ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်း

              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံသို့သွားရောက်၍ ရော်ဘာ ကြိတ်ခွဲသန့်စင်မှုနှင့် ရော်ဘာဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရော်ဘာစိုက်ဧက (၁၇၈၆၇)ရှိပြီး အထွက်နှုန်းမှာ တစ်ဧကကီလို (၂၇၀)ခန့်ထွက်ရှိသည်ဟု သိရပါသည်။ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာ ကြိတ်ခွဲသန့်စင်စက်ရုံသည် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုဒေသမှထွက်ရှိသော ရော်ဘာအကြမ်းခဲ များကိုဝယ်ယူ၍ ပြန်လည်ကြိတ်ခွဲသန့်စင်ပြီး မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အထူး(၄)ဒေသမှတဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ အဓိကတင်ပို့ရောင်းချကြောင်း စက်ရုံမန်နေဂျာဦးခမ်းဒီနွဲ့ ထံမှ သိရှိရပါသည်။

           ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံတွင် ရော်ဘာအကြမ်းခဲ အတုံးများကို ဖုန်သဲခဲအမှိုက်များကိုဖယ်ရှားရန် စက်ဖြင့်အကြိမ်ကြိမ်ကြိတ်ခွဲ ဆေးကြောသန့်စင်ကာ နောက်ဆုံးအဆင့်အနေဖြင့် ရော်ဘာအတွင်း ရေပါဝင်မှုအနည်းဆုံးဖြစ်ရန် စက်ဖြင့်ညှစ်၍သန့်စင် သော ရော်ဘာအပြားများ ရရှိရန်ပြုလုပ်ကြောင်း၊ စက်ရုံသည် ရော်ဘာကြိတ်ခွဲသန့်စင်စက်(၈)လုံး၊ လုပ်သားအင်အား(၁၄)ဦးဖြင့် တစ်ရက်လျှင် ရော်ဘာအကြမ်းတန်(၃၀)ခန့် ကြိတ်ခွဲသန့်စင်ပေးနိုင်ကြောင်း၊ ရော်ဘာအကြမ်းခဲ (၁၀)တန်ကို ကြိတ်ခွဲသန့်စင်လိုက်ပါက ရော်ဘာပြား (၆.၅)တန်မှ (၇)တန်ထိသာ ပြန်လည်ရရှိကြောင်း သိရှိရပါသည်။

            အဆိုပါစက်ရုံသည် ယခင်နှစ်က ရော်ဘာစိုက်တောင်သူများထံမှ ရော်ဘာအကြမ်းအသစ် တစ်ကီလိုကို (၁၄၅၀)ကျပ်၊ ရော်ဘာအကြမ်းအဟောင်းတစ်ကီလိုကို (၂၄၀၀)ကျပ်ဖြင့် ဝယ်ယူကာ ပြန်လည်ကြိတ်ခွဲသန့်စင်ပြီး နိုင်ငံတော်သို့ပေးသင့်ပေးထိုက်သော အခွန်အခများပေးဆောင်၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စက်ရုံအနေဖြင့် တရုတ်နိုင်ငံသို့ သန့်စင်ပြီးရော်ဘာတန်ချိန် (၂၀၀၀)ကျော်တင်ပို့နိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုများ ပြန်လည်ဖွင့်လှစ်ပါကတင်ပို့နိုင်ရန် ရော်ဘာကြိတ်သား တန် (၁၀၀၀)ခန့် ဝယ်ယူကြိတ်ခွဲသန့်စင်ထားပြီး ဖြစ်ကြောင်းသိရှိရပါသည်။

           သို့ဖြစ်ပါ၍ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာ ကြိတ်ခွဲသန့်စင်စက်ရုံသည် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုဒေသမှထွက်ရှိသော ရော်ဘာကုန်ကြမ်းများကိုဝယ်ယူပြီး ပြန်လည်ကြိတ်ခွဲသန့်စင်ကာ တရုတ်နိုင်ငံသို့တင်ပို့ခြင်းဖြင့် ဒေသခံရော်ဘာစိုက် တောင်သူများ ရော်ဘာကုန်ကြမ်းများ ရောင်းချရာတွင်လွယ်ကူခြင်း၊ ဈေးမှန်ရရှိခြင်း၊ ဒေသခံလုပ်သားများ အလုပ်အကိုင်ရရှိခြင်းနှင့် နိုင်ငံတော်အတွက် အခွန်အခများရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိကာ ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံပါ နှစ်ဦးနှစ်ဖက်အဆင်ပြေ နေပါကြောင်း ကွင်းဆင်းလေ့လာခဲ့မှုများအားရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

ပြည်မြို့တွင် စပါးဆန်ဈေးအနည်းငယ်မြင့်

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဧပြီလဆန်းပိုင်းတွင် စပါးဆန်ဈေးများငြိမ်နေပြီး ဧပြီလနောက်ဆုံးပတ်တွင် စပါးဈေးဆန်ဈေးများ အနည်းငယ် မြင့်တက်လာခဲ့ပါသည်။

