ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အုတ်တွင်းမြို့နယ်က စိန်တလုံးသရက်သီးဈေးကွက်

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမိုင်တိုင်အမှတ် ၁၃၂/၃ ၊ လမ်းမအနောက် ဖက်တွင် စိန်တလုံးသရက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီ ဖြစ်ပါသည်။ စိန်တလုံးသရက်သီးမျိုးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ် ကျေးရွာတွင် သွားရောက်ဝယ်ယူပြီး အပင်သက် ၅ နှစ် တွင် အသီးစသီးကြောင်း သိရပါသည်။ အသီးစသီးခါစက တစ်ပင်လျှင် အလုံး ၂၀ မှ ၃၀ အထိသာသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀ မှ ၁၀၀ အထိသီးကြောင်း သိရှိရပါသည်။

              အသီးတိုင်းကို အိပ်စွပ်ပေးရပါသည်။ ယခင်နှစ်က အစွပ်အိတ် တစ်အိတ်လျှင် ၃၅ ကျပ် ပေးရပြီး ယခုနှစ်တွင် ၄၅ ကျပ်ပေးရကြောင်း သိရပါသည်။ အုတ်တွင်းမြို့နယ်မှထွက်ရှိသည့် သရက်သီးများကို ဒေသတွင်းနှင့် ရန်ကုန်မြို့ သီရီမင်္ဂလာဈေးသို့ တင်ပို့ရောင်းချရကြောင်း သိရပါသည်။

              ယခင်နှစ်က စိန်တလုံးသရက်သီး အကြီး တစ်လုံးလျှင် ၇၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၅၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၀၀ ကျပ် ရောင်းချရပြီး ယခုနှစ်တွင်မူ အကြီးတစ်လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၇၀၀ ကျပ်နှင့် အသေးတစ်လုံးလျှင် ၅၀၀ ကျပ် ရောင်းချရကြောင်း စိန်တလုံးသရက်ခြံပိုင်ရှင် ဦးဝင်းသိန်းထွန်းထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် နွေစပါးဈေးကွက်

                   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ အုတ်တွင်းမြို့နယ်တွင် နွေစပါးစိုက်ဧက ၂၈၆၂၂ ဧက စိုက်ပျိုးသည့်အနက် ဘုရားကလေးကျေးရွာတွင် ထိုင်းနှံကောက် ၂၀ ဧက ရိတ်သိမ်းလျက်ရှိပြီး တင်း ၁၀၀ လျှင် ကွင်းဈေး ၇၃၀၀၀၀ ကျပ်နှင့် စက်ရုံအရောက်ဈေး ၇၇၀၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူနေကြောင်း သိရှိရပါသည်။ ယခင်နှစ် နွေစပါးပေါ်ချိန်တွင် တင်း ၁၀၀ လျှင် ၆၀၀၀၀၀ ကျပ်ဝန်းကျင်နှင့် စက်ရုံအရောက်ဈေး ၆၂၀၀၀၀ ကျပ်ဝန်းကျင်ရရှိသဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် စပါးဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

              ယခုကဲ့သို့ စပါးဈေး မြင့်တက်လာရခြင်းမှာ သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ လုပ်သားခများ မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် စပါးရောင်းဝယ်သူများမှ တောင်သူများတွက်ချေကိုက်သည့် ဈေးနှုန်းများဖြင့် ဈေးတိုးမြင့်ဝယ်ယူလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ပဲဈေးများအနည်းငယ်ပြန်ကျ

           ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျှက်ရှိရာ ယခင်လကပဲဈေးများ ကောင်းနေရာမှ ဧပြီလဆန်းပိုင်းမှစ၍ ပဲဈေးများပြန်လည်ကျလာသည်ကို တွေ့ရပါသည်။

