ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရေစကြိုမြို့နယ်၊ စည်သာကျေးရွာမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် စည်သာကျေးရွာတွင် ဝါသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။ ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလေ့ရှိကြရာ ရေစကြိုမြို့နယ်ဘက်တွင် မိုးနှောင်းရာသီဖြစ်သော ဩဂုတ်၊ စက်တင်ဘာလများတွင် စတင်စိုက်ပျိုး ကြပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ခူးဆွတ်ကြကြောင်း သိရှိရပါသည်။

    စိုက်ပျိုးသော ဝါအမျိုးအစားများမှာ ငွေတောင်(၁၀)၊ ငွေချည်(၉-၁၀)၊ ရာကာ(၆၆၆) သက် ကြီးမျိုးဖြစ်သော ကမ္ဘောဇမျိုးများ စိုက်ပျိုးကြပြီး ရာကာ(၆၆၆)မျိုးမှာ ဒေသမြေအနေအထားနှင့် ကိုက်ညီသောကြောင့် အများဆုံးစိုက်ပျိုးသော မျိုးဖြစ်ကြောင်း၊ နှစ်စဉ်ဒေသစီးပွားဖြစ် စိုက်ပျိုးလုပ် ကိုင်ကြပြီး ယခင်နှစ်စိုက်ဧက(၇၀)ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် ဧက(၁၂၀)ထိ တိုးချဲ့စိုက်ပျိုးကြောင်း သိရှိရပါသည်။

   တစ်ဧကလျှင် ဝါစေ့ သုံးပိဿာ ကျဲပက်ပြီး အတန်းလိုက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ယခင်နှစ် တစ်ဧကကုန်ကျစရိတ်မှာ သုံးသိန်းခန့်ရှိပြီး ပိဿာ(၄၀၀)ခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် ဈေးနှုန်းအနေဖြင့် ဝါတစ်ပိဿာ ကျပ်(၁၂၀၀/၁၃၀၀)ခန့်သာရှိပြီး တောင်သူအကျိုးအမြတ် နှစ်သိန်း ခန့်သာ ရရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးစရိတ်မြင့်မားသည့်အတွက် တစ်ဧကကုန်ကျစရိတ် ငါးသိန်းခန့်ရှိပြီး အထွက်ပိဿာ (၅၀၀)ခန့်ထွက်ရှိကြောင်း၊ ယခုနှစ် ဝါတစ်ပိဿာဈေးမှာ ကျပ်(၂၃၀၀/ ၂၄၀၀)ခန့် ရှိသဖြင့် စိုက်ပျိုးတောင်သူ တစ်ဧကအကျိုးအမြတ် ငါးသိန်းခန့်ရရှိကြောင်း သိရှိရ ပါသည်။

   ခူးဆွတ်ပြီးချိန်တွင် ဈေးကောင်းရရှိရန် ဝါကို နေလှန်းပြီးမှ ပြန်လည်သန့်စင်ပြီး သိမ်းဆည်းထားရှိကြောင်း၊ စည်သာကျေးရွာမှ ထွက်ရှိသော ဝါများကို မြို့ပေါ်ရှိ ပွဲစားများအား တိုက်ရိုက်ရောင်းချခြင်း၊ စစ်ကိုင်း၊ မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးတောင်သူ များထံမှ သိရှိရပါသည်။

DOCA(မကွေး)         

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံ စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၆၀၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၅၀၀ကျပ်၊ မနောသုခ တစ်ပြည် ၂၃၅၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၄၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၂၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၃၆၅၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၈၅၀ကျပ်မှ ၄၆၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၅၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၀၀၀ကျပ်မှ ၁၈၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၂၁၀ကျပ်မှ ၂၄၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၈၂၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၈၀၀ကျပ်မှ ၉၀၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(NPT)

