နှစ်နိုင်ငံတို့၏ ပူးတွဲကုန်သွယ်မှုဆိုင်ရာမစ်ရှင်အဖြစ် ဥရောပသမဂ္ဂသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးခြင်းဆိုင်ရာစည်းမျဉ်း (EUDR) သည် ဘက်လိုက်ခွဲခြားခြင်းနှင့် သဘာဝတရားအပေါ် ပြစ်ဒဏ်ချမှတ်ခြင်းသာဖြစ်ကြောင်း မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဝေဖန်အပြစ်တင်ပြောဆိုခဲ့သည်။
မေလ ၃၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သော နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်တွင် အဆိုပါ EUDR စည်းမျဉ်းသည် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအား ထိခိုက်စေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ ၂၀၃၀ အစီအစဉ်ပါ စားအုန်းဆီလုပ်ငန်း၏ရလဒ်ကို အဟန့်အတားဖြစ်စေကြောင်း၊ စားအုန်းဆီနှင့် စားအုန်းဆီထွက်ကုန်များအား ကုန်သွယ်ရာတွင် ဥရောပသမဂ္ဂအနေဖြင့် ပွင့်လင်းမြင်သာမှု၊ ခွဲခြားဆက်ဆံမှုကင်းစင်ရေး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရေး အထူးလိုအပ်ကြောင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနှစ်နိုင်ငံအနေဖြင့် EUDR သည် ကုန်သွယ်မှုအား ပုံပျက်ယွင်းစေခြင်းနှင့် ထုတ်ကုန်များအားလွှမ်းခြုံမှုနှင့် အမျိုးသားရေးအမြင်တို့ အရ ခွဲခြားဆက်ဆံခြင်းတို့ကို ဖန်တီးမှုမဖြစ်ပေါ်စေသင့်ဟု ယုံကြည်ကြောင်း၊ ဖွံဖြိုးဆဲနိုင်ငံများက စဉ်ဆက်မပြတ်သော ဘက်စုံကုန်သွယ်မှုစနစ် တည်ဆောက်ရာတွင် ပါဝင်လုပ်ဆောင်နေချိန်၌ စည်းမျဉ်း၊ စည်းကမ်းအသစ်များသည် ဟန်ချက်ညီမျှမှု၊ အားလုံးပါဝင်နိုင်မှု၊ ကြိုတင်ခန့်မှန်းမှုနှင့် ကုန်သွယ်မှုမဟုတ်သော တင်းကျပ်သည့်ချဉ်းကပ်မှုတို့မှတစ်ဆင့် ရလဒ်ကောင်းများ ရရှိစေရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
EUDR စည်းမျဉ်းအား ကန့်ကွက်ကြောင်းနှင့် စိုးရိမ်မကင်းဖြစ်ရကြောင်းကို အသိပေးပြောကြားရန်နှင့် နှစ်နိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွားအတွက် စားအုန်းဆီကဲ့သို့သော ကုန်စည်များ၏ အရေးပါမှုကို ထပ်မံထုတ်ဖော်ပြောဆိုရန်အတွက် မလေးရှားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်စည်များဆိုင်ရာဝန်ကြီးဖြစ်သူ Mr. Fadillah Yusof နှင့် အင်ဒိုနီးရှားနိုင်ငံမှ စီးပွားရေးရာ ညှိုနှိုင်းမှုဝန်ကြီး Mr. Airlangga Hartarto တို့က အဆိုပါခရီးစဉ်ကို တာဝန်ယူသွားရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်၌ နှစ်နိုင်ငံပူးတွဲမစ်ရှင်အဖွဲ့သည် ဥရောပသမဂ္ဂမှ ထိပ်တန်းခေါင်းဆောင် ၅ ဦးနှင့် ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံ၍ အစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ ဥရောပသမဂ္ဂ အနေဖြင့် ဆီအုန်းစိုက်ပျိုးသည့် နိုင်ငံများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် စိုက်ပျိုးထုတ်လုပ်သူများ ပါဝင်သည့် Dialogue ဆွေးနွေးပွဲ အား စီစဉ်ကျင်းပခြင်း သို့မဟုတ် လုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်းလျက် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကို ဆောင်ရွက်ရန် ပူးတွဲမစ်ရှင်အဖွဲ့က အကြံပြုခဲ့ကြောင်း၊ ဥရောပသမဂ္ဂမှ ခေါင်းဆောင်များကလည်း ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန်လိုအပ်သည်ကို သဘောတူလက်ခံခဲ့ကြောင်း၊ ပါဝင်ပတ်သက်သူများအားလုံးနှင့် ထိတွေ့ဆက်ဆံရေး ဆောင်ရွက်နိုင်ရန် ဥရောပသမဂ္ဂဘက်မှ ကိုယ်စားလှယ်အဖွဲ့များသည် အင်ဒိုနီးရှားနှင့် မလေးရှားနှစ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: Channel News Asia, 31 May 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)