        ပြည်ကုန်စည်ဒိုင်တွင် မတ်လဒုတိယပတ်မှာ မတ်ပဲဈေးတစ်ဖြည်းဖြည်းမြင့်လာခဲ့ပြီး ပဲတစ် တင်းကို ၄၅၀၀၀-၄၆၀၀၀ကျပ်၊ တတိယပတ်တွင် ပဲတစ်တင်းကို ၄၇၀၀၀ကျပ်၊ နောက်ဆုံး ပတ်တွင် ၄၈၂၀၀-၄၈၅၀၀-၄၉၀၀၀-၄၉၅၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး အရောင်း အဝယ်ဖြစ်မှု မှာလည်း တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝင်ရှိပြီး ရန်ကုန်အဝယ် နှင့်လှောင်သမားများ အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ဧပြီလအစမှစ၍ ပဲဈေးကျလာခဲ့ပြီး ပဲတစ်တင်းကို ၄၇၀၀၀-၄၇၂၀၀-၄၇၅၀၀ ကျပ်ထိ တစ်ဖြည်းဖြည်းကျလာခဲ့ပြီး ပထမပတ်တွင် ၄၃၅၀၀-၄၅၀၀၀ကျပ်ထိ ဈေးကျလာ ခဲ့ပါသည်။ ဝယ်လက်မှာ ပုံမှန်အရောင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါ သည်။

        မတ်လပထမပတ်နှင့် ဒုတိယပတ် ပဲစင်းငုံသီးနှံတစ်တင်းကို ၄၄၀၀၀-၄၅၀၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန် အဝယ်နှင့် လှောင်သမားများအဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းကို ၄၄၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး နောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၄၅၀၀၀-၄၅၅၀၀ ကျပ်ဖြစ်ခဲ့ပါသည်။  ဧပြီလပထမပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ၄၅၀၀၀ကျပ်ဖြင့် ဈေးအေးခဲ့ပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

     ကုလားပဲသီးနှံဈေးမှာ မတ်လဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၄၀၀၀-၄၅၀၀၀-၄၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်သွက်ခဲ့ပြီး မြို့တွင်းရောင်းချမှုနှင့် ရန်ကုန်သို့တင်ပို့မှုရှိခဲ့ပြီး တစ်ရက်ကို အိတ် ၉၀၀/၁၀၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်လတတိယပတ်တွင် ၄၅၀၀၀-၄၅၅၀၀ကျပ် မှ ၄၄၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး နောက်ဆုံးပတ်တွင် ၄၄၅၀၀-၄၅၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့၍ အရောင်းအဝယ်မှာ ကောင်းလျှက်ရှိပြီး တစ်ရက်ကို အိတ် ၈၀၀/၉၀၀ခန့် အဝယ်ရှိ ပါသည်။ ဧပြီလပထမပတ်တွင် ကုလားပဲတစ်တင်းကို ၄၃၀၀၀-၄၃၅၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး ခွဲစက်သမားများနှင့် လှောင်သမားများအဝယ်ရှိခဲ့ပါသည်။

        ပြည်ကုန်စည်ဒိုင်၏ ဘိုကိတ်သီးနှံဈေးမှာ မတ်လဒုတိယပတ် ပဲတစ်တင်းကို ၃၄၀၀၀-၃၅၀၀၀ကျပ်ဈေးဖြစ်ခဲ့ပြီး တတိယပတ်တွင် ပဲတစ်တင်းကို ၃၅၅၀၀-၃၆၀၀၀ကျပ်ဖြင့် လက်လီ/ လက်ကားအရောင်းအဝယ်ရှိခဲ့ပြီး တစ်ရက်ကို လက်လီ ၁၄/၁၅အိတ်ခန့် လက်ကားအဝယ် တစ်ရက် ကို ၄၀/၅၀ အိတ်ခန့် ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ပဲတစ်တင်းကို ၃၆၀၀၀ ကျပ်ဖြစ်ခဲ့ရာမှ ဧပြီလပထမပတ်တွင် ပဲတစ်တင်းကို ၃၅၀၀၀ကျပ်သို့ ဈေးကျလာခဲ့ပါသည်။