        စပါး/ဆန်ဈေးနှုန်းများအနေဖြင့် ဧပြီလဆန်းပိုင်းတွင် ဧည့်မထ (ရိုးရိုး) (၄၆)ပေါင် တင်း(၁၀၀) လျှင် ၇၆၀၀၀၀ကျပ်၊ တောင်ပျံစပါး(၄၆)ပေါင် တင်း(၁၀၀)လျှင် ၁၁၀၀၀၀၀ကျပ်ဈေးဖြစ်ခဲ့ပြီး ဆန်ဈေး များမှာ ကရင်မဆန် တစ်အိတ်လျှင် ၂၄၅၀၀ကျပ်၊ အင်းမရဲဘော် တစ်အိတ်လျှင် ၂၉၅၀၀ ကျပ်၊ မှော်ဘီဆန် တစ်အိတ်လျှင် ၃၃၀၀၀ကျပ်၊ ရတနာတိုးဆန် တစ်အိတ်လျှင် ၂၆၅၀၀ကျပ်၊ မနောသုခ တစ်အိတ်လျှင် ၂၇၅၀၀ကျပ်၊ နတ်တလင်းတောင်ပျံတစ်အိတ်လျှင် ၅၁၀၀၀ကျပ်နှင့် ကျော်ဇေယျ ဆန်တစ်အိတ်လျှင် ၂၆၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        ဧပြီလနောက်ဆုံးပတ်တွင် ဧည့်မထ(ရိုးရိုး) (၄၆)ပေါင် တင်း(၁၀၀)လျှင် ၈၀၀၀၀၀ကျပ်ဖြင့် ဧပြီလဆန်းပိုင်းနှင့် နှိုင်းယှဉ်လျှင် ၂၀၀၀၀ကျပ်ခန့် ဈေးမြင့်လာခဲ့ပါသည်။ တောင်ပျံစပါးဈေးမှာ ၁၁၀၀၀၀၀ကျပ်ဖြင့် ယခင်ဧပြီလဆန်းပိုင်းကအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရပါသည်။ ဧပြီနောက် ဆုံးပတ်ရှိ ဆန်ဈေးများမှာ အင်းမရဲဘော်တစ်အိတ်လျှင် ၃၃၀၀၀ကျပ်၊ မှော်ဘီတစ်အိတ်လျှင် ၃၃၀၀၀ကျပ်၊ ကျော်ဇေယျဆန်တစ်အိတ်လျှင် ၂၇၀၀၀ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် ၂၆၂၀၀ကျပ် ဖြင့် ဈေးအနည်းငယ်မြင့်တက်လာသည်ကို တွေ့ရပါသည်။ ဆန်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ မိုးစပါးလက်ကျန်နည်းပါးခြင်း၊ စိုက်ပျိုးရာတွင် ဓါတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် သွင်းအားစုများလျော့နည်း သုံးစွဲရသည့်အတွက်ယခင်နှစ်မိုးစပါးတွင်လည်း အထွက်နည်းခဲ့ခြင်း၊ ဆန်ထွက်အောက်တန်းမရရှိခြင်းနှင့် ယခုနွေစပါးများ စတင်ထွက်ပေါ်ပြီဖြစ်သော်လည်း အရည်အသွေး ကျဆင်းခြင်း၊ တိရိစ္ဆာန်အစာအဖြစ် ဆန်ကွဲနှင့် လုံးတီးဆန်များကို ပိုမိုဝယ်ယူ သုံးစွဲလာခြင်း ဆန်ကွဲ ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ ဆန်ဈေးလည်းမြင့်တက်လာခြင်း၊ မီးပြတ်လပ်သည့်အတွက် ဆန်ကြိတ်ထွက်မှုလျော့နည်းသွားခြင်း၊ Export ဆန်တင်ပို့မှု ရှိနေသည့်အတွက် အဝယ်လိုက်နေ ခြင်းကြောင့် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတသည့်အတွက် ဆန်ဈေးများ မြင့်တက် နေရခြင်း ဖြစ်ကြောင်းသိရပါသည်။ ဆန်စီးဆင်းမှု အနေဖြင့် ကရင်မဆန်နှင့် မနောသုခဆန်များကို အခြားတိုင်းများသို့ တင်ပို့မှု့ရှိပြီး အခြားဆန်များကို ခရိုင်အတွင်းရှိ စားသုံးရန်အတွက် ဖြန့်ဖြူး ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့ရှိ စားအုန်းဆီဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် စားအုန်းဆီဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ ယခင်သင်္ကြန်မတိုင်မှီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀-၆၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်ကျော်ကာလတွင် တစ်ပိဿာလျှင် ၆၀၀၀-၆၁၀၀ ကျပ်မှ ၆၅၀၀-၆၈၀၀ ကျပ်ထိ ဈေးပြန်မြင့်လာပြီး ယခုဧပြီလနောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀-၇၂၀၀ကျပ်ထိ ဈေးဆက်လက်မြင့်တက်လာခဲ့ပါသည်။

     ယခင် ကိုဗစ်ကာလ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှလည်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ၃၈၅၀ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ယခုအခါ ၎င်းအသင်းမှပဲ တစ်ပိဿာလျှင် ၅၆၅၀ ကျပ် ဈေးဖြင့် (၁၆၅၀၀)ပိဿာကို ရောင်းချပေးခဲ့၍ ၁၃ ကြိမ်တိုင်တိုင် သက်သာဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ကုန်စည်ဒိုင်ပဲဈေးကွက်

           ပြည်ကုန်စည်ဒိုင်တွင် ဧပြီလပထမပတ် မတ်ပဲတစ်တင်းလျှင် ၄၇၅၀၀၊ ၄၈၀၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ရန်ကုန်အဝယ်နှင့် လှောင်သမားများ အဝယ်ရှိသဖြင့် တစ်ရက်လျှင် အိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။ ဒုတိယပတ်တွင်  ပဲတစ်တင်းကို ၄၈၀၀၀- ၄၈၇၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ကောင်းလျှက်ရှိပြီး တစ်ရက်လျှင် အိတ်၄၀၀/၄၅၀ ခန့် ရန်ကုန် ဝယ်လက်အဝယ်ရှိပါသည်။ သင်္ကြန်ပြီးစကာလတွင် ပဲတစ်တင်းကို ၄၈၀၀၀၊ ၄၈၅၀၀၊ ၄၈၇၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်အနည်းငယ်သာရှိပြီး တစ်ရက်အိတ် ၁၀၀/၂၀၀ ခန့်သာ အရောင်းအဝယ်  ဖြစ်ပါသည်။

