Main menu

၂၀၂၂-၂၃ ခုနှစ်အတွက် သီးနှံထွက်ရှိနိုင်မှု တတိယအကြိမ် ခန့်မှန်းချက် အိန္ဒိယအစိုးရထုတ်ပြန်

Powered by Drupal

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနသည် ၂၀၂၂-၂၃ စိုက်ပျိုးရေးနှစ်အတွက် အဓိကသီးနှံများ ထွက်ရှိနိုင်မည့်အခြေအနေ တတိယအကြိမ်ခန့်မှန်းချက် ကို ၂၅-၅-၂၀၂၃ နေ့၌ ထုတ်ပြန်ခဲ့ရာ စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် တန်ချိန် ၁၄၉.၁၈ သိန်း ပိုမိုလျက် အထွက်တန်ချိန်ပေါင်း ၃၃၀၅.၃၄ သိန်းအထိ စံချိန်တင် ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါပမာဏသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်ကနဦးခန့်မှန်းချက်ထုတ်ပြန်ရာ၌ ခန့်မှန်းထားသည်ထက် ၂.၁% ပိုမိုလာခြင်းဖြစ်သည်။

၂၀၂၂-၂၃ ခုနှစ် ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် စံချိန်တင်ထွက်ရှိမှုအဖြစ် ဆန်တန်ချိန် ၁၃၅၅.၄၂ သိန်း၊ ဂျုံတန်ချိန် ၁၁၂၇.၄၃ သိန်းနှင့် ပြောင်းတန်ချိန် ၃၅၉.၁၃ သိန်း ရရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုသည်လည်း အထွက်တန်ချိန်ပေါင်း ၄၀၉.၉၆ သိန်း ခန့် စံချိန်တင်ထုတ်လုပ်နိုင်ဖွယ်ရှိပြီး ၎င်းပမာဏအနက် ပဲပုတ်စေ့သည် တန်ချိန် ၁၄၉.၇၆ သိန်းနှင့် မုံညင်းစေ့ တန်ချိန် ၁၂၄.၉၄ သိန်း ထွက်ရှိမှုဖြင့် စံချိန်အသစ် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းသီးနှံများအနက် ကြံစိုက်ပျိုးမှုသည်လည်း အထွက်တန်ချိန် ၄၉၄၂.၂၈ သိန်းဖြင့် စံချိန်တင်ဖွယ်ရှိကြောင်း၊ ပဲမျိုးစုံ ထုတ်လုပ်မှုမှာ တန်ချိန် ၂၇၅.၀၄ သိန်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှု သည် ၁၇၀ ကီလိုဂရမ်ဝင် ဘေထုပ်ရေ ၃၄၃.၄၇ သိန်းနှင့် ဂုံလျှော်ထုတ်လုပ်မှုမှာ ၁၈၀ ကီလိုဂရမ်ဝင် ဘေထုပ်ပေါင်း ၉၄.၉၄ သိန်း ထွက်ရှိနိုင်မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

၂၀၂၂-၂၃ ခုနှစ် ပဲမျိုးစုံထွက်ရှိနိုင်မှုအား တန်ချိန် ၂၇၅.၀၄ သိန်း ခန့်မှန်းထားရာ ယခင်နှစ် ထုတ်လုပ်မှုထက် တန်ချိန် ၂.၀၂ သိန်း ပိုမိုမည်ဖြစ်သည်။ ယခုအကြိမ် ပြင်ဆင်ခန့်မှန်းချက်အရ ပဲစင်းငုံတန်ချိန် ၃၄.၃၀ သိန်း၊ ကုလားပဲတန်ချိန် ၁၃၅.၄၃ သိန်း၊ မတ်ပဲတန်ချိန် ၂၆.၁၂ သိန်း၊ ပဲတီစိမ်းတန်ချိန် ၃၇.၄၀ သိန်း၊ ပဲနီလေးတန်ချိန် ၁၅.၈၀ သိန်း၊ အခြားမိုးသီးနှံပဲများ တန်ချိန် ၈.၉၂ သိန်းနှင့် အခြားဆောင်းသီးနှံပဲများ တန်ချိန် ၁၇.၀၃ သိန်း ထွက်ရှိနိုင်ကြောင်း သိရှိရသည်။

ယခု ၂၀၂၂-၂၃ ခုနှစ်အတွက် အဓိကသီးနှံများထွက်ရှိနိုင်မှု တတိယအကြိမ် ခန့်မှန်းချက် ထုတ်ပြန်ရာတွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသည် ယခင်က ဆောင်းသီးနှံအဖြစ် ဖော်ပြခဲ့သော သီးနှံများအနက်မှ အချို့ကို သီးခြားခွဲထုတ်လျက် ဆောင်းသီးနှံနှင့် မိုးသီးနှံအကြားတွင် စိုက်ပျိုးသော နွေသီးနှံ (Zaid crops) စာရင်းအသစ်၌ ထည့်သွင်းဖော်ပြခဲ့သည်။

Source: Press Information Bureau of India, 25 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)