        ပဲဈေးအနည်းငယ်ပြန်လည်ကျဆင်းလာရခြင်းမှာ နိုင်ငံခြားငွေလဲလှယ်မှု သတ်မှတ်ချက်ကြောင့်လည်းဖြစ်နိုင်ကြောင်းနှင့် ဈေးနှုန်းကျဆင်းမှုရှိသော်လည်း ပြည်ကုန်စည်ဒိုင်အနေဖြင့် ပဲမျိုးစုံမှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဝါရောင်ကုမ္ပဏီမှ Export ဆန်အိတ်ရေ ၃၀၀၀ သနပ်ပင်မှ ဝယ်ယူ

             ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ ထွက်ရှိသော ဧည့်မထစပါးအမျိုးအစားများကို ရွှေဝါရောင်ကုမ္ပဏီမှ ဖိလစ်ပိုင်နိုင်ငံသို့ NIMBA အမှတ်တံဆိပ်ဖြင့် တင်ပို့ရန် သီးသန့်ဝယ်ယူ၍ သိုလှောင်လျက်ရှိပြီး စပါးများကို သနပ်ပင်မြို့ရှိ ချမ်းအေးဆန်စက် ၊ ရွှေနဒီဆန်စက်တို့မှ အရောင်းအဝယ်စာချုပ်များ ချုပ်ဆို၍ ကြိတ်ခွဲတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ရွှေဝါရောင်ကုမ္ပဏီမှ နိုင်ငံခြားသို့ တင်ပို့မည့် Export ဆန် ဧည့်မထ ၅% စူပါ (၅) ဆန် (၅၀)Kg အိတ်ရေ ၃၀၀၀၀ အား (၁) အိတ်လျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ရန်ကုန်သတ်မှတ်ထားသည့် နေရာအရောက်ပို့ရန် သနပ်ပင်မြို့ ၊ လမ်းမတော် ချမ်းအေးဆန်စက်ပိုင်ရှင် ဦးမြင့်ဇော်နှင့် ယခုလ ဧပြီလဆန်းပိုင်းတွင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားကြပြီး၊ စက်ပိုင်ရှင်ဦးမြင့်ဇော်မှ ယခုလ ဧပြီလ ဆန်းပိုင်းမှစ၍ ဧပြီလကုန်အတွင်း ဆန်တစ်အိတ်လျှင် သယ်ယူပို့ဆောင်ခ (၇၀၀) ကျပ်ကျခံပြီး သတ်မှတ်ထားသည့် နေရာအရောက် အပြီးတင်ပို့ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒေသထွက်ကုန် တံမြက်စည်းဈေးကွက်

           လက်ပံတန်းမြို့၊ မှော်အင်းအုပ်စု၊ လွှစင်ကုန်းကျေးရွာတွင် အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် တံမြက်စည်းလုပ်ငန်းကို အသေးစားအိမ်တွင်းမှု လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ကြမ်းအနေဖြင့် တံမြက်စည်းအဆံကိုသာ အဓိကထားအသုံးပြုပြီး ပဲခူးရိုးမတောင်ပေါ်မှ အဓိကကုန်ကြမ်းရရှိပါသည်။ ကုန်ကြမ်းဖြစ်သည့် တံမြက်စည်းအဆံကို ပြာသိုလပြည့်မှ တပို့တွဲလကုန်အထိသာ ကုန်ကြမ်းအနေဖြင့် တစ်နှစ်မှတစ်ကြိမ်သာရရှိပြီး ကုန်ကြမ်းများကိုလည်း တံမြက်စည်းလုပ်ရန် အထုံး (၄၀၀၀၊ ၅၀၀၀)ခန့် ဝယ်ယူစုဆောင်းသိုလှောင်ထားပါသည်။ တံမြက်ဆံအစည်း အပင်(၁၀၀) လျှင် ယခင်နှစ်က ကျပ် ၅၀၀ မှ ကျပ် ၆၀၀ အထိ ဝယ်ယူအသုံးပြုခဲ့ရပြီး ယခုနှစ်တွင် ကျပ် ၇၀၀မှ ၈၀၀ အထိ ဝယ်ယူအသုံးပြုခဲ့ရသည်။ တံမြက်စည်းပြုလုပ်သည့် ရိုးတံတစ်ချောင်းလျှင် ယခင်နှစ်က ကျပ် ၄၀မှ ၅၀ ကျပ်သာဝယ်ယူပြီး ယခုနှစ်တွင် ကျပ် ၅၀မှ ၆၀ထိ ဝယ်ယူ အသုံးပြုရသည်။ တံမြက်ဆံအပင်ကောင်းလျှင် တစ်စည်းလျှင် အများဆုံး (၃) ချောင်းခန့် ပြုလုပ်နိုင်ပြီး တံမြက်ဆံ အပင်နည်းလျှင် (၂) ချောင်းခန့် ပြုလုပ်နိုင်ပါသည်။