          ပဲစင်းငုံသီးနှံမှာ ဧပြီလအစတွင်  ပိဿာ ၂၀ ဝင်ပဲတစ်တင်းကို ၄၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ဧပြီလ ဒုတိယပတ်တွင် ပဲတစ်တင်း ၄၃၅၀၀ကျပ်ခန့် ဈေးကျလာပြီး တစ်ရက်ကို အိတ် ၂၀၀/၃၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ပါသည်။ ပဲအဝင်လည်းနည်းလာပြီး လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ သင်္ကြန်ပြီးစတွင်  ပဲစင်းငုံဈေးကျလာပြီး ပဲတစ်တင်းကို ၄၂၅၀၀ ကျပ်ဖြင့် ပဲအဝယ်အနည်းငယ်သာရှိပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင် အိတ် ၁၀၀/၁၅၀ ခန့်သာ  အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ကုလားပဲသီးနှံဈေးမှာ ဧပြီလပထမပတ်တွင်  ကုလားပဲ (HL) တစ်တင်းကို ၄၃၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၄၄၅၀၀ကျပ် ဖြင့် ခွဲစက်သမားနှင့် ရန်ကုန် အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၇၀၀/၈၀၀ ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင်  ကုလားပဲ (HL) တစ်တင်းကို ၄၄၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၄၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၆၀၀/၇၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဧပြီလ တတိယပတ်တွင် ကုလားပဲဈေးမြင့်လာပြီး ကုလားပဲ (HL) တစ်တင်းကို ၄၅၅၀၀-၄၆၀၀၀ကျပ် ၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၄၆၂၀၀ကျပ် ဖြင့်အဝယ်ရှိခဲ့ပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့်သာ ခွဲစက်သမားများဖြင့် မြို့တွင်းရောင်းဝယ်မှု ရှိခဲ့ပါသည်။

          ပဲကြီးသီးနှံဈေးမှာ ဧပြီလ ပထမပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၆၀၀၀၀ကျပ်၊ ပဲကြီး (အာမဲ) တစ်တင်းကို ၅၅၀၀၀ကျပ် ဖြစ်ခဲ့ပြီး ပဲကြော်သမားများနှင့် ရန်ကုန်အဝယ်ရှိခဲ့ရာ တစ်ရက် ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပထမပတ်အတိုင်း ပဲကြီးဈေး အေးလျှက် ရှိပါသည်။ ဧပြီလ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၆၂၀၀၀ကျပ်၊ ပဲကြီး(ကမ်းနား) တစ်တင်းကို ၅၉၀၀၀ကျပ်ဖြင့် ဈေးမြင့်လာခဲ့ပြီး ပဲကြော်သမားနှင့် ရန်ကုန် အဝယ်ရှိသဖြင့် တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ဘိုကိတ်သီးနှံဈေးမှာ ဧပြီလပထမပတ်တွင် ၃၅၀၀၀၊ ၃၅၅၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၄၀/၅၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဒုတိယ ပတ်တွင် ဘိုကိတ်ဈေးအေးနေခဲ့ပါသည်။ ဧပြီလ သင်္ကြန်ပြီးစတွင် ပဲတစ်တင်းကို ၃၅၅၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၄၀/၅၀ခန့် အဝယ်ရှိခဲ့ပါသည်။

          စားတော်ပဲ (ကျွန်း)သီးနှံမှာ ဧပြီလအစတွင် ပဲတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၈၃၀၀၀ကျပ် ဈေးဖြစ်ခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ် တင်းကို ၈၆၀၀၀၊ ၈၇၀၀၀ကျပ်ဖြင့် ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ်မှာ တစ်ရက်ကို အိတ် ၂၀/၂၅သာ မြို့တွင်းရောင်းဝယ်မှုရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်၏  အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေမှာ သင်္ကြန်ပိတ်ရက်များကြောင့် အရောင်းအဝယ်မှာ အေးနေခဲ့ပြီး ဈေးနှုန်းအနေဖြင့် ယခင်လကဈေးမှာ ပိုကောင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့နယ်ရှိ နွေစပါးဈေးကွက်ဈေးနှုန်းအခြေအနေ

             ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်တွင် နွေစပါးစိုက်ပျိုးနေမှု ၊ တစ်ဧက ကုန်ကျစရိတ်များနှင့်ပတ်သက်၍ အင်းရွာအုပ်စု ကျေးရွာသို့ သွားရောက်၍  နွေစပါးစိုက်ပျိုးသည့် တောင်သူများနှင့် (၂၂.၄.၂၀၂၂) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။

            သာယာဝတီခရိုင်အနေဖြင့် နွေစပါးစိုက်ဧကမှာ (၇၉၀၀၃) ဧကရှိပြီး သာယာဝတီမြို့နယ်အနေဖြင့် (၃၇၃၂၇) ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ နွေစပါးစိုက်ပျိုးသည့် တောင်သူများမှ ယခုကာလ နွေစပါး ၅၂ ပေါင်တစ်တင်းလျှင် (၇၁၀၀) ကျပ်ဈေးနှုန်းဖြင့် ကွင်းအရောက်ငွေချေစနစ်ဖြင့် ပွဲစားကုန်သည်များမှ ဝယ်ယူလျှက်ရှိကြောင်းနှင့်  မိမိတို့အနေဖြင့်လည်း ကွင်းထိအရောက်လာရောက်ဝယ်ယူခြင်းကို ပိုမိုနှစ်သက်ကြောင်း ၊ ယခုကာလသယ်ပို့ခများ ဈေးနှုန်းမြင့်မားပါသဖြင့် စပါးဘိုးငွေ အသားတင် ကျန်ရှိကြောင်း သိရှိရပါသည်။ တစ်ဧက စိုက်ပျိုးလျှင် (၅၀၀၀၀၀)ခန့်ကုန်ကျပြီး ဝင်ငွေအနေဖြင့် (၈၅၂၀၀၀)ခန့်ရရှိသဖြင့် အကျိုးအမြတ်မှာ (၃၅၂၀၀၀) ခန့် ကျန်ရှိပါသည်။ ယခုနှစ်တွင် နွေစပါးအစိုဓါတ် ၁၈ %ရှိပြီး တစ်ဧကလျှင် (၁၂၀)တင်း နှုန်းခန့် ထွက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

