ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစျေး တည်ငြိမ်လျက်ရှိ

            ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၈၀ဝိ/-)နှုန်းရှိပြီး ရန်ကုန်စျေးကွက်သို့ တင်ပို့သောစျေးမှာ တစ်ပိဿာလျှင် (၆၁ဝဝိ/-)နှုန်း စျေးပေါက်နေကြောင်းနှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပြီး သီဟိုစေ့စျေးနှုန်းမှာသီဟိုစေ့ အကြမ်းတစ်ပိဿာလျှင် (၃၄၀ဝိ/-)ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် (၂၂၇၀ဝိ/) ကျပ်ရှိကြောင်း သိရှိရပါသည်။ ကွမ်းသီးနှင့် သီဟိုစေ့ဈေးနှုန်းများမှာ ယခုအပတ်နှင့် ယခင်ပတ်နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် ရန်ကုန်စျေးကွက်တွင် အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိပါကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာဈေး အနည်းငယ်မြင့်တက်လျက်ရှိ

              တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထားရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် ယခုနှစ်အပတ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး ယခုအပတ် (၂. ၆. ၂၀၂၂) မှ (၁၇. ၆ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၅၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၅ဝ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။

              ရော်ဘာကို ရန်ကုန်သို့ တင်ပို့လျက်ရှိပြီး ကော့သောင်းနှင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ တင်ပို့ရာတွင် တစ်ပေါင်လျှင် (၁၄၅ဝိ/-)ကျပ်ဖြင့် ဈေးပေါက်၍ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ထိုသို့စျေးနှုန်းမြင့်တက်ရခြင်းမှာ ထိုင်းဘတ်ငွေစျေးနှုန်းမြင့်တက်ရခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၇ဝိ/-)  (၈ဝိ/-) နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)

ပြည်မြို့ရဲ့  ရွှေဖရုံသီးဈေးကွက်

            ပြည်မြို့တွင်ရောင်းချနေသော ရွှေဖရုံသီးများကို ပုတီးကုန်း၊ သဲကုန်းနှင့် ဝက်ပုတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။ အများဆုံး စိုက်ပျိုးသောဒေသများမှာ သဲကုန်းမြို့ တွင် အများအပြားစိုက်ပျိုးတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရွှေဖရုံသီးများကို သီရိမင်္ဂလာဈေးသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်း သိရပါသည် ။ ရွှေဖရုံသီးများကို ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၁၅)လုံးမှ (၂၅)လုံးဝင် ရွှေဖရုံသီးအိတ်များဖြင့် တင်ပို့လျှက်ရှိပါသည်။ ရွှေဖရုံသီးတွင် ထိုင်ဝမ်မျိုးနှင့် ဒေသမျိုးဟူ၍ (၂)မျိုးရှိပြီး ထိုင်ဝမ်လက်ရိုက်သီး အနုသီးတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ် ၊ အလုံးကြီး တစ်လုံးလျှင် (၁၂၀၀-၁၅၀၀) ကျပ်ရှိပြီး ဒေသမျိုး အနုသီး တစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်ရှိ၍ အရင့်အလုံးကြီး တစ်လုံးလျှင် (၂၃၀၀-၂၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့ရှိ ကျောက်စိမ်းငရုတ်သီးစိုက်ကွင်းသို့ ကွင်းဆင်းလေ့လာ

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်းများသည် (၉.၆.၂၀၂၂)နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပေါက်တန်းအုပ်စု၊ ပေါက်တန်းကျေးရွာသို့ သွားရောက်၍ ငရုတ်စိုက်ပျိုးသူတောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး ဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှု့ အခြေအနေများအား လေ့လာခဲ့ပါသည်။

