ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၃.၂.၂၀၂၃)

၃.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၂.၂.၂၀၂၃)

၂.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အကျိုးပြုမည့် တောင်ငူမြို့နယ်မှ နေကြာစိုက်ပျိုးရေး

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ကျေးရွာအုပ်စု ၂၁ အုပ်စုမှ တောင်သူလယ်သမား ၉၃၉ ဦးတို့သည် ဆောင်းနေကြာများကို စိုက်ပျိုးလျက်ရှိရာ နေကြာသီးသန့် ၄၁၈ ဧက၊ သီးညှပ် ၃၃၂၀ ဧက၊ စုစုပေါင်းဆောင်းနေကြာ ၃၇၃၈ ဧကစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းဇယားများအရသိရှိရပါသည်။

   စစ်တောင်းမြစ်သည် တောင်ငူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသောကြောင့် ဆောင်းရာသီ မြစ်ရေကျချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော တောင်သူလယ်သမား များကို များစွာအကျိုးပြုလျက်ရှိပါသည်။ စစ်တောင်းမြစ်ကမ်းရှိ ကျေးရွာများတွင် နေကြာကို သီးသန့်စိုက်ခင်းများဖြင့် စိုက်ပျိုးလျက်ရှိကြပါသည်။

       ဒိုးအင်းကျေးရွာအုပ်စုနှင့် ကရင်ချောင်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးဦးစီးဌာနက နေကြာမျိုးကောင်းမျိုးသန့်ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းအားစုဓါတ်မြေဩဇာများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ၊ ပိုးမွှားကာကွယ်နိုင်သည့် နည်းပညာများပေးခြင်းတို့ကြောင့် နေကြာစိုက်တောင်သူများပိုမိုများပြားလာပါသည်။

        ဒိုးအင်းကျေးရွာအုပ်စုတွင် ယခင်နှစ်က ဆောင်းနေကြာ သီးသန့် ၈ ဧကနှင့် သီးညှပ် ၅၁ ဧကစိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဆောင်းနေကြာ သီးသန့်  ၂၃၈ ဧကနှင့် သီးညှပ် ၆၁၈ ဧကအထိစိုက်ပျိုးလာကြပါသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေကြာစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုရာတွင် အောင်မြင်ဖြစ်ထွန်းနေသည်ကိုတွေ့ရှိရပါသည်။

              တောင်ငူမြို့နယ်တွင် ယခင်နှစ်က ဆောင်းနေကြာ ၁၈၈ ဧကသာ စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ၃၇၃၈ ဧကအထိစိုက်ပျိုးလာကြကြောင်း၊ ဇန်နဝါရီလကုန်တွင် နေကြာများရိတ်သိမ်းတော့မည်ဖြစ်သဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် အကျိုးပြုလာမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ပြောပြချက်အရသိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်ဒေသထွက် ပင်ဆိုင်ဖူး

      ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပင်ဆိုင်ပင်များကိုစိုက်ပျိုးထားသော ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာသို့သွားရောက်၍ ပင်ဆိုင်ဖူးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်များကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