၂.၅.၂၀၂၂ ရက်နေ့ မှ ၈.၅.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်း

၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ မှ မေလ ၈ ရက်နေ့ အထိ လက်ကားရည်ညွှန်းဈေးနှုန်းထုတ်ပြန်မှုအပေါ် ဒေသအလိုက် စားအုန်းဆီ တစ်ပိဿာ ကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား အောက်ပါ .pdf file တွင် ဝင်‌ရောက်ဖတ်ရှုနိုင်ပါသည်-

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း ဖြစ်ပေါ်နေသည့် သီးနှံများနှင့် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးဈေးနှုန်းများ အခြေအနေ

 

           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၂ခုနှစ်၊ ဧပြီလအတွင်း ရိတ်သိမ်းထွက်ရှိ နေသော သီးနှံများနှင့် စိုက်ပျိုးရေးသုံးဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးဈေးနှုန်းများ ဖြစ်ပေါ်နေမှုနှင့် မတ်လ အတွင်းဖြစ်ပေါ်ခဲ့မှု အခြေအနေတို့ကို နှိုင်းယှဥ်၍ ရေးသားဖော်ပြအပ်ပါသည်-

စဥ်

ကုန်ပစ္စည်း

အမျိုးအမည်

ရေ

တွက်

ပုံ

ကုန်ပစ္စည်း

အမျိုးအစား

ပမာဏ

မတ်လ

ဈေးနှုန်း

ဧပြီလ

ဈေးနှုန်း

မှတ်

ချက်

ကြက်သွန်နီ

ပိဿာ

သီးနှံ

၁-ပိဿာ

-

၆၀၀

 

မတ်ပဲ

တင်း

သီးနှံ

၂၀-ပိဿာ

၄၅၀၀၀

၄၇၀၀၀

 

ပဲကြီး(ရွှေယင်းမာ)

တင်း

သီးနှံ

၂၀-ပိဿာ

၅၂၀၀၀

၄၀၀၀၀

 

လဲမှို့

ပိဿာ

သီးနှံ

၁-ပိဿာ

-

၁၂၀၀

 

ဇီးသီး

တင်း

သီးနှံ

၁၆-ပြည်

-

၃၅၀၀

 

ပဲတီစိမ်း

တင်း

သီးနှံ

၂၀-ပိဿာ

-

၄၀၀၀၀

 

ထိုင်းပုလဲ(မြင်းပျံ) CP

အိတ်

မြေသြဇာ

၅၀-ကီလို

၈၅၀၀၀

၈၇၀၀၀

 

ထိုင်းပုလဲ(မြင်းပျံ)

အိတ်

မြေသြဇာ

၅၀-ကီလို

၈၂၀၀၀

၈၅၀၀၀

 

နိုက်ထရိုဖော်စကာ

အိတ်

မြေသြဇာ

၅၀-ကီလို

၈၀၀၀၀

၉၅၀၀၀

 

၁၀

ကီမီရာ

အိတ်

မြေသြဇာ

၅၀-ကီလို

၇၆၀၀၀

၈၈၀၀၀

 

၁၁

အာမို(၁၅း၁၅း၁၅)

အိတ်

မြေသြဇာ

၅၀-ကီလို

၈၀၀၀၀

၉၅၀၀၀

 

၁၂

အဆီဖိတ်

အိတ်

ပိုးသတ်ဆေး

၂၅၀-ဂရမ်

၇၅၀၀

၇၇၀၀

 

၁၃

ရွှေဆိုက်ပါ

ဗူး

ပိုးသတ်ဆေး

၅၀၀-စီစီ

၉၀၀၀

၁၀၀၀၀

 

၁၄

ဆိုင်လာ

အိတ်

ပိုးသတ်ဆေး

၁၀၀-ဂရမ်

၆၅၀၀

၆၅၀၀

 

၁၅

အလန်း

အိတ်

ပိုးသတ်ဆေး

၁၀၀-ဂရမ်

၇၀၀၀

၈၇၀၀

 

၁၆

အမဲနက်

အိတ်

ပိုးသတ်ဆေး

၁၀၀-ဂရမ်

၇၅၀၀

၇၅၀၀

 

DOCA(ပြည်ထောင်စုနယ်မြေ)

                                     

