ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ပဲမျိုးစုံဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်များပိတ်ထားသော်လည်း Online စနစ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

          မတ်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ မတ်ပဲတစ်တင်း ကျပ် ၄၅၀၀၀၊ ပဲတီစိမ်း ကြီးကျပ် ၃၅၀၀၀၊ ပဲတီစိမ်းသေး ကျပ် ၃၅၀၀၀၊ ပဲစိမ်းငုံ တစ်တင်းလျှင် ကျပ် ၄၃၈၀၀၊ ကုလားပဲ (ထိုင်ဝမ်) တစ်တင်းလျှင် ကျပ် ၄၀၃၀၀၊ ထောပတ်ပဲတစ်တင်းလျှင် ကျပ် ၃၉၈၀၀၊ ပဲပုတ်(ရှမ်း) တစ်တင်းလျှင် ကျပ် ၅၀၀၀၀၊ ပဲပုတ် (ဗမာ) တစ်တင်းလျှင်ကျပ် ၄၇၇၀၀၊ ပဲကြီး တစ်တင်းလျှင် ကျပ် ၅၆၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၂၅၀၀၊အစေ့ထုတ်ပြောင်း (CP) တစ်တင်းလျှင် ကျပ် ၁၆၅၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၇၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ လျှင် ကျပ်၃၄၀၀၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ ယခုတစ်ပတ်ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းအနေဖြင့် အနည်းငယ် ဈေးနှုန်းမြင့်တက်လာပြီး မြေပဲဆံ ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းနေပြီး နှမ်းသီးနှံဈေးနှုန်းများ အနည်းငယ် ဈေးတက်လာကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

၇.၄.၂၀၂၂ ရက်နေ့ မှ ၂၄.၄.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်း

၇.၄.၂၀၂၂ ရက်နေ့ မှ ၂၄.၄.၂၀၂၂ ရက်နေ့အထိ အပတ်စဉ် စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်းနှင့် စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ရည်ညွှန်းဈေးနှုန်းတို့အား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ရှမ်း(တောင်) ရှမ်းကြက်သွန်ဖြူ စတင်ထွက်ပေါ်လာပြီ

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူကို တောင်ကြီး၊ ပင်လောင်း၊ မိုင်းပန်၊ ဟိုပုံး၊ လဲချား မြို့နယ်များမှာ အဓိကစိုက်ပျိုးကြပြီး ကျန်မြို့နယ်များမှာလည်း အနည်းငယ်စီ စိုက်ပျိုးကြသည်။ ကြက်သွန်ဖြူကို  အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး သက်တမ်း(၄)လအကြာ ဖေဖော်ဝါရီလမှ မတ်လများတွင် ရိတ်သိမ်းထွက်ရှိကာ တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးသော သီးနှံဖြစ်ပါတယ်။ စိုက်ပျိုးချိန်ကိုတည်ပြီး သင်္ကြန်ပတ်ဝန်းကျင် ဧပြီလဟာ ကြက်သွန်ဖြူ လှိုင်လှိုင်ထွက်ရှိသည့်ကာလ ဖြစ်ပါတယ်။

          ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ကြက်သွန်ဖြူအား လတ်ခြား ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ လိုအဆင့်ခွဲပြီး ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ လတ်ခြား ထူး-၁၊ ထူး-၂ ကိုဆိုရင် ဒေသတွင်းမှာအရောင်းအဝယ်လုပ်ကြပါတယ်။ ယခင်နှစ်က ကြက်သွန်ဖြူအစို အသစ်ရိတ်သိမ်းပြီးစတွင် ဒေသပေါက်ဈေးမှာ (လတ်ခြား) ကျပ် ၅၀၀၊ (ထူး-၁) ကျပ် ၆၀၀၊ (ထူး-၂) ကျပ် ၇၀၀၊ (ထူး-၃) ကျပ် ၁၀၀၀၊ (ထူး-၄) ကျပ် ၁၄၀၀၊ (ထူး-၅) ကျပ် ၂၀၀၀ ရှိကြောင်းသိရှိရပါတယ်။ ရှမ်းကြက်သွန်ဖြူအစို ပွဲရုံးဈေးမှာ (လတ်ခြား) ကျပ် ၇၀၀၊ (ထူး-၁) ကျပ် ၉၀၀၊ (ထူး-၂) ကျပ် ၁၂၀၀၊ (ထူး-၃) ကျပ် ၁၅၀၀၊ (ထူး-၄) ကျပ် ၁၈၀၀၊ (ထူး-၅) ကျပ် ၂၃၀၀ ရှိကြောင်းသိရှိရပါတယ်။