          ပြည်ခရိုင်တွင် မိုးငရုတ်စိုစိုက်ဧက(၁၆၄၃)၊ ဆောင်းငရုတ်စိုစိုက်ဧက (၇၅၈) စိုက်ပျိုးပြီး ဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်အနေဖြင့် မိုးငရုတ်စိုစိုက်ဧက (၄၅၂)၊ ဆောင်းငရုတ်စိုစိုက်ဧက (၃၈၂)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ မိုးငရုတ်စိုကို ဧပြီလမှစတင် စိုက်ပျိုးပြီး မေလဆန်းနှင့် ယခု ဇွန်လတတိယပတ်တွင် မိုးငရုတ်စိုများ လှိုင်လှိုင်ထွက်ပေါ်ချိန် ဖြစ်ပါသည်။ စိုက်ပျိုးသည့် မျိုးများမှာ ကျောက်စိမ်းငရုတ်သီးမျိုးဖြစ်ပြီး ငရုတ်စိုစိုက်ပျိုးသော တောင်သူများအနေဖြင့် ငရုတ်စေ့ကို ပျိုးထောင်ပြီး ရက် (၂၀)အကြာတွင် စိုက်ပျိုးမည့် မြေကွက်သို့ ပြောင်းရွေ့ စိုက်ပျိုးကြောင်း သိရ ပါသည်။ ငရုတ်စိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင် (၁၆၀၀၀)ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ငရုတ်စတင်စိုက်ပျိုးချိန်မှစ၍ ငရုတ်ခူးဆွတ်ချိန် ထိ (၁၂)သိန်းကျပ်ခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် သီးအားကောင်းလျှင် ပိဿာချိန် ၁၂၀၀ခန့်ထွက်ရှိပြီး သီးအားမကောင်းလျှင် ပိဿာချိန် (၆၅၀)ခန့် ထွက်ရှိကြောင်း သိရှိိရပါသည်။ ငရုတ်သီးစိမ်းဈေးအနေဖြင့် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ် အထိဈေးရရှိသဖြင့် အသားတင်အကျိုးအမြတ်အနေဖြင့် (၆)သိန်းကျပ်ကျော်မှ ဈေးကောင်းရင် ကောင်းသလို အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရပါသည်။ ထွက်ရှိလာသော ကျောက်စိမ်း ငရုတ်သီးစိမ်းများကို ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ရန်ကုန်ဘက်သို့ ရက်ခြား တစ်ခါတင်ပို့လျှင် ပိဿာချိန် (၃၀၀-၄၀၀)ခန့် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

          ငရုတ်စိုစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ငရုတ်သီးစိမ်းများအထွက်နှုန်းကောင်း၍ ဈေးကောင်းများလည်းရရှိသဖြင့် တောင်သူများအကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဈေးနှုန်းများကျဆင်းနေသော ဗမာသံပုရာသီး

          ယခုအပတ် ပြည်မြို့၏ ဗမာသံပုရာဈေးကွက်တွင် ဈေးကျဆင်းလျှက်ရှိပါတယ်။ အလုံးကြီး တစ်လုံး(၂၃)ကျပ်၊ အလတ်တစ်လုံး (၁၅)ကျပ်နှင့် အသေးတစ်လုံး (၇)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ လားရှိုး၊ တောင်ကြီးမြို့များသို့ တစ်နေ့လျှင် ပျမ်းမျှ (၂)အိတ်မျှသာ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ တစ်အိတ်လျှင် ဗမာသံပုရာ အလုံးချော (၁၅၀၀)ခန့် ဝင်ဆံ့ကြောင်း သိရပါသည်။

          မန္တလေး၊ မူဆယ်၊ လားရှိုး၊ တောင်ကြီးဈေးကွက်များမှာ အခွံစိမ်း ဗမာသံပုရာသီးများကိုသာ ဝယ်ယူကြသဖြင့် ပယ်သီးဟုခေါ်သော အခွံဝါသီးများကို မြို့တွင်းဈေးကွက်၌သာ ပြန်လည်ရောင်းချရကြောင်း သိရပါတယ်။ အမှည့်အစိမ်းရောရာ ဗမာသံပုရာသီးစစ်စစ်အလုံး (၁၀၀)ကို ၁၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

အဝယ်လိုက်တဲ့ ခဝဲသီး

             ရာသီစာဖြစ်သော ခဝဲသီးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ ခဝဲသီးကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးပြီး ခဝဲသီးပေါ်ချိန် ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်၍ ဈေးကောင်းရရှိပြီး အဝယ်လည်းလိုက်နေပါသည်။ ယခု ဈေးကွက်ထဲတွင်ရောင်းချနေသော ထိုင်ဝမ်ခဝဲသီးများသည် ခဝဲသီး အတောင့်အချော/ အလတ်/ အသေးပေါ်မူတည်၍ ဈေးနှုန်းကွဲပြားခြားလျှက်ရှိပါသည်။ ခဝဲသီးအတောင့် အချောတစ်တောင့်လျှင် ကျပ် ၄၀၀ မှ ၃၀၀ကျပ်၊ ခဝဲသီးအလတ် တစ်တောင့်လျှင် ကျပ် ၂၅၀ မှ ၂၀၀ကျပ်၊ ခဝဲသီး အသေးတစ်တောင့်လျှင် ကျပ် ၁၅၀ မှ ၁၀၀ကျပ်ထိရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ၍ ဈေးကောင်းရပြီး အဝယ်လိုက်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဈေးကောင်းရနေတဲ့ နံနံပင် နှင့် ဒညင်းသီးဈေးကွက်