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံရောင်းဝယ်ဖြစ်မှုအခြေအနေ

မကွေးကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၃.၄.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၉.၄.၂၀၂၂) ရက်နေ့ အတွင်း နှမ်းနက်(စမုံ)၊ နှမ်းနီ၊ နှမ်းနက်(ရိုးရိုး)၊ နှမ်းညိုကြား၊ ဂျပန်(နှမ်းဖြူ)နှင့် ပဲလွန်းဝါ၊ ပဲကြီးမဲ၊ ပဲကြီးဖြူ၊ ပဲထောပတ်၊ ပဲစဉ်းငုံနီတို့မှာ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းဖြူ(မကွေး) (၁၅)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၆၁၆၀ဝိ/-)ယခုအပတ်(၆၂၀၀တိ/-) (၄၀ဝိ/-) ဈေးမြင့်၊ ပဲမျိုးစုံ ဈေးကွက်တွင် ပဲတီစိမ်း (၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၃၃၀၀ဝိ/-) ယခုအပတ်(၄၂၀၀ဝိ/-) (၉၀၀ဝိ/-)ဈေးမြင့်၊ ပဲနောက်(၁၉)ပိဿာ(၁)တင်းလျှင် ယခင်အပတ်(၃၅၀၀ဝိ/-) ယခုအပတ် (၃၉၀၀ဝိ/-) (၄၀၀ဝိ/-)ဈေးမြင့်၊ ကုလားပဲကြီး(929)(၁၉)ပိဿာ(၁)တင်း ယခင်အပတ် (၄၂၃၀ဝိ/-) ယခုအပတ်(၄၂၅၀ဝိ/-)(၂၀ဝိ/-)ဈေးမြင့်၊ ကုလားပဲလုံးသေး(၁၉)ပိဿာ(၁)တင်း ယခင်အပတ် (၄၁၀၀ဝိ/-) ယခုအပတ်(၄၀၅၀ဝိ/-) (၅၀ဝိ/-)ဈေးလျော့၊ ကုလားပဲ(HL) (၁၉)ပိဿာ (၁)တင်း ယခင်အပတ်(၄၁၇၀ဝိ/-) ယခုအပတ်(၄၁၀၀ဝိ/-) (၇၀ဝိ/-)ဈေးလျော့၊ မတ်ပဲ(၂၀) ပိဿာ(၁)တင်း ယခင်အပတ်(၄၄၂၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၁၈၀ဝိ/-) ဈေးမြင့်၊ စားတော်ပဲ (၂၀) ပိဿာ (၁)တင်း ယခင်အပတ်(၈၉၀၀ဝိ/-)ယခုအပတ်(၉၃၀၀ဝိ/-)(၄၀၀ဝိ/-) ဈေးမြင့်ခဲ့ပါသည်။
အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းဖြူ(မကွေး)(၁၉.၆၀)တန်၊ နှမ်းနီ (၅.၂၀)တန်၊ နှမ်းနက် (စမုံ)(၃၅.၂၂)တန်၊ နှမ်းနက်(ရိုးရိုး) (၅.၃၆)တန်၊ နှမ်းညိုကြား (၅.၈၃)တန်၊ ပဲနောက်(၃.၆၅)တန်၊ ပဲလွန်းဝါ(၄.၈၂)တန်၊ ကုလားပဲ(၃၀၀)တန်၊ ပဲကြီးဖြူ(၃၀.၆၄)တန်၊ စားတော်ပဲ(၃၀.၇၂)တန်၊ မတ်ပဲ(၇၀.၄၅)တန်၊ ထောပတ်ပဲ(၁၅၀.၂၂)တန်တို့ဖြစ်ကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)

မုံရွာမြို့နယ်၌ သောက်ရေအိုးများ အရောင်းအဝယ်သွက်

          မုံရွာမြို့နယ်တွင် အပူချိန် ၄၃ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာသောကြောင့် မြေသောက်ရေအိုးများ အရောင်းအဝယ်သွက်နေကြောင်း သိရှိရပါသည်။ မုံရွာမြို့နယ်၊ မြောင်မြို့နယ်မှထွက်သော သောက်ရေအိုးနှင့် စစ်ကိုင်းမြို့နယ်မှ ထွက်သော သောက်ရေအိုးများ အရောင်းအဝယ်သွက်နေပါသည်။ ယခုနှစ် နွေရာသီသည် အပူချိန်သိသိသာသာ မြင့်တက် နေသောကြောင့် သင်္ကြန်ပြီးကတည်းက သောက်ရေအိုးများ ပိုမို၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်အပြင် ကျေးရွာများကပါ ဝယ်ယူကြကြောင်း၊ အပူချိန်မြင့်မားလာ၍ ဝယ်ယူ အသုံးပြုသူ များလာသောကြောင်း၊ သောက်ရေအိုး အရွယ်အစား အမျိုးမျိုး ရောင်းရပါကြောင်း၊ သောက်ရေအိုး တစ်လုံးလျှင် အိုး (အကြီး၊ အသေး) အပေါ်မူတည်၍ (၁၈၀၀-၂၀၀၀-၂၅၀၀) ကျပ် အထိ ဈေးနှုန်းအသီးသီးရှိကြောင်း သောက်ရေအိုးရောင်းဝယ်သူတစ်ဦးမှ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အပူပိုင်း‌ဒေသ စပျစ်စိုက်ပျိုးမှုနှင့် ဈေးကွက်အလားအလာ

          ကျွန်မတို့မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် စပျစ်ကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့နယ်များတွင် အများအပြားစိုက်ပျိုးလျက်ရှိပါသည်။