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှစ်စဉ်ကြက်သွန်ဖြူစိုက်ဧက (၃၀၀၀၀) နီးပါး စိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧက (၂၉၀၆၁) ဧကစိုက်ပျိုးကာ အထွက်နှုန်းမှာ (၉၀၃၂၈)တန်ရှိပါတယ်။ ယခင်နှစ်က ကြက်သွန်ဖြူတစ်ဧကစိုက်ပျိုးလျှင် အထွက်နှုန်းမှာ (၁.၇၁၆) တန်ထွက်ရှိပါတယ်။ ထွက်ရှိသော ရှမ်းကြက်သွန်ဖြူအသစ်ကို မြန်မာပြည်အနှံ့အပြားတွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။  ယခင်နှစ် ရှမ်းကြက်သွန်ဖြူများ ပေါ်ဦးပေါ်စတွင် ဈေးကောင်းရရှိနေပြီး ကြက်သွန်ဖြူ စိုက်တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေနေကြောင်း လေ့လာသိရှိရပါတယ်။

DOCA(ရှမ်း)

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူးမြို့နယ်၊ တမူးကုန်သွယ်ရေးစခန်းမှ အိန္ဒိယနယ်စပ်သို့ နေ့စဉ် ပို့ကုန်များကို တင်ပို့လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၉.၅၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၀၃) တင်ပို့နိုင်ခဲ့ ပါသည်။ စက်မှုကုန်ချောအနေဖြင့် စီးကရက်(၁၁.၆၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၂၈) တင်ပို့နိုင်ခဲ့ပြီး အခြားပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၁၁၄) တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

         သွင်းကုန်အနေဖြင့် ၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဓာတ်မြေသြဇာ (၂၅၀.၀၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၁၂၅)တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် ပို့ကုန်စုစုပေါင်း(၂၁.၁၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၁၄၅)တင်ပို့ နိုင်ခဲ့မှု တန်ချိန်၊ တန်ဖိုးအခြေအနေနှင့် သွင်းကုန်စုစုပေါင်း (၂၅၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၁၂၅)သန်း တင်သွင်း နိုင်ခဲ့ပါကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆိပ်ဖြူဒေသထွက် ရာသီပေါ်သီးနှံ ကန်စွန်းဥဈေးကွက်ကောင်း၍ အရောင်းအဝယ်ဖြစ်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းသည် (၂.၄.၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ကိုးထောင့်ကျေးရွာအုပ်စု ကိုးထောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံးကျေးရွာများရှိ ကန်စွန်းဥစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကိုးထောင့်ကျေးရွာအုပ်စု ကိုးထောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ တောင်ငယ်လုံးကျေးရွာများသည် ကန်စွန်းဥကို ရာသီစာသီးနှံတစ်မျိုးအဖြစ် ဧရာဝတီ မြေနုကျွန်း တစ်လျှောက်သဲနုန်းမြေများတွင် နှစ်စဉ်မပျက် စိုက်ပျိုးခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် စိုက်ဧကအနေဖြင့် ဧက(၂၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရာတွင် "ဥ" ကန်စွန်းညွှန့်များကို ဝယ်ယူစိုက်ပျိုးပြီး၊ အညွှန့်(၁)သောင်းလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း၊ ကန်စွန်းဥမျိုးမှာ ရွှေဝါနှင့်ငချိတ်(၂)မျိုးရှိကြောင်း၊ ယခုနှစ်တွင် ငချိတ်မျိုးကို အဓိကထားပြီး အများဆုံးစိုက်ပျိုးကြောင်း၊ စိုက်ပျိုးချိန်မှာ နိုဝင်ဘာလလယ်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီ လတွင်တူးဖော်ကြောင်း၊  သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးခြင်းဖြစ်၍ မြေသားကောင်းမွန်ခြင်း ကြောင့် မြေဆီ၊ မြေဩဇာများကို အနည်းငယ်သာသုံးစွဲရကြောင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်း သုံးစွဲခြင်းမရှိကြောင်း၊ စိုက်ခင်းအတွင်း၌ ပေါင်းမြတ်အနည်းငယ်သာရှိ၍ မိသားစုဝင်များဖြင့်သာ ပေါင်းသင်ရှင်းလင်းခြင်းဆောင်ရွက်ပါကြောင်း၊ ကန်စွန်းဥ စိုက်ပျိုးရာတွင် အခြားစိုက်ပျိုးသီးနှံများ နှင့်မတူဘဲ ကုန်ကျစရိတ်လည်းသက်သာကြောင်း သိရှိရပါသည်။

