ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၄.၂.၂၀၂၃)

၄.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကလေးမြို့ပေါ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

           ကလေးမြို့ပေါ်တွင် ဇန်နဝါရီလအတွင်  ဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ ဧည့်မထစပါး ( ၁ ) တင်းလျှင် ( ၁၂၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁ ) တင်းလျှင်( ၁၁၀၀၀) ကျပ်၊ ဧရာမင်းစပါး ( ၁ ) တင်းလျှင် ( ၁၅၀၀၀ ) ကျပ်၊ ဧည့်မထဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၅၀၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၈၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၆၅၀၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျင် ( ၁၀၀၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ( ၇၀၀၀ ) ကျပ်၊ ကြက်သွန်နီ ( ဒေသထွက် ) တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ကြက်သွန်နီ ( မုံရွာ ) တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) တစ်ပိဿာလျှင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) တစ်ပိဿာလျှင် ( ၅၂၀၀ ) ကျပ်၊ ဂျင်းတက် တစ်ပိဿာလျှင် ( ၁၅၀၀ ) ကျပ်၊ ဆားတစ်ပိဿာလျှင်( ၇၀၀ ) ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် ( ၄၇၀၀ ) ကျပ်၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ( ၂၂၀၀၀ ) ကျပ်၊ ငရုတ်ခြောက်ပု တစ်ပိဿာလျှင် ( ၃၂၀၀၀ ) ကျပ်၊ အာလူး တစ်ပိဿာလျှင်( ၃၀၀၀ ) ကျပ်၊ မန်ကျည်းသီး ( အစေ့လွတ် ) တစ်ပိဿာလျှင် ( ၅၀၀၀ ) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ( ၁၆၀၀၀ ) ကျပ်၊ အမဲသား တစ်ပိဿာလျှင် ( ၁၆၀၀၀ ) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ( ၂၄၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

            ဇန်နဝါရီလ ပထမအပတ်နှင့်တတိယအပတ်နှိုင်းယှဉ်ရာတွင် ဧည့်စပါးတစ်တင်းလျှင် ( ၂၀၀၀ ) ကျပ်၊ ငစိန်စပါးတစ်တင်းလျှင် ( ၁၅၀၀ ) ကျပ်၊ ဧရာမင်းစပါးတစ်တင်းလျှင် ( ၁၅၀၀ ) ကျပ်၊ ဧည့်မထဆန် ( ၂၄  ) ပြည်တစ်အိတ်လျှင်( ၆၀၀၀ ) ကျပ်၊ ငစိန် ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၇၀၀၀ ) ကျပ်၊ ဧရာမင်း ဆန် ( ၂၄  ) ပြည်တစ်အိတ်လျှင် ( ၁၀၀၀၀ ) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ( ၂၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ဈေးနှုန်းများ မြှင့်တက်လျက်ရှိ ပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

မင်းဘူးမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ပျိုးသူများ ဈေးကောင်းရရန် မျှော်လင့်လျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ဆောင်းကြက်သွန်နီများစိုက်ပျိုးပြီး ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ မိုးကြက်သွန်နီထွက်ရှိချိန်၌ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)ဖြစ်ပြီး၊ ဇန်နဝါရီလ(စတုတ္ထ)ပတ်တွင် (၁)ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)အထိရောင်းချရပါကြောင်း ရွှေတပင်ကျေးရွာရှိ ကြက်သွန်နီစိုက်တောင်သူများထံမှသိရှိရပါသည်။ ယခုအချိန်တွင်  ဈေးကွက်အတွင်းသို့ ကြက်သွန်နီဝင်ရောက်မှုမှာလည်း နည်းလာပါကြောင်း မင်းဘူးမြို့ရှိ ကြက်သွန်နီပွဲရုံပိုင်ရှင်များထံမှသိရှိရပါသည်။

    ကြက်သွန်နီစိုက်ပျိုးရာတွင် ယခင်က မိုးတွင်းကာလများတွင်သာ စိုက်ပျိုးကြသော်လည်း ယခုအခါတွင် ချောင်းရေနှင့် စက်ရေတွင်းများတူးဖော်၍ စိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါကြောင်း၊ ကြက်သွန်နီစိုက်ပျိုးရာတွင် သွင်းအားစုဈေးကြီးခြင်း၊ ရေတင်၍လည်း စိုက်ပျိုးရသည့်အတွက် စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့် ဈေးမကောင်းပါက စိုက်ပျိုးစရိတ်ကြေရုံသာရရှိနိုင်မည်ဖြစ်၍ ဆောင်းကြက်သွန်နီများပေါ်ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း၊ လက်ရှိတွင် လက်လီဈေး (၁)ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)အထိရောင်းရ၍ ကြက်သွန်နီစိုက်ပျိုးသူများမှာ အဆင်ပြေလျက်ရှိကြကြောင်း မင်းဘူးမြို့ရွှေတပင်ကျေးရွာရှိ ကြက်သွန်နီစိုက်တောင်သူ ဦးမြတ်စိုးထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ကရင်ပြည်နယ်ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကောင်းရပြီး စိုက်ပျိုးတောင်သူနှင့် ကုန်သည်များ တွက်ခြေကိုက်လျက်ရှိ

         ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ကရင်ပြည်နယ်ထွက် လယ်ယာထွက်ကုန်များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များလှိုင်လှိုင်ထွက်ရှိကာ မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ၏ အရောင်းအဝယ်ဈေးနှုန်းများမှာ မြေပဲဝယ်ဈေး ၂၁၀၀၀ကျပ်၊ ရောင်းဈေး၂၃၀၀၀ ကျပ်၊ ပဲတီစိမ်း ဝယ်ဈေး ၄၇၀၀၀ ကျပ်၊ ရောင်းဈေး ၅၁၀၀၀ ကျပ်၊ ပဲပုပ် ဝယ်ဈေး ၄၅၀၀၀ ကျပ်၊ ရောင်းဈေး ၄၇၆၀၀ ကျပ်ရှိပြီးယခင်နှစ်ထက် ဝယ်ဈေး/ရောင်းဈေးမြင့်တက်ခဲ့ကြောင်းနှင့်ကရင်ပြည်နယ်ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်တွင်းနှင့်မြဝတီနယ်စပ် လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ၊ ကုန်သည်များတွက်ခြေကိုက် အကျိုးအမြတ်ရရှိလျက်ရှိကြောင်းသိရသည်။

           ကရင်ပြည်နယ်တွင် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များကို မြေနုကျွန်းများဖြစ်သည့် ကော့လုံကျွန်း၊ မိန်းမလှကျွန်း၊ မင်းဇီ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကော့ထော်၊ ဗူးခါး၊ နောင်ထလုံ၊ ထုံးအိုင် စသည့် ဒေသများတွင်အဓိကစိုက်ပျိုးထွက်ရှိပြီး ဘားအံမြို့သို့ တစ်ရက်လျှင် ယာဉ်စီးရေ ၁၅ စီးမျှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းနှင့်ကရင်ပြည်နယ်ထွက်ဒေသထွက်ကုန် မြေပဲ၊ ပြောင်း၊ နှမ်း၊ ပဲတီစိမ်း၊ ပဲပုပ်များမှာ အရည်အသွေးကောင်းမွန်ပြီး လုပ်ငန်းရှင်များအကြိုက်တွေ့သောကြောင့် ဈေးကောင်းများရရှိလျက်ရှိကြောင်း ရွှေကံထူး ပွဲရုံပိုင်ရှင် ဦးစောဝင်းနိုင်ကပြောသည်။

       “လက်ရှိအချိန်မှာ မြေပဲနဲ့ပဲပုပ်တွေက ပြည်ပဝယ်လိုအားရှိပြီး ပြည်တွင်းမှာလည်း ဆီစက်လုပ်ငန်းရှင်တွေက ဝယ်ယူတာတွေရှိတဲ့အတွက် ဈေးကောင်းရနေတဲ့အနေအထားမှာရှိပါသည်။ ယခုဆိုဈေးကွက်ထဲ ပွဲရုံတွေကို တင်ပို့ရောင်းချတာအပြင် ဝယ်လက်ကုန်သည်တွေက တောင်သူတွေဆီ တိုက်ရိုက်ဆင်းဝယ်နေကြလို့ ဈေးကတော့မငြိမ်ပဲ အမြင့်ဘက်ကိုဦးတည်နေပါသည်။ ပဲပုပ်ကတော့ ပြည်ပတင်ပို့ဖို့ တစ်ချို့ဝယ်လက်တွေက တောင်သူတွေဆီတိုက် ရိုက် ဆင်းဝယ်နေကြပေမဲ့ ဘားအံမြို့နဲ့ မော်လမြိုင်/ သထုံမြို့မှာရှိတဲ့ ပဲပြားလုပ်ငန်းရှင်တွေရဲ့ နေ့စဉ်ဝယ်လိုအားကကို တစ်နေ့ပိဿာ ၁၀၀၀ နီးပါးဈေးကွက်ရှိပါသည်။ ခြုံကြည့်ရရင်တော့ ဒီနှစ်ကတော့ ဈေးကွက်စုံ/ ဝယ်လက်စုံပြီး ကရင်ပြည်နယ်ထွက် မြေပဲ၊ ပဲပုပ်၊ ပဲတီစိမ်းစတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ ဈေးကောင်းရပြီး စိုက်ပျိုးတောင်သူနဲ့ ကုန်သည်တွေတွက်ခြေကိုက်တဲ့ နှစ်ပါပဲ” ဟု  ပြောသည်။