          လူအများစုက စပျစ်သီးကို အအေးပိုင်းဒေသတွေပဲ စိုက်ပျိုးလို့ရပြီး အပူပိုင်းဒေသတွေမှာ စိုက်လို့မဖြစ်ထွန်းဘူးလို့ မှတ်ယူကြပါတယ်၊ အခုတော့ တက်တက်စင်အောင် လွဲနေတယ်ဆိုတာ မုံရွာမြို့နယ် ရွာတုံကျေးရွာ ဦးဇော်ခင်က လက်တွေ့သက်သေပြလိုက်ပါပြီ၊ တောင်သူ အများစုဟာ မိရိုးဖလာရိုးရာစိုက်ပျိုးနည်းတွေနဲ့ဘဲ စိုက်ပျိုး လုပ်ကိုင်ကြတုန်းပါဘဲ၊ ပြီးခဲ့တဲ့နှစ်တွေက ပဲစဉ်းငုံဈေးကောင်းဆိုရင် ဒီနှစ်ထွန်ချချိန်မှာတော့ တောင်သူအများစုဟာ ပဲစဉ်းငုံသီးနှံ စိုက်ပျိုး ကြပါတယ်၊ ယခုနှစ်တွေမှာတော့ မိုးမျှော်ပြီးမလုပ်တော့ဘဲ ရေခေါ်ပြီး ဟင်းသီးဟင်းရွက် စားပင်သီး ပင်တွေကို စိုက်ပျိုးလာကြပါတယ်၊ ဦးဇော်ခင်ကတော့ စွန့်ဦးတီထွင်သူတစ်ဦးလို့ဆိုရမှာ ဖြစ်ပါတယ်၊ ယခုဆိုရင် ဦးဇော်ခင်ရဲ့ စပျစ်ခြံက အတော်လေးကို အောင်မြင်နေပါပြီ။ သူခြံက မုံရွာမြို့ရဲ့ အရှေ့ဘက် ၅မိုင်ခန့်အကွာ ကျောက္ကာ လမ်းဘေး ရွာတုံရွာမှာ တည်ရှိပါတယ်။

          စပျစ် စိုက်ပျိုးရာတွင် အကြမ်းအားဖြင့်(၄)မျိုးရှိရာ ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဍာန်စိုက်နည်း၊ ကြိုတန်း တင်စိုက်နည်းနှင့် စင်တင်စိုက်နည်း တို့ရှိပါကြောင်း၊ စပျစ်စိုက်ပျိုးသူများသည် ပင်ထောင် စိုက်ပျိုးနည်းကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ပြောကြားချက်အရ သိရှိရပါသည်။

          စာရေးသူကျွန်မလည်း စပျစ်အပင်မမြင်ဘူးပါဘူး၊ မမြင်ဘူးလို့ ရုံးပိတ်ရက်လေးမှာ ဦးဇော်ခင်ကို ဖုန်းဆက်ပြီး စပျစ်စိုက်ပျိုးမှုနှင့် ပတ်သက်လို့ မေးမြန်းပါရစေဆိုပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်၊ စပျစ်ခြံရောက်တော့ စိုက်ခင်းခြံကိုကြည့်ပြီး အားကျမိပါတယ်၊ စိုက်ပျိုးချင်စိတ် ပေါက်တာပေါ့၊ ကိုယ် မစိုက်ဖြစ်တော့လဲ အများသူငါ စိုက်နိုင်အောင်လေ့လာပြီး မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။

         ဦးဇော်ခင်ကတော့ စပျစ်စိုက်ပျိုးမယ်ဆိုရင် သူကတော့ မြေမရှိတဲ့ အတွက် မြေတစ်ဧကကို တစ်နှစ်(၂)သိန်းနဲ့ (၃)နှစ်စာချုပ်ဖြင့်ငှားရမ်းထားပြီး ၊မြေပြင်ကို  လူ(၁၀)ဦးဖြင့် မြေအနိမ့်၊အ မြင့်မညီ သည့်အတွက် ပြုပြင်တာ ၅ရက်ကြာပြီး လူဌားရမ်းခ တနေကုန် ၆၀၀၀ကျပ်ပေးရကြောင်း၊ စပျစ်မျိုး ကတော့ မိတ္ထီလာ၊ ရမည်းသင်းအနောက် ရွာတန်း ၂၄ ရွာက ပျိုးပင်ကို ကိုင်းယူပြီး သဲထဲမှာ ပြန်ပျိုးပေးရကြောင်း၊ ပြာသိုလမှာပျိုးရင် တပိုတွဲလမှာ စိုက်ရကြောင်း၊ ပျိုးပင်တစ်ပင်နှင့် တစ်ပင်အကာအဝေးသည် ပုံမှန်(၇)ပေခွဲထားရှိကြောင်း၊ ပျိုးပင်၆လက်မရှိပီရင် ပျိုးအိတ်မြုတ် အောင်စိုက်ပျိုးပေးရကြောင်း ၊ ယခု သူရဲ့စိုက်ဧကသည် တစ်ဧကမရှိကြောင်း၊ တစ်ဧကလျှင် အပင်ရေ ၈၀၀ ဆံ့ပြီး၊ အခုအပင် ၆၀၀ သာဆံ့ကြောင်း၊ စိုက်ပျိုးလျှင် စိုက်ပြီးနောက်က ရေတန်းလောင်း ပေးရကြောင်း ၊စိုက်ပျိုးပြီးလို့ ၂၅ရက်သား ၁လသားဆို မြေဆီကျွေး၊ဆေးဖျန်း၊ ပိုးသတ်ဆေး၊ အားဆေးဖျန်း၊ ရေတစ်ခါတင် ဆေးတခါဖျန်းပေးရကြောင်း ဒီဘက်က အပူပိုင်း ဒေသဆိုတော့ သိပ်ပြီးတော့ ရောဂါမကျဘူး၊ ရမည်းသင်းအနောက်ဘက် ရွားတန်း ဘက်ဆိုရင် ဆေးတော်တော် လိုက်ရတယ်၊နှင်းကလည်းအကျများတယ် ဒီဘက်နယ်က ပိုမိုဖြစ်ထွန်း တယ် လို့ပြောပါတယ်၊        သူစိုက်ပျိုးတဲ့မြေသည် သဲမြေဖြစ်၍ ၆ရက်မှ တစ်ခါလောင်း ပေးရ ကြောင်း၊  အပင်တစ်လခွဲ လောက်ဆိုရင် တိုင်စိုက်စင်ဆောက်ပေးရပါတယ်၊ တစ်ချို့ကတော့ အုတ်တိုင်ဖြင့် စိုက်ပျိုးကြ ကြောင်း၊ အုတ်တိုင်ဖြင့် စိုက်ပျိုးရင် ပို၍ကုန်ကျစရိတ်များကြောင်း၊ အပင်ကတစ် တောင်လောက် တက်သွားပြီဆိုရင် အပိုင်အောင် သွားပြီးဖြစ်ပီပေါ့၊ စင်ကလူအရပ် ထက်တစ်ထွာ လောက်ကျော်ရင်ရပြီ၊ ငါးလလောက်နေရင် အပင်နွယ် ကစင်ပေါ်ရောက်ပြီ၊ အသီးသီးဖို့အတွက် စစိုက်ပြီး ၆လသားအရွယ်မှာ ပိုပီးတော့ ဂရုစိုက်ရ ပါတယ်၊၆လလောက်နေရင် သဘာဝ အသီးပါ လာကြောင်း သဘာဝ အသီးဆိုတာ လူကသီးခိုင်း တာမဟုတ်ပဲ သူဟာသူသီးတဲ့ အသီး၊ အကင်း လည်းပါလာမယ် စိမ်းတဲ့ဟာလည်းပါမယ်၊ မှည့်တဲ့ ဟာလည်းပါမယ်၊ အသီးကမညီဘူး၊အဲဒီအသီးက ရောင်းတန်းဝင်တဲ့အသီးမဟုတ်ဘူး၊ အသီးကို အသုံးမပြုပဲ ကိုင်းကိုအဓိကယူ၊ ကိုင်းအားကောင်းမှ အသီးအားကောင်းကြောင်း၊ အပင်မှ ကိုင်းကို ကိုယ်လိုချင် သလောက် ပွားယူ၊ကိုင်းရပီ၊ရင့်ပီဆိုရင် ဖြတ်ပြီး အသီးစတင်သီးခိုင်းတယ်၊ကိုယ်သီးခိုင်း ချင်တဲ့အချိန် သီးခိုင်းနိုင်တယ်၊ တပေါင်း၊ တခူးလ၊ ကဆုန်လပေါ်ချင် လည်းရတယ်၊ သူရာသီ အလိုက်သီးတာ မဟုတ်ဘူး၊ သီးအောင် လူက ပြုပြင်ပေးရတာ ၊ကိုယ်ကဘယ်အချိန်မှာ သီးစေချင်တာလည်း သီးခိုင်းလို့ရပါတယ် လို့ ပြောပါတယ်။