          ဆောင်းသီးနှံကန်စွန်းဥ (၁)ဧကစိုက်ပျိုး၍ "ဥ"စားကန်စွန်းညွှန့်(၄)သောင်းခန့်ကို အလုပ် သမား(၃၀)ဦးခန့်နှင့် စိုက်ပျိုးရပြီး ကန်စွန်းဥများကို တူးဖော်ရာတွင်လည်း အလုပ်သမား (၃၅)ဦး ခန့်ဖြင့် တူးဖော်ကြောင်း၊ အလုပ်သမားငှားရမ်းခမှာ (၁)မနက်လျှင် အမျိုးသား(၃၅၀၀)ကျပ်၊ အမျိုးသမီး (၂၀၀၀)ကျပ်နှုန်းဖြင့် ပေးရကြောင်း၊ ယခုနှစ်တွင် ရာသီဥတုအနေအထားကောင်းမွန်၍ (၁)ဧကလျှင် အထွက်နှုန်းမှာ မြေသားအနေအထား ကွာဟမှုအရ အညွှန့်(၁)သောင်းစိုက်လျှင် အထွက်နှုန်းပိဿာ(၁၀၀၀/၉၀၀/၈၀၀)ခန့် အမျိုးမျိုးကွဲပြားထွက်ရှိကြောင်း၊ တောင်သူအများစုမှာ ပျမ်းမျှ အထွက်ပိဿာ(၉၀၀)ခန့်ထွက်ရှိ၍ အညွှန့်(၄)သောင်း စိုက်ပျိုးသည့် (၁)ဧကလျှင် ပျမ်းမျှ ပိဿာ(၃၆၀၀)ခန့်ထွက်ရှိကြောင်း၊ (၁)ဧကကုန်ကျစရိတ်မှာ မြေပြုပြင်ခ၊ ကန်စွန်းညွှန့်မျိုး ဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ၊ မြေဆီဝယ်ယူခ စုစုပေါင်းကျပ်(၃)သိန်းခန့် ကုန်ကျကြောင်း သိရှိရ ပါသည်။

        ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်နှစ်ကထွက်ရှိသည့် ကန်စွန်းဥ(၁)ပိဿာဈေးနှုန်းမှာ ကျပ် (၃၅၀/ ၃၀၀)ဖြစ်ပါကြောင်း၊ ယခုနှစ်လက်ရှိ ဖောက်သည်ဈေးနှုန်းမှာ သီးနှံပေါ်စ(၄၀၀)ကျပ်မှ(၃၅၀/၃၀၀)ကျပ်အထိ အမျိုးမျိုးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ (၁)ဧကလျှင် ပျမ်းမျှပိဿာ (၃၆၀၀)ခန့် ထွက်ရှိ၍ (၃၅၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းရပြီး ဝင်ငွေမှာ ကျပ်(၁၂)သိန်းခန့် ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၉)သိန်းခန့်ရရှိကြောင်း၊ ယခင်နှင့်ယခုနှစ်ဈေးနှုန်းနှိုင်းယှဉ်မှုအရ ကွာဟမှုမရှိသော်လည်း အထွက်နှုန်း ပိဿာမှာ ယခုနှစ်တွင် သိသိသာသာ မြင့်တက်ခြင်းကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း ကန်စွန်းဥစိုက်တောင်သူများမှတစ်ဆင့် သိရှိရပါသည်။

         ဆောင်းသီးနှံရာသီစာကန်စွန်းဥသည် စားသုံးရာတွင် နူးညံ့၍ ချိုလေးလေးအရသာရှိပြီး အမျှင်ဓါတ်များကြွယ်ဝစွာပါဝင်၍ အစာချေစနစ်ကို ကောင်းမွန်စေသည့်အပြင် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန် စေခြင်းဖြစ်စေ၍ ကန်စွန်းဥကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်စေသော သီးနှံဖြစ်ပြီး  အိမ်ရှင်မများအတွက် အဓိကဟင်းတစ်မယ်မဖြစ်သော်လည်း အရံအချိုပွဲ အစားအစာအဖြစ် ကန်စွန်းဥကို ပြုတ်၍စားခြင်း၊ မီးဖုတ်၍စားခြင်း၊ ဓါးဖြင့်ပါးပါး လှီး၍ ကြော်စား ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း  အသင့်စား(ready made) မုန့်မျိုးစုံ အထုပ်/ဗူးများ ဖြင့် ပြည်တွင်းနေရာအနှံ့အပြားသို့ ထုတ်လုပ်ရောင်းချခြင်း၊ အလှူပွဲ၊ မင်္ဂလာပွဲများတွင်လည်း ကန်စွန်းဥဆနွမ်းမကင်းများပြုလုပ်၍ သရေစာအချိုပွဲအဖြစ် ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်သုံးစွဲ ကြ၍ လူတိုင်းကြိုက်နှစ်သက်စွာ စားသောက်သုံးစွဲကြပြီး ပြည်တွင်းစားသုံးမှုများပြားခြင်းကြောင့် စိုက်ပျိုးတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိ၍ စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း မိမိတို့စိုက်ပျိုးထွက်ရှိသော ထွက်ကုန် များမှာ ဈေးကွက်ကောင်း၍ အရောင်းအဝယ်ဖြစ်ပြီး စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပါးခြင်း ကြောင့် အကျိုးအမြတ်များစွာရရှိသော ရာသီစာဆောင်းသီးနှံကန်စွန်းဥကို နှစ်စဉ်မပျက်တိုးချဲ့ စိုက်ပျိုး သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

မုံရွာမြေပဲဆားလှော်လုပ်ငန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မအူကျေးရွာတွင် မြေပဲဆားလှော်လုပ်ငန်းရှင်(၁၆)ဦးခန့် ရှိရာ မြေပဲဆားလှော်ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။

