ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိုးကြက်သွန်နီ(အသစ်) လှိုင်လှိုင်ပေါ်ပြီ

     စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးကြက်သွန်နီ စိုက်ဧက (၂၀၀၀)ဧကကျော်စိုက်ပျိုးပြီးစီး၍ ယနေ့အထိ ဧကပေါင်း (၁၈၀၀)ဧကကျော် ရိတ်သိမ်းပြီးကြောင်းသိရပါသည်။ မိုးကြက်သွန်နီကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းလေ့ရှိရာ ယခုဈေးကွက်သို့ဝင်ရောက်မှုအနေဖြင့် နိုဝင်ဘာလ ပထမပတ်မှစ၍ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

  ယခုအချိန်တွင် မိုးကြက်သွန်နီ(အသစ်)များ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မိုးကြက်သွန်နီ(အသစ်) ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(သေး/လတ်/ကြီး)ကျပ် (၁၀၀၀-၁၅၀၀- ၂၀၀၀) နှုန်းတို့ရှိပြီး လက်လီဈေးမှာ သေး/လတ်/ကြီးတစ်ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀-၂၄၀၀) နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသောကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)       

                            

ရွှေဘိုခရိုင်တွင် ပဲစဉ်းငုံများလှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရလျက်ရှိ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် (၂၀၂၂-၂၀၂၃)ခုနှစ်ထွက် မိုးသီးနှံတွင် ပဲမျိုးစုံသီးနှံ စုစုပေါင်း(၂၇၅၃၈၃)ဧကစိုက်ပျိုးပြီး (မိုး)ပဲတီစိမ်းနှင့်(မိုးကြို)ပဲတီစိမ်း း(၁၇၇၂၀၂) ဧက၊ ပဲစဉ်းငုံ(၅၄၆၆၅)ဧက၊ ပဲလွန်း၊ စွန်တာပြာ၊ မတ်ပဲ၊ ပဲကြီးနှင့်အခြားပဲများကို ဧကအနည်းငယ်စီစိုက်ပျိုးကြသဖြင့် ပဲစဉ်းငုံသည်တစ်ခရိုင်လုံးရှိ ပဲမျိုးစုံစိုက်ဧက၏ (၃၀)%ကျော်စိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်ပျိုးကြောင်း၊ ရွှေဘိုခရိုင်၏ ပဲစဉ်းငုံစိုက်ဧက(၅၄၆၆၅)ဧကအနက် ရွှေဘိုမြို့နယ်တွင်(၁၃၁၅၁)ဧက၊ ဝက်လက်မြို့နယ်တွင် (၂၁၁၆၀)ဧကနှင့် ခင်ဦးမြို့နယ်တွင်(၂၀၃၅၄)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။

       ယခုအချိန်တွင် ရွှေဘိုခရိုင်အပြင် ရွှေဘိုခရိုင်နှင့် ခရိုင်ချင်းထိစပ်နေသည့် ကန့်ဘလူခရိုင်တွင် စိုက်ပျိုးထားသည့် ပဲစဉ်းငုံသီးနှံများ လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပြီး တစ်ရက်လျှင် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ပဲစဉ်းငုံများ နေ့စဉ်တင်း(၁၀၀၀၀)ကျော် ဝင်ရောက်လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်အတွင်း ရှိမြို့နယ်များမှ ထွက်ရှိလာသောသီးနှံများကို တောင်သူများက မန္တလေးမြို့သို့လည်းကောင်း၊ ရွှေဘိုမြို့သို့လည်းကောင်း တင်ပို့ရောင်းချကြကြောင်း၊ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် သီးနှံများရောင်းဝယ်ရာတွင် မန္တလေးဈေးကွက်နှင့် ရန်ကုန်ဈေးကွက်ကိုအခြေခံပြီး ရောင်းဝယ်ကြကြောင်း၊ ရောင်းဝယ်ရာတွင် ရွှေဘိုအထိုင်ရောင်းစနစ်နှင့် အရောက်ပို့စနစ်ဖြင့် နှစ်မျိုးရောင်းချကြကြောင်း၊ အထိုင်ရောင်းစနစ်တွင် လာရောက်ဝယ်ယူသူက တင်ပို့သည့်ကားခကို အကုန်အကျခံရပြီး အရောက်ပို့စနစ်တွင် ရောင်းချသူက ဝယ်ယူသူထံအရောက် တင်ပို့သည့်ကားခကို အကုန်အကျခံရကြောင်း၊ မန္တလေးသို့အရောက်ပို့စနစ်ဖြင့် ရောင်းချပါက ကားခလက်ရှိပေါက်ဈေးမှာ တစ်တင်းခွဲဝင်တစ်အိတ်လျှင် (၁၂၀ဝိ/-)ကျပ်ပေးရကြောင်းနှင့် ရန်ကုန်ဝယ်လက်များကလည်း ရွှေဘိုတွင်အထိုင်ထားပြီးဝယ်ယူကြကြောင်း၊ ကုန်သည်များအနေဖြင့်  ဝယ်ယူရရှိသည့်သီးနှံများကို မန္တလေးဈေးကွက်ပေါက်ဈေး၊ ရန်ကုန်ဈေးကွက်ပေါက်ဈေးနှင့် မိမိဝယ်ယူရသည့်ဈေးနှုန်းကိုက်ညီပါက နေ့ချင်းရောင်းချကြပြီး ဈေးမကိုက်ပါက လက်ဝယ်သိုလှောင်ထားကာ ဈေးနှုန်းကိုက်မှသာ ရောင်းချကြကြောင်း၊ ဇန်နဝါရီလ တတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းပေါက်ဈေးမှာ (၅၆၀၀ဝိ/-)ကျပ်ရှိပြီး ယခင်နှစ်ကာလတူတွင် ပဲစဉ်းငုံတစ်တင်းပေါက်ဈေးမှာ (၄၁၀၀ဝိ/-)ကျပ်သာရှိသဖြင့် ကာလတူနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုနှစ်တွင်ယခင်နှစ်ထက် တစ်တင်းလျှင်(၁၅၀၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