           ပြည်မြို့တွင် နံနံပင်ကို ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း မြို့များတွင် စိုက်ပျိုးကြပါသည်။ ရာသီအချိန်မရွေးစိုက်ပျိုးလို့ရပေမယ့် မိုးတွင်းပိုင်းတွင် ရှားပါးပါသည်။ နံနံစေ့ တစ်ပိဿာလျှင် ပိဿာချိန် ၄၀ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်မှ နံနံပင်များကို ရန်ကုန်သို့အများဆုံးတင်ပို့ရောင်းချလျက်ရှိပါသည်။ တင်ပို့သည့်အခါ ဂုန်နီအိတ်နှင့် ၄၀ပိဿာ၊ ပီနံအိတ်နှင့် ၂၅ပိဿာဖြင့် ထုတ်ပိုးတင်ပို့လျက်ရှိကြောင်း သိရပါသည်။ တစ်နှစ်လျှင် ပိဿာချိန် ၂၀၀၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပြည်ဈေးကွက်အနေဖြင့် နံနံပင်တစ်ပိဿာလျှင် ၄၀၀၀ကျပ် ဈေးဖြင့် ဈေးကောင်းရနေပါသည်။

          အလားတူ ဒညင်းသီးပေါ်သော ရာသီအချိန်ကာလဖြစ်၍ ဒညင်းသီးများကို စားသုံးသူများက ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြပါသည်။ ယခုဈေးကွက်ထဲတွင် ရောင်းချနေသော မော်လမြိုင် ဒညင်းသီးများ အလုံး အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါသည်။ ဒညင်းသီး အချောတစ်လုံးလျှင် ကျပ် ၂၀၀ မှ ၁၈၀ကျပ်၊ ဒညင်းသီးအလတ် တစ်လုံးလျှင် ကျပ် ၁၅၀ မှ ၁၀၀ ကျပ်၊ ဒညင်းသီး အသေးတစ်လုံးလျှင် ကျပ် ၇၀မှ ၅၀ကျပ်ထိရှိပြီး ပြည်စျေးကွက်တွင် ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်တွင် မတ်ပဲဈေးများမြင့်တက်လာ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်  မတ်ပဲစိုက်ဧက ၁၃၃၇၂၅ ဧက စိုက်ပျိုး ရိတ်သိမ်းပြီးဖြစ်ပါသည်။ သဲကုန်းမြို့နယ်အနေဖြင့် မတ်ပဲစိုက်ဧကမှာ ၃၁၉၂၉ ဧကစိုက်ပျိုးပြီး အထွက်နှုန်းမှာ ၁၉ တင်းကျော် ထွက်ရှိပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၃သိန်းကျပ် ကျော်ထိ ကုန်ကျကြောင်း သိရှိရပါသည်။ သဲကုန်းမြို့နယ်တွင် မတ်ပဲဈေးများ ဇွန်လပထမပတ်တွင် မတ်ပဲဈေးများမြင့်တက်လာခဲ့ပြီး ယခင်မတ်ပဲပေါ်ချိန်တွင် ဈေးကောင်းကို စောင့်မျှော်နေသော တောင်သူများက လှောင်ထားသောမတ်ပဲများကို ထုတ်၍ရောင်းချကြသဖြင့် တွက်ခြေကိုက်သော နှစ်ဖြစ်ပါသည်။