DOCA(ကရင်)

 

စလင်းမြို့ ခရမ်းချဉ်သီးဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

     စလင်းမြို့နယ်၌ ခရမ်းချဉ်သီးကို ကြိမ်မြောင်း၊ ဥယျာဉ်စု၊ ပေါင်းတန်း၊ ဝက်ခနိုက်နှင့် နွယ်တမင် စသည့်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဇန်နဝါရီလ(စတုတ္ထ)ပတ်တွင် ဈေးကွက်၌ ခရမ်းချဉ်သီးများဈေးကောင်းရနေကြောင်းသိရပါသည်။

          ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် ခရမ်းချဉ်သီးများ စတင်ထွက်ပေါ်နေပြီဖြစ်ရာ စလင်းဈေးကွက်၌ ဇန်နဝါရီလ (စတုတ္ထ)ပတ်တွင် ခရမ်းချဉ်သီးအစိမ်း(၁)ပိဿာလျှင် ကျပ်(၁၇၀၀)နှင့် ခရမ်းချဉ်သီးအမှည့်(၁)ပိဿာလျှင် ကျပ်(၂၁၀၀)ဖြင့် မြို့ပေါ်ရှိဈေးကွက်များတွင်သာမက ပွင့်ဖြူ၊ မင်းဘူး၊ မကွေးမြို့များရှိ ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ဒီဇင်ဘာလတွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၅၀၀)ဖြင့် ရောင်းချခဲ့ကြကြောင်းသိရှိရပါသည်။ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းထားများမြင့်တက်လာခြင်းနှင့် လုပ်အားခများ ဈေးနှုန်းမြင့်မားလာခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးများမြင့်တက်လာပါကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည် ဒေါ်ရီမြင့်ထံမှသိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

 ‌   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅) ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၈-၁-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၄-၁-၂၀၂၃) ရက်နေ့တွင် ကျပ် (၂၅၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမဏအနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၈၅၀)အိတ်၊ နှမ်းပြာ(၁၃၀)အိတ်၊ နှမ်းဖြူ (၈၅)အိတ်နှင့် နှမ်းနီ (၁၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(HL) (၂၀)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မတ်ပဲ ၂၀ ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၃၅၀၀) ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ပါသည်။ ဘိုကိတ်ပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၃၉၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၄၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲတီစိမ်း (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၇၃၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၇၅၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း(၁၁၅၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၂၈၀၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ်၊ ကုလားပဲ(HL) (၃၄၀)အိတ်နှင့် ဘိုကိတ်ပြာ(၁၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။

 မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၄၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀)ဖြစ်၍ ကျပ်(၃၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင်  ယခင်အပတ်တွင် ကျပ်(၆၄၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၆၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ (နီ) (၃၀)ပိဿာဝင်အိတ်(၂၇၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ) အိတ်(၂၀၀)အိတ်နှင့် မြေပဲတောင့်အစို တင်း(၁၅၀၀)တင်းခန့် အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိခဲ့ရပါသည်။

          ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၇၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၉၀၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၂၂၀၀၀)ပိဿာခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

         ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၄၈၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

            ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

           အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

DOCA(Domestic)                                                    

မကွေးကုန်စည်ဒိုင်၌ ဇန်နဝါရီလ တတိယပတ် ပဲမျိုးစုံနှင့်နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး နှမ်း၊ မြေပဲ၊ ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံသီးနှံများကိုလည်း သီးညှပ်နှင့် သီးသန့်အနေဖြင့် စိုက်ပျိုးကြပါသည်။ ဇန်နဝါရီလ တတိယပတ်တွင် မကွေးကုန်စည်ဒိုင်၌ ပဲတီစိမ်း၊ ပဲစဉ်းငုံ(နီ)၊ ပဲနောက်၊ ပဲလွန်းဝါ၊ ကုလားပဲနှင့်အခြားသီးနှံများမှာ အရောင်းအဝယ်ဖြစ်နေ၍ စျေးနှုန်းအနေဖြင့် ပဲတီစိမ်း (၁)ပိဿာလျှင် ကျပ်(၂၁၇၅)၊ ပဲနှောက်(၁)ပိဿာ‌လျှင် ကျပ်(၂၂၀၀)၊ ပဲလွန်းဝါ(ကျွန်း) (၁)ပိဿာလျှင် ကျပ်(၂၈၂၀)၊ ကုလားပဲ(929) (၁)ပိဿာလျှင် ကျပ် (၃၀၈၀)၊ ကုလားပဲ(HL) (၁)ပိဿာလျှင် ကျပ်(၃၀၃၀)၊ ကုလားပဲ(သေး) (၁)ပိဿာလျှင် ကျပ်(၃၁၈၀)၊ ပဲစဉ်းငုံ(နီ) (၁)ပိဿာလျှင် ကျပ်(၂၈၇၅)၊ နှမ်းနက်စမုံ (၁)ပိဿာလျှင် ကျပ်(၅၇၈၀)၊ နှမ်းဖြူ(၁)ပိဿာလျှင် ကျပ်(၆၅၆၀)၊ နှမ်းနီ(၁)ပိဿာလျှင် ကျပ်(၅၆၇၀) စျေးနှုန်းများဖြစ်၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ(HL)နှင့် ကုလားပဲ (929) တို့မှာ ကျပ်(၁၀၀)ဝန်းကျင်ဖြင့် အသီးသီးဈေးလျော့ခဲ့ပြီး ကုလားပဲ(သေး)၊ ပဲစဉ်းငုံ(နီ)နှင့် နှမ်းနက်စမုံတို့မှာ ကျပ်(၁၀၀)ဝန်းကျင်၊ နှမ်းနီမှာ ကျပ်(၃၀၀)ဝန်းကျင်၊ ပဲလွန်းဝါ(ကျွန်း)နှင့် နှမ်းဖြူတို့မှာ ကျပ်(၅၀၀)ဝန်းကျင်ဖြင့် အသီးသီးဈေးမြင့်တက်ခဲ့ကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