          စိုက်ပျိုးပြီး ၄ပေခွဲလောက်ရှိရင် အသီးကို စတင်ခူးလို့ရပီ၊ အသီးတခါသီးရင် တစ်လ ကျော်ကျော် ဆွတ်ခူးရပါတယ်၊ အသီးပေါ်ကာစ တစ်ရက်ကို ပိသာ၂၀၀ ကျော် ၃၀၀ နီးပါး (၃)သိန်းခွဲ၊(၄)သိန်းဖိုး လောက်တစ်ပတ်ရောင်းရတယ်၊ တစ်ပိသာလျှင် ယခင်နှစ်က ၄၀၀၀ ကျပ်နှင့်ရောင်းချရပြီး ယခင်နှစ်မှာ တစ်ပိဿာလျှင်(၈၀၀၀)မှ (၁၀၀၀၀)ကျပ်ဖြင့် စပျစ်ခြံရှေ့မှာပဲ တဲလေးထိုးပြီး ရောင်းချပါ တယ်၊ရောင်းလိုက်ရတာ လက်ကိုမလည်အောင်ပါဘဲ၊ ဖောက်သည် ပေးစရာမလိုဘဲ ခြံထွက်ဆို တော့လတ်လတ် ဆတ်ဆတ် စားရတော့ စားသုံးသူများကလည်း ဈေးကို မမြင်ဘဲ အလုအယက် ဝယ်ယူလျက်ရှိပါတယ်၊ စပျစ်သီးရောင်းချတဲ့ တဲလေးရှေ့မှာဘဲ စပျစ်သီး ဆိုင်ကို အမှီပြုရောင်း ချနေတဲ့ ထန်းသီးဆံ ရောင်းချ နေသူတစ်ဦးကလည်း တစ်ရက်ကို ၁သိန်း ဖိုးရောင်းချရ ကြောင်း သိရှိခဲ့ရပါတယ်၊စပျစ်ကို ၆လ တစ်ကြိမ်းသီးခိုင်းပြီးတစ်နှစ်၂ ကြိမ်သီး ခိုင်းတယ်၊အသီးတုံးရင် ပြန်ပြီးတော့ သီးခိုင်းပြီး သီတင်း ကျွတ်လပေါ်မယ်၊ စပျစ်ပင်ဟာ နှစ်ရှည် သီးနှံဖြစ်လို့ တစ်ခါစိုက်ပျိုး ပြီးရင်အနှစ် (၂၀)၊(၂၅)နှစ် အထိ အသီးတယ်၊ ကိုင်းလေးတွေက တစ်နှစ်ကို တစ်ခါတိုးတာ၊ ဒီနှစ် ကိုင်းသုံးဆယ်ရှိတယ်ဆို နောက်နှစ် ကိုင်း၆၀ဖြစ်လာမယ်၊ အထွက် နှုန်းကလည်းတိုးလာတယ်လို့ ဆိုပါတယ်၊ဆိုလိုတာက ယခုနှစ်မှာ အချိန် ၂၀၀ ထွက်ရင် နောက်နှစ်မှာ အချိန်၄၀၀ ထွက်ပါတယ်လို့ ဆိုပါတယ်၊ ကိုင်းတက်များ ပွားလာပြီဆိုလျှင် ကိုယ်မ လိုချင် တာကိုဖဲ့ပြစ် ရပါတယ်၊ တစ်ကိုင်းကနေ ၃ကိုင်း ဖြစ်လာ တယ်၊တစ်ဧက အပင်(၈၀၀)ဆို ကိုင်းမွေးရင်(၈၀၀၀) ဖြစ်လာမယ်၊ အခုအပင်(၆၀၀) ဆိုတော့ ကိုင်းမွေးရင် (၆၀၀၀)ဖြစ်လာမယ် လို့ဆိုပါတယ်၊ စပျစ်က ပေါင်းသင် ပေးစရာသိပ်မလိုဘူး၊ ပေါင်း ပေါက်ရင်လည်း ပေါင်းသတ် ဆေးဖျန်း လိုက်ရုံပါပဲ။