             မြေပဲကို အဓိကအားဖြင့် စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုအနေဖြင့် စားသုံးကြသည်။ ထို့အပြင် မြေပဲဆားလှော်၊ မြေပဲစိမ့်ကြော်၊ မြေပဲယိုနှင့် အခြားအဆာပြေမုန့်များအဖြစ်လည်း စားသုံးမှုပြုကြသည်။ မြေပဲဆားလှော်ထုတ်လုပ်ပုံအဆင့်ဆင့်ကို လေ့လာရာတွင် ကုန်ကြမ်းများမှာ မြေပဲ၊ ဆားနှင့် လျှပ်စစ်(သို့မဟုတ်)ထင်းမီးသွေးလောင်စာများဖြစ်ကြောင်း၊ မြေပဲဆံကုန်ကြမ်းကို မုံရွာကုန်စည်ဒိုင်မှ မြေပဲလုံးဆံ တစ်တင်းလျှင် (၅၂၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း၊ မြေပဲလုံးဆံများကို အရွယ်ညီအောင်ဇကာချရွေး၍ ဖုန်သဲခဲများ ဖယ်ထုတ်သန့်စင်ရကြောင်း၊ ရွေးပြီးမြေပဲဆံများကို ရေနွေး ပွက်ပွက်ဆူတွင်ထည့်ပြုတ်ကာ အခွံရှုံ့တွလာပါက ဆယ်ယူနေလှန်း ခြောက်အောင်ပြုလုပ်ရကြောင်း၊ မြေပဲ(၂)ပြည်လျှင် ဆား ၇၅ ကျပ်သားနှုန်းဖြင့် ဒယ်အိုးထဲတွင် ဆားနှင့်မြေပဲကိုထည့်၍ လှော်ရကြောင်း၊ အဆက်မပြတ်မွှေပေးရရာ ယခင်က လူအင်အားဖြင့် ယောက်မအကြီးများဖြင့် မွှေကြပြီး ယခုအခါ မွှေသည့်စက်ဒလက်ဖြင့် မွှေကြကြောင်း၊ မြေပဲဆားလှော်လုပ်ငန်းအသေးအကြီးအလိုက် လုပ်သားအင်အားကွာခြားနိုင်ပြီး မြေပဲလုံးဆံတင်း(၈၀)ခန့်လှော်ရန် တစ်နေ့လျှင် လုပ်သား(၃၀)ခန့် အသုံးပြုရပြီး လုပ်သားခငွေကျပ်(၅၀၀၀)ပေးချေရကြောင်း၊ ဈေးကွက်ဈေးနှုန်းအနေဖြင့် မြေပဲဆားလှော် တစ်ပြည်လျှင် လက်ကား(၃၆၀၀)ကျပ်နှင့် လက်လီဈေး (၄၀၀၀)ကျပ်နှုန်းဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ တာချီလိတ်၊ နမ့်ခမ်း၊ ပဲခူးဒေသများနှင့် တိုင်းတွင်းဖြစ်သော စစ်ကိုင်း၊ ရေဦး၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ တမူး၊ ကလေးမြို့များသို့ တင်ပို့ရောင်းချပြီး မုံရွာ-မန္တလေးကားလမ်းဘေး မအူကျေးရွာ၏ ရွာထိပ်တွင်လည်း ဆိုင်ခန်းများဖွင့်လှစ်ရောင်းချကြောင်း သိရသည်။

         ပြည်တွင်းပြည်ပခရီးသွားများသည် မတူကွဲပြားသည့်အရပ်ဒေသတစ်ခု၏ ရိုးရာအစားအသောက်တစ်ခုအနေဖြင့် မုံရွာမြေပဲဆားလှော်ကို စားသုံးရန်အပြင် လက်ဆောင်အဖြစ်ပေးကမ်းရန် အနေဖြင့်လည်း ဝယ်ယူမှုများကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးဖြစ်သည့် မုံရွာဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်လုပ်ငန်းအကြောင်း ( Wheat Straw Hats )

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာတွင် ဒေသခံများအနေဖြင့် မိရိုးဖလာ တောင်သူလုပ်ငန်းများအပြင် ဂျုံရိုးခမောက်လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်လျက်ရှိကြပါသည်။စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦးသည် စီးပွားဖြစ်လုပ်ကိုင်လျက်ရှိသည့် ဂျုံရိုးခမောက်လုပ်ငန်းအစုအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်သန်းဝင်းနှင့် တွေ့ဆုံ၍ ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်လုပ်ငန်းအကြောင်း ဆွေးနွေးမေးမြန်းခဲ့ရာ ဂျုံရိုး ခမောက်လုပ်ငန်းသည် မြန်မာ့လက်မှုပညာများထဲတွင် တစ်ခုအပါအဝင်ဖြစ် ပါသည်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် မိရိုးဖလာလုပ်ငန်းအဖြစ်ဆောင်ရွက်ခဲ့ကြပြီး မြန်မာလူမျိုးများ  နှစ်သက်စွာ အသုံးပြုခဲ့သော ဦးထုပ်တစ်မျိုးဖြစ်ပါသည်။ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာ အုပ်စုရှိ ငါးလုံးတင်ကျေးရွာ၊ မထိသာကျေးရွာနှင့် ဆင်မြေကျေးရွာများတွင် ဂျုံစိုက်ဧက (၂၀၀၀)ကျော်မှ ရရှိသော ဂျုံရိုးများကိုစုဆောင်း၍ ကြိုးကျစ်ခြင်းလုပ်ငန်းများကို ကျေးရွာသူရွာသားများအားလုံး လုပ်ကိုင်ကြပါသည်။ ငါးလုံးတင်ကျေးရွာတွင် ဂျုံရိုးခမောက် ထုတ်လုပ်သည့် လုပ်ငန်းရှင် (၇)ဦး ခန့်ရှိပါသည်။

