ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကသာ ကြက်သွန်နီ ဈေးနှုန်း တည်ငြိမ်လျက်ရှိ

               ကသာခရိုင်တွင် ကြက်သွန်နီ ဝင်ရောက်မှုအနေဖြင့် မန္တလေး-မုံရွာဘက်မှ အဝင်များပြီး ခင်ဦး၊ ရေဦးဘက်မှလည်း အဝင်ရှိကြောင်း သိရှိရပါသည်။ တစ်ပတ်လျှင် ကြက်သွန်နီဝင်ရောက်မှုမှာ မန္တလေး- မုံရွာဘက်မှ တစ်အိတ်လျှင် ၃၅ပိဿာပါ အိတ်ရေ(၂၀၀)ခန့်နှင့် ခင်ဦး-ရေဦးဘက်မှ တစ်အိတ်လျှင် ၅၀ပိဿာပါ အိတ်ရေ(၁၅၀)ခန့် ဝင်ရောက်ကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရသည်။

              ယခုအပတ်အတွင်း လက်လီဈေးနှုန်းအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် အသေး၊ အလတ်၊ အကြီး ပေါ်မူတည်၍  (၁၀၀၀/- ၊ ၁၂၀၀/-၊ ၁၄၀၀/-)ကျပ်ခန့်ထိရှိပြီး လက်ကားဈေးနှုန်းအနေဖြင့်       ( ၉၀၀/-၊ ၁၀၀/-၊ ၁၁၀၀/-) ကျပ်နှုန်းခန့် ရောင်းချလျက်ရှိကာ ယခင်အပတ်များနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက အတက်/ အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်အတွင်း ဆန်/ စပါး ရောင်းဝယ်မှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက်များ

            ကလေးမြို့နယ်တွင် စပါးဈေးနှုန်းများအနေဖြင့် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၀၀၀ ) ကျပ်၊ ဧရာမင်းစပါး ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၁၀၀၀၀ ) ပေါက်ဈေးနှုန်းရှိပြီး ဆန်ဈေးနှုန်းများအနေဖြင့် ဧည့်ဆန် ( ၂၄ )ပြည် တစ်အိတ်လျှင် ( ၂၇၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၂၆၅၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၃၇၀၀၀ ) ကျပ် ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

            ဆန်ဈေး/စပါးဈေးနှုန်းများ အနေဖြင့် ထူးခြားစွာ ဈေးနှုန်းမြှင့်တက်မှုမရှိဘဲ ဈေးနှုန်း တည်ငြိမ်လျက် ရှိပါသည်။ အချို့မြို့နယ်များတွင် နွေစပါးများ ပေါ်ထွက်လာပြီး စပါးတစ်တင်းလျှင် ( ၆၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းရှိပြီး မြို့နယ်တွင်းသာ စားသုံးမှုများရှိကြောင်း သိရှိရပါသည်။

            ဆန်ရောင်းချမှုအနေဖြင့် စားဆန်ကိုသာ ပုံမှန်ရောင်းချလျက်ရှိပါကြောင်းနှင့် ကလေးမြို့မှ စားဆန်အနေဖြင့် မုံရွာမြို့နှင့် နယ်တစ်ဝိုက်သို့ လစဉ် ဆန် ( ၂၄ ) ပြည်အိတ် ( ၁၀၀၀၀ - ၁၅၀၀၀ ) အိတ်ခန့် တင်ပို့ရောင်းချလျက်ရှိပါကြောင်း ဆန်စက်ပိုင်များထံမှ မေးမြန်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ပဲတီစိမ်းဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲအနေဖြင့် သီးနှံများ၏ဈေးနှုန်းဆိုင်ရာ အချက်အလက်များနှင့် အရောင်းအဝယ်ဖြစ်မှုစာရင်းများကို ရွှေဘိုမြို့၊ ပဲပွဲစားများကထိန်တော် အသင်းမှတာဝန်ရှိသူများနှင့်  ချိတ်ဆက်၍ ပေးပို့ဆောင်ရွက်လျှက် ရှိပါသည်။

              စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၌ ပဲတီစိမ်း (မိုးကြို)(၄၃၀၂၈)ဧက စိုက်ပျိုးခဲ့ပြီး ရွှေဘိုမြို့နယ်တွင် (၉၅၁၈)ဧက၊ ဝက်လက်မြို့နယ်တွင် (၁၅၉)ဧက၊ ခင်ဦးမြို့နယ်တွင် (၂၀၃၉၉)ဧက၊ ရေဦးမြို့နယ်တွင်(၄၅၅)ဧက၊ တန့်ဆည်မြို့နယ်တွင်(၁၁၉၇)ဧကနှင့် ဒီပဲယင်းမြို့နယ်တွင် (၁၁၃၀၀)ဧက စိုက်ပျိုးကြောင်း၊ ၂၀၂၀-၂၀၂၁ခုနှစ်တွင် ပဲတီစိမ်း(မိုးကြို)(၅၀၁၉၅)ဧကစိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၄၃၀၂၈)ဧကစိုက်ပျိုးသဖြင့် ယခင်နှစ်အောက် (၇၁၆၇)ဧက လျော့နည်း စိုက်ပျိုးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ ယခင်နှစ်အောက် လျော့နည်းစိုက်ပျိုးရခြင်းမှာ စိုက်ပျိုးထားရှိချိန်တွင် မိုးရွာသွန်းမှုမရှိပါက ရေရရှိနိုင်ရန် မြေအောက်ရေကို စက်ဖြင့်စုတ်ယူ၍ သွင်းခြင်းများ ဆောင်ရွက်ရသဖြင့် ယခုနှစ်တွင် ပိုးသတ်ဆေးနှင့် သွင်းအားစုဈေးနှုန်းများသာမက စက်သုံးဆီဈေးနှုန်းများလည်း ယခင်နှစ် ထက်မြင့်မားမှုကြောင့်ဖြစ်ကြောင်း၊ သို့သော်လည်း ယခုနှစ်နွေသီးနှံပဲတီစိမ်းများစိုက်ပျိုးရာတွင်  မိုးပုံမှန်ရွာသွန်းမှုကြောင့် စက်ရေတင်ခြင်းလုပ်ငန်းများကို လိုအပ်မှသာ (အနည်းငယ်သာ) ဆောင်ရွက်ရကြောင်း တောင်သူများထံမှသိရှိရပါသည်။ ၎င်းစိုက်ပျိုးထားသော ပဲတီစိမ်းများသည် မေလလယ်ခန့်မှစတင်၍ ဈေးကွက်အတွင်းသို့ရောက်ရှိလာပြီး စတင်ပေါ်ချိန် အဖွင့်ဈေးမှာ (၁)တင်းလျှင် (၄၈၀၀ဝိ/-)မှ(၅၂၀၀ဝိ/-) ထိရှိခဲ့ရာမှ ဇွန်လဒုတိယပတ်၌ (၁)တင်းလျှင် (၃၈၀၀ဝိ/-)မှ (၄၀၀၀ဝိ/-)ထိပေါက်ဈေးရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ ရောက်ရှိလာသော ပဲတီစိမ်များမှာ ရေဆင်း-၁၁နှင့် ရေဆင်း-၁၄မျိုးများဖြစ်ပြီး၊ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းရှိ မူးရေဝင်သည့်ကျေးရွာများ၊ ရွှေဘိုမြို့တောင်ဘက်ခြမ်းရှိ ဝက်လက်မြို့နယ်မှ ကျေးရွာအချို့အပြင် ဒီပဲယင်းမြို့နယ် မူးမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ အများဆုံးလာရောက် ရောင်းချကြကြောင်း၊  ဝယ်ယူရရှိသည့် ပဲတီစိမ်းများကို မန္တလေးဈေးကွက်သို့ ဆက်လက်တင်ပို့ ရောင်းချကြကြောင်းနှင့် မေလအတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ပဲတီစိမ်း (၅၁၅၀၀)တင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အောင်ဆန်းငွေလာဆန်စက်အား သွားရောက်လေ့လာ