         တံမြက်စည်းတစ်ချောင်း၏ ကုန်ကျစရိတ်မှာ ပျှမ်းမျှကျပ် ၅၀၀ ခန့်အထိကုန်ကျပြီး တစ်ချောင်း ရောင်းရငွေကျပ်၈၀၀ အထိ‌ရောင်းချ၍ တစ်ချောင်းလျှင် ပျှမ်းမျှငွေ ၃၀၀ကျပ် အထိ အကျိုးအမြတ်ရရှိပါသည်။ တစ်ရက်လျှင် တံမြတ်စည်းအချောင်း၃၀ခန့်ပြုလုပ်နိုင်ပြီး ၁လလျှင်အချောင်း ၉၀၀ခန့် ပြုလုပ်နိုင်သည့်အတွက် တစ်နှစ်လျှင်ပျှမ်းမျှ (၁၀၉၅၀) ခန့်ပြုလုပ်လျက်ရှိပါသည်။ တံမြတ်စည်း ပြုလုပ်ခြင်းကို ဈေးကွက်အနေဖြင့် မိမိတို့မြို့နယ်မှ ရန်ကုန်နှင့် အခြားမြို့နယ်များအထိ လက်လီ၊  လက်ကားဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

        တစ်နှစ်ပါတ်လုံးလုပ်ကိုင်ရသော လုပ်ငန်းဖြစ်၍ မိသားစု(၅) ယောက်ခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါတံမြက်စည်းဈေးကွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ လာသောကြောင့် လက်ပံတန်းမြို့၊မှော်အင်းအုပ်စု၊ ကြက်ကလေးကျေးရွာမှလည်း အသေးစားအိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သည့် တံမြတ်စည်းလုပ်ငန်းကို ဒေသအိမ်တွင်းမှုလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိမုန့်ဟင်းခါးဖတ်လုပ်ငန်းသို့ကွင်းဆင်းလေ့လာ

           မြန်မာလူမျိုးတို့နေ့စဉ်စားသုံးနေသည့် မုန့်ပဲသရေစာတွင် မုန့်ဟင်းခါးသည် အဓိကအစား အစာတစ်ခုအဖြစ် ပါဝင်ပါသည်။ ကျေးလက်၊ မြို့ပြမကျန် နံနက်ခင်းအစားအစာအဖြစ် စားသုံးကြသဖြင့် ယခုအခါတွင် မုန်ဟင်းခါးဖတ်လုပ်ငန်းသည် အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ်သို့ ရောက်ရှိ လာသည်ကို တွေ့ရှိရပါသည်။