      ရွှေတောင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၂၅-၁-၂၀၂၃)ရက်နေ့တွင်  ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာရှိ ပင်ဆိုင်ဖူးစိုက်ပျိုးသော တောင်သူနှင့်တွေ့ဆုံပြီး တွေ့ဆုံ မေးမြန်းခဲ့ရာ ပင်ဆိုင်ဖူးများကို ဝါဆိုလတွင် စတင်စိုက်ပျိုးကြောင်း၊ ပင်ဆိုင်ဖူးစိုက်ပျိုးရာတွင် အစေ့ကိုပျိုး၍စိုက်ပျိုးရပြီး အပင်ပေါက်များကို ဝါဆိုလပြည့်ကျော်အချိန် စိုက်ပျိုးသောကွင်းတွင် မြောင်းဖော်၍စိုက်ပျိုးရကြောင်း၊ ပင်ဆိုင်ဖူးကို တစ်ယောက်စိုက်သာစိုက်ပျိုးပြီး စိုက်ပျိုးသည့်မြောင်းမှာ ၇ မြောင်း ၈ မြောင်းခန့်ဝင်ဆံ့ကြောင်းသိရှိရပါသည်။ ပင်ဆိုင်ဖူးများကို စိုက်ပျိုးပြီး တစ်လခွဲ၊ နှစ်လအကြာတွင် အဖူးများကို စတင်ဆွတ်ခူးရပါသည်။ ပင်ဆိုင်ပင် တစ်ယောက်စိုက်လျှင် ပင်ဆိုင်ဖူး အစည်း(၅၀၀)စည်းခန့်ထွက်ရှိသည်ဟု သိရှိရပါသည်။ ပင်ဆိုင်ပင်မှ ပင်ဆိုင်ဖူးများကို တစ်ရက်ခြားတစ်ခါခူးဆွတ်ရပြီး ပင်ဆိုင်ပင်တစ်ခါစိုက်ပျိုးထားလျှင် အများဆုံး ၄ လမှ ၅ လခန့်အထိခူးဆွတ်၍ ရောင်းချရကြောင်းသိရှိရပါသည်။ ပင်ဆိုင်ဖူးဈေးနှုန်းများမှာ တစ်စည်းလျှင် ဖောက်သည်ဈေး ၈၀ ကျပ်ဖြင့် ရောင်းချပြီး၊ လက်ကားဈေးအနေဖြင့်ဖြင့် တစ်စည်းလျှင် ၁၀၀-၁၅၀ ကျပ်အထိ ရောင်းချကြကြောင်းသိရှိရပါသည်။

      ပင်ဆိုင်ဖူးများသည်  ကြော်ချက်၍စားရသော ဟင်းရံတစ်ခွက်ဖြစ်သောကြောင့် လူကြိုက်များသဖြင့် ဝယ်ယူစားသုံးကြရာ စိုက်ပျိုးသူများအနေဖြင့် မိမိတို့အတွက် ဟင်းတစ်ခွက်ရရှိသလို ဈေးကွက်တွင် ရောင်းချမည်ဆိုလျှင်လည်း စိုက်ပျိုးစရိတ်ရရှိသည့်အပြင် အပိုဝင်ငွေလည်းရရှိသဖြင့် စိုက်ပျိုးသင့်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် ရေလိုက်မတ်ပဲတို့ပေါ်ပြီ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တော်လသာအုပ်စုဖိုးကတိုးကျေးရွာရှိ တောင်သူ ဦးဉာဏ်မင်း စိုက်ပျိုးထားသော မတ်ပဲ ရေဆင်း ၂ အမျိုးအစားပဲများရိတ်သိမ်းထွက်ရှိနေပြီဖြစ်ကြောင်း သိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်ရုံးမှ ဒု-ဦးစီးမှူး ဦးကိုကိုနိုင်သည် ၂၄-၁-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေလိုက်မတ်ပဲများ စိုက်ပျိုးထွက်ရှိမှုအခြေအနေများကို သွားရောက်မေးမြန်းခဲ့ပါသည်။

