Main menu

အိန္ဒိယနိုင်ငံအစိုးရက မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲနီလေးများအား ဈေးနှုန်းထောက်ပံ့ပေးသည့် အစီ အစဉ်အရ အရေအတွက်အကန့်အသတ်ဖြင့်ဝယ်ယူမှုကို ဖယ်ရှားသွားမည်ဖြစ်

Powered by Drupal

အိန္ဒိယနိုင်ငံတွင် အတွင်းရေးမှူးများပါဝင်ဖွဲ့စည်းထားသောကော်မတီသည် ၂ဝ၂၃-၂ဝ၂၄ အတွက် ဈေးနှုန်းထောက်ပံ့ပေးသည့်အစီအစဉ်အရ မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲနီလေးများအား ဝယ်ယူသည့်ပမာဏကန့်သတ်ချက်ကို ဖယ်ရှားသွားမည်ဟု အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။ စားသုံးသူရေးရာဝန်ကြီးဌာနက အဆိုပါထုတ်ပြန်ချက်အရ လယ်သမားများအနေဖြင့် ယခုနှစ်အတွင်း ၄င်းတို့၏စိုက်ပျိုးထွက်ရှိသောပဲများကို လွတ်လပ်စွာရောင်းချခွင့်ရရှိသွားမည်ဖြစ်ကာ ထုတ်လုပ်မှုတိုးတက်စေရန် စိုက်ပျိုး သည့်ဧကကို တိုးချဲ့သွားကြမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် မတ်ပဲနှင့် ပဲစဉ်းငုံစိုက်ဧရိယာများ ပိုမိုများပြားလာနိုင်ကြောင်း  ပြောကြားခဲ့ပါသည်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် ဈေးနှုန်းထောက်ပံ့ပေးသည့်အစီအစဉ်ကို စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ပဲမျိုးစုံထုတ်လုပ်မှုလျော့ကျပါက ဈေးနှုန်းများကို ဖောင်းပွစေနိုင်သဖြင့် စိုးရိမ်လျက်ရှိကြောင်း၊ ဈေးနှုန်းထောက်ပံ့ ပေးသည့်အစီအစဉ်အရ အစိုးရသည် လယ်သမားများထံမှ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ ဈေးနှုန်းမှာ ရည်ညွှန်းဈေးအောက် ရောက်ရှိပါက ရည်ညွှန်းဈေးအတိုင်း ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူပေးလျက်ရှိကြောင်း၊ သို့ရာတွင် ပြည်နယ် များမှ တောင်းဆိုပါက ဝယ်ယူသည့်ပမာဏကို ၄ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် နိုင်ကြောင်း သိရှိရပါသည်။

လွန်ခဲ့သောသီတင်းပတ်က ပဲစဉ်းငုံနှင့် မတ်ပဲတို့ကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကုန်လက်ကျန်ပမာဏကန့်သတ်ချက်ကို သတ်မှတ်ခဲ့ပြီး လက်ကားရောင်းချသူများ၊ လက်လီရောင်းချသူများ၊ ပဲခွဲစက်များနှင့် တင်သွင်းသူများမှ သတ်မှတ် ထားသောပမာဏထက် ပိုမိုသိုလှောင်ခြင်းမပြုရန် သတ်မှတ်ထားကြောင်းလည်း သိရှိရပါသည်။

အဆိုပါကုန်လက်ကျန်ကန့်သတ်ချက်များကို ပဲအမျိုးအစားတစ်ခုချင်းစီအတွက် သတ်မှတ်ထားပြီး လက်ကားရောင်းချသူများမှ တန် ၂၀၀၊ လက်လီရောင်းချသူများအနေဖြင့် ၅ တန်၊ အကြီးစားလက်လီရောင်းချသည့် သိုလှောင်ရုံအတွက် ၂ဝဝ တန် စသည်ဖြင့် သတ်မှတ်ထားကြောင်း သိရှိရပါသည်။ ပဲကြိတ်ခွဲရောင်းချသူများအတွက် အရေအတွက်ကန့်သတ်ချက်မှာ လွန်ခဲ့သောသုံးလအတွင်း ထုတ်လုပ်သည့်ပမာဏ သို့မဟုတ် နှစ်စဉ်ကြိတ်ခွဲရောင်းချမှုပမာဏ၏ ၂၅ ရာခိုင်နှုန်း၊ ယင်းပမာဏ နှစ်မျိုးအနက် မြင့်မားသောပမာဏကို သတ်မှတ်ထားကြောင်း၊ တင်သွင်းသူများမှာ အကောက်ခွန်ရှင်းလင်းပြီးသည့်နေ့မှ ရက်ပေါင်း ၃ဝ ကျော်လွန်၍ တင်သွင်းလာသောကုန်များကို သိုလှောင်ထားခြင်း မရှိရဟူ၍ သတ်မှတ်ထားကြောင်း သိရှိ ရပါသည်။

စားသုံးသူရေးရာဦးစီးဌာနသည် မတ်ပဲနှင့် ပဲစဉ်းငုံတို့အပေါ် ကုန်လက်ကျန်ကန့်သတ်ချက် သတ်မှတ်မှုနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရများအား သတ်မှတ်ထားသော ကန့်သတ်ချက်အတိုင်း တင်းကြပ်စွာ တွန်းအားပေးဆောင်ရွက်ရန် ညွှန်ကြား ခဲ့ပါသည်။ ပြည်နယ်အစိုးရများအနေဖြင့် ပဲမျိုးစုံဈေးနှုန်းများနှင့် ကုန်လက်ကျန်အခြေအနေတို့ကို သိုလှောင်ရုံ လုပ်ကိုင်ဆောင်ရွက်သူများနှင့် အတည်ပြုပြီး ထိန်းသိမ်းစောင့်ကြည့်သွားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် စားသုံးသူရေးရာဦးစီးဌာနသည် ဗဟိုသိုလှောင်ရုံကော်ပိုးရေးရှင်းနှင့် ပြည်နယ်သိုလှောင်ရုံကော်ပိုရေးရှင်းတို့အား မတ်ပဲနှင့်ပဲစဉ်းငုံတို့ကို သိုလှောင်ရုံများတွင် သိုလှောင်ထားရှိမှု အသေးစိတ်အခြေအနေများကို ပေးအပ်သွားရန် ပြောကြားခဲ့ပါသည်။

Source: thehindubusinessline.com 6 June 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)