မြင့်တက်လာသော ဘိလပ်မြေဈေးနှုန်း

      ကယားပြည်နယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ၊ အုတ်ရိုက်လုပ်ငန်းများအတွက် လိုအပ်သော ဘိလပ်မြေကို အခြားဒေသများမှ တင်သွင်းကြပြီး  အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သံ၊ သွပ် စသည်တို့ကိုလည်း တင်သွင်းကြပါသည်။ ဖေဖော်ဝါရီလ ဒုတိယတစ်ပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၉၀၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၉၀၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၉၀၀၀) ကျပ်ဖြစ်ပြီး ယခင်ပထမတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၃၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၄၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၄၀၀) ကျပ် အသီးသီးမြင့်တက်လာခဲ့ကြောင်း လွိုင်ကော်မြို့အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ဓာတ်မြေဩဇာဈေးနှုန်းကျဆင်းလာ

    ကယားပြည်နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ သွင်းအားစုအဖြစ် အသုံးပြုသော ဓာတ်မြေဩဇာများကို ရန်ကုန်မြို့မှ အများဆုံးတင်သွင်းကြပြီး  ဖေဖော်ဝါရီလ (၁) ရက် နေ့မှ (၁၅) ရက်နေ့အတွင်း ဓာတ်မြေဩဇာ တင်သွင်းမှုမှာ (၅၄၆၀) အိတ်ရှိကြောင်း ပူးပေါင်းစစ်ဆေးရေး ဂိတ်စာရင်းများအရ သိရှိရပါသည်။

     ဓာတ်မြေဩဇာ ဈေးနှုန်းများအနေဖြင့် ယခုတစ်ပတ်တွင် ယူးရီးယား(အာမို) တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်၊ ယူးရီးယား(ဩဘာ) တစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်၊ တီစူပါ(သံကွင်း) (တရုတ်) တစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်၊ ပုလဲရွှေတောင်(တရုတ်) တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်၊ ပိုတက် (ဂျာမနီ) တစ်အိတ်လျှင် (၁၃၅၀၀၀) ကျပ်၊ ကွန်ပေါင်း (အာမို) တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်၊ ကွန်ပေါင်း (ဩဘာ) တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ကောမတ်) တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ အာမို ၁၆း၁၆း၁၆ (တရုတ်) တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ယူးရီးယား(အာမို) တစ်အိတ်လျှင် (၁၈၀၀၀) ကျပ်၊ ယူးရီးယား(ဩဘာ) တစ်အိတ်လျှင် (၁၀၀၀၀) ကျပ်၊ တီစူပါ(သံကွင်း) (တရုတ်) တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်၊ ကွန်ပေါင်း(အာမို) တစ်အိတ် လျှင် (၁၅၀၀၀) ကျပ်၊ ကွန်ပေါင်း(ဩဘာ) တစ်အိတ်လျှင် (၂၀၀၀၀) ကျပ်အသီးသီး ဈေးကျဆင်းလာခဲ့ကြောင်း ဓာတ်မြေဩဇာ အရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)

စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း လက်လီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ချင်း(ဂျင်း) တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ နနွင်း တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၂၃၀၀) ကျပ်ရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀) ကျပ် ကျဆင်းလာခဲ့ပြီး ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း စားဖိုဆောင်သီးနှံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

နောင်ချိုမြို့နယ်မှ မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်မှု

            ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းတွင် မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်းတွေ့ရှိရပါသည်။ မက္ကဒေးမီးယားအပင်သည် ပင်လတ်၊ ပင်ကြီးမျိုးဖြစ်ပြီး၊ အမြင့်ပေ( ၃၀ မှ ၄၀ ) ကျော်အထိမြင့်တက်လျက်ရှိကာ ဘေးကိုင်းများ အကျယ်ပေ (၄၀)ခန့်အထိ ဖျာထွက်လျက်ရှိသောကြောင့် အရွက်များ အရောင်တောက်ပပြီး စိမ်းလန်းလျက်ရှိ၍ အမြဲစိမ်းသစ်တောပင်ဖြစ်ကြောင်း သိရှိပါသည်။

