှောက် ဒေသတွင်းမှအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေသော်လည်း အဘက်ဘက်မှကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် လုပ်ငန်းဖြစ်ရုံမျှသာ ဆောင်ရွက်နေရကြောင်း၊ ကုန်ကြမ်းဝယ်ယူရရှိရေးအတွက် ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ဝယ်လက်ဖြန့်ဖြူးရာတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သင်ဖြူးဖျာရက်လုပ်သည့်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

          ဆားလင်းကြီးဒေသတွင်းမှ သင်ဖြူးဖျာရက်လုပ်ငန်းများ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများမှ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (OVOP) အသွင်ဖြင့် အသင်း/ အစုအဖွဲ့များဖွဲ့စည်းပြီး လိုအပ်သောအရင်းအနှီးအတွက် ချေးငွေများ၊ နည်းပညာများနှင့် ဈေကွက်ရရှိရေးကိုပါ ချိတ်ဆက်ပံ့ပိုးပေးနိုင်ပါက ဒေသတွင်းမှသင်ဖြူးဖျာရက်လုပ်သည့်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ပြီး ဖွံဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

                စစ်ကိုင်းတိုင်းဒေသကြီးသည် မေလ(ပထမ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်နှင့် မုံရွာခရိုင်တို့တွင် ဈေးတန့်နေပြီး၊ ကသာခရိုင်တို့တွင် အနည်းငယ် မြင့်တက်နေပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်း များမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၃၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၄၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၄၂၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

           မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ ကုန်တွင် ရန်ကုန် သို့ အိတ်ရေ ၁၆၃၅၀၀၊ မန္တလေးသို့အိတ်ရေ ၂၃၅၄၀၀၊ မကွေးသို့အိတ်ရေ ၅၀၀၀၊ နေပြည်တော်သို့ အိတ် ရေ ၅၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၀၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၉၅၀၀၊  စုစုပေါင်း အိတ်ရေ (၅၁၃၉၀၀)အိတ်၊ တန်အားဖြင့် (၂၅၆၉၅)စီးထွက်ခဲ့ပြီး၊ ယခု ဧပြီလကုန်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၂၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၅၈၀၀၊ မကွေး သို့ အိတ်ရေ ၃၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၉၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၂၁၈၀၀၊ စုစုပေါင်းအိတ်ရေ (၃၇၅၄၀၀) အိတ်၊ တန်အားဖြင့် (၁၈၇၇၀) စီးထွက်ခဲ့သည့်အတွက် ယခင်လနှင့် နှိုင်းယှဉ်လျှင် ယခုလတွင် အိတ်ရေ (၁၃၈၅၀၀)၊ တန် အားဖြင့် (၆၉၂၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မေလပထမပတ်အတွင်း စက်သုံးဆီဈေးနှုန်းအနည်းငယ် မြှင့်တက်လျက်ရှိ

         လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များပုံမှန်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ မေလပထမပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၄၇၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၂၅၁၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၁၂၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဧပြီလစတုတ္ထပတ်အတွင်း ဒီဇယ်ရိုးရိုးတစ်လီတာကို (၂၄၂၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၄၆၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀၈၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၂၀) ကျပ်သာရှိခဲ့ပြီး ယခုမေလပထမပတ် နှင့် ယခင် ဧပြီလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီ တာကို (၅၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၅၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၄၀) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၄၅)ကျပ် ကွာဟလျက်ရှိပြီး ဈေးနှုန်းအနည်းငယ် မြှင့်တက် လျှက်ရှိပါကြောင်း တွေ့ရပြီး ယခင် ဧပြီလစတုတ္ထပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်နေခြင်းမှာ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ် အနည်းငယ် မြှင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော် ဈေးကွက်အတွင်း ကြက်ဥ‌ဈေးနှုန်းမြှင့်တက်