      မတ်ပဲစိုက်ပျိုးရာတွင် ထွန်ယက်ချိန်မှ ရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ်များထဲတွင် လယ်ယာမြေထွန်ယက်ခြင်းအတွက် ကုန်ကျစရိတ်မှာ ၆၀၀၀၀ ကျပ်၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အသီးအပွင့်အားဆေး သွင်းအာစုကုန်ကျစရိတ်များမှာ ၂၀၀၀၀၀ ကျပ်၊ ပဲနှုတ်ခမှာ ၆၀၀၀၀ ကျပ်၊ ချွေလှေ့ခမှာ ၅၀၀၀၀ ကျပ်၊ သယ်ယူစရိတ်နှင့် လုပ်သားခမှာ ၃၀၀၀၀ ကျပ်၊ ဆေးဖျန်းခ ၅ ကြိမ်လျှင် ၂၀၀၀၀ ကျပ်၊ မျိုးတစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ စုစုပေါင်း တစ်ဧကကုန်ကျစရိတ်မှာ ၅၀၀၀၀၀ ကျပ်နီးပါးခန့်ကုန်ကျပါသည်။ တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းခန့်ထွက်ရှိသဖြင့် တစ်တင်းရောင်းဈေးမှာ ၅၄၀၀၀ ကျပ်၊ တစ်ဧကဝင်ငွေမှာ ၈၀၀၀၀၀ ကျပ်ခန့်ရရှိနိုင်ပါသည်။ အကျိုးအမြတ်မှာ ၃ သိန်းခန့်အမြတ်ရရှိနိုင်ပါသည်။ ယခင်နှစ် ရေလိုက်မတ်ပဲများမှာ မြစ်မခမြစ်၊ ရေကြီးရေလျှံဖြစ်ပေါ်မှုတို့ကြောင့် နုန်းတင်မြေနုများဖြစ်ပေါ်ကာ အပင်များသန်စွမ်းပြီး အထွက်နှုန်းကောင်းကြပါသည်။ နှစ်စဉ် မတ်ပဲအထွက်နှုန်းမှာလည်း ၂၅ တင်းမှ ၃၀ တင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မြစ်ရေကြီးနစ်မြှုပ်မှုမရှိဘဲ နုန်းတင်မြေများမရှိသဖြင့် အထွက်နှုန်းများ ထက်ဝက်လျော့ကျလျက်ရှိပါသည်။ ရေလိုက်မတ်ပဲကို ကိုင်းမြေများတွင် စိုက်ပျိုးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

          တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

        တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)  (၄၅)ပိဿာဝင်(၁)အိတ်လျှင် ဇန်နဝါရီလတတိယပတ်တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ဇန်နဝါရီလစတုတ္ထပတ်တွင်ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၁၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ် (၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) စသည်ဖြင့်အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမဏ အနေဖြင့် (၄၅) ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၈၅၀)အိတ်၊ နှမ်းပြာ(၁၃၀)အိတ်၊ နှမ်းဖြူ (၈၅) အိတ်၊ နှမ်းနီ (၁၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

         ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ(၁)တင်းလျှင် ကုလားပဲ(HL)မှာ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်းကျပ်(၆၀၀၀၀)ဖြစ်၍ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ၊ ပဲတီစိမ်း (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၇၃၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၇၅၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၃၉၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ မတ်ပဲ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၅၃၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ခဲ့ပြီး၊ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် ဖြင့် ပဲတီစိမ်း(၁၁၅၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၂၈၀၀)အိတ်၊ မတ်ပဲ(၁၈၀)အိတ်၊ ကုလားပဲ(HL) (၃၄၀)အိတ်၊ ဘိုကိတ်ပြာ(၁၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

       မြေပဲလုံးဆံ(ဖြူ)မှာတစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၄၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀)ဖြစ်၍ ကျပ်(၃၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ)ယခင်အပတ်တွင် ကျပ်(၆၄၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၆၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲတောင့်အစိုမှာ တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၂၂၀၀၀)ဖြစ်၍ ကျပ်(၅၀၀) အသီးသီးဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ် (၂၇၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ်(၂၀၀) နှင့် မြေပဲတောင့်အစို တင်း(၁၅၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရှိခဲ့ရပါသည်။

           ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၂၇၅၀)ဖြစ်ပြီး ယခုအပတ် တွင် ကျပ်(၂၉၀၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးမြင့်ကာ ဝါပိဿာချိန်(၂၂၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

အောင်လံမြို့နယ်၏ ဝါသီးနှံဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ဝါစိုက်ဧကအနေဖြင့်ငွေချည်(၆)၁၅၃ဧက၊ရွှေတောင်(၈) ၆၅၉၄ဧက၊ ငွေချည်(၉)၉၃၀ဧက၊ ရွှေတောင်(၁၀) ၄၄၂၃ဧကနှင့် နိုင်ငံခြားမျိုးရာကာ (၆၈၅၂)ဧက၊ စုစုပေါင်း ၁၈၉၅၂ဧကစိုက်ပျိုးထားရှိပြီး ယခုနှစ်တွင်  ချည်မျှင်ရှည်ဝါပန်းတိုင်(၁)ဧက အထွက်နှုန်းမှာ (၅၀၀)ပိဿာဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