            မက္ကဒေးမီးယားအပင်စိုက်ပျိုးရာတွင် ကိုင်းဆက်ပင်နှင့် အစေ့စိုက်ပင်ဟူ၍ (၂) မျိုးစိုက်ပျိုးကြပါသည်။ မက္ကဒေးမီးယား၏အစေ့စံ(၁၀၀)ဂရမ်လျှင် အင်အားဖြစ်စေတတ်သော ကယ်လိုရီ (၆၉၁)ပါဝင်ပြီး  ရေဓာတ်(၃)%၊ ပရိုတင်း(၈)%၊ အဆီဓာတ်(၇၀)%၊ ကာဗိုဟိုက်ဒရိတ်(၁၆)%၊ အမျှင်ဓာတ်(၂၅)%၊ ပြာဓာတ်(၂)%၊ ထုံးဓာတ်၊ ဖော့စဖိတ် ဓာတ်၊ ပိုတက်ဆီရမ်ဓာတ် အနည်းငယ်စီပါဝင်ပြီး၊ သိုက်ရာနာမင်း၊ ရိုင်ရိုစလေဗင်၊ နိုင်ရာဓာတ်များ ပါဝင်ကြောင်း သိရှိရပါသည်။

            မက္ကဒေးမီးယားတွင်ပါဝင်သော အဆီဓာတ်တွင် ကိုက်လတ်ဆာရာပါဝင်မှုမရှိသော Mono Unsaturated (၈၀%)  ပါဝင်သဖြင့် ကျန်းမာရေးသီးနှံအဖြစ် အဓိကစားသုံးလာကြကြောင်းသိရပါသည်။

            မက္ကဒေးမီးယားစိုက်ပျိုးရာတွင် မြေအမျိုးအစားရွေးချယ်ရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် အစိုဓာတ် ထိန်းသိမ်းမှုနည်းပါးသော သဲဆန်လွန်းသည့်မြေမျိုးမှလွဲ၍ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း၊ ရေဝပ်ခြင်းမရှိသော သစ်ဆွေးမြေများ၊ အစိုဓာတ်ထိန်းသိမ်းမှုကောင်းမွန်သည့်မြေမျိုးများတွင် စိုက်ပျိုးကြကြောင်း၊ ရာသီဥတုအားဖြင့် နှစ်စဉ်မိုးရေချိန် လက်မ(၆၀)နှင့်အထက် ရွာသွန်းသော ဒေသများတွင် စိုက်ပျိူးရှင်သန်နိုင်သော်လည်း ပန်းပွင့်ချိန် ကာလဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အအေးဓာတ်(၁၄’) မှ(၁၈’) အတွင်း ရရှိရန်လိုအပ်ကြောင်း နှင့် အပူပိုင်းဒေသများတွင် အမြင့်ပေ (၁၅၀၀) မှ (၃၀၀၀) အတွင်းရွေးချယ် စိုက်ပျိုးရန်ဖြစ်ကြောင်း သိရှိရပါသည်။

            မက္ကဒေးမီးယားသည် သီးပွင့်မှုသဘာဝအားဖြင့် ကိုင်းဆက်အပင်သည် သက်တမ်း (၄) နှစ်တွင်လည်းကောင်း၊ အစေ့စိုက်အပင်သည် သက်တမ်း(၆)နှစ်တွင်လည်းကောင်း စတင်သီးပွင့်ကြကြောင်း၊ အစိုဓာတ်ကောင်းမွန်သော ဒေသများတွင် တစ်နှစ်ပတ်လုံးသီးပွင့်နိုင်ပြီး နှစ်ပေါင်း (၆၀) ထိ နှစ်ရှည်ပင် ဖြစ်၍ စီးပွားရေးတွက်ချေကိုက်သော အထွက်နှုန်း ရရှိနိုင်ပြီး နှစ်ပေါင်း (၁၀၀) အထိ သီးပွင့်နိုင်ကြောင်း၊ ကိုင်းဆက်အပင် စိုက်ပျိူးခြင်းသည် အသီးသီးရန် ပို၍မြန်ကြောင်း သိရှိရပါသည်။

            မက္ကဒေးမီးယားအပင်များကို ၁၉၈၂-၁၉၈၃ ခုနှစ်မှစတင်ကာ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်များ တွင်  စမ်းသပ်စိုက်ပျိူးခဲ့ကြကြောင်း၊ ယခုအခါတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့်ချင်းပြည်နယ်များတွင် စိုက်ပျိူး အောင်မြင်လျက်ရှိကြောင်း သိရှိရပါသည်။