          မတ်ပဲစိုက်ပျိုးသူတောင်သူများမှာ ယခုနှစ် မတ်ပဲပေါ်ချိန်တွင် တစ်ဧကလျှင် ၁၉တင်းကျော် ထွက်ရှိသဖြင့် အထွက်နှုန်းမှာ ယခင်နှစ်ကထက်စာရင် ပိုကောင်းသောနှစ်ဖြစ်သလို ဈေးမှာလည်း မေလတတိယပတ်တွင် ၄၆၀၀၀ မှ ၄၇၂၀၀ကျပ်ထိ ဈေးပေါက်ခဲ့ပြီး၊ ဇွန်လပထမပတ်တွင် ၄၇၈၀၀ ကျပ် မှ ၄၈၅၀၀ကျပ်ထိဈေးများမြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ယခုလိုဈေးများ မြင့်တက်လာခြင်းကြောင့် မတ်ပဲစိုက်ပျိုးသော တောင်သူအနေဖြင့် လာမည့်နှစ်များမှာလည်း မတ်ပဲ စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပေါ်ဦးပေါ်ဖျား ပြည်ဒေသ၏ မျှစ်နုများ

            ယခုအချိန်သည် မိုးရာသီကာလဖြစ်သည့်အတွက် မိုးရာသီအစားအစာထဲမှာ ချက်စားတာ တစ်မျိုး၊  ကြော်စားတာတစ်မျိုး၊ အတို့အမြုပ်အဖြစ် စားသုံးလို့ရသည့် သီးနှံတစ်မျိုးမှာ မျှစ်ဖြစ် ပါသည်။ ဈေးကွက်သို့ မျှစ်များသည် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မျှစ်များ ရောက်ရှိလာပြီဖြစ်သဖြင့် စားသုံးသူများ ဝယ်ယူစားသုံးကြပါသည်။ မျှစ်များပေါ်ခါစ အချိန်တွင် ဈေးကောင်းများရရှိပြီး၊ အထွက်လှိုင်လာချိန်တွင် ဈေးများကျလာပါသည်။ ပြည်မြို့ရှိ ဈေးကွက်သို့  ပေါင်းခေါင်း၊ ပေါင်းတလည်နှင့် ပန်းတောင်းဘက်မှ မျှစ်အများဆုံး ဝင်ရောက်လျှက် ရှိပါသည်။ ဝင်ရောက်လာသည့် မျှစ်များထဲတွင် မျှစ်အစိမ်းများပါသလို မျှစ်အကျက်ပြုတ် များလည်းပါကြောင်း သိရှိရပါသည်။ မျှစ်အစိမ်းများကို မျှစ်စပ်များပြုလုပ်၍ရောင်းချသလို မျှစ်ပြုတ်များလုပ်၍ ဒေသတွင်း သာမကဘဲ ရန်ကုန်မြို့သို့ပါ တင်ပို့ရောင်းချကြပါသည်။ မျှစ်များ လှိုင်လှိုင်ပေါ်ချိန်တွင်လည်း မျှစ်ချဉ်များပြုလုပ်ပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ဈေးသို့တင်ပို့ ရောင်းချကြသလို မြို့တွင်းသို့လည်း ပြန်လည်ရောင်းချကြောင်းသိရပါသည်။ မျှစ်ဈေးနှုန်းများ အနေဖြင့် မျှစ်စပ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ မျှစ်အကျက်ပြုတ် တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ ရာသီစာ ဗုံလုံသီး(ပဲလင်းမြွေသီး)

             ပြည်ခရိုင်၊ ပြည်မြို့တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး အဖြူရောင် ခပ်ရှည်ရှည်အသီးတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ပုတီးကုန်းဒေသမှလည်း ပြည်ဈေးကွက်သို့တင်ပို့ ရောင်းချကြသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။ ထိုအသီးသည် အပေါ်ယံ အလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော်အတုံးလေးများတုံး၍ အလယ်အူတိုင်ကိုထုတ်ပြီး ကြက်သား (သို့) ပုစွန်ခြောက်ကိုထောင်းပြီး အစာသွပ်ချက်စားလျှင် အလွန်ကောင်းသည့် ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ဗုံလုံသီးတွင် ဗီတာမင်နှင့် သတ္တုဓါတ်များပါသဖြင့် စားသုံးပေးသင့်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။  ဗုံလုံသီး(ပဲလင်းမြွေသီး)ကို တစ်တောင့်လျှင် ၂၅၀-၃၀၀ကျပ်ဖြင့်ရောင်းချသလို (၁၀) တောင့်ပါ တစ်စည်းကို ၂၅၀၀ကျပ်ဖြင့် ဈေးကွက်တွင်ရောင်းချလျှက် ရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း