         စပျစ်စိုက်ပျိုးမယ်ဆိုလျှင် အပြီးအစီး သူတို့ စပ်တူစိုက်တဲ့(၃)ဦးရဲ့လုပ်အားခမပါဘဲ သိန်း(၆၀) ကုန်ကျပါကြောင်း၊ အနယ်နယ်အရပ်ရပ်မှ စိုက်ပျိုးချင် တဲ့သူများရှိရင် ဦးဇော်ခင် ဖုန်း-၀၉၇၉၆၁၉၅၂၁၆ ဆက်သွယ်၍ အကူအညီပေးနိုင်ပါကြောင်း၊ ကိုယ်တိုင် ကိုယ်ကျပျိုး ပင်နဲ့ တကွလိုက်၍လည်း စိုက်ပေးမည်ဖြစ်ပါကြောင်း ပြီးမှသာကျ သင့်ငွေကို ရှင်းပေးပါက လည်းရ ပါကြောင်း၊ ကျမအနေနဲ့ စိုက်ပျိုးရေး လုပ်ကိုင်စားသူများအားလုံး စပျစ်သည်လည်း စိုက်ပျိုး သင့်တဲ့ သီးနှံ၊ ထောင်လိုချင်ရာစွန့်ဆိုတဲ့စကားအတိုင်း၊ အရင်းအနှီးထားရပေမယ့်လည်း ရလာ အခါကျ လည်း ငွေပုံကြီး ကျုံးယူသလို၊ မြေကြီးမှ ရွှေသီးနိုင်ရန် ဝိုင်းဝန်းကြိုးစာ စိုက်ပျိုး ကြပါလို့တိုက် တွန်းအကြုံပြုချင်ပါတယ်။

စပျစ်သီးအစေ့၏ အစွမ်းထက်အသုံးဝင်ပုံ

          စပျစ်သီးကို လူတိုင်းစားသုံးနေကြတာပါ၊ စားသုံးနေကြသလို အစေ့ကိုတော့ ထွေးထုတ် ကြတာ များပါတယ်၊ကျမအပါအဝင်ပေါ့၊တကယ်တော့ ကျမလေ့လာသိရှိရတာက စပျစ်သီးက သူ့ရဲ့ အစွမ်း သတ္တိတွေကို အစေ့ထဲမှာ ထုပ်ပိုးထားတာပါ၊ ဒါကြောင့် အစေ့ကို ဝါးစားပါ၊ စပျစ်သီးအစေံက နဲနဲတော့ မာတယ်၊ဝါးရင်ခါးတယ်၊ ဒါပေမယ့်လည်း အာဟာရတန်ဖိုးတွေ အများကြီးကို အစေ့က သယ်ပိုး ထားတာဆိုတာ လေ့လာသိရှိခဲ့ရပါတယ်၊အခုဆိုရင် ဈေးကွက်ထဲမှာ စပျစ်သီးဆေးပြား၊ စပျစ်သီး ခြောက်ထုပ်လေးတွေကို တစ်ထုပ်(၅၀၀) ကျပ်၊(၁၀၀၀) တန်နဲ့ရောင်းချနေတာကို တွေ့ရှိရပါတယ်၊ ဝယ်လည်းစားဖူးပါတယ်၊ စပျစ်သီး တစ်လုံးစားရင် အစေ့တွေကို လက်ဝါးထဲ ထွေးထွေးထုတ် နေဦးမလား၊  အရသာမရှိဘူး၊စားလို့မကောင်းဘူး၊ အသုံးမဝင်ဘူးထင်ပြီး ထွေးမ ထုတ်ပါနဲ့၊ စပျစ်သီး အစေ့နဲ့ကျန်းမာရေးအကျိုးကျေးဇူးက နှလုံးနဲ့ ဦးနှောက်၊အရေပြား အတွက် အကျိုးကျေးဇူး ရရှိမှာ ဖြစ်ပါတယ်၊ စပျစ်သီး စားရင် တစ်လုံးလုံး ဝါးစားပါ၊ ဝါးလိုက်တဲ့ အတွက် အစေ့ကိုသွားနဲ့ ကြိတ်ပြီး သားဖြစ်သွားပြီး အစေ့ထဲမှာ ပါတဲ့အာနိသင်များစွာကို  Unlock ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်၊ စပျစ်သီး အစေ့ဟာ လူအပေါ်မှာ အဆိပ်လုံးဝမရှိပါဘူး၊ ကလေးငယ်တွေမျိုချမိလို့ (သီး)တဲ့ အန္တရာယ် လည်းမရှိပါဘူးဆိုပါတယ်။ စားမယ်ဆိုရင် ဝါးစား ခြင်းရဲ့ အာနိသင်တွေ ရရှိမှာဖြစ်ပါကြောင်းနှင့် မုံရွာမြို့နယ် ရွာတုံကျေးရွာဒေသခံများအနေနဲ့ စပျစ်သီး စိုက်ပျိုးသူများ တဖြေးဖြေးနှင့် စမ်းသပ်     စိုက်ပျိုးကြရင်းနဲ့ များပြားလာပြီး  နောင်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုမှသည် စီးပွားဖြစ် စိုက်ပျိုးလာ ကြတော့မည်ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း