              ပြည်တွင်းထုတ်ကုန်များ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် (၆.၆.၂၀၂၂) ရက်နေ့ (၁၅း၀၀) နာရီ အချိန်တွင် ဘားအံမြို့၊ ထုံးအိုင်စံပြကျေးရွာရှိ အောင်ဆန်းငွေလာ တန်(၆၀)ကျ ဆန်စက်သို့ သွားရောက် လေ့လာခဲ့ပါသည်။

          အောင်ဆန်းငွေလာဆန်စက်၏ တစ်နေ့တစ်ကြိမ်ခွဲနိုင်မှုနှင့် ရရှိလာသောဆန်နှင့် ဆန်ထွက်ပစ္စည်းဈေးနှုန်းတို့ကို ဆန်စက်ပိုင်ရှင် ဒေါ်ပန်းဖူးဒါလီအောင်အား မေးမြန်းခဲ့ရာ ဆန်စက်မှ တစ်နေ့လျှင် (၈) နာရီအတွင်း စပါးတင်း (၁၅၀၀) ကြိတ်နိုင်ပြီး အခြောက်ခံစက်မှလည်း စပါးတင်း (၁၃၀၀) ခြောက်ခံနိုင်ကြောင်း သိရှိရပြီး (၁၀၈) ပေါင်ရှိသော ဆန်ချော(ရှယ်) တစ်အိတ်လျှင်(၃၅၀၀၀/-) ကျပ်၊ ဆန်ကွဲ (ပွိုင့်) ပေါင် (၆၀) တစ်အိတ်လျှင် (၁၃၅၀၀/-) ကျပ်၊ ဆန်ကွဲ (သေး) (၁၀၈) ပေါင်လျှင် (၂၉၀၀၀/-) ကျပ်နှင့် ဖွဲနုပေါင် (၆၀) တစ်အိတ်လျှင် (၁၃၅၀၀/-) ကျပ်၊ဖွဲပြာ တစ်အိတ်လျှင် (၁၀၀၀/-) ကျပ်တို့ဖြင့် ဆန်စက်အထိုင်ဈေးဖြင့် ရောင်းချကြောင်းနှင့် အောင်ဆန်းငွေလာ ဆန်စက်သည် ကရင်ပြည်နယ်တွင် ဆန်ကြိတ်ခွဲနိုင်သော (တန်) အများဆုံးထွက်ရှိသည့် ဆန်စက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသည် ပြည်တွင်းကုန်သွယ်မှု တိုးတက်စေရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးစေရေးအတွက် ဒေသတွင်းအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ထုတ်ကုန်များတိုးမြှင့်စေရန် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများသို့ ကွင်းဆင်းလေ့လာဆောင်ရွက်မှုများ တွန်းအားပေးဆောင်ရွက်လျက် ရှိနေပါသည်။

DOCA(ကရင်)

 

မကွေးမြို့၏ စက်သုံးဆီစျေးနှုန်း ၂၀၂၂ ခု မေလ စတုတ္ထပတ်နှင့် ဇွန်လ ပထမပတ် နှိုင်းယှဉ်ခြင်း

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက္ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးထားသော စက်သုံးဆီစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်း စိစစ်ကြီးကြပ်လျှက်ရှိပါသည်။

            မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသည် ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၂ခုနှစ် ၊ မေလ စတုတ္ထပတ်အတွင်း ဒီဇယ်(ရိုးရိုး) (၁)လီတာ (၂၃၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) (၁) လီတာ (၂၄၀ဝိ/-)ကျပ်၊ ဓါတ်ဆီ(92)(၁)လီတာ(၂၂၇ဝိ/-)ကျပ်နှင့် ဓါတ်ဆီ(95) (၁)လီတာ (၂၃၈၅)ကျပ် အသီးသီးရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ၊ ဇွန်လ ပထမပတ်အတွင်း  ဒီဇယ်(ရိုးရိုး)  (၁)လီတာ (၂၄၅၅)ကျပ်၊  ဒီဇယ်(ပရီမီယမ်)    (၁)လီတာ (၂၄၈၅)ကျပ်၊ ဓါတ်ဆီ(92)(၁)လီတာ( ၂၂၀၅) ကျပ်နှင့် ဓါတ်ဆီ (95)(၁) လီတာ (၂၂၅၅)ကျပ်တို့ဖြစ်သဖြင့် ယခင်မေလ စတုတ္ထပတ်နှင့် ယခုဇွန်လ ပထမပတ်တို့ နှိုင်းယှဉ် ကြည့်ပါက ဒီဇယ်(ရိုးရိုး)(၁) လီတာလျှင် (၈ဝိ/-)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) (၁)လီတာ လျှင်(၈၅) ကျပ်တို့   စျေးနှုန်းမြှင့်တက်ခဲ့ပြီး ဓါတ်ဆီ(92)(၁)လီတာလျှင် (၆၅)ကျပ်နှင့် ဓါတ်ဆီ (95)(၁)လီတာ (၁၃ဝိ/-)ကျပ်တို့ စျေးနှုန်းသက်သာလာကြောင်း တွေ့ရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီး ပို့ကုန်/သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ( ၅/၂၀၂၂ ) လအတွင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( ၁.၅၃၇၅ )၊ သွင်းကုန်အမေရိကန်ဒေါ်လာသန်း( ၀.၂၉၁ ) စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ( ၁.၆၆၆ ) အမေရိကန်ဒေါ်လာရှိခဲ့ပြီး၊ ပို့ကုန်ပစ္စည်းများအနေဖြင့် စွန်ပလွန်သီး၊ မက်မွန်သီး၊ စီးကရက်နှင့် အခြား နန်းဖာလုံ ကုန်စုံပစ္စည်းများ၊ သွင်းကုန်အနေဖြင့် ဓါတ်မြေသြဇာ၊ ဇီယာစေ့၊ ဆံပင်၊ ဂျုံမှုန့်များ ဖြစ်ကြောင်း၊  ယခင် ( ၄/၂၀၂၂ ) လတွင် ပို့ကုန် အမေရိကန်ဒေါ်လာသန်း ( ၁.၈၀၃ )၊  သွင်းကုန် အမေရိကန် ဒေါ်လာသန်း ( ၀.၂၂၈ ) ရှိပြီး၊ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း(၂.၀၃၁)ရှိသည့်အတွက် ယခုလနှင့် နှိုင်းယှဉ်ပါက ယခင်လထက် အမေရိကန် ဒေါ်လာသန်း ( ၀.၃၆၅ )လျော့နည်းခဲ့ကြောင်း၊ ကလေးမြို့နယ်တွင်( /၂၀၂၂ )လအတွင်း ကုန်စည်စီးဆင်းမှုများအနေဖြင့် ကုန်ပစ္စည်းများသယ်ဆောင်ရာတွင် လမ်းကြောင်း တစ်ခုတည်းကိုသာ အသုံးပြုနေရသည့်အတွက် မိုးတွင်းကာလတွင်ခရီးအနည်းငယ်ကြန့်ကြာမှုများရှိပါကြောင်း၊  ယခုကာလတွင် ရောင်းဝယ်ဖောက်ကားမှုအနေဖြင့် စားသောက်ကုန်များသာ အဓိကထားတင်ပို့ရောင်းချလျက်ရှိပါကြောင်း  သိရှိရသည်။

DOCA(စစ်ကိုင်း)

ရာသီစာသီးနှံ လိုင်ချီးသီးများ ဆွတ်ခူးရောင်းချ၍ နှစ်စဉ်ဝင်ငွေရရှိ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ သာစည်ကျေးရွာတွင် နှစ်ရှည်လိုင်ချီးသီးပင်များအား  မြေယာလွတ် မိမိအိမ်ဝန်းများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအားဖြင့် မိုးတွင်းကာလတွင် အပိုဝင်ငွေအဖြစ် နှစ်စဉ်ရရှိလျက်ရှိကြောင်း သိရသည်။