         လွိုင်ကော်မြို့ ဈေးကွက်အတွင်းတွင် အခြားဒေသများမှ အများဆုံးဝင်ရောက်လာသော အခြေခံစားကုန်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျှက်ရှိရာ ဧပြီလ စတုတ္တပတ်အတွင်း အခြေခံစားကုန်ဖြစ်သည့်  ကြက်ဥဈေးနှုန်း မှာ အလုံးသေးတစ်လုံးလျှင် (၁၄၀)ကျပ်၊ အလုံးကြီးတစ်လုံးလျှင်(၁၅၀)ကျပ် ဖြစ်ပြီး မေလပထမပတ်တွင် ကြက်ဥဈေးအလုံးသေး တစ်လုံးလျှင်(၁၇၀)ကျပ် ၊အလုံးကြီးတစ်လုံးလျှင် (၁၈၀)ကျပ် ဈေးအထိမြှင့် တက်လျှက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်လျှင် ကြက်ဥအလုံး သေးတစ်လုံးလျှင်  (၃၀)ကျပ်နှင့်  အလုံးကြီးတစ်လုံးလျှင် (၃၀)ကျပ်  နှုန်းပိုမို ဈေးနှုန်း မြှင့်တက်လာသည်ကိုတွေ့ရပြီး ထိုသို့ဈေးနှုန်း မြှင့်တက်ရခြင်းမှာ  လွိုင်ကော်ဈေးကွက် အတွင်းရှိ ကြက်ဥများမှာ တောင်ကြီးဘက်မှ ဝင်လာသော ကြက်ဥများဖြစ်ကြောင်း၊ လွိုင်ကော်ရှိ မွေးမြူရေးခြံများမှာ ကြက်စာဝယ်ယူမူ အခက်အခဲများကြောင့် ကြက်ခြံလုပ်ငန်းများ ရပ်ဆိုင်ထား၍ ဒေသအတွင်း ကြက်ဥထွက်ရှိမူမရှိသဖြင့်  ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု ကြက်မွေးမြူရေးနှင့် ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိသည်။

DOCA(ကယား)

မြင်းခြံခရိုင်ဆောင်းကြက်သွန်နီ စိုက်ပျိုးရိတ်သိမ်းထွက်ရှိမှုနှင့် ဈေးကွက်ခြေအနေ

                ဆောင်းကြက်သွန်နီ(နွေပင်လေး)ကို ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ၊ဒီဇင်ဘာနှင့်ဇန္နဝါရီ လဆန်းတို့တွင် စိုက်ပျိုးကြပြီး စိုက်ပျိုးသက်တမ်း ရက် ၉၀ ၊ ၁၀၀ တွင်ရိတ်သိမ်းကြသည်ဟု သိရှိရပါသည်။ဆောင်းကြက်သွန်နီ(နွေပင်လေး) မစိုက်ပျိုးမီ ရက် (၄၀၊၄၅) အလိုမှစ၍ ကြိုတင်၍ ၃ ပေ x ၄၀ ၊ ၃ ပေ x ၅၀ ပေ နှင့် ၃ ပေ x ၆၀ ပေ အကျယ်ဘောင်များခတ်ကာ မြေဆွေးချ၊မျိုးစေ့ချ၍ ပျိုးပင်ပေါက်များရအောင် ရေလောင်းပေါင်းသင် ပြုစုပျိုးထောင်ရသည်ဟု သိရှိရပါသည်။ ၎င်းမှ ပျိုးပင် ရက် ၄၀ ၊ ၅၀ သက်တမ်းအရောက်တွင် စိုက်ပျိုးရန်ပြုပြင်ထားသည့်မြေကွက်အတွင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးကြပါသည်။ မိုးကြက်သွန်နီ၊ဆောင်းကြက်သွန်နီ ရာသီအမှန်စိုက်ပျိုးခြင်းကို ဒေသအခေါ်အဝေါ်အရ တော်(၂)တော်အမီ စိုက်ပျိုးကြရသည်လို့လဲ အစွဲပြုမှတ်သားထားကြပါကြောင်း မိုးကြက်သွန်နီဆိုလျှင် တော်သလင်းလနှင့် ဆောင်းကြက်သွန်နီ(နွေပင်လေး)ဆိုလျှင် နတ်တော် လတွင် စိုက်ပျိုးကြပါသည်။ မြင်းခြံခရိုင်အနေဖြင့် ဆောင်းကြက်သွန်နီ(နွေပင်လေး) စိုက်ဧက ၂၀၃၆၆ ဧက စိုက်ပျိုး ခဲ့ပြီး ၂၀၃၂၉ ဧက ရိတ်သိမ်းနိုင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် နေရာအနှံ့မုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက်ခဲ့သည့်အတွက် မြင်းခြံခရိုင် ၊ တောင်သာမြို့ ဆင်းတဲဝ ချောင်းစပ်၊ချောင်း ဘေးတလျှောက် ရေလွှမ်းမိုးခဲ့သည့်အတွက် စိုက်ပျိုးဧက (၃၆) ဧကနှင့် မြင်းခြံ (၁) ဧက ရေနစ်မြုပ် ပျက်စီခဲ့သည့်အတွက် (၃၇) ဧကလျော့နည်း ရိတ်သိမ်းခဲ့ရသည်ဟု သက်ဆိုင်ရာဌာနမှ ‌လေ့လာသိရှိ ရပါသည်။ ဆောင်းကြက်သွန်နီ(နွေပင်လေး)ကို မြို့နယ်အလိုက် စိုက်ပျိုးရိတ် သိမ်းထွက်ရှိမှုအနေ ဖြင့်မြင်းခြံမြို့နယ်တွင် စိုက်ပျိုးမှု ၈၆၀၀ ဧက နှင့် ရိတ်သိမ်းပြီးဧက ၈၅၉၉ ဧက ၊ တောင်သာမြို့နယ်တွင် စိုက်ပျိုးမှု ၉၂၂၄ ဧက နှင့် ရိတ်သိမ်းပြီးဧက ၉၁၈၈ ဧက ၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ပျိုးမှု ၁၅၀၆ ဧက နှင့် ရိတ်သိမ်းဧက ၁၅၀၆ ဧကနှင့် ငါန်းဇွန်မြို့နယ်တွင် စိုက်ပျိုးပြီးဧက ၁၀၃၆ ဧကနှင့် ရိတ်သိမ်းပြီးဧက ၁၀၃၆ ဧကရှိပြီး (၁) ဧက ပျမ်းမျှအထွက်ပိဿာ ၃၄၅၄.၃၀ ပိဿာထွက်ရှိခဲ့သဖြင့် မြင်းခြံခရိုင်အနေဖြင့် ၇၀၂၂၂၅၁၆ ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးထွက်ရှိသော ဆောင်းကြက်သွန်နီ(နွေပင်လေး)များအား ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် မြင်းခြံခရိုင် ၊ မြင်းခြံကုန်စည်ဒိုင် ကုန်အဝင်အနေဖြင့် သင်္ကြန် အခါပြီး ၁၉-၄-၂၀၂၂ ရက်နေ့တွင် ကုန်ချိန် ၆၅၀၀၀ ပိဿာ ခန့်ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းအနေဖြင့် ကြက်သွန်အရည်အသွေးနှင့်အကြီး ၊ အသေးအပေါ်မူတည်၍ တစ်ပိဿာ ၂၅၀ ၊ ၃၀၀ ၊ ၃၅၀ ၊ ၄၀၀ ၊ ၄၅၀ ကျပ် နှင့် အမြင့်ဆုံးဈေး ၆၅၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရှိရပါသည်။ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလအနေဖြင့် ဈေးနှုန်းအပြောင်းအလဲမရှိ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရ သိရှိရပါသည်။