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မုန်ဟင်းခါးဖတ်ပြုလုပ်သူ လုပ်ငန်းရှင်(၂၁)ဦးရှိပြီး လုပ်သားအရေအတွက်မှာ (၁၁၀)ဦးရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်မြို့နယ် တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့်အဖွဲ့သည် (၇.၄.၂၀၂၂)နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဝင်းစတား မုန့်ဟင်းခါး စက်သို့သွားရောက်ပြီး ပိုင်ရှင်ဦးသောင်းတင်နှင့်တွေ့ဆုံ၍ မုန့်ဟင်းခါးဖတ်ပြုလုပ်ပုံနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ မုန့်ဟင်းခါးဖတ် ပြုလုပ်ရန်အတွက် ဆန်(သို့မဟုတ်) ဆန်ကွဲကို ပြည်မြို့ရှိဆန်ပွဲရုံများမှ ဝယ်ယူရပါသည်။ ကုန်ကြမ်းဆန် တစ်အိတ်လျှင် မုန့်ဟင်းခါးဖတ် (၆)ပိဿာထွက်ရှိပါသည်။ မုန့်ဟင်းခါးဖတ်ပြုလုပ်ရာတွင် လုပ်သားအရေအတွက် (၅)ဦးရှိပြီး တစ်ဦးလျှင် တစ်ရက်လုပ်အားခငွေ (၅၀၀၀)ကျပ် ပေးချေရပါသည်။ တစ်ရက်လျှင် မုန်ဖတ်ထုတ်လုပ်နိုင်မှုမှာ ၁၅၀/၂၀၀ ပိဿာထိထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် ၁၅၀၀၀၀ကျပ်ခန့် ကုန်ကျသည်ဟုသိရပါသည်။ ထွက်ရှိလာသောမုန့်ဟင်းခါးဖတ်များကို ပြည်မြို့ ပေါ်ရှိ စည်ပင်သာယာဈေးများနှင့် မုန့်ဟင်းခါးဆိုင်များသို့ တစ်ပိဿာလျှင် ၉၀၀ ကျပ်ဖြင့် ရောင်းချပြီး မုန့်ဖတ်တစ်ပိဿာလျှင် အသားတင်အကျိုးအမြတ်ရရှိမှုမှာ ၂၅၀ကျပ်ခန့် ရရှိသဖြင့် တစ်ရက်လျှင် လုပ်ငန်းအကျိုးအမြတ်အနေဖြင့် ၃၀၀၀၀ကျပ်ခန့်ရရှိ၍ ထုတ်လုပ်သူအဖို့ တွက်ချေကိုက်သည့် လုပ်ငန်းဖြစ်သည်ဟု သိရှိရပါသည်။

      မုန့်ဟင်းခါးဖတ်ကို ယခင်ကမိရိုးဖလာပြုလုပ်ကြရာမှ အိမ်တွင်းစက်မှုလုပ်ငန်းအဖြစ် အသွင်ပြောင်းပြီး အရင်းအနှီးများများဖြင့် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်မည်ဆိုပါက အကျိုးအမြတ်များပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်သမားများများဖြင့် လုပ်ငန်းများ တိုးတက်ထုတ်လုပ်လာနိုင်လျှင် ပတ်ဝန်းကျင်ရှိလူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်တွင် နေကြာသီးနှံမှ နေကြာဆီကြိတ်ခွဲထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် နေကြာသီးနှံကို ဒေသတွင်း စားသုံးဆီဖူလှုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများစိုက်ပျိုး၍ ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာခရိုင်အလိုက်၊ မြို့နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ပြည်ခရိုင်အနေဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ နေကြာသီးနှံကို သီးသန့်သီးညှပ်အဖြစ် စိုက်ပျိုးလျှက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းနေကြာစိုက်ဧကမှာ ၄၅၉ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ၁၁၇၄၉ ဧကထပ်မံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