             မိမိအိမ်နောက်ဖေးတွင် စိုက်ပျိုးထားသည့် လိုင်ချီးသီးပင်များကို ကိုင်းပွား၍ စိုက်ပျိုးမည်ဆိုပါက နှစ်ချင်း အသီးသီးပြီး အစေ့မှစိုက်ပျိုးမည်ဆိုပါက ( ၁၀ ) နှစ်မှ ( ၁၅ ) ခန့် ကြာမှ အသီးများ စတင်သီးသည်ဟု သာစည်ကျေးရွာနေ လိုင်ချီးစိုက်ပျိုးသူ ဒေါ်လှစိန်မှ ပြောကြားပါသည်။

            လိုင်ချီးသီးသည် အရသာအလွန်ချိုသော်လည်း သကြားဓါတ်သည် သဘာဝသစ်သီး သကြားဓါတ်ဖြစ်ပါသည်။ အမျှင်ဓါတ်ကြွယ်ဝစွာပါရှိသောကြောင့် အစာကျေညက်လွယ်ပြီး အရွယ်တင် နုပျိုစေရန်နှင့် အသက်ရှည်စေရန်အတွက် တိုင်းရင်းဆေးဝါးကုထုံးများတွင်လည်း အသုံးပြုလေ့ရှိသည်ဟု လေ့လာသိရှိရပါသည်။

             လိုင်ချီးသီးသည် ဇန်နဝါရီလတွင် စတင်ဖူးပွင့်ပြီး ဧပြီလ နောက်ဆုံးပတ်တွင် စတင် အသီးများရောင်းချပြီး ဇွန်လတွင် အသီးများ ခူးဆွတ်ရောင်းချပြီးဖြစ်ပါသည်။ အပင်အရွယ်အစား ပေါ်မူတည်၍ အသီးအနည်း/အများ အလိုက် ဝင်ငွေရရှိမှု ကွာခြားပါသည်။ ပေါ်စတွင် လိုင်ချီးသီး တစ်လုံးလျှင် ( ၅၀ ) ကျပ်ခန့် ဈေးနှုန်းရရှိပြီး အသီးလှိုင်လာပါက အလုံး ( ၃၀ - ၃၅ ) လုံးလျှင် ( ၁၀၀၀ ) ကျပ်ဖြင့် ရောင်းချရပါသည်။ အချို့အပင်များသည် တစ်ရာသီတွင် ( ၁၀၀၀၀၀ ) ကျပ်ခန့်နှင့် အပင်ကြီးပါက ( ၃၀၀၀၀၀ ) ကျပ်ခန့် ပုံမှန်ဝင်ငွေ ရရှိလျက်ရှိပါသည်။

              ထိုကဲ့သို့  မိမိတို့၏အိမ်ဝန်းခြံများအတွင်း ရာသီစာသီးနှံဖြစ်သည့် လိုင်ချီးသီး စိုက်ပျိုးထားရှိခြင်းဖြင့် နှစ်စဉ်ငွေပုံမှန်ရရှိနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကသာမြို့တွင်း ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လာ

            ကသာမြို့၊ ဒေသတွင်းခရမ်းချဉ်သီး သီးနှံစိုက်ပျိုးသူများအနေဖြင့် ဧရာဝတီမြစ်ရေကျချိန် မြေနုကျွန်းပေါ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် အသီးများ စတင်ခူးဆွတ်ကြကြောင်း သိရှိရသည်။ ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်းသီးစတင် ထွက်ရှိချိန်တွင် တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးကောင်းရရှိပြီး ဖေဖော်ဝါရီလနှင့် မတ်လ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ပေါက်ချိန်တွင် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၂၅၀ကျပ်ထိသာ ရရှိကြောင်း ကသာမြို့ ဒေသတွင်း ခရမ်းချဉ်းသီးစိုက်ပျိုးသူထံမှ သိရသည်။