ဂျုံရိုးအဆစ်ချိုးခြင်းနှင့် အဆစ်ခွဲခြားခြင်း

          ဂျုံခမောက်လုပ်ကိုင်ရန် ကုန်ကြမ်းဂျုံရိုးများကို  ရိတ်သိမ်းမည့် အခင်းသို့ ရိတ်သိမ်းခမယူပဲ အခင်းရှင်အား အနှံပေး ၊ဂျုံရိုးများပြန်ယူစနစ်ဖြင့် ရိတ်သိမ်းပေးခြင်း၊ ကုန်ကြမ်းဂျုံအရိုးများကို လုပ်သားအင်အား (၂၀)ဦးခန့်မှ ရေစိမ်ခြင်း၊ ကြိုးကျစ်ခြင်း၊ ဂျုံအရိုးများကို အခြောက်လှန်း၍ သန့်စင်ပြီးပါက ဂျုံရိုးများကို သုံးဆစ်ချိုးယူ၍ အဆင့်အတန်း(၃)မျိုးခွဲခြားပါသည်။ ဂျုံရိုးတစ်ရိုး၏ အပေါ်ဆုံးအဆစ်သည် နူးညံ့သည့်အတွက် ဂျုံရိုးဦးထုပ်အချောအတွက်လည်းကောင်း၊ အလယ်အဆစ်မှာ ဦးထုပ်ကြမ်းချောအတွက်လည်းကောင်း၊ နောက်ဆုံးအဆစ်မှာ ဦးထုပ်အကြမ်းအတွက် လည်းကောင်း အဆင့်ခွဲခြား၍ ဦးထုပ်(၃)မျိုး(၃)စား ထုတ်လုပ်ပါသည်။ ဂျုံရိုးအဆစ်များကို ကောင်း၊ သင့်၊ ညံ့ (၃)စားခွဲ၍ တစ်ပိဿာစည်းများ စည်းထားသည်ကိုလည်းသိရှိရပါသည်။

ကြိုးကျစ်ခြင်း နှင့် ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်

           ဂျုံရိုးဦးထုပ်တစ်လုံး ဖြစ်ပေါ်စေရန်အတွက် ရှေးဦးစွာ ပထမအဆင့်အနေဖြင့် ကုန်ကြမ်း ဂျုံရိုးကို ကျစ်ပင်စပိုင်းဖြစ်သော အပေါ်နှံကို ချိုးယူကြရပါသည်။ ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ -ချိုးပြီးသော ဂျုံရိုးများကို (၁၀)မိနစ်ခန့် ရေစိမ်ပြီးပါက ကြိုးကျစ်နိုင်ပါသည်။ (ရေစိမ်မှသာ ဂျုံရိုးများ ပျော့ပြောင်းသွားသည့်အတွက် ကြိုးကျစ်ရန် အဆင်ပြေမှာ ဖြစ်ပါသည်) ဂျုံရိုးဦးထုပ် တစ်လုံးစာအတွက် ကျစ်ကြိုးအရှည် အတောင်(၄၀)ခန့် လိုအပ်သည်။ ( ဂျုံရိုး တစ်ပိဿာစည်း တစ်စည်းလျှင် ကျစ်ကြိုးအခွေ(၁၂)ခွေ ရရှိပါသည်) ကြိုးကျစ်ပြီးပါက ဆက်ထားသည့်ဂျုံရိုးတွင် ထွက်နေသည့်အစလေးများကို ကပ်ကျေးနှင့် ညှပ်ထုတ်ရပါသည်။ ဂျုံကျစ်ကြိုးကို ရေအနည်းငယ်စွတ်ပြီး အပ်ချုပ်စက်နှင့် ဂျုံရိုးဦးထုပ်များ ချုပ်ကြပါသည်။(ကျား၊ မ၊ လူကြီး၊ လူငယ်မရွေး အသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံ (၇) မျိုးခန့် ချုပ်လုပ်ကြပါသည်) ချုပ်ပြီးဦးထုပ်များကို နေရောင်တွင် အချိန်အနည်းငယ် လှန်းပါ သည်။ ဂျုံရိုး၏သဘာဝအရောင်သည် ညိုဝါရောင်ဖြစ်၍ ကန့်မှုန့်ကိုမီးရှို့ပြီး ပေါင်းခံအိုးနှင့် တစ်ည ပေါင်းခံကာ အရောင်ချွတ်လိုက်ပါက အဖြူရောင်သမ်းလာပါသည်။ အဖြူရောင်သမ်းနေသော ဦးထုပ် များကို နေရောင်ခြည်အောက်တွင် တစ်ရက်လှန်းပါသည်။ အချို့ဦးထုပ်များပေါ်ကို ဆေးရောင်စုံဖြင့် ပန်းအလှရေးဆွဲကြပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ဦးထုပ်မေးသိုင်းကြိုးတပ်ရန် ရိုက်သီးကွင်း ကလေးနှစ်ခု ရိုက်တပ်ပြီးပါက ဈေးကွက်သို့ တင်ပို့ရောင်းချရန် အသင့်ဖြစ်ပြီးဖြစ်ပါသည်။

