Main menu

တင်သွင်းလာသည့် ပဲများအား ၁ လထက် ပိုမိုသိုလှောင်မှု မပြုရန် အိန္ဒိယအစိုးရက ညွှန်ကြား

Powered by Drupal

အိန္ဒိယပြည်တွင်းဈေးကွက်၌ ရောင်းလိုအားပိုင်း ကျပ်တည်းမှုနှင့်အတူ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့် အခြေအနေတွင် ပဲမျိုးစုံရောင်းဝယ်သည့် ကုန်သည်များအနေဖြင့် ပြည်ပမှ တင်သွင်းလာသော ပဲစင်းငုံနှင့် မတ်ပဲတို့ကို အကောက်ခွန်ရှင်းလင်းမှု ပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃၀ ထက်ပိုမို၍ လက်ဝယ်သိုလှောင်ထားရှိခြင်းမပြုပဲ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရန် အစိုးရက ညွှန်ကြားထားကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၌ မိုးသီးနှံရာသီ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် သုံးပုံနှစ်ပုံခန့် ပါဝင်သော ပဲစင်းငုံနှင့်မတ်ပဲတို့သည် ပြည်ပမှတင်သွင်းရသည့် ပဲမျိုးစုံတွင်လည်း ၇၀% ပါဝင်လျက်ရှိသည်။

အိန္ဒိယနိုင်ငံ၌ ၂၀၂၂-၂၃ ဇူလိုင်လမှ ဇွန်လအထိ သီးနှံစိုက်ပျိုးရေးနှစ်အတွင်း ပဲမျိုးစုံ ထုတ်လုပ်မှု လျော့ကျခဲ့ရာ ကုန်သည်များ၏ ပဲမျိုးစုံသိုလှောင်မှုပမာဏကို ထုတ်ဖော်ကြေညာစေလျက် ကြပ်မတ်ဆောင်ရွက်ရှိသော်လည်း အထူးသဖြင့် ပဲစင်းငုံဈေးနှုန်းများမှာ မြင့်တက်လျက် ရှိနေခဲ့သည်။ အစိုးရ၏ ဒုတိယအကြိမ် ကြိုတင်ခန့်မှန်းချက်တွင် ၂၀၂၂-၂၃ သီးနှံရာသီ၌ ပဲစင်းငုံထွက်ရှိမှု သည် ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၄.၂ သန်းမှ လျော့ကျလျက် တန်ချိန် ၃.၆ သန်းခန့် ရှိမည်ဟု ဖော်ပြထားသော်လည်း အိန္ဒိယ ပဲရောင်းဝယ်ရေးလုပ်ငန်းနယ်ပယ်ကမူ ပဲစင်းငုံ တန်ချိန် ၂.၅ သန်း မှ ၂.၈ သန်းအထိသာ ထွက်ရှိနိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။ သို့ဖြစ်ရာ လက်ရှိကာလ ပြည်တွင်း ပဲစင်းငုံစားသုံးမှု တန်ချိန် ၄.၃ သန်းမှ ၄.၄ သန်း ခန့်ရှိသည့်အပေါ် ဖြည့်ဆည်းနိုင်ရန် လိုအပ်ချက်ဖြစ်‌ပေါ်လျက်ရှိသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ဈေးကွက်စင်္ကြန်ဖြစ်သော Agmarknet portal ရှိ အချက် အလက်များအရ ပဲစင်းငုံ အဓိကလက်ကားဈေးကွက်များဖြစ်သော မဟာရဋ္ဌပြည်နယ်ရှိ Akola ဒေသနှင့် ကာနာတကာပြည်နယ်ရှိ Kalaburagi ဒေသတို့တွင် ပဲစင်းငုံ ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျှင် ၃၀-၁၂-၂၀၂၂ နေ့၌ ရူပီး‌ငွေ ၆၁၀၀ မှ ၇၃၆၀ ကြားရှိရာမှ ၁၈-၅-၂၀၂၃ နေ့တွင် ရူပီး‌ငွေ ၈၄၅၀ မှ ၁၀၀၀၀ ကြားသို့ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ အလားတူ မတ်ပဲ အဓိကလက်ကား ဈေးကွက်ဖြစ်သော အန္တရာပရာဒေ့ရှ်ပြည်နယ်ရှိ Guntur ဒေသတွင်လည်း အဆိုပါကာလအတွင်း မတ်ပဲဈေးနှုန်း ၁ ကွင်တယ်လျှင် ရူပီး‌ငွေ ၆၅၀၀ - ၇၀၀၀ ကြားရှိရာမှ ရူပီး ၇၈၀၀ - ၈၂၀၀ အထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျမ်းမျှ လက်လီဈေးနှုန်းများမှာ ပဲစင်းငုံ ၁ ကီလိုဂရမ်လျှင် ၃၀-၁၂-၂၀၂၂ နေ့၌ ၁၁၁.၆၂ ရူပီးရှိရာမှ လက်ရှိကာလတွင် ၁၁၉.၂၇ ရူပီးသို့ လည်းကောင်း၊ မတ်ပဲ ၁ ကီလိုဂရမ်လျှင် အဆိုပါကာလအတွင်း ၁၀၇.၃၉ ရူပီးမှ ၁၀၉.၄၇ ရူပီးသို့ လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။

အပတ်စဉ်သောကြာနေ့တိုင်း၌ အိန္ဒိယစားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်စင်္ကြန်ပေါ်သို့ ၎င်းတို့လက်ဝယ်ရှိ ပဲလက်ကျန်ပမာဏအား ပဲမျိုးစုံတင်သွင်းသည့် လုပ်ငန်းရှင်များမှ လွှင့်တင်ကြေညာစေရေးကို ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပဲစင်းငုံနှင့်မတ်ပဲ ပဲအလုံးနှင့် ပဲခွဲခြမ်းများ သိုလှောင်ထားရှိမှုကို စာရင်းတင်ပြခြင်းမရှိသော ကုန်သည်များနှင့် အကောက်ခွန် ရှင်းလင်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃၀ ထက် ကျော်လွန်၍ ပဲများသိုလှောင်ထားသူ သွင်းကုန်လုပ်ငန်းရှင်များအား စည်းကမ်းတင်းကျပ်စွာ အရေးယူဆောင်ရွက်ရန် ဗဟိုအစိုးရက ပြည်နယ်များသို့ ညွှန်ကြားထားကြောင်း ဒေလီမြို့အခြေစိုက် Mint သတင်းဌာနက ဖော်ပြပါသည်။

Source: www.livemint.com, 19 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)