          ဧပြီလနှင့် မေလမှစ၍ ဈေးကွက်အတွင်းတွင် ဒေသတွင်းစိုက်ပျိုးသည့် ခရမ်းချဉ်သီးများ နည်းပါးလာသည့်အတွက် မန္တလေး၊ မုံရွာဘက်မှ ခရမ်းချဉ်သီးများ စတင်ဝင်ရောက်လာပြီး တစ်ပတ်လျှင် ပိဿာ(၂၀)ပါ သေတ္တာအလုံး (၅၀)ခန့် ကသာမြို့နယ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်လီတစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ ကျပ်ခန့်ထိ တစ်ဖြည်းဖြည်း ဈေးနှုန်း မြင့်တက်လာရာမှ ယခု ဇွန်လပထမပတ်တွင် ကသာမြို့တွင်း ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် အလုံးသေး (၁၅၀၀)ကျပ်နှင့် အလုံးကြီး ကျပ် (၂၀၀၀) ထိ ဈေးနှုန်းမြင့်တက်လာကြောင်း ဈေးကွက်အတွင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တစ်ပိုင်တစ်နိုင် လက်ရက်ကန်းလုပ်ငန်းသို့ ကွင်ဆင်းလေ့လာ

          စစ်ကိုင်းမြို့နယ်တွင် မိရိုးဖလာ လက်ဆင့်ကမ်းအမွေအဖြစ် ဆွေစဉ်မျိုးဆက် ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းမြို့နယ်တွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့်  ကျေးရွာ (၃၃) ရွာကျော်တွင် တစ်ပိုင်တစ်နိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူပေါင်း(၂၀၀၀) ကျော်ခန့်ရှိသဖြင့် ၂၀၁၄ ခုနှစ်က ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ  ဦးဆောင်၍ စစ်ကိုင်းမြို့နယ်ရက်ကန်းအသင်းကို အလုပ်အမှုဆောင်(၂၅)ဦး၊ အသင်းသား(၂၂၆၀)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ စစ်ကိုင်းမြို့ပေါ်၌ လက်ရက်ကန်းလုပ်ကိုင်သူ (၃၀)ဦးနှင့် စက်ရက်ကန်းလုပ်ကိုင်သူ (၅)ဦး၊ ပေါင်း(၃၅)ဦးခန့် ရှိရာ  စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ ဒေါ်ဇာဇာစိုး၏ တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားဖြစ် လုပ်ကိုင်သော လက်ရက်ကန်းလုပ်ငန်းသို့ ဇွန်လ ၂ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦး သွားရောက်တွေ့ဆုံခဲ့ပါသည်။

     ရက်ကန်းလုပ်ငန်းရှင် ဒေါ်ဇာဇာစိုးသည် လွန်ခဲ့သည့် နှစ်(၂၀)ခန့်က လက်ရက်ကန်းစင် (၅) စင် အား အရင်းအနှီးငွေကျပ် တစ်သိန်းဖြင့်မတည်၍ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ လက်ရက်ကန်းစင် (၅)စင်တွင် အမျိုးသမီးလုပ်သား(၈)ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်ပါကြောင်း၊ လက်ရက်ကန်းအတွက် လိုအပ်သော ကုန်ကြမ်း ရိုးရိုးချည်( စီလွန်ချည်) ကို စစ်ကိုင်းမြို့၊ ချမ်းသာ ပိုးထည်တိုက်မှ ဝယ်ယူကြောင်း၊ လက်ရက်ကန်းစင်(၁)စင်၊ လုံချည်(၁)ကွင်းလျှင် (၅/၆) ရက် ရက်လုပ်ရပြီး လက်ခ (၂၅၀၀ဝိ/-)ရကြောင်း၊ လုံချည် (၁)ကွင်းလျှင် ရင်းနှီးငွေအနေဖြင့် ချည်ဘိုး (၁၅၀၀ဝိ/-)နှင့် လုပ်အားခ (၂၅၀၀ဝိ/-)၊ ပေါင်း(၄၀၀၀ဝိ/-) ရှိပြီး (၄၅၀၀ဝိ/-) ဖြင့် ကုန်ကြမ်း ဝယ်ယူသော စစ်ကိုင်းမြို့ရှိ ချမ်းသာပိုးထည်တိုက်သို့ ပြန်သွင်းကြောင်း၊ လက်ကန်းစင်(၁)စင်လျှင် ပျမ်းမျှ လုံချည်(၅)ကွင်းနှုန်းဖြင့် (၅)စင်လျှင် လုံချည်(၂၅)ကွင်း ထွက်ရှိပြီး အလုပ်ရှင်တစ်ဦးအနေဖြင့် အမြတ်များစွာမယူဘဲ အလုပ်သမားအား သင့်လျော်သော လုပ်ခများပေး၍ လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင် ဒေါ်ဇာဇာစိုးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သုံးပုံတစ်ပုံနီးပါးတက်လာတဲ့ ကားဈေးနှုန်းနဲ့  မုံရွာကားဈေးကွက်