ဈေးကွက်၊ ဈေးနှုန်းအခြေအနေ

          ဂျုံရိုးဦးထုပ်တစ်လုံးလျှင် ဖောက်သည်ဈေးမှာ အရွယ်အစားအမျိုးမျိုးပေါ်မူတည်၍ ယခင်နှစ်က  (၁၆၀၀/-မှ၂၂၀၀ /-ကြား)ရရှိပြီး ဈေးဆိုင်များတွင် လက်လီရောင်းဈေးနှုန်းများမှာ ကျပ်(/၂၅၀၀-မှ ၄ဝဝဝ/-) ဈေးအသီးသီးဖြင့်ရောင်းချကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့၊ ပခုက္ကူမြို့၊ မြင်းခြံမြို့များသို့ အများဆုံးတင်ပို့ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် စစ်ကိုင်းတိုင်း‌ဒေသကြီးအထက်ပိုင်းဖြစ်သော ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင် မြို့များအထိ တိုးချဲ့ တင်ပို့နိုင်ပြီဖြစ်ကြောင်း၊ ချောင်းဦးဒေသထွက် ဂျုံရိုးခမောက်သည် ချုပ်ရိုးချုပ်သား ခိုင်ခံ့ခြင်း၊ ကျစ်လစ်မှုရှိခြင်း၊ မိုးရေမထိပါက ဆေးအရောင်မှိန်မသွားပဲ (၄ နှစ်မှ ၅နှစ်)အထိ တာရှည်ခံခြင်းကြောင့် လူကြိုက်များလာပြီး အရောင်းသွက်လျက်ရှိကြောင်း၊  တစ်နှစ်ပတ်လုံးတင်ပို့ ရောင်းချရာ လုပ်ငန်းရှင်တစ်ဦးလျှင် အလုံးရေ (၁)သိန်းကျော် (၂)သိန်းဝန်းကျင်ခန့် ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်သားခပေးချေရမှု အခြေအနေ

          ဂျုံရိုးကျစ်ခြင်းလုပ်ငန်းသည် လွယ်ကူပြီး ကျွမ်းကျင်စွာရက်လုပ်ပါက လူတစ်ဦးလျှင် တစ်ရက် ဦးထုပ်(၃/၄)လုံးစာ ရက်လုပ်နိုင်ပါသည်။ ဦးထုပ်တစ်လုံးလျှင် ကျစ်ကြိုး အတောင်(၄၅) တောင်ခန့်ကုန်ကျကြောင်း၊ပိုမို၍ ကျယ်ပြန့်လိုပါက အတောင်ရေ(၅၀-၆၀)တောင် အသုံးပြုချုပ် လုပ်ပါကြောင်း၊  ကျစ်ကြိုးဈေးနှုန်းမှာ အတောင်(၄၅)တောင်ကို ကျပ်(၁၀၀၀ မှ ၁၂၀၀ ကြား)၊ စက်ချုပ်ရာတွင် လှပသေသပ်သည့် ဦးထုပ်များရရန် အမျိုးသမီးတစ်ဦး၏ ကျွမ်းကျင်မှုအရ တစ်ရက်လျှင် ဦးထုပ် လုံးရေ(၄၀/၅၀)ခန့် ချုပ်လုပ်နိုင်ပါသည်။ စက်ချုပ်အလုပ်သမားတစ်ဦး တစ်ရက်လုပ်ခမှာ ကျပ်(၄၀၀၀ မှ ၅၀၀၀ ကြား) ရရှိပါသည်။ ဂျုံရိုးဦးထုပ် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးသည် အလုပ်သမား (၁၅ ဦး မှ ၂၀ဦးထိ) ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

          ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်၏ အားသာချက်များမှာ ကုန်ကျစရိတ် သက်သာသော လက်မှုလုပ်ငန်းတစ်ခုဖြစ်ခြင်း၊ ရိုးရှင်းလှပပြီး ပေါ့ပါးခြင်း၊ အများဝယ်ယူနိုင်သည့် ဈေးနှုန်းဖြစ်သည့်အတွက် လူသုံးများသည့် ဈေးကွက်ဝင် ထုတ်ကုန်တစ်မျိုးဖြစ်ခြင်း၊ နေပူဒဏ်ကာကွယ်ပေး၍ စက်ဘီးစီးရာတွင်လည်းကောင်း၊ တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင်လည်းကောင်း အသုံးပြုနိုင်ခြင်း၊ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ များစွာပေးနိုင်ခြင်း၊ အလေးဖိအား ဒဏ်ခံနိုင်ပြီး၊ ရိုသေစွာကိုင်တွယ်ပါက ၄/၅နှစ်ထိ အသုံးပြုနိုင်ပါကြောင်း သိရှိရပါသည်။

          ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်၏ အားနည်းချက်များမှာ ဂျုံရိုး၏ အပေါ်ပိုင်းကိုသာ အသုံးပြု မှုများပြီး၊ အောက်ပိုင်းကို အသုံးပြု၍ ထုတ်လုပ်မှုနည်းခြင်း၊ မိုးရေထိပါက အရောင်ပျက်တတ်သည်ကိုလည်း သိရှိရပါသည်။

          ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်လုပ်ငန်းသည် ဒေသခံပြည်သူများအတွက် ဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းတို့ကြောင့် ကျေးလက်ဒေသ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် စသည့် အထောက်အပံ့ကောင်းများ ပံ့ပိုးပေးနိုင်ပါက တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံစီးပွားရေး တိုးတက်မှုကိုလည်း တစ်ထောင့်တစ်နေရာကပါဝင်ရာရောက်လာနိုင်ပါကြောင်း၊  မြန်မာ့ရိုးရာ လက်မှုပညာလုပ်ငန်းတစ်ခုဖြစ်သည့် ဂျုံရိုးခမောက်(ခေါ်) ဂျုံရိုးဦးထုပ်ကို ပြည်တွင်းတွင်သာမက  ပြည်ပဈေးကွက်အထိပါ အရောက်တင်ပို့နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများနှင့် ဈေးရောင်းပွဲတော်များတွင် ပြသသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတော့သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ထောပတ်ပဲနှင့် စွန်တာနီ/ပြာပဲ များ ဈေးကောင်းရ

                စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်၌ ထောပတ်ပဲစိုက်ဧက(၃၈၉၂၁) ဧက၊ စွန်တာနီ/ ပြာပဲစိုက်ဧက(၂၃၁၈၈၀)စိုက်ပျိုးခဲ့ပြီး၊ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်၌ စွန်တာနီ(ဆောင်း)စိုက်ဧက (၉၃၂၁)၊စွန်တာပြာ(မိုး)စိုက်ဧက (၈၁၅၉၆)နှင့် စွန်တာပြာ(ဆောင်း)စိုက်ဧက (၁၄၁၄၉၃)၊စုစုပေါင်း စိုက်ဧက (၂၃၂၄၁၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ဧက(၅၃၀)ဧက ပိုမိုစိုက်ပျိုးလာနိုင်ပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၁၄၂၅၀၀)ခန့် ကုန်ကျကြောင်း၊ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၄၁၈၀၀)ကျပ်ရရှိကြောင်း၊ တစ်ဧကပျှမ်းမျှအထွက်နှုန်းအားဖြင့် (၁၅)တင်းခန့်ထွက်ရှိပြီး တစ်ဧကဝင်ငွေအနေဖြင့် (၆၂၇၀၀၀)ကျပ်ရရှိပါသောကြောင့်  တစ်ဧကအကျိုး အမြတ်အနေဖြင့် (၄၈၄၅၀၀)ကျပ်ရရှိခဲ့ကြောင်း၊ ထောပတ်ပဲစိုက်ဧကစုစုပေါင်း (၃၉၁၉၅) ဧကစိုက်ပျိုးသဖြင့်၊ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် စိုက်ဧက(၂၇၄)ဧက ပိုမိုစိုက်ပျိုးခဲ့ကြောင်း တွေ့ရပါသည်။ တစ်ဧကစိုက် ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၁၆၀၀၀၀)ကျပ်ခန့် ကုန်ကျပါသည်။ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၃၉၈၀၀)ကျပ် ရရှိကြောင်း၊ တစ်ဧကပျမ်းမျှ အထွက်နှုန်းအနေဖြင့်(၁၇)တင်းခန့် ထွက်ရှိကြောင်း၊ တစ်ဧကဝင်ငွေအနေဖြင့် (၆၇၆၆၀၀)ကျပ် ရရှိသဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် ( ၅၁၆၆၀၀ ) ကျပ်ခန့် ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့် သီးနှံဖြစ်ကြောင်း၊ မုံရွာမြို့ နယ်ရှိ ကျွန်းသာယာကျေးရွာနှင့် ရှားပင်ကျွန်းကျေးရွာများရှိ တောင်သူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