           နောင်ချိူမြို့နယ်တွင် မက္ကဒေးမီးယားအပင်စိုက်ပျိုးဧက (၁၃၀၀၀) ခန့်ရှိပြီး အထွက်နှုန်းမှာ (၁) တန်မှ (၁.၅)    တန်ထိထွက်ရှိကြောင်းသိရှိရပါသည်။ဈေးကွက်အနေဖြင့် မြန်မာပြည်အနှံ့အပြားနှင့် နိုင်ငံခြားသို့ နှစ်စဉ်တင်ပို့ရောင်း ချ လျက်ရှိကြောင်းလေ့လာသိရှိရမှုအား ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ရှမ်း)

စားသုံးသူအရေးကြိုတင်ကာတွေး၍ ဝမ်းရေးကိုအထောက်အကူဖြစ်စေရေး စားအုံးဆီများ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများသည် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

      လက်ကားဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း ဒေသအရောက်ဈေးနှုန်းအပေါ် ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး လက်လီဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

       ထိုသို့သောစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံသို့ အလီလီရောင်းချပေးလျက်ရှိရာ မြင်းခြံမြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ ပထမပတ်အထိ လူတစ်ဦးလျှင် ၁ ပိဿာနှုန်းလျှင် ၄၉၀၀/-ကျပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများပေါ်အခြေခံ၍ ရောင်းချပေးလျက်ရှိရာ ယခုဆိုလျှင် (၂၆) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ပိဿာပေါင်း (၆၅၃၇၃၀)ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

       ဝယ်ယူသုံးစွဲရာ၌ ပြင်ပပေါက်ဈေးနှုန်းမှာ ၆၈၀၀/- ကျပ်မှ ၆၉၀၀/- ကျပ်အထိဈေးနှုန်းရှိသည့်အတွက် အစစအရာရာခက်ခဲနေသည့်ကြားမှ ယခုကဲ့သို့ သက်သာသောဈးနှုန်းများဖြင့် လှည့်လည်၍ အကြိမ်ကြိမ်လာရောက်ရောင်းချပေးခဲ့ခြင်းအပေါ် စားသုံးသူပြည်သူအများစုက များစွာပီတိဖြစ်ရ သည်ဟုလည်းသိရှိရပါသည်။ နောက်နောင်လည်း ယခုကဲ့သို့ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချမှုအား ဆက်လက်၍ဆောင်ရွက်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်အသင်းဖွဲ့ထံမှသိရှိရပါသည်။

DOCA(မန္တလေး)

 

                            

                            

မကွေးမြို့ ကန်သာစျေး၌ ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်စျေးနှုန်းအခြေအနေ

           မကွေးမြို့ ကန်သာစျေး၌ ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား များအပြင် ရန်ကုန်မြို့မှ ငါးမျိုးစုံ၊ ရေချိုပုဇွန်၊ ငါးမြစ်ချင်းကြီး၊ ကြက်ဥများဝင်ရောက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်စစ်တွေမြို့နှင့်အမ်းမြို့တို့မှငါးပိ၊ ငါးခြောက်များဝင်ရောက်လျက်ရှိကြောင်း၊ ဒေသအလိုက် ပစ္စည်းအမျိုးအစား အလိုက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     (၆.၂.၂၀၂၃)ရက်နေ့မှ (၁၀.၂၀.၂၀၂၃)ရက်နေ့အတွင်း ကန်သာဈေး၌ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၅၀ဝမှ ၂၀၀ဝ)အတွင်း၊ ကြက်သွန်ဖြူ(ဗမာ) (၁) ပိဿာလျှင် ကျပ်(၄၇၀ဝ)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင်ကျပ်(၄၀၀ဝ)၊ ငြုပ်သီးခြောက်ရှည် (၁)ပိဿာလျှင် ကျပ် (၂၀၀၀ဝ)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၆၀၀ဝ)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၂၂၀ဝ)၊ မကျီးသီးမှည့်  (၁)ပိဿာလျှင် ကျပ်(၄၀၀ဝ)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၆၀ဝ)၊ သကြား(၁)ပိဿာ လျှင် ကျပ်(၃၂၀ဝ) ၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၅၅၀ဝ)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၆၄၀ဝ)၊ ရွှေဘို(ပေါ်ဆန်း)(၁)ပြည်လျှင် ကျပ်(၄၄၀ဝ)၊ မြောင်းမြ(ပေါ်ဆန်း)(၁)ပြည်လျှင် ကျပ်(၃၄၀ဝ)၊ ဧရာပဒေသာ(မြောင်းမြ) (၁)ပြည်လျှင် ကျပ်(၃၄၀ဝ)၊ ဧရာပဒေသာ(ပွင့်ဖြူ)(၁)ပြည်လျှင် ကျပ်(၃၀၀ဝ)၊ မနော်(၁)ပြည်လျှင် ကျပ်(၂၆၀ဝ)၊ ကြက်သား (CP)(၁)ပိဿာလျှင် ကျပ်(၁၀၀၀ဝမှ ၁၅၀၀ဝ)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၀၀ဝ)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀ဝမှ ၁၆၀၀ဝ)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၂၀၀ဝမှ ၁၆၀၀ဝ)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၈၀၀ဝမှ ၂၀၀၀ဝ)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀ဝ) နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀ဝ)၊ ပဲဆီ(၁) ပိဿာ လျှင် ကျပ်(၁၄၀၀ဝ)နှင့် စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၇၃၀ဝ) တို့ဖြင့် အသီးသီးအရောင်း အဝယ်ဖြစ်လျက်ရှိကြောင်းဆိုင်ခန်းဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများ၌ ဆီကုန်သည်များအသင်းမှ စားအုန်းဆီ ရောင်းချပေးနေမှုအားကွင်းဆင်းကြီးကြပ်ခြင်း