     နေကြာစိုက်ပျိုးလျှင် တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၃)သိန်းကျော်ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၈တင်းခန့် ထွက်ရှိသည်ဟုသိရပါသည်။ နေကြာ တစ်ဧက ဝင်ငွေအနေဖြင့် ၄၅၀၀၀၀ကျပ် ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၁)သိန်း ကျပ်ခန့် ရရှိသည်ဟုလေ့လာသိရှိရပါသည်။ နေကြာစိုက်ပျိုးသူ တောင်သူများအနေဖြင့် ထွက်ရှိလာသော နေကြာစေ့များကို နီးစပ်ရာပွဲရုံများသို့လည်းကောင်း၊ ဆီစက်များသို့လည်းကောင်း၊ ဆီစက်များတွင် အခကြေးငွေပေးပြီး ဆီကြိတ်၍လည်းကောင်း ရောင်းချခြင်းများလည်းရှိပါသည်။ ယခင်က ပြည်ပမှ စားအုန်းဆီများဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းလာသောကြောင့် နေကြာဆီကို စားသုံးမှုလျော့နည်းလာသည်နှင့်အညီ နေကြာစိုက်ပျိုးထုတ်လုပ်သူ၊ နေကြာဆီကြိတ်ခွဲထုတ်လုပ်သူများ မရှိသလောက် နည်းပါးသွားကြောင်း သိရှိရပြီး ယခုနှစ်ပိုင်းမှသာ ပြည်ပမှတင်သွင်းသည့် စားအုန်းဆီ ဈေးမြင့်လာသဖြင့် ပြည်တွင်းမှထွက်ရှိသော မြေပဲ၊ နှမ်းနှင့် နေကြာများကို ဆီကြိတ်ခွဲထုတ်လုပ်မှု တိုးလာကြောင်း သိရှိရပါသည်။

     ယခုအချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့ရှိ ဒေါ်လာဆီစက်တွင် နေကြာဆီအနည်းငယ်သာ ကြိတ်ခွဲထုတ်လုပ်မှုရှိပြီး ဆီကြိတ်ရန်အတွက် နေကြာကို အခြားပြည်နယ်နှင့် တိုင်းများမှနေကြာ တစ်တင်းလျှင် ၂၅၀၀၀ကျပ်ဖြင့် ဝယ်ယူ၍ ကြိတ်ခွဲရပါသည်။ နေကြာဆီကြိတ်ခွဲရာတွင် နေကြာ တစ်တင်းလျှင် နေကြာဆီ (၃)ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ နေကြာ တစ်တင်းကြိတ်ခွဲရာတွင် ကုန်ကျစရိတ်အနေဖြင့် နေကြာတစ်တင်းလျှင် ၂၅၀၀၀ကျပ် ကြိတ်ခွဲခ ၃၀၀ကျပ်ဖြင့် စုစုပေါင်း ၂၅၃၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ ဝင်ငွေရရှိမှုမှာ နေကြာတစ်တင်းဆီကြိတ်လျှင် ၃ ပိဿာခန့်ထွက်ရှိ၍ နေကြာဆီတစ်ပိဿာလျှင် ၈၅၀၀ကျပ်ခန့်ရရှိပြီး ဝင်ငွေ ၂၅၅၀၀ကျပ်ခန့် ရရှိပါ သည်။ နေကြာ တစ်တင်းကြိတ်လျှင် နေကြာကြိတ်ဖတ် ၅ပိဿာထွက်ရှိပြီး တစ်ပိဿာလျှင် ၁၀၀၀ ကျပ် ခန့်ရရှိသဖြင့် စုစုပေါင်းဝင်ငွေရရှိမှုမှာ ၃၀၅၀၀ကျပ်ခန့်ရရှိသဖြင့် အကျိုးအမြတ်အနေဖြင့် နေကြာ တစ်တင်းဆီကြိတ်လျှင် ၅၂၀၀ကျပ်ခန့်ရရှိကြောင်း သိရပါသည်။

       နေကြာဆီဈေးကွက်အနေဖြင့် နေကြာဆီသည် အနံပျင်းခြင်း၊ အာခေါင်ရှခြင်းတို့ကြောင့် ပဲဆီ၊ နှမ်းဆီနှင့်ယှဉ်ပါက စားသုံးသူများက ကြိုက်နှစ်သက်မှု နည်းပါးကြောင်းသိရပါသည်။ နေကြာဆီကို တချို့သော ကျန်းမာရေးလိုက်စားသူများနှင့် သွေးတိုး၊ ဆီးချိုသမားများမှ ကျန်းမာရေးအတွက် ဝယ်ယူစားသုံးကြသဖြင့် ဈေးမှာ ပဲဆီ၊ နှမ်းဆီ ကဲ့သို့ ဈေးတန်းတူနေပြီး တစ်ပိဿာလျှင် ၈၅၀၀-၉၀၀၀ကျပ်ခန့် ရောင်းချကြောင်းသိရပါသည်။