အမယ်သစ်ပို့ကုန်ကယားတောင်ကုန်းမြင့်ကော်ဖီ

              ကယားပြည်နယ်တွင် စပါးနှင့်ပြောင်းကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး အချို့ဒေသများတွင် ရွှေ့ပြောင်းတောင်ယာမှ နှစ်ရှည်သီးနှံပြောင်းလဲ၍ ကော်ဖီကိုအမယ်သစ်နှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုးလာကြောင်း၊ ၂၀၂၁-၂၀၂၂ခုနှစ် ကော်ဖီစိုက်ဧက ( ၇၀၉ )ဧက၊ ရိတ်ဧက ( ၂၀၈ )ဧကနှင့် တစ်ဧက (၁၄၆.၅၅)ပိဿာထွက်ရှိပြီး စုစုပေါင်းအထွက်နှုန်းမှာ ၃၀၄၈၃ပိဿထွက်ရှိကြောင်း၊ ကော်ဖီကို ဒီးမော့ဆို၊ ဒေါဘျာကူးဒေါသဲနှင့် ဖရူဆို၊ ဟိုယာ/ဘီယာဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး နည်းပညာအနေဖြင့် ဂျပန်(စိုက်၊ခူး၊သန့်စင်)နည်းဖြင့်စိုက်ပျိုး၍ ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်မြို့သို့ တင်ပို့ပြီး ပြည်ပဈေးကွက် စင်္ကာပူ၊ ဂျပန်နိုင်ငံများသို့ တစ်နိုင်တစ်ပိုင်တင်ပို့လျက်ရှိကြောင်း ၊ ကယားတောင်ကုန်းမြင့်ကော်ဖီမှာ အာရာဗီကာနှင့် ကယားလီကော်ဖီအမျိုးအစားများထုတ်လုပ်ပြီး ကော်ဖီမှုန့် (၁၀၀) ဂရမ်-၂၅၀၀ကျပ်၊ ( ၂၀၀ ) ဂရမ်-၃၅၀၀ကျပ်ဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်သူတစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

              အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၃.၃.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၃၀.၃.၂၀၂၂) ရက်နေ့ အတွင်း နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီဈေးနှုန်းတို့ အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခင်အပတ်(၄၅) ပိဿာ(1)အိတ်လျှင်(၁၅၀၀၀ဝိ/-) ယခုအပတ်(၁၅၅၀၀ဝိ/-)ရှိခဲ့၍ (၅၀၀ဝိ/-)ဈေးနှုန်းမြင့်ခဲ့ပြီး နှမ်း(စမုံနက်) ဈေးနှုန်းမှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းစမုံနက်(၁၂၅၀)အိတ်၊ နှမ်းပြာ(၄၅၀)အိတ်၊ နှမ်းနီ(၁၂၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်တို့ ဖြစ်ပါသည်။

            ပဲမျိုးစုံအနေဖြင့် ဈေးကွက်မှာ ပဲတီစိမ်း(၂၀)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၄၂၀၀ဝိ/-) ဈေးနှုန်းရှိခဲ့ပြီး ယခုအပတ်(၄၄၀၀ဝိ/-)ရှိ၍ (၂၀၀ဝိ/-)ဈေးမြင့်၊ ပဲစဉ်းငုံ(နီ) ယခင်အပတ်(၄၄၀၀ဝိ/-) ယခုအပတ်(၄၅၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်၊ မတ်ပဲ ယခင်အပတ်(၄၆၅၀ဝိ/-) ယခုအပတ် (၄၇၀၀ဝိ/-) (၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(H.L) ယခင်အပတ်(၄၄၅၀ဝိ/-) ယခုအပတ်(၄၄၀၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၄၅၀၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-)(၅ဝဝိ/) ဈေးလျော့၊ ဘိုကိတ်(ပြာ)နှင့် မြေပဲ(လုံးဆံဖြူ)တို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ ပဲကြီး ယခင်အပတ်(၅၆၀၀ဝိ/-) ယခုအပတ်(၅၉၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲတီစိမ်း (၇၈၀)အိတ်၊ ပဲစဉ်းငုံနီ(၉၀ဝ)အိတ်၊ ကုလားပဲ(HL)(၂၂၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၀၀)အိတ်၊ ဘိုကိတ်ပြာ(၅၅၀)အိတ်၊ မြေပဲလုံးဆံဖြူ(၄၀၀)အိတ်၊ ပဲကြီး(၁၈၀၀)အိတ်၊ မတ်ပဲ(၃၂၀)အိတ် ဖြစ်ကြောင်း သိရှိရပါသည်။

          ဝါသီးနှံမှာ ယခင်အပတ်(1)ပိဿာ (၁၉၀ဝိ-၂၀၀ဝိ)ဖြစ်ပြီး ယခုအပတ်(၁၉၅ဝိ-၂၀၅ဝိ)ရှိသည့် အတွက်(၅ဝိ/-)ကျပ်ဈေးမြင့်ခဲ့ပြီး ပိဿာချိန်(၃၈၂၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း