       အောင်လံမြို့နယ်တွင် ဝါစတင်ရိတ်သိမ်းသည့်ကာလမှာ စက်တင်ဘာလဖြစ်ပြီး ထွက်ပေါ် ချိန်တွင် (၁)ပိဿာလျှင် အရည်အသွေးအလိုက် ကျပ်(၂၀၀၀မှ ၂၃၀၀)ဖြင့် စတင်အရောင်းအဝယ် ဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်၌ (၁)ပိဿာလျှင် အရည်အသွေး အလိုက် ကျပ်(၂၈၅၀ မှ ၂၉၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းပြီးစီးမည်ဖြစ်ကြောင်း ဝါစိုက်တောင်သူများထံမှ သိရှိရပါသည်။ ကျေးလက်မှ မြို့ပေါ်သို့ ဝါသီးနှံပျမ်းမျှ ပိဿာ(၃)သောင်း ခန့်အဝင်ရှိကြောင်းဝါဂွမ်းတင်ပို့မှုအနေဖြင့်အောင်လံမြို့နယ်မှ တဆင့်မန္တလေး၊ ရွှေတောင်၊တောင်သာ၊ မြင်းခြံမြို့များသို့လည်းကောင်းဝါဂွမ်းနှင့်ဝါစေ့ဆီအား တောင်တွင်းကြီး၊ မကွေး၊ စလေမြို့များသို့ လည်းကောင်း၊ ဝါစေ့ဖတ်အား ရန်ကုန်၊ တိုက်ကြီး၊ အင်းမ(ငါးမွေးမြူရေး)ကန်များသို့လည်းကောင်း၊ ဝါစေ့ခွံအား မြို့နယ်အတွင်း နွားမွေးမြူရေးလုပ်ငန်းရှင်များသို့ လည်းကောင်းရောင်းချကြပါကြောင်း ဝါလုပ်ငန်း ရှင်များထံမှ တစ်ဆင့်သိရှိရပါသည်။

DOCA(မကွေး)

“ ဝါလက်ကျန်ထက် ဂွမ်းလက်ကျန်များလာ”

         မိတ္ထီလာခရိုင်အတွင်း ဝါသီးနှံကို ဧက(၄၃၀၀၀) နီးပါး စိုက်ပျိုးပြီး တစ်ဧက အထွက်နှုန်း ပိဿာ (၃၀၀) ခန့် ရရှိကြောင်းသိရသည်။ ယခင်နှစ် ဝါသီးရင့်မှည့်ချိန် မိုးများခဲ့သဖြင့် အပင်၊ အသီးများနာကာ အထွက်နှုန်းလျော့ကျခဲ့ပါသည်။ မလှိုင်ဝါကို ဧက (၅၀၀၀) ကျော်သာ စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါကို အများဆုံးစိုက်ပျိုးကြပါသည်။ ဝါသီးနှံမှာ ယခုနှစ်ပေါ်စကပင် တစ်ပိဿာ ၂၁၀၀ ကျပ် ရှိခဲ့သဖြင့် တောင်သူအကျိုးအမြတ်များခဲ့ပါသည်။ ယခုအခါ ဝါသီးနှံရာသီကုန်လုနီးလာပြီး၊ ဝါတစ်ပိဿာ ၃၀၀၀ ကျပ်ရှိပါသည်။ ဒေသတွင်း ကုန်သည်များထံတွင် ဝါလက်ကျန်နည်းလာပြီး ဂွမ်းလက်ကျန်များလာပါသည်။ဂွမ်းစျေးမှာ တစ်ပိဿာလျှင် A,B မှ ၇၀၀၀ ကျပ်နှင့် C,D တို့ ၆၇၀၀ ကျပ် စျေးရှိကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း