DOCA(မန္တလေး)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသထွက် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေ

             မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့် လယ်ယာမြေများတွင် သီးနှံသီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြပါသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့တွင်လည်း မိုးရာသီကုန်ဆုံးချိန် စပါးရိတ်သိမ်းပြီးထား‌သော လယ်ယာမြေများပေါ်တွင် သီးနှံသီးထပ်၊ သီးညှပ်အနေဖြင့် ကြက်သွန်ဖြူ (ရှမ်းခွံနီ) ကို စိုက်ပျိုးကြပြီး နှစ်စဉ်မတ်လ၊ ဧပြီလတို့တွင် ရိတ်သိမ်းကြသည်။

            မြန်မာနိုင်ငံတွင်အများဆုံးစိုက်ပျိုးကြသော ကြက်သွန်ဖြူမျိုး (၃)မျိုးရှိသည်။ ၎င်းတို့မှာ ရှမ်းခွံနီမျိုး၊ ရှမ်းခွံဖြူမျိုးနှင့် တရုတ်မျိုး (ကြူကုတ်)တို့ ဖြစ်ကြသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့ နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့တွင် စိုက်ပျိုးသောကြက်သွန်နီမျိုးမှာ ရှမ်းခွံနီမျိုးဖြစ်သည်။ မိုင်းတုံမြို့ နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့သည် ယခုနှစ်တွင် ကြက်သွန်ဖြူစိုက်ဧကပေါင်း (၁၄၅၅)ဧကရှိခဲ့ပြီး ဧပြီလ တတိယပတ်အထိ (၁၄၀၀)ဧကရိတ်သိမ်းပြီး ဖြစ်ကြောင်းသိရပါသည်။