    နေကြာသီးနှံကို တစ်ဧကထုတ်လုပ်မှု အကျိုးအမြတ်ရရှိရေးနှင့် တစ်တင်းထုတ်လုပ်မှုစရိတ် လျော့ချနိုင်ရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် နေကြာမျိုးစေ့များနှင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ပြီး စားသုံးသူကြိုက်နှစ်သက်မည့် နေကြာဆီကြိတ်ခွဲနိုင်မည့် စက်များတပ်ဆင်ခြင်း၊ နေကြာဆီဈေးကွက် ပိုမိုရရှိလာနိုင်စေရေးအတွက် စားသုံးသူများ နေကြာဆီစားသုံးခြင်းဖြင့် ရရှိနိုင်မည့် အာဟာရတန်ဖိုးများသိရှိအောင် အသိပညာပေး အစီအစဉ်များပြုလုပ်ဆောင်ရွက်မည်ဆိုလျှင် နေကြာစိုက်ပျိုးထုတ်လုပ်သူနှင့် နေကြာဆီ ကြိတ်ခွဲထုတ်လုပ်သူများ အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပဲခူးတိုင်းဒေသကြီးအတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချလျှက်ရှိ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ဖြန့်ဖြူး ရောင်းချလျှက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၂၀)တွင် ပထမအကြိမ်အနေဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှစတင်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချခဲ့ရာ ပိဿာချိန် ၃၆၀၂၅၀ ကို တစ်ပိဿာလျှင် ၃၈၀၀-၄၄၅၀နှုန်းထားဖြင့်လည်းကောင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ်အနေဖြင့်  ပိဿာချိန် ၆၆၀၀၀ကို တစ်ပိဿာလျှင်၄၄၄၀-၄၅၀၀နှုန်း ထားဖြင့်လည်းကောင်း၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် တတိယအကြိမ်အနေဖြင့် ပိဿာချိန် ၃၈၅၀၀ကို တစ်ပိဿာလျှင် ၄၈၅၀-၄၉၀၀ နှုန်းထားဖြင့် လည်းကောင်း၊ ၂၀၂၂ခုနှစ်၊မတ်လ ၂၁ရက်နေ့တွင် စတုတ္ထအကြိမ်အနေဖြင့် ပိဿာချိန် ၃၃၀၀၀ကို တစ်ပိဿာလျှင် ၅၈၀၀ကျပ်နှုန်းဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ ဌာနဆိုင်ရာရုံး စုစုပေါင်း(၂၃)ဌာနအပါအဝင် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။ ပဲခူးတိုင်း‌ဒေသကြီးအတွင်း စားသုံးသူများကို အထူးဈေးနှုန်းဖြင့် စားအုန်းဆီပိဿာချိန်ပေါင်း  (၄၉၇၇၅၀) ပိဿာရောင်းချပေးပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ဘဲမွေးမြူရေးလုပ်ငန်းရှင်အား တွေ့ဆုံမေးမြန်း

               ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့၊ တိုင်းထက်လွန်ဘဲဥပွဲရုံသို့ ဘဲဥများလာရောက်ပို့ဆောင် ရောင်းချလျှက်ရှိသည်ကို တွေ့ရှိရသဖြင့် မေးမြန်းကြည့်ရာ တောင်ငူမြို့နယ်၊ ကံကိုးကျေးရွာအုပ်စု၊ အင်းပုတ်ကျေးရွာ ဘဲမွေးမြူရေးမှဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် အင်းပုတ်ကျေးရွာသို့ သွားရောက်၍ ဘဲမွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