              လက်ရှိကာလတွင် ပြည်တွင်းကားဈေးနှုန်းတွေဟာ ငွေကျပ် သိန်းဆယ်ဂဏန်းဝန်းကျင်အထိ မြင့်တက်လာပြီး ‌မော်ဒယ်မြင့်ကားများထက် Use ကားများသာ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မုံရွာကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

              ယခုလို ပြည်တွင်းကားဈေးနှုန်းတွေ အမြင့်တန်းမှာ ရောက်ရှိနေတာဟာ ဒေါ်လာဈေးနှင့် စက်သုံးဆီ ဂယက်ကြောင့်  ဖြစ်တယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

             “ပြည်တွင်းကားဈေးက မူလပေါက်ဈေးထက် ဈေးတွေတက်နေတာပေါ့။ ကားအမျိုးအစားပေါ် မူတည်ပြီး ၁၅ သိန်းကျော်၊ ၃၀ သိန်းလောက်ထိ မြင့်တက်လာတယ်။ ဈေးကွက်အနေအထားကလဲ အေးတယ်။ အရင်ကဆို အခုလို ရာသီအချိန်မျိုးဆို ကားတွေရောင်းနေရပြီး ဒီနှစ်ကျ အတော်လေး ပါးတယ်။ ကြိုက်ရောင်း၊ ကြိုက်ဝယ်အနည်းငယ်လောက်ပဲရှိတယ်။ ဒီနှစ် တစ်နှစ်လုံးတော့ ဒီလိုပုံစံနဲ့ပဲ သွားနေအုံးမယ်ထင်ပါတယ်။ ဈေးကွက်က ထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမျိုးတော့ မရှိနိုင်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကားမူဝါဒတွေက မပြောင်းလဲဘူး၊ အဲ့တော့ ကားဈေးကွက် ဒီအတိုင်းပဲ ဆက်ရှိနေမယ်။ ကြိုက်ဝယ်၊ ကြိုက်ရောင်း ဒီသဘောမျိုးလေးပဲပေါ့” လို့ မုံရွာမြို့ရှိ ကားဝယ်ရောင်းတစ်ဦးက ပြောပြခဲ့ပါတယ်။

               ဒါ့အပြင် ယခုနှစ်အတွင်း ပြည်တွင်းကားဈေးနှုန်းတွေဟာ အမြင့်ပိုင်းသာရှိနေနိုင်မယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ခန့်မှန်းထားကြပါတယ်။

               ယခင်က သိန်း ၁၅၀ လောက်ဖြင့် ဝယ်ယူလို့ရတဲ့ ဟွန်ဒါဖစ်ဟာ ယခုကာလမှာတော့ ကျပ်သိန်း ၂၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

               ထို့အပြင် မုံရွာမှာ မော်ဒယ်မြင့်ကားများထက် တပတ်နွမ်း ဂျပန်ကျ ယခင်တင်သွင်းပြီး (Use) ကားများသာ  ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ ပိုမိုအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း