           ကြက်သွန်ဖြူ(ရှမ်းခွံနီ)ကို စပါးရိတ်သိမ်းပြီးသော လယ်မြေများတွင် မြေပြုပြင်၍ စိုက်ပျိုးကြသည်။ စပါးရိတ်သိမ်းပြီး မြေအစိုဓာတ်မပျောက်ခင် ရိုးပျက်များကို ခုတ်ဖြတ်ရပါသည်။ ထို့နောက် (၁၀)ပေခြား ရေသွင်းမြောင်းများတူးကာ ဘောင်ပြုလုပ်ပေးရသည်။ ပြုလုပ်ထားသော မြေဘောင်များကိုရေသွင်းကာ စက်ဖြင့်မြေဖွပေးပြီး ကြက်သွန်ဖြူအမွှာများကို ထိုးစိုက်ကာစိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးသော မြေဘောင်များကို ကောက်ရိုးများဖြင့် မထူမပါးဖုံးအုပ်ပေးရသည်။

           စိုက်ပျိုးထားသော ကြက်သွန်ဖြူဘောင်များကို (၇)ရက်ခြား တစ်ကြိမ်ခန့် ရေသွင်းပေးရသည်။ အပင်ပေါက်များကြီးထွားလာပါက ရွက်ဖြန်းအားဆေးကို ရေသွင်းပြီးတစ်ပတ်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်တစ်ကြိမ်အပင်၏ လိုအပ်ချက်အလိုက် ဖြန်းပေးရပါသည်။ ကြက်သွန်ဖြူ (ရှမ်းခွံနီ)တစ်ဧက၏ စိုက်ပျိုးကုန်ကျစရိတ်မှာ (၁၈)သိန်းခန့်ရှိပြီး အထွက်နှုန်းမှာတစ်ဧက (၁.၇၁၆)တန်ခန့် ထွက်ရှိသည်ဟု မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

           ယခုနှစ် တာချီလိတ်ကြက်သွန်ဖြူအဝယ်ဒိုင်များသည် ကြက်သွန်ဖြူ (ရှမ်းခွံနီ)အသစ် တစ်ကီလိုကို (၂၀၀၀)ကျပ်မှစတင်၍ ဈေးဖွင့်ဝယ်ယူနေပါသည်။ ယခင်နှစ်က ကြက်သွန်ဖြူ (ရှမ်းခွံနီ)အသစ် စပေါ်ချိန်တွင်တစ်ကီလို (၁၉၀၀)ကျပ်ဈေးရရှိပြီး နောက်ပိုင်းကာလများတွင် တစ်ကီလို (၂၁၀၀)ကျပ် အထိ ဈေးပေါက်ခဲ့ကြောင်း ဟောင်လိတ်ကြက်သွန်ဖြူအဝယ်ဒိုင် (တာချီလိတ်မြို့)မှ သိရှိရပါသည်။

          ယခုနှစ် ကြက်သွန်စိုက်တောင်သူများသည် စိုက်ပျိုးစရိတ်နှင့်သယ်ယူစရိတ်နုတ်ပြီး တစ်ဧကအကျိုး အမြတ် (၁၄)သိန်းခန့် ရရှိနေပါသည်။

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသထွက် ကြက်သွန်ဖြူများကို ဒေသတွင်း စားသုံးရန်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန် အဓိကထားစိုက်ပျိုးကြသည်။ တာချီလိတ်အဝယ်ဒိုင်များမှ ဝယ်ယူထားသော ကြက်သွန်ဖြူများကို ပြန်လည်သန့်စင်ပြီးမှ ထိုင်းနိုင်ငံသို့တင်ပို့ကြသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ တာချီလိတ် (မယ်ယန်း)ကုန်သွယ်ရေးစခန်းမှ တင်ပို့သော ကြက်သွန်ဖြူတန်ချိန် (၅၈၈၂)တန်တင်ပို့ခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ (၅.၁၈၁)သန်းရှိခဲ့သည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှ သိရှိရပါသည်။

          ထိုကြောင့် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့်‌ တောင်သူများအနေနှင့် ဝင်ငွေရရှိကာ အဆင်ပြေနေပြီး နိုင်ငံတော်အနေနှင့်လည်း နိုင်ငံခြားငွေတဖက်တလမ်းမှရရှိနေပါသည်။ သို့ဖြင့်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲဒေသရှိ ကြက်သွန်ဖြူစိုက်တောင်သူများသည် ယခုနှစ်ကြက်သွန်ဖြူ (ရှမ်းခွံနီ)စပေါ်ချိန်တွင် ဈေးကောင်းရရှိကာ အကျိုးအမြတ်များရရှိ နေပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း