              ၎င်းဘဲမွေးမြူရေးလုပ်ငန်းတွင် ဘဲအကောင် ၄၀၀၀ မွေးမြူထားပြီး တစ်ရက်လျှင် ဘဲဥ အလုံးရေ ၁၅၀၀ မှ ၁၈၀၀ အထိရကြောင်း သိရပါသည်။ အစာအဖြစ် ဆန်ကွဲသေးနှင့် ပုဇွန်ခွံတို့ကို ရောစပ်ကျွေးကြောင်း၊ ဆန်ကွဲသေး ပိဿာ ၃၀ တစ်အိတ်လျှင် ၂၄၅၀၀ ကျပ်၊ ပုဇွန်ခွံ တစ်အိတ်လျှင် ၃၈၀၀၀ ကျပ် ဝယ်ရကြောင်း၊ ဆန်ကွဲ ၆ အိတ်နှင့် ပုဇွန်ခွံ ၂ အိတ် ရောစပ်ပြီးကျွေးကြောင်း၊ တစ်ရက်လျှင် အစာ ၂ အိတ်ကုန်ကြောင်း သိရပါသည်။

              ဘဲပေါက်များကို ပဲခူးမြို့မှ ဝယ်ယူကြောင်း၊ ၆ လဆက်တိုက်ဥပြီး ၆ လနားပါကြောင်း၊ အရွယ်ရောက် ဥဘဲမတစ်ကောင်လျှင် ၇၀၀၀ ကျပ်၊ အထီးတစ်ကောင်လျှင် ၅၀၀၀ ကျပ် ရောင်းရကြောင်း၊ အင်းပုတ်ကျေးရွာ အနီးအနားရှိ ကျေးရွာများမှ တပိုင်တနိုင်မွေးမြူလိုသူများ လာဝယ်ကြောင်း၊ ဥတုံးဘဲမတစ်ကောင် ၃၅၀၀ ကျပ် ရောင်းရကြောင်း၊ ဘဲဥရောင်းချမှုအနေဖြင့် အလုံးသေး ၁၆၀ ကျပ်၊ အလုံးလတ် ၁၈၀ ကျပ်နှင့် အလုံးကြီး ၂၀၀ ကျပ်ရောင်းရကြောင်း သိရပါသည်။

            ယခုအခါတွင် နွေစပါးများစိုက်ပျိုးထားရှိရာ အနှံများထွက်လာပြီ ဖြစ်သောကြောင့်ဘဲများကို လယ်ကွင်းထဲတွင် လွတ်ကျောင်းခြင်းမပြုဘဲ ခြံလှောင်၊ ရေချ၊ အစာကျွေးပြုလုပ်ရသဖြင့် အစာဖိုးကုန်ကျပါကြောင်း၊ လယ်ကွင်းထဲသို့ လွှတ်ကျောင်းရချိန်တွင် အစာဖိုးကုန်ကျမှုနည်းသဖြင့် အမြတ်ရပါကြောင်း ဘဲမွေးမြူရေးလုပ်ငန်းရှင်ဦးသိန်း၏ ပြောပြချက်အရ သိရှိရပါသည်။

Bago(ပဲခူး)

                            

တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

                ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တောင်ငူခရိုင်အတွင်းရှိ စားသုံးသူ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် စာအုန်းဆီရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ခရိုင်ဦးစီးမှူးက ရောင်းချနေသော စားအုန်းဆီများ၏ အလေးချိန်နှင့်ဈေးနှုန်းမှန်ကန်ရေးကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ရောင်းချပေးခြင်းဖြစ်ပါသဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချရန်၊ စားသုံးသူပြည်သူများ စိတ်ကျေနပ်မှုရှိစေရေးအတွက် ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

               တောင်ငူခရိုင်အတွင်း ဧပြီလပထမအပတ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ၃၈၅၀ ပိဿာကို တစ်ပိဿာလျှင် ၅၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးကြောင်း သိရှိရပါသည်။

Bago(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း