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်းကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်း များ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ခရိုင်ရုံးဝန်ထမ်းများ သည် (၁၀.၂.၂၀၂၃)ရက်နေ့ နေ့လည်(၁၅:၀၀)အချိန်တွင် မကွေးမြို့၊ ဆားစည်ရပ်ကွက်၊ စျေးလယ်စိုး ရပ်ကွက်နှင့် ဘုရားသုံးဆူကျေးရွာများ၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားအုန်းဆီများကို မကွေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စျေးကား(၃)စီးဖြင့် စားအုန်းဆီ (၁)ပိဿာ ကျပ်(၄၉၀၀)ဖြင့် လူတစ်ဦးလျှင် (တစ်)ပိဿာနှုန်းရောင်းချနေမှုအား သွားရောက်စိစစ် ကြပ်မတ်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူ နိုင်ရေး စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီ ဝယ်ယူ ရာ၌စနစ်တကျရှိစေရေးကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)
 

သရက်မြို့နယ် ကျေးရွာများမှ ထွက်ရှိသည့် ဆီးသီး၊ မန်ကျည်းသီးနှင့် ကြောင်လျာစေ့များ၏ ဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော တဇီးကောက်၊ မိုးနတ်ကုန်း၊ ညောင်ဝိုင်း၊ ဘော်၊ မန်ကျဉ်းရုံစသည့် ကျေးရွာများမှ ထွက်ရှိသည့်ဆီးသီး အစို၊ အခြောက်များမှာ ဖေဖော်ဝါရီလ(ပထမ)ပတ်တွင် ဆီးသီး(၁)တင်းလျှင် ကျပ်(၁၀၀၀၀)ဈေးဖြစ်ပြီး (ဒုတိယ)ပတ်တွင် ကျပ်(၁၁၀၀၀)အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အောင်လံမြို့သို့ ရောင်းချကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

    ယခုအချိန်တွင် မန်ကျည်းသီးများလည်း လှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ ဖေဖော်ဝါရီလ(ဒုတိယ)ပတ်တွင် မန်ကျည်းသီးအစေ့ပါ (၁)ပိဿာလျှင် ကျပ်(၁၂၀၀)ဈေးဖြင့် လက်ကားဝယ်ယူလျက်ရှိကြောင်း၊ မန်ကျည်းသီးအစေ့မပါ (၁)ပိဿာလျှင် ကျပ်(၂၇၀၀)ဈေးဖြင့် ဝယ်ယူပြီး ပြည်၊ ကြံခင်း၊ မြန်အောင်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ထို့အပြင် ကြောင်လျာစေ့ (၁)ပိဿာလျှင် ကျပ်(၁၁၅၀၀) ဈေးဖြင့်ဝယ်ယူပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း