        ယခုတစ်ပတ်၏ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းဖြူ တန်ချိန်(၉၀)တန်ခန့်၊ နှမ်းနီ တန်ချိန် (၁၀) တန်ခန့်၊ နှမ်းနက် (စမုံ) တန်ချိန်(၇၀)တန်ခန့်၊ နှမ်းညိုကြား တန်ချိန်(၂၀)တန်ခန့်၊ ပဲစဉ်းငုံနီ  တန်ချိန်(၃၀၀)တန်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ဇန်နဝါရီ(စတုတ္ထ)ပတ် ပခုက္ကူမြေပဲဈေးကွက်အခြေအနေ

     ပခုက္ကူမြေပဲဈေးကွက်အနေဖြင့် ဇန်နဝါရီလ(စတုတ္ထ)ပတ်အတွင်း မြေပဲတောင့်များမှာ အဝင်နည်း၍ မြေပဲဆံများမှာ ချောက်မြို့မှဝင်ရောက်နေပြီး တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယောနယ်ဒေသမှ (၆)လ မြေပဲတောင့် (အခြောက်)များမှာ  အဝင်နည်းလျက်ရှိကြောင်း၊ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်ခြင်းမရှိဘဲ (၂)ရက်လျှင် တစ်ကြိမ် ပိဿာ (၂၀၀)ခန့်သာဝင်ရောက်လျက်ရှိကြောင်း၊ မြေပဲဆံတစ်ပိဿာလျှင် ပဲကြီးဆီဆံမှာ ကျပ်(၅၉၀၀/၆၀၀၀) လုံးဆံမှာ ကျပ်(၆၁၀၀/၆၁၅၀)ဈေးရှိပြီး လက်လီဈေးမှာ ကျပ်(၆၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲတောင့်(အခြောက်)တစ်ပိဿာလျှင် ကျပ်(၃၇၀၀/၄၀၀၀) ပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

     ဈေးကွက်အတွင်းရှိ မြေပဲများကို ဒေသတွင်းနေရာအနှံ့အပြား၊ လုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မြဝတီမြို့များသို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိကြောင်း ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံနှင့် ယိုးဒယားနိုင်ငံသို့လည်း မြေပဲဆံများကို တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ပြည်တွင်းထွက်ရှိမှုနည်းပြီး ပြည်ပဝယ်လက်များ၍ မြေပဲဆံဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ စတုတ္ထပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင်ဖြစ်ပေါ်ခဲ့သည့် အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၄၀၀ကျပ်၊ ဧည့်မထတစ်ပြည် ၂၃၅၀ကျပ်၊ မနောသုခ တစ်ပြည် ၂၂၅၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၆၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၃၀၀ ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၃၆၅၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၆၅၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၁၅၀၀ကျပ်မှ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၅၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီးတစ်ပိဿာ ၂၆၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

        ကြက်ဥလက်လီဈေးမှာ  တစ်လုံး ၂၁၀ကျပ်မှ ၂၄၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၇၃၀၀ကျပ်မှ ၁၀၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၀၀၀၀ကျပ်မှ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာ ၅၂၀၀ကျပ်မှ ၈၅၀၀ထိ၊ ငါးကြင်းတစ်ပိဿာ ၁၀၀၀၀ကျပ်မှ၁၄၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။

        စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၁၀၀ကျပ်နှင့် နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်စု)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း