သဘာဝငှက်သိုက် စျေးနှုန်းစျေးကွက်အခြေအနေ

       ငှက်သိုက်သည်တနင်္သာရီတိုင်းဒေသကြီးတွင်အများဆုံးထွက်ရှိကြပြီး စီးပွားဖြစ်လုပ်ကိုင်နေသည့်လုပ်ငန်း တစ်ခုလည်းဖြစ်သည်။ ငှက်သိုက်များသည် အာဟာရဖြစ်ပြီး ခွန်အားစွမ်းအင်တိုးစေသဖြင့် ကိုယ်ခံအားနည်းသူများ၊ သက်ကြီးရွယ်အိုများနှင့် အားဆေးထုတ်လုပ်သည့် ကုမ္ပဏီများကဝယ်ယူလေ့ရှိပြီး ရန်ကုန်နှင့် အခြားဒေသများသို့ ရောင်းချလျက်ရှိကြောင်း ငှက်သိုက်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

         ယခင်က မြိတ်မြို့တွင် သဘာဝအလျောက်လာရောက် အသိုက်ဆောက်နေသော ငှက်သိုက်အိမ် တအိမ် တည်းသာရှိခဲ့ရာ ဈေးကောင်းရရှိမှုကြောင့် ငှက်ခေါ်စက်များတပ်ဆင်၍ ငှက်သိုက်လုပ်ငန်း လုပ်ကိုင်သူအများအပြား ရှိလာကြပါသည်။ ဇီဝဇိုးငှက်များ၏ အံဖတ်ဖြင့် ဆောက်လုပ်ထားသော အသိုက်များကို ၃ လတကြိမ်၊ ၄ လတကြိမ် ခွာယူကြပြီး ရောင်းချကြရာ ငှက်သိုက်အိမ်များများ ဆောက်ထားသောသူများမှာ ပိသာချိန် ပိုမိုထွက်ကြကြောင်း၊ ငှက်သိုက် အသန့်ဖြစ်ပါက ဈေးပိုမိုရရှိပြီး၊ အမွှေးပါသော ငှက်သိုက်များမှာ ဈေးရနည်းကြောင်း သိရသည်။

      လတ်တလောတွင် မြိတ်မြို့၊ သဘာဝငှက်သိုက်၏စျေးနှုန်းမှာ ငှက်သိုက်အကြမ်း ၁ကျပ်သားလျှင် ၃၆၀၀၀ ကျပ်၊ ငှက်သိုက်အချော ၁ကျပ်သားလျှင် ၅၃၀၀၀ကျပ်နှင့် တစ်ခါသောက်ပုလင်း(၄၅မီလီလီတာ)တစ်ဗူးလျှင် ၆၀၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့၊ချမ်းမြသာစည်ရပ်ရှိ ပြည်သူများသို့ ဈေးကားများဖြင့် စားအုန်းဆီများရောင်းချပေးနေမှု ကြပ်မတ်ဆောင်ရွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ‌ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် (၂၄-၁-၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ ပြည်သူများထံသို့ “တင်ဝင်း” ဆီရောင်းဝယ်ရေးမှ ကုမ္ပဏီများကဖြန့်ဖြူးသည့် စားအုန်းဆီများအား ဈေးကားဖြင့် ရောင်းချပေးနေမှုကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးပေးသည့် စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ် ထပ်ပေါင်းကာ အမြတ် ၂ % ထက်မပိုသော ဈေးနှုန်းဖြင့် လူတန်းစေ့ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ရောင်းချပေးခဲ့ကြောင်း၊ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား တုံကင်နံပါတ်များပေး၍စောင့်ဆိုင်းစေခြင်း၊ စနစ်တကျ တန်းစီစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း တန်းတူညီမျှ ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၃၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၂၉၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

    ယခု ဇန်နဝါရီလ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၃၆၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၄၄၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၅၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၂၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၃၀)ကျပ်၊ ဓါတ်ဆီ( 95 ) တစ်လီတာလျှင် (၁၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၄၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၅၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

       မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းပါသည်။

      ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်ဖြစ်သည့်အတွက် ဈေးကွက်တွင် ဒေသတွင်းထွက်ကုန် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဇန်နဝါရီလ တတိယအပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀) မှ ယခု ဇန်နဝါရီလ စတုတ္ထအပတ်တွင် ကျပ် (၂၂၀၀-၂၄၀၀) အထိ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အရောင်းအဝယ်သွက်ကာ ခရမ်းချဉ်စိုက်တောင်သူများအဆင်ပြေနေကြောင်း တောင်သူများထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

 

သရက်မြို့နယ် ကျောက်အိုင်ကျေးရွာမှ ပန်းဂေါ်ဖီစိုက်ပျိုးမှုအခြေအနေ

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပျဉ်‌ထောင်အုပ်စု၊ ကျောက်အိုင်ကျေးရွာတွင်နေထိုင်ကြသော တောင်သူအများစုမှာ ရာသီအလိုက်ထွက်ရှိသော သီးနှံများအနက်မှ စားဖိုဆောင်သီးနှံဖြစ်ပြီး ဈေးကွက်တွင်လည်း အရောင်းအဝယ်ကောင်းသည့် ပန်းဂေါ်ဖီကို မိသားစု တနိုင်တပိုင် စိုက်ပျိုးလျက် ရှိကြပါသည်။

          ပန်းဂေါ်ဖီကို ဩဂုတ်လတွင် ပျိုးထောင်ပြီး စက်တင်ဘာလတွင် စတင်စိုက်ပျိုးပါကြောင်း၊ စိုက်ပျိုးချိန် (၃)လအကြာ နိုဝင်ဘာလတွင် ခူးဆွတ်လေ့ရှိကြပါကြောင်း၊ စိုက်နည်းစနစ်မှာ (၁)ပင်နှင့် (၁)ပင်ကြား (၁)ပေစီခွာ၍ စိုက်ရပါကြောင်း၊ စိုက်ပျိုးဧက(၀.၂၅)ဧကရှိပြီး ကျင်းတူး၍ စိုက်ပျိုးရသဖြင့် စိုက်ပျိုးရသည့်ကျင်းအရေအတွက်မှာ ကျင်းပေါင်း(၁၂၀)ဖြစ်ပါကြောင်း၊ (၁)ကျင်းလျှင် (၁၅)ပင်စိုက်ပျိုးရပြီး၊ အထွက်နှုန်းအနေဖြင့် (၀.၂၅)ဧကလျှင် အပင်ပေါင်း (၁၇၀၀)ခန့်ထွက်ရှိပါကြောင်း၊ (၁၅)ရက်လျှင် (၁)ကြိမ်ခူးဆွတ်ရပြီး (၁)ကြိမ်ခူးလျှင် အပွင့်ရေ ပျမ်းမျှ(၁၀၀)ရရှိပါကြောင်း၊ ပျိုးခင်းပြုပြင်ခ၊ မျိုးဘိုး၊ ထွန်ယက်ခ၊ ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်းစသည့် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းခန့် ကုန်ကျပြီး ပန်းဂေါ်ဖီ (၁)ပွင့်လျှင် ကျပ်(၅၀၀)ဖြင့် ဖောက်သည်ပေးရ၍ ကျပ်(၈)သိန်းခွဲ ပြန်လည်ရရှိသဖြင့် အကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန်းခွဲရရှိပါကြောင်း၊ စိုက်ပျိုးပြီး ရရှိလာသောပန်းဂေါ်ဖီများအား သရက်မြို့၊ မြို့မဈေးနှင့် အခွန်လွတ်ဈေးများတွင် ရောင်းချကြကြောင်း ကျောက်အိုင်ကျေးရွာမှ ပန်းဂေါ်ဖီစိုက် တောင်သူ ဦးစိန်ဌေးထံမှ သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ဆီးသီးအစို၊ အခြောက် ဈေးနှုန်းဈေးကွက်အခြေအနေ

       သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော လုံးတော်၊ ကံလှ၊ ရင်ကြီး၊ ဆတ်လှ၊ မင်းတည်း၊ ပျဉ်ထောင်၊ မြွေပွေး၊ ရွာသစ်၊ ကျောက်အိုင်၊ ကျောက်အိုး၊ ငလှိုင်ခြုံ၊ ရှမ်းရွာကျော၊ ပေကတင်၊ ဘန့်ပြင်၊ အုန်းမွန်တောစသည့် ကျေးရွာများမှထွက်ရှိသည့် ဆီးသီးအစို၊ အခြောက်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇန်နဝါရီလ(ဒုတိယ)ပတ်တွင် ဆီးသီးအစို၊ အခြောက် (၁)တင်းလျှင် ကျပ်(၆၅၀၀)ဖြစ်ပြီး၊ (တတိယ)ပတ်တွင် ကျပ်(၇၅၀၀)ဖြစ်၍ ယခင်အပတ်ထက် ကျပ် (၁၀၀၀)ဈေးမြင့်ခဲ့ပါကြောင်း၊ တစ်နေ့လျှင် တင်းရေ (၁၅၀ မှ ၁၈၀) ဝန်းကျင်အထိ နေ့စဉ် ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီးသော ဆီးသီးများကို ဆီးသီးအခွံ ချွတ်စက်ဖြင့် ဆီးစေ့ရအောင် ကြိတ်ခွဲပြီး ရရှိလာသောဆီးစေ့များအား (၁)တင်းလျှင် ကျပ်(၃၈၀၀၀ မှ ၄၀၀၀၀ ) ဈေးဖြင့် အောင်လံမြို့သို့ ရောင်းချရပါကြောင်း ဆီးသီးဝယ်ယူသူတစ်ဦးထံမှ သိရှိရပါသည်။

      ထို့အပြင် ဆီးသီးကောက်သူများမှ နေ့စဉ်ဆီးသီး‌ကောက်ယူ၍ ဈေးကွက်အတွင်းသို့ ရောင်းချရာတွင် ယခင်နှစ်က ဆီးသီး(၁)တင်းလျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)ခန့် သာရရှိပြီး၊ ယခုနှစ် ဆီးသီး (၁)တင်းဈေးမှာ ကျပ်(၆၀၀၀ မှ ၇၅၀၀)ဖြင့် ရောင်းချရ၍ အပိုဝင်ငွေတိုးလျက်ရှိပါကြောင်း အုန်းမွန်တောကျေးရွာရှိ ဆီးသီးကောက်သူဦးခင်ထွန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

ကရင်ပြည်နယ်ဒေသထွက် မြေပဲအစိုများ မြဝတီဘက်သို့တင်ပို့ ဈေးကောင်းရလျက်ရှိ

     ကရင်ပြည်နယ်တွင်၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့်မြေပဲများစတင်ထွက်ရှိကာ ဘားအံမြို့နယ် အတွင်းရှိမြေပဲရောင်းဝယ်ရေး လုပ်ငန်းရှင်ပွဲရုံများသို့ နေ့စဉ်လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မြေပဲ အစိုတစ်တင်းလျင် ပျမ်းမျှ ၂၂၀၀၀ ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူရောင်းဝယ်လျက်ရှိကြောင်း ယခုနှစ် ဆောင်းမြေပဲမှာ တစ်ဧက ပျမ်းမျှအထွက် ၃၅ တင်း ထွက်ရှိပြီး တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၄၀၀၀၀၀ ကျပ်ခန့်ရှိသဖြင့် တစ်ဧကအကျိုးအမြတ်မှာ ၃၀၀၀၀၀ ကျပ်ခန့်ရရှိသောကြောင့် ယခုနှစ်တွင်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်းနှင့်အဆိုပါ မြေပဲများအား ဘားအံမှတဆင့်မြဝတီ၊ ထိုင်းသို့လည်းကောင်း၊ ဘားအံမှ မော်လမြိုင်သို့လည်းကောင်း တင်ပို့လျက် ရှိကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA (ကရင်)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ ‌စတုတ္ထပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀ အိတ်၊ မန္တလေးသို့ အိတ်ရေ ၅၄၀၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၁၅၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁၃၁၅၀၀ အိတ်၊ တန်အားဖြင့် ၆၅၇၅တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀ အိတ်၊ မန္တလေးသို့ အိတ်ရေ ၅၂၅၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀ အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ ၁၂၆၅၀၀ အိတ်၊ တန်အားဖြင့် ၆၃၂၅ တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၅၀၀၀ အိတ်၊ တန်အားဖြင့် ၂၅၀တန်လျော့၍ စီးထွက်ခဲ့ပါသည်။

       ရွှေဘိုမြို့၏ ဇန်နဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်းစပါး တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ၊ ဧရာမင်